စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု၏ နောက်ကွယ်က စာပေတွန်းအားများ

သတင်းမီဒီယာ၏ အခန်းကဏ္ဍ

ပထမဆုံးပြောချင်တာကတော့၊ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ စစ်အစိုးရအဆက်ဆက် စာပေ ကင်ပေတိုင်ရဲ့ ဆင်ဆာပေါ်လစီကြောင့် အထွေထွေသင်းသတ်ခံရတဲ့ စာနယ်ဇင်းနယ်ပယ်ဖြစ်ခဲ့ပါတယ်။ သို့သော် လည်း သတင်းစာဆရာတွေနဲ့ အယ်ဒီတာတွေဟာ ဆင်ဆာဖြတ်တောက်မှု ပြင်းထန်ခဲ့တဲ့အခြေအနေတွေကြားထဲ ကပဲ မြန်မာလူထုကို အသိအမြင်နဲ့ အတွေးအခေါ် ပျံ့ပွားအောင် ကျေးဇူးပြုခဲ့ကြပါတယ်။ စာနယ်ဇင်းနယ်က အရေးအသားတွေကြောင့် ထောင်ကျတန်းကျနဲ့ စစ်အစိုးရရဲ့ ဖိနှိပ်ထောင်ချမှုကိုလည်း၊ ခံခဲ့ကြရပါတယ်။ ကမ္ဘာကြီး ဘာဖြစ်နေတယ်ဆိုတာကို ချက်ချင်းလက်ငင်း အလျင်အမြန် သိနိုင်အောင် မစွမ်းနိုင်ခဲ့ကြပေမယ့်၊ ကမ္ဘာကြီးဟာ ဘယ်ကို ဦးတည်နေတယ်ဆိုတာကို မြန်မာလူထုနားလည်အောင် စာနယ်ဇင်းသမားတွေက ကြိုးစားခဲ့ကြပါတယ်။ အဖိနှိပ်ခံပြည်သူ့ဘက်ကို အမြဲတမ်းရပ်တည်ခဲ့တဲ့ သတင်းစာဆရာတွေ အမြောက်အမြား ရှိခဲ့ပါတယ်။ တချို့က လည်း ပြည်တွင်းမှာပဲ နေထိုင်ရင်း၊ ဝေ့ဝိုက်ရေးသားပြီး လူထုဆီ သတင်းမက်ဆေ့တွေကို အရောက်ပို့ခဲ့ရတယ်။ ပြည်ပရောက် သတင်းစာဆရာတွေကလည်း လေလှိုင်းထဲကနေ မြန်မာလူထုရဲ့ နားမျက်စိကို ဖွင့်ပေးဖို့ ကြိုးစားခဲ့ တယ်။ ကိုယ့်နိုင်ငံတွင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကို အမှန်အတိုင်းသိနိုင်စေဖို့၊ စာနယ်ဇင်းသမားတွေ သတင်း စာဆရာတွေက အမြဲတမ်း လုံ့လထုတ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းကာလတွေမှာ၊ အင်တာနက် အွန်လိုင်း သတင်းမီဒီယာနဲ့ ပုဂ္ဂလိက သတင်းမီဒီယာ​တွေ အလျှိုလျှိုပေါ်လာခဲ့တယ်။ အပျံ့ကျယ်လာတဲ့ သတင်းပလက် ဖောင်းကို တဖြည်းဖြည်း ရခဲ့တယ်။ သို့ပေမယ့် နိုင်ငံရေးပယောဂနဲ့ လူမျိုးရေးပယောဂတွေကို သွတ်သွင်းဖို့ သတင်းမှားနဲ့ သတင်းမှန်တွေဟာ လူထုကြားထဲ ရောထွေးပြီး ရောက်လာတယ်။ ဒီတော့လည်း သတင်းမှန် ရရှိရေး အတွက် စာနယ်ဇင်းသမားတွေ၊ မီဒီယာသမားတွေနဲ့ သတင်းစာဆရာတွေက ကြိုးစားခဲ့ကြရပြန်တယ်။ သတင်း မီဒီယာလွတ်လပ်ခွင့်ကို ပိတ်လှောင်ခဲ့လို့ ၂၀၁၃ နဲ့ ၂၀၁၅ ကာလလောက်အတွင်းမှာ မျိုးဆက်သစ်စာနယ်ဇင်းသမား တွေမှာ အားနည်းချက်တွေ ခပ်များများတွေ့ခဲ့ရပေမယ့်၊ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ အရည်အသွေးကောင်းပြီး စမတ် ကျတဲ့ သတင်းတင်ဆက်မှု၊ သတင်းရေးသားတင်ပြမှုတွေကို မျိုးဆက်သစ်ဂျာနယ်လစ်တွေ လုပ်နိုင်လာခဲ့ကြပါ တယ်။ အခုဆိုရင် အိုင်တီနည်းပညာကို စနစ်တကျ သုံးစွဲတတ်ပြီး လူထုထံကို အချက်အလက်နဲ့တကွ၊ သတင်းမှန် ထုတ်ပြန်နိုင်စွမ်းက သိသာထင်ရှားနေပြီဖြစ်ပါတယ်။

၂၀၁၅ – ၂၀၂၀ ခုနှစ် အရပ်သားအစိုးရလက်ထက်ရောက်လာပေမယ့်၊ ယခင်က ပိတ်လှောင်ခံရတဲ့ အရာတွေရဲ့ ပွင့်အန်ထွက်ကျမှုက မရပ်တန့်ခဲ့ပါဘူး။ အဲဒါတွေဟာ ပြောခွင့်၊ ဆိုခွင့်၊ လေ့လာခွင့်၊ မျှဝေခွင့်၊ ဖြန့်ချိခွင့်တွေဖြစ်ပါ တယ်။ ဒီအခွင့်တွေကို ကောင်းကောင်းအသုံးချပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလေထုဟာ လှိုင်းအဖြစ် ဆက်လက် ရိုက်ခတ်နေခဲ့တယ်။ အထူးသဖြင့် စစ်အစိုးရလက်ထက်တွေအတွင်းမှာ မှားယွင်းချွတ်ချော်ခဲ့တဲ့ စနစ်အမှားတွေ၊ ခေါင်းဆောင်မှုအမှားတွေ၊ အုပ်ချုပ်ပုံအမှားတွေ၊ ပေါ်လစီအမှားတွေကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ခဲ့ရ တာတွေကို ကျယ်ကျယ်ပြန့်ပြန့် ပိုသိနားလည်လာခဲ့ရတယ်။ သတင်းစာဆရာ မောင်စူးစမ်းဟာ သတင်းမီဒီယာနဲ့ စာနယ်ဇင်းကို ချက်ချင်းသမိုင်း လို့ ပညတ်ပါတယ်။ စစ်အစိုးရတွေရဲ့ နောက်ကွယ်က ဇာတ်ရှုပ်တွေကို သတင်း မီဒီယာတွေကနေ တစ်ဆင့် ပိုပြီး သိနားလည်လာခဲ့ရတယ်။ တည်ဆဲအခြေအနေအတွင်းမှာ၊ ခေါင်းပုံဖြတ်အမြတ် ထုတ်ခံရတာ၊ တန်းတူညီမျှမှု မရှိတာ၊ နိုင့်ထက်စီးနင်းလုပ်ခံရတာ၊ အခွင့်အရေးအသာစီးယူပြီး လူလည်ကျတာ၊ စီးပွားရေးအခွင့်အလမ်းနဲ့ နိုင်ငံတော်ရင်းမြစ်ကို လက်ဝါးကြီးအုပ်ထားတာ၊ အကျင့်ပျက်ခြစားတာ… စတာတွေကို ပြည်သူတွေက သတင်းမီဒီယာတွေကနေ တစ်ဆင့် ကောင်းကောင်းနားလည်လာခဲ့ရတယ်။ ထိုနည်းလည်းကောင်း နိုင်ငံတကာနိုင်ငံ​တွေ ဘယ်လို စနစ်ကောင်းကို တည်ဆောက်နိုင်တာ၊ ဘယ်လို ဖွံ့ဖြိုးတိုးတက်နေတာ၊ ဘယ်လို တရားမျှတမှုမျိုးကို ရရှိနေတာ၊ စီးပွားရေးအခွင့်အလမ်း တန်းတူညီမျှမှု ရှိတာ၊ လွတ်လပ်ပြီး အဖိနှိပ်ခံရတဲ့ဘေးက နေ ကင်းဝေးနေတာတွေကို နမူနာကောင်းတွေ အဖြစ် ပြည်သူက သိခွင့်ရခဲ့တယ်။ ဒါဟာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနဲ့ သတင်းမီဒီယာလောကရဲ့ ကျေးဇူးပြုမှုတွေကြောင့် ဖြစ်ပါတယ်။ ပြည်သူလူထုဟာ သတင်းမီဒီယာ အားကောင်းမှုကြောင့်၊ မျက်စိပွင့် နားပွင့် ပိုပြီးဖြစ်လာတယ်။ ဒါ့ကြောင့် စစ်အာဏာရှင်တွေရဲ့ လုပ်ဇာတ်တွေကို ကွက်ကွက်ကွင်းကွင်း နားလည်လာကြပါတယ်။ မြန်မာပြည်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်က တွန်းအားထဲမှာ၊ စာနယ်ဇင်းနယ်ပယ်ရဲ့ တွန်းတင်အားဟာ သိပ်ကြီးမားတယ်။ အခုလို အင်တာနက် အွန်လိုင်းမီဒီယာခေတ်မှာ နေ့စဉ်နဲ့ အမျှ ပြည်သူကို တွန်းတင်နေတဲ့ အဓိက တွန်းအားဖြစ်ပါတယ်။

နိုင်ငံရေးသမိုင်းဆိုင်ရာစာပေများ

သမိုင်းဆိုင်ရာ စာပေတွေဟာ အတိတ်ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ဝေဖန်ပိုင်းခြားသိနိုင်စေတယ်။ မြန်မာ့နိုင်ငံ ရေးသမိုင်းစာအုပ်တွေထဲမှာ ဘက်အမျိုးမျိုးနဲ့ ရေးသားထားတဲ့ နိုင်ငံရေးသမိုင်းစာအုပ်တွေ ရှိနေသည့်တိုင်၊ သမိုင်း စာပေထဲမှာ စစ်အစိုးရတွေရဲ့ လုပ်မှားကိုင်မှားတွေနဲ့ ဆင်ခြင်တုံတရားမဲ့မှုကြောင့် ပြည်သူအတိဒုက္ခရောက်ရပုံတွေ ကို ဖတ်ရှုလေ့လာရပါတယ်။ မြန်မာပြည်သူလူထုဟာ သမိုင်းစာပေတွေထဲကနေ ခေတ်ဆိုးစနစ်ဆိုးနဲ့ ခေတ်ပျက်၊ အကျင့်ပျက်မှုတွေရဲ့ ဇာတ်ကြောင်းကို နားလည်သဘောပေါက်လာခဲ့ပါတယ်။ သမိုင်းစာပေတွေထဲမှာ အမျိုးသားရေး၊ လူမျိုးရေး၊ အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေး၊ တော်လှန်ရေး စတဲ့ ကိစ္စရပ်တွေ ပါဝင်သလို ဖိနှိပ်ခံရမှုနဲ့ ပြည်သူ လူထုရဲ့ ကျပ်တည်းလှတဲ့ဘဝတွေရဲ့ ဇာတ်ကြောင်းတွေကို ဖတ်ရှုရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်အစိုးရတွေ ရဲ့ ခေါင်းဆောင်မှု ညံ့ဖျင်းမှုကို၊ မီးမောင်းထိုးပြနေသလိုဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ပြောခွင့်ဆိုခွင့် ဖော်ပြခွင့်ကို ကန့်သတ်ပိတ်ပင်ထားခြင်းခံရသည့်တိုင်၊ စစ်အာဏာရှင်ဆန့်ကျင်ရေးအမြင်တွေဟာ ကိန်းအောင်း တည်ရှိနေပါတယ်။ တစ်စုံတစ်ရာ ပြောဆိုဆက်သွယ်လို့ လွယ်ကူလာတဲ့အချိန်မှာ၊ ယခင်က အောင့်အီးထားတဲ့ မကျေနပ်ချက်တွေကို အတိုးချ ပြောဆိုတာတွေ၊ ဖြန့်ဝေတာတွေကို တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း အရပ်သား အစိုးရလက်ထက်ကာလအတွင်းမှာ၊ အတိတ်ရဲ့ နာကျည်းချက်တွေကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွေး အခေါ်ဟာ ဆက်လက်လိုက်ပါခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ကြုံလိုက်ရချိန်မှာတော့ – ပိုမို ပြင်းထန်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို တခဲနက်တွေ့ရပါတယ်။ ယခင်တုန်းက ငုံထား၊ မြုံထားခဲ့တဲ့ အငုံ့စိတ်တွေဟာ တော်လှန်ရေးဒီရေနဲ့ အတူ လိုက်ပါ ပွင့်ထွက်ကုန်ပါတယ်။ မြန်မာလူထုဟာ စာပေနဲ့ သိပ်ကို နီးစပ်လွန်းတဲ့ လူမျိုးလို့ ရာနှုန်းပြည့် မပြောနိုင်ပေမယ့်၊ စာနဲ့ ပေနဲ့ နီးစပ်တဲ့ လူမျိုးဖြစ်ပါတယ်။ ကိုယ်တိုင် စာဖတ် ဝါသနာမပါသော်လည်း၊ ကိုယ်တိုင် သမိုင်းလေ့လာမှုကို စနစ်တကျ မလုပ်ကြသော်လည်း မြန်မာ့လူ့အဖွဲ့အစည်း ထဲမှာ အတိတ်ဇာတ်ကြောင်းဖြစ်ရပ်တွေကို သိနားလည် ဝေငှ ဖြန့်ချိတဲ့ အမူအကျင့်တွေ ရှိပါတယ်။ ဒီလို ဓလေ့ အကျင့်မျိုးကပဲ မြန်မာပြည်ရဲ့အတိတ်သမိုင်းဖြစ်ရပ်ကို လူထုက ကောင်းကောင်း နားလည်သဘောပေါက်နေပါ တယ်။

နိုင်ငံတကာဘာသာပြန်စာပေများ

မြန်မာနိုင်ငံဟာ စာပေစိစစ်ရေးတင်းကျပ်တဲ့ ကာလကို အချိန်ကြာမြင့်စွာ ဖြတ်သန်းခဲ့ရတယ်။ သို့သော်လည်း မြန်မာစာပေလောကမှာ ဘာသာပြန်စာပေ ထွန်းကားမှုရှိတယ်။ မြန်မာစာရေးဆရာတွေဟာ စာပေလွတ်လပ်ခွင့် မရှိချိန်အခါတုန်းက၊ ကိုယ်ပြောချင် ကိုယ်ရေးချင် ကိုယ်တင်ပြချင်တဲ့အကြောင်းအရာတွေကို ဘာသာပြန်စာပေ နာမည်တပ်ပြီးတော့ ရေးသားခဲ့တာတွေ အမြောက်အမြား ရှိခဲ့ပါတယ်။ တချို့လည်း တိုက်ရိုက်ဘာသာပြန်ဆိုပြီး မြန်မာလူထုရဲ့ အသိဉာဏ်နဲ့ နားမျက်စိကို ဖွင့်ပေးတယ်။ တချို့လည်း ရည်ညွှန်း ကိုးကား မှီးငြမ်းလျက် မြန်မာ လူထုရဲ့ နားမျက်စိကို ဖွင့်ပေးဖို့ ကြိုးစားခဲ့တယ်။ စာရေးဆရာရဲ့ အမြင်နဲ့ အတွေးအခေါ်ကို တိုက်ရိုက်ရေးသားရင် အန္တရာယ်ကျရောက်နိုင်တာဖြစ်လို့၊ ဘာသာပြန်စာပေ အရေခြုံပြီး လူထုရဲ့ ဒဿနအတွေးအခေါ်ကို နှိုးဆွပေးခဲ့တဲ့ မြန်မာစာရေးဆရာတွေ ရှိခဲ့ပါတယ်။ ဒီလိုစာပေတွေရဲ့ အကျိုးကျေးဇူးဟာ မသေးဘူး။ နောက်ကွယ်ကနေ တစ်အိအိနဲ့ တွန်းပေးတဲ့ အတွင်းအားကို စုစည်းပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ နိုင်ငံတကာစာပေတွေကို ဘာသာ ပြန် ရေးသားကြတဲ့နေရာမှာ၊ အသိအမြင် ဗဟုသုတနဲ့ တိုက်ရိုက်ပတ်သက်တဲ့ စာပေတွေလည်း ရှိတယ်။ ရသ ခံစားမှုအားဖြင့်လည်းကောင်း၊ အတွေးအခေါ်ဒဿနအားဖြင့်လည်းကောင်း ပတ်သက်တဲ့စာပေတွေလည်း ရှိတယ်။ နိုင်ငံတကာဖြစ်ရပ်နဲ့ အိုင်ဒီယာတွေကို သယ်ဆောင်ပေးလာတဲ့ မည်သည့် ဘာသာပြန်စာပေမျိုးမဆို၊ သုတပဲ ဖြစ်စေ၊ ရသပဲ ဖြစ်စေ နိုင်ငံတကာနိုင်ငံတွေအတွင်းမှာ ကျင်လည်တဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ဖြစ်စဉ်တွေကို နားလည် သဘောပေါက်အောင် ကျေးဇူးပြုခဲ့တယ်။ နိုင်ငံတကာဘာသာပြန်စာပေတွေမှာ အမျိုးအစားမျိုးစုံ၊ ကဏ္ဍမျိုးစုံ၊ အကြောင်းအရာမျိုးစုံ ပါဝင်နေတယ်။ ဘာသာပြန်စာပေတွေထဲကနေ မြန်မာလူထုဟာ နိုင်ငံတကာ နိုင်ငံတွေရဲ့ သမိုင်းကောက်ကြောင်းကို အတော်အတန် တီးမိခေါက်မိလာတယ်။ နိုင်ငံတွေ ဘာ့ကြောင့် ဘယ်လို ဖွံ့ဖြိုးတယ်ဆိုတာကို နားလည်လာတယ်။ ဒီလိုနားလည်မှုဟာ ကိုယ့်နိုင်ငံရဲ့ အဖြစ်သနစ်တွေနဲ့ နှိုင်းယှဉ်စဉ်းစားမှု ပြုအောင် အလိုအလျောက်ဖန်တီးပေးတယ်။ နိုင်ငံတကာနဲ့ပတ်သက်တဲ့ အထွေထွေ အသိအမြင် ဗဟုသုတနဲ့ ခံစားမှုတွေကို ပေးတဲ့ စာပေတွေဟာ ခေတ်သစ်ကမ္ဘာဆီကို သွားဖို့ မြန်မာ့လူ့အဖွဲ့အစည်းကို တွန်းအားပေးနေ တယ်။ တည်ဆဲအစဉ်အလာယဉ်ကျေးမှုဟောင်းမှာတွေ့ရတဲ့ အတွေးအခေါ်ဟောင်းနဲ့ အမူအကျင့်ဟောင်းတွေကို နိုင်ငံတကာက ရတဲ့အသိအမြင်နဲ့ ချိန်ထိုးယှဉ်စပ် စဉ်းစားလာစေခဲ့တယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံမှာ ဖြစ်ပျက် နေတဲ့ အားနည်းချက်တွေကို ထင်ထင်ရှားရှား သိသာမြင်လာစေတယ်။ ဒါတွေဟာ စစ်အစိုးရအဆက်ဆက်ရဲ့ ညံ့ဖျင်းမှုကို လူထုက သွယ်ဝိုက်သောနည်းနဲ့ သိနားလည်လာစေတဲ့အကြောင်းရင်းတွေထဲက အဓိက အချက်တစ် ချက်ဖြစ်တယ်။

ကိုယ်ကျင့်တရားဆိုင်ရာစာပေများ

ကိုယ်ကျင့်တရားဆိုင်ရာစာပေတွေထဲမှာ ဗုဒ္ဓဘာသာစာပေတွေလည်း ပါဝင်သလို၊ အရှေ့တိုင်း နဲ့ အနောက်တိုင်း ဒဿနကနေ စီးဆင်းလာတဲ့ ကျင့်ဝတ်ဆိုင်ရာ အတွေးအမြင်တွေလည်း ပါဝင်နေပါတယ်။ လွတ်လပ်မှုဆိုင်ရာ ဒဿနတွေ၊ လူ့အဖွဲ့အစည်းတွင်းက ကျင့်ဝတ်တွေ၊ လူချင်းတူတူ သူချင်းမျှမျှ လူသားဂုဏ်အင်နဲ့ ထိုက်တန်စွာ ရှင်သန်နေထိုင်နိုင်မှုတွေ… စတာတွေဟာ၊ လူ့အဖွဲ့အစည်းတွင်းက အုပ်စုတွေ အစုအဖွဲ့တွေရဲ့ အပြုအမူဆိုင်ရာ စံပေတံတွေ အဖြစ် ပံ့ပိုးပေးပါတယ်။ လုပ်ငန်းခွင် ကျင့်ဝတ်၊ အဖွဲ့အစည်းအတွင်း ကျင့်ဝတ်၊ လူသားကျင့်ဝတ်၊ လူ့အသိုင်းအဝိုင်းတွင်း ကျင့်ဝတ်၊ လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ကျင့်ဝတ်၊ ဖန်တီးတီထွင်မှုဆိုင်ရာ ကျင့်ဝတ်၊ စတဲ့ ကျင့်ဝတ်တွေဟာ စံတန်ဖိုးတွေအဖြစ် ပျံ့နှံ့လာပါတယ်။ မြန်မာလူထုဟာ ခြစားနေတဲ့ လူတန်းစားတွေနဲ့ ထိတွေ့လာရတဲ့အခါ၊ စံတန်ဖိုးတွေရဲ့ အရေးပါမှုကို သိနားလည်လာခဲ့တယ်။ အကျင့်ပျက်နေတဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ လူသားခြင်းစာနာခြင်း၊ တစ်ဦးပေါ်တစ်ဦး လေးစားခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု ရှိခြင်း၊ လွတ်လပ်ခြင်း၊ တရားခြင်း မတရားခြင်း စတဲ့ ပေတံတွေနဲ့ နှိုင်းချိန်တတ်လာတယ်။ အစဉ်အလာ ဓလေ့ဟောင်းမှာ စွဲမြဲနေတဲ့ ယုတ္တိအမှားတွေကို ဝေဖန်ဆန်းစစ်ဖို့ ပေတံတွေ ပိုရလာတယ်။ ကျင့်ဝတ်ဆိုင်ရာ အသိအမြင်ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ပျံ့နှံ့လာတဲ့အခါ၊ ဖိနှိပ်မှု ၊ နိုင့်ထက်စီးနင်းလုပ်မှု၊ ခေါင်းပုံဖြတ် အမြတ် ထုတ်မှုတွေကို ပိုမြင်လာတယ်။ ဒီ့အတွက် တရားမျှတမှု၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုကို ရဖို့ တော်လှန် ဆန့်ကျင် ရဲတဲ့ သတ္တိ​တွေ ရလာတယ်။ ကိုယ်ကျင့်သီလကနေ ပေးတဲ့ စိတ်ဓာတ်သတ္တိတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း မှာ ပျံ့နှံ့လာတယ်။ ဒါဟာ ဖြစ်သင့်တယ်၊ ဒါဟာ မဖြစ်သင့်ဘူးဆိုတာကို သိနားလည်လာရုံတင် မဟုတ်ဘူး၊ ဖြစ်သင့် တာအတွက် ကာယကံမြောက် လုပ်ဆောင်ရမယ်ဆိုတဲ့အဆင့်အတန်းကို ရောက်လာတယ်။ ဒါဟာ ကိုယ်ကျင့် တရားဆိုင်ရာ စာပေတွေရဲ့ ကျေးဇူးဖြစ်သလို၊ ကိုယ်ကျင့်တရားအတွက် ဟောပြောပို့ချတဲ့ ရဟန်းပညာရှိ၊ လူပညာရှိတွေရဲ့ ကျေးဇူးပြုမှုကြောင့်လည်းဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ ပြည်သူအကြား ဆက်ဆံရေးမှာ ကျင့်ဝတ်ဖောက်ပြန်မှုနဲ့ မတရားမှုတွေကို ပြင်ဆင်ဖို့ တွန်းအားသတ္တိတွေကို ပေးတယ်။ ကျင့်ဝတ်ဆိုင်ရာ ဓာတ်သတ္တိတွေက ဓမ္မနဲ့ အဓမ္မ လွန်ဆွဲအားပြိုင်ရာမှာ ဓမ္မဘက်ကို အနိုင်ပေးဖို့၊ ပြင်းပြင်းပြပြ တောင်းဆိုလာတယ်။ ဒါဟာ မြန်မာပြည်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနောက်ကွယ်က လူထုရဲ့ ဆန္ဒအားကို သွယ်ဝိုက်သောနည်းအားဖြင့် စုစည်းပေးတဲ့အရာဖြစ်တယ်။ စစ်အစိုးရအဆက်ဆက်ရဲ့ မတရားလုပ်ဆောင်မှု၊ အတင်းအဓမ္မပြုမူမှုတွေကို လူထုရဲ့ ကိုယ်ကျင့်သီလဆိုင်ရာအတွေးအခေါ်က တွန်းလှန် တော်လှန်ဖို့ နောက်ကွယ်ကနေ လှုံ့ဆော်ပေးနေတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးစာပေများ

မြန်မာစာပေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးစာပေရယ်လို့ ခေါင်းစဉ်တပ်နိုင်မယ့် စာအုပ်စာပေတွေ သီးသီးသန့် သန့်ရှိနေပါတယ်။ ယခင်ကတော့ ပေါ်ပေါ်ထင်ထင် ထုတ်ဝေခွင့် မရပါ။ သို့သော်လည်း ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ စာပေလွတ်လပ်ခွင့်ရလာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးကို တိုက်ရိုက်ရေးသားဝေဖန်ထားတဲ့ သမိုင်းဆိုင်ရာ၊ အတွေးအခေါ်ဆိုင်ရာ စာအုပ်တွေ ခပ်များများ ပေါ်ထွက်လာခဲ့ပါတယ်။ ပြည်ပမှာပဲ ထုတ်ဝေ ဖြန့်ချိခွင့်ရတဲ့ စာအုပ် တွေဟာ ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေခွင့် ရလာတယ်။ ဒီအထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို တိုက်ရိုက်ရေးသားထားတဲ့ စာအုပ်တွေ မဟုတ်ပေမယ့်၊ အာဏာရှင်စနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပွင့်လင်း လွတ်လပ်တဲ့ လစ်ဘရယ်အယူအဆတွေကို သယ်လာတဲ့စာပေတွေလည်း ရှိပါတယ်။ ဒါတွေကလည်း အဆိုးကို ပယ်ပြီး အကောင်းကို သယ်ကြဖို့ တွန်းအားပေးခဲ့ပါတယ်။ စစ်အစိုးရတွေရဲ့ ဖိနှိပ်ညှင်းပန်းမှုကို ခံစားခဲ့ရတဲ့ အသက်ရှင်နေဆဲ နိုင်ငံရေးသမားဟောင်း၊ တော်လှန်ရေးသမားဟောင်းတွေဟာ သူတို့ရဲ့ ဖြတ်သန်းမှု ဘဝဇာတ် ကြောင်းတွေကို ရေးသားထုတ်ဝေကြတယ်။ စစ်အစိုးရရဲ့ ဖိနှိပ်မှုကြောင့် ဘဝပျက်ခဲ့ရတဲ့လူတွေ၊ မိသားစုဝင်တွေက သူတို့ အကြောင်းကို ရေးသားထုတ်ဝေကြတယ်။ တချို့လည်း ကိုယ်တိုင်မကြုံရပေမယ့်၊ အဖိနှိပ်ခံဘဝတွေထဲက လူတွေရဲ့ ဇာတ်ကြောင်းတွေကို ရေးသားကြတယ်။ တချို့ကတော့ ကိုယ်တိုင် စစ်အစိုးရယန္တရားရဲ့ ခွေးသွားစိပ် တစ်ခုအဖြစ်ပါဝင်ခဲ့ပေမယ့်၊ လူမှန်​တွေ ဖြစ်လို့ ရိုးသားစွာ ထောက်ပြဝေဖန်ရေးသားတဲ့စာအုပ်တွေ ထွက်လာတယ်။ အဲသည့်အထဲမှာ အတိုက်အခံနိုင်ငံရေးအင်အားစုတွေက ဝါဒဖြန့်ချိရေးအနေနဲ့ ရေးသားထုတ်ဝေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး စာအုပ်စာပေတွေလည်း ပါဝင်တယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ သတင်းစာဆရာတွေ၊ စာရေးဆရာတွေနဲ့ ပြည်တွင်း ပြည်ပက ပညာရှင်တွေကလည်း စစ်အာဏာရှင်လက်အောက်မှာ ပျက်စီးယိုယွင်း သွားတဲ့ အရာတွေကို အချက်အလက်နဲ့ ရေးသားတင်ပြထုတ်ဝေကြတယ်။ စစ်အစိုးရရဲ့ ဖိနှိပ်ထောင်ချမှုကို ခံရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေထဲမှာ စာပေသမားတွေလည်း ပါဝင်ခဲ့လို့၊ သူတို့တတွေကလည်း သူတို့ရဲ့ ထောင် တွင်း အတွေ့အကြုံတွေနဲ့ တော်လှန်ရေးအတွေ့အကြုံတွေကို ရေးသားထုတ်ဝေကြတယ်။ ဒါတွေဟာ မြန်မာပြည် ကြုံခဲ့ရတဲ့ ခေတ်ဆိုးစနစ်ဆိုးကို ကိုယ်တိုင်မကြုံရပေမယ့် စစ်အာဏာရှင်စနစ်ဆိုးရဲ့ အားနည်းချက်တွေကို သိ အောင် မြင်အောင် လုပ်ပေးနိုင်တဲ့ စာပေတွေ ဖြစ်ခဲ့တယ်။ မြန်မာပြည်ဟာ အိမ်နီးချင်းနိုင်ငံတွေထဲမှာတောင် လူမှုစီးပွားဘဝတွေ အောက်ကျနောက်ကျ ဖြစ်ရတာကို မျိုးဆက်သစ်လူငယ်တွေက သိမြင်နေရတယ်။ ပြည်ပကို မရောက်ဖူးပေမယ့်၊ ပြည်ပနိုင်ငံတွေရဲ့ လူမှုစီးပွားတိုးတက်မှုတွေ၊ ခေတ်မီမှုတွေကို သိမြင်နေရတယ်။ မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ မဆင်မပြေမှု၊ အခက်အခဲနဲ့ ဆင်းရဲဒုက္ခ၊ အခွင့်အလမ်း နည်းပါးမှုတွေဟာ – အားမလိုအားမရနဲ့ အတိတ်က အုပ်ချုပ်မှုညံ့ဖျင်းခဲ့တဲ့ စစ်အစိုးရတွေအပေါ် မကျေနပ်မှုတွေ ဖြစ်လာစေတယ်။ ဒါတွေဟာ မြန်မာပြည် ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဟိုးယခင်ကာလတွေကတည်းက တဖြည်းဖြည်း တွန်းပေး၊ လှုံ့ဆော် ပေးနေတဲ့ စာပေတွေအကြောင်း အကြမ်းဖျင်း ရေးသားတင်ပြလိုက်တာဖြစ်ပါတယ် ခင်ဗျား။

မင်းသေ့

ည ၁၀း ၄၇

၁၀၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post ဧကစာရီကျင့်နေသော စစ်ကောင်စီ
Next post ဆုတံဆိပ်များ ဘွဲ့ထူးဂုဏ်ထူးများနှင့် ကျွန်မွေးမြူရေး နိဿရည်း