• ကောင်းတာတွေကို အခု လုပ်နိုင်သလောက် လုပ်နေဖို့ အရေးကြီးတယ်။ နည်းနည်းဖြစ်ဖြစ် လုပ်ဖို့ အရေးကြီးတယ်။ အခု လုပ်လို့ ဖြစ်တာလောက်ကို မလုပ်ဘဲနဲ့ အကြီးအကယ်လုပ်မယ်လို့ စဉ်းစားနေတဲ့သူ ဟာ ဘာမှ လုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲဒီလိုလူဟာ မကြီးပွားဘူး။ ဒါကြောင့် နည်းနည်းဖြစ်ဖြစ် လုပ်လို့ ရသလောက်ကို လုပ်မယ်ဆိုတဲ့စိတ် ရှိရမယ်။ (ဆရာတော် ဦးဇောတိက၊ တွေးမိတိုင်းပျော်တယ်၊ ၂၀၀၇ ၊ စာ – ၁၆၁)

ကျနော် တက္ကသိုလ်ကျောင်းသားဘဝ၊ ပထမနှစ်လောက်တုန်းက စပြီးတော့ နှလုံးသွင်းခဲ့တဲ့ ဒဿနလေး တစ်ခု ရှိတယ်။ “အကောင်းတွေ လုပ်ရင်း၊ အကောင်းတွေ စုလာကာ၊ အကောင်းဆုံးတွေ ဖြစ်လာကြတယ်” တဲ့။ ဒီနေရာ မှာ ကောင်းတဲ့အရာတွေကို ဘယ်လို လုပ်ဖြစ်ကြသလဲဆိုတာကို၊ ဆရာတော် ဦးဇောတိကဆီက အဖြေရခဲ့ပါတယ်။ တစ်နေ့ တစ်နေ့ ကောင်းတဲ့အရာတွေကို နည်းနည်းဖြစ်ဖြစ် လုပ်နိုင်ဖို့ ကြိုးစားဖို့ ဖြစ်ပါတယ်။ ကျနော်တို့တတွေ ဟာ သိပ်ကြီးကြီးကျယ်ကျယ်တွေ တွေးလေ့ရှိတယ်။ အထူးသဖြင့် ငယ်ရွယ်စဉ်၊ စိတ်အားအလွန်အမင်း ကြွတက် တဲ့အချိန်တွေမှာ ကြီးကြီးကျယ်ကျယ်တွေ တွေးတယ်။ ကြီးကြီးကျယ်ကျယ်တွေ ပြောတယ်။ ကြီးကြီးကျယ်ကျယ် ဖြစ်တာတွေမှ လုပ်ချင်ကြတယ်။ ကြီးကြီးကျယ်ကျယ်တွေနဲ့ပတ်သက်ပြီး ကျနော်တွေ့ထားတဲ့ အတွေးအမြင် တစ်ခုလည်း ရှိသေးတယ်။ “ကြီးကြီးကျယ်ကျယ် တွေးမှ၊ ကြီးကြီးကျယ်ကျယ် အောင်မြင်နိုင်သတဲ့”

နေ့စဉ် စိုက်လိုက်မတ်တပ်

တက္ကဗေဒရဲ့ အလိုအရ၊ ကြီးကြီးကျယ်ကျယ်တွေ ဖြစ်ဖို့ အတွေးတွေက ကြီးကျယ်ရမယ်ဆိုတာ လက်ခံနိုင်ဖွယ် ဖြစ်ပါတယ်။ သို့သော်လည်း တကယ့်ကြီးကြီးကျယ်ကျယ်တွေကို လုပ်နိုင်ခဲ့တဲ့သူတွေဟာ၊ တစ်နေ့ တစ်နေ့ နည်း နည်းချင်းစီ အသေးအမွှားလေးတွေကို စူးစူးစိုက်စိုက်လုပ်ရင်း တဖြည်းဖြည်းနဲ့ ကြီးကြီးကျယ်ကျယ်တွေ လုပ်နိုင် လာကြတယ်။ ကြီးကြီးကျယ်ကျယ်တွေ ဖြစ်လာရတယ်ဆိုတာ တွေ့ခဲ့ပါတယ်။ အတ္ထုပ္ပတ္တိကျမ်း အစောင်စောင်ကို လေ့လာတဲ့အခါ ဒါကို သွားတွေ့ရပါတယ်။

တကယ်ကြီးကြီးကျယ်ကျယ်တွေ လုပ်နိုင်ခဲ့သူတွေဟာ … သူတို့ရဲ့ နေ့စဉ်ဘဝကို အလကားအရာတွေအတွက် အကုန် မခံတာတွေ့ခဲ့ရပါတယ်။ သူတို့တတွေဟာ ကောင်းတဲ့အရာလေးတွေကို နည်းနည်းဖြစ်ဖြစ် လုပ်ဖို့ စိတ်အား ထက်သန်ကြတယ်။ အထူးသဖြင့် သူတို့ ရူးသွပ်တဲ့အရာကို နေ့စဉ် လုပ်ဖို့ မပျက်ကွက်ကြဘူး။ သူတို့ လိုချင်တဲ့ အရာ တစ်ခုအပေါ်မှာ နည်းနည်းဖြစ်ဖြစ် အာရုံစိုက်ပြီး လုပ်ကိုင်ကြတာတွေ့ရတယ်။ တစ်နေ့ တစ်နေ့ နည်းနည်းချင်း လုပ်ခဲ့ကြတာတွေ ဖြစ်ပေမယ့်၊ ထူးခြားတာက သူတို့က ရပ်မနေဘူး။ ရပ်မသွားဘူး။ နှေးတာ မြန်တာ အဓိက မဟုတ်ဘူး။ အဓိက,က မရပ်ဖို့ပဲ အရေးကြီးတယ်။

ဓာတ်တူရာ စုတယ်

ကျနော်တို့တတွေဟာ ကောင်းတာတွေလုပ်ဖို့ လို့ ပြောရင်၊ ကြီးကြီးကျယ်ကျယ်တွေ လုပ်မှ ကောင်းတယ်လို့ ထင်တယ် မဟုတ်ဘူး။ သာမန်အသေးအဖွဲလေးတွေမှာတောင် ကောင်းအောင်လုပ်ဖို့ ပြင်းပြတဲ့စိတ်ဟာ အကောင်း တွေကို စုပေးတယ်။ ဒီလိုနဲ့ အကောင်းတွေဟာ ကိုယ့်စီရောက်လာတယ်။ အကောင်းတွေကို နည်းနည်းချင်းစီ လုပ်နေရင်း၊ အကောင်းဓာတ်ကလေးတွေက ကိုယ့်ဆီကို တဖြည်းဖြည်း စုကပ်လာတဲ့သဘော ဖြစ်ပါတယ်။ သံလိုက် လိုပေါ့။ သံလိုက်ဟာ သံဓာတ်ပါတဲ့ သတ္တုတွေကို ဆွဲငင်သလို၊ အကောင်းဟာလည်း အကောင်းပါတဲ့ ဓာတ်ကလေးတွေကို စုပေးတယ်။ ဒါဟာ သဘာဝနိယာမပဲ။ ဒါပေမယ့် သိပ်ရိုးရှင်းတယ်။

ကိုယ်လုပ်စရာရှိတဲ့အရာကို ရှင်းရှင်းလင်းလင်း သိပြီးတော့ တစ်နေ့ တစ်နေ့ နည်းနည်းချင်းစီ စိုက်လိုက်မတ်တပ် လုပ်နေတာဟာ ကောင်းတဲ့အလုပ်ပဲ။ ကိုယ်ဖြစ်ချင်တာတွေ ရှိတယ်။ ကိုယ်ရောက်ချင်တာတွေ ရှိတယ်။ ဒါတွေကို အာရုံဝေဝါးမသွားဘဲ တစ်နေ့ တစ်နေ့ နည်းနည်းချင်းစီ လုပ်သွားရင် တချိန်ချိန်မှာ ဖြစ်ကို ဖြစ်လာတယ်။ အဓိက ကျတာကတော့ နည်းနည်းဖြစ်ဖြစ်ပါစေ၊ လုပ်နေဖို့ လိုတယ်လို့ ယူဆတယ်။

အစွန်းနှစ်ဖက် လွတ်အောင်ရှောင်

ကျနော်တို့တတွေဟာ အစွန်းနှစ်ဖက်မှာ အမြဲတမ်းနေလေ့ရှိကြတယ်။

တချို့ကျတော့လည်း သိပ်ကို ကြီးကြီးကျယ်ကျယ်တွေပဲ လုပ်ချင်ကြတယ်။ အသေးအမွှားတွေကို လုံးဝ ခေါင်းထဲ မထည့်ဘူး။ တချို့ကျတော့လည်း နေ့စဉ် ဗာဟီရ အသေးအဖွဲတွေနဲ့ပဲ အချိန်ကုန်ပြီး ဘာမှ ကြီးကြီးကျယ်ကျယ် တွေ တွေးဖို့၊ လေ့လာဖို့၊ လုပ်ဖို့ မလုပ်မိကြတော့ဘူး။ ဒါဟာ အစွန်းနှစ်ပါးပဲလို့ ထင်တယ်။ တကယ်တော့ ကျနော်တို့ ဘဝကို ကျနော်တို့ အရေးမပါဘူးလို့ ထင်ရတဲ့ သေးသေးမွှားမွှား အရာလေးတွေက ပြောင်းလဲစေခဲ့တာတွေ အများ ကြီးပါ။ ကျနော်တို့ သိပ်အရေးမပါဘူးလို့ ထင်ရတဲ့ အသေးအဖွဲလေးတွေက ဘဝကို ပြောင်းလဲစေခဲ့တာပါ။ ကျနော်တို့ သိပ်အရေးမကြီးဘူးလို့ ထင်ခဲ့ရတဲ့ အနည်းငယ်သောအရာလေးတွေက ပြောင်းလဲစေခဲ့တာပါ။

နိစ္စဓူဝ ဖြစ်စဉ်

နေ့စဉ် ပြောမှု၊ ဆိုမှု၊ လုပ်မှု ၊ ကိုင်မှုတွေဟာ နိစ္စဓူဝ လုပ်နေကြရတာတွေ ဖြစ်တာမို့၊ ကျနော်တို့ သိပ်ဂရုမထားမိကြ ပါ။ သာမန် လုပ်ရိုးလုပ်စဉ်၊ လုပ်နေကျ ကိုင်နေကျ အရာတွေမို့ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်နေပါတယ်။ ဒါတွေကို သတိ မထားမိဘဲ၊ သမားရိုးကျအတိုင်း လုပ်နေကြရတာများပါတယ်။ တကယ်တော့ ကြီးကြီးကျယ်ကျယ်တွေ ဖြစ်လာကြ တယ်ဆိုတာ နေ့စဉ် ပြောမှု၊ ဆိုမှု၊ လုပ်မှု၊ ကိုင်မှု၊ တွေးမှုခေါ်မှုတွေမှာ ပါဝင်တဲ့ သေးသေးဖွဲဖွဲလေးတွေကို ဂရုတစိုက် ကြည့်ပြီး တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် သတိထားလုပ်ဆောင်၊ အာရုံထားလုပ်ဆောင်ကြတာတွေ့ရ တယ်။

ကျနော့် အမြင်ကတော့ ကြီးကြီးကျယ်ကျယ်တွေဆိုတာဟာ သေးသေးဖွဲဖွဲလေးတွေနဲ့ ပေါင်းစုဖြစ်တည်နေတာ လို့ ထင်ပါတယ်။ အရာဝတ္ထုတစ်ခုကို အသေးဆုံးထိ ခွဲခြမ်းစိတ်ဖြာကြည့်ရင်၊ အက်တမ်လေးတွေ၊ မော်လီကျူးလေး တွေအဖြစ် စုဖွဲ့ထားတာကို တွေ့ရသလိုမျိုးပေါ့။ ကျနော်တို့ရဲ့ နေ့စဉ်ဘဝကို နေ့စဉ် နိစ္စဓူဝ ပြောနေကျ၊ လုပ်နေကျ၊ တွေးနေကျကိစ္စကလေးတွေက တဖြည်းဖြည်း ဘဝကို ပြောင်းယူနေကြတာလို့ နားလည်ကြဖို့ လိုပါတယ်။

တဖြည်းဖြည်း အောက်သို့ ဆွဲချ

ကျနော်တို့ သိပ်အရေးမပါဘူးလို့ ထင်ရတဲ့အရာတွေက ဘဝကို ပြောင်းလဲပေးနိုင်တယ်။ ကျနော်တို့ သိပ်အရေး မကြီးဘူးလို့ ထင်ပြီး သတိမပါ၊ ဉာဏ်မကပ်ဘဲ အမှုမဲ့ အမှတ်မဲ့ ပြီးစလွယ်၊ ပြစ်စလက်ခတ် လုပ်လိုက်တဲ့၊ ပြောလိုက်တဲ့ အရာလေးတွေက ကျနော်တို့ ဘဝကို တဖြည်းဖြည်း အောက်ကို ဆွဲချသွားတယ်ဆိုတာ နားလည်သင့်တယ်။

ဘဝမှာ ဘာအတွက်မှ အကျိုးမပေးတဲ့ အသေးအမွှားတွေ ရှိပါတယ်။ ဒါတွေကိုတော့ ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ အမှိုက်လို၊ ဖုန်မှုန့်လို အရာတွေအတွက် နေရာ ပေးစရာ မလိုပါ။ သို့သော် နေ့စဉ် လုပ်မှု ကိုင်မှု၊ ပြောမှုဆိုမှု၊ တွေးမှု ခေါ်မှုတွေဟာ နေ့စဉ် နိစ္စဓူဝကိစ္စရပ်တွေ ဖြစ်လို့ အသေးအဖွဲတွေပါကွာ…. ဆိုပြီး ဒီအတိုင်း ပြီးစလွယ် ပစ်ထားရင်၊ ဒါတွေဟာ ကိုယ့်ဘဝကို တဖြည်းဖြည်းနဲ့ ပြဌာန်းစီရင်လာတယ်ဆိုတာ နောက်များကျမှ သိပါလိမ့်မယ်။

ဘဝကိုပြဌာန်းနေတဲ့ နေ့စဉ် ဆုံးဖြတ်ချက်တွေ

နေ့စဉ် ကိုယ် ဘာပြောမယ်၊ ဘာလုပ်မယ်လို့ ဆုံးဖြတ်နေရတဲ့ ဆုံးဖြတ်ချက်တစ်ခုတိုင်းဟာ ကိုယ့်ဘဝကို စီရင် ပြဌာန်းနေတယ်။

ဒီတော့ ကောင်းတာလေးတွေဆိုရင် သေးဖွဲသည် ဖြစ်စေ နည်းနည်းဖြစ်ဖြစ် လုပ်ဖြစ်အောင် ကြိုးစားကြပါ။ ကိုယ် လုပ်တဲ့ ကောင်းတာလေးတွေကို ဘယ်သူမှ မသိလည်း လုပ်ဖြစ်အောင် လုပ်ပါ။ “ကောင်းတာလုပ်နေရင်းနဲ့ လူသိ ခံချင်တာကိုက ဒုက္ခကြီး တစ်ခုပါ” တဲ့။ ဒါကို ဆရာတော် ဦးဇောတိကရဲ့ စာမှာ ကျနော် ဖတ်ခဲ့ဖူးပါတယ်။

မင်းသေ့

နေ့လယ် ၁၁း၂၂

၁၈၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post ဗဟိုဦးစီးစနစ်မှသည် ဖက်ဒရယ်စနစ်ဆီသို့
Next post ယဉ်ကျေးမှုမြေပုံနှင့် အမျိုးသားရေး