• ကလောင်စုံ၊ နှစ် ၉၀ ပြည့် လူထုဦးလှ
  • လူထုကြီးပွားရေးစာအုပ်တိုက်၊ ပထမအကြိမ်။
  • ၂၀၀၀ ဇွန်။
  • လူထုဦးလှ နှစ် ၉၀ ပြည့် အမှတ်တရစာများ။

စာပေဖြင့် နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို ကျေးဇူးပြုခဲ့သူများထဲတွင်၊ လူထုဦးလှက ထိပ်ဆုံးမှ ပါဝင်ပါသည်။ စာပေ လောကတွင်၊ လူထုဦးလှထက် လူထုဒေါ်အမာအကြောင်းကို ပို၍ ကျယ်လောင်စွာ ပြောကြသည်။ အဘယ့်ကြောင့် နည်း။ မြန်မာ့လူ့အဖွဲ့အစည်း၏ နိုင်ငံရေးဓလေ့နှင့် သက်ဆိုင်သည်ဟု ထင်ပါသည်။ လူထုဒေါ်အမာသည် နိုင်ငံရေး အားဖြင့် အသံကျယ်လောင်စွာ ထွက်ခဲ့ပါသည်။ လူထုဦးလှကား နိုင်ငံရေးထက် လူမှုပြုပြင်ပြောင်းလဲရေး၊ လူမှုပြုပြင်ရေးနယ်၌ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့ပါသည်။ ဒေါ်အမာသည်လည်း စာပေ၊ လူမှုရေးနှင့် နိုင်ငံရေး နယ်များကို ကျေးဇူးပြုခဲ့ပါသည်။ သို့သော်လည်း ရဲရဲတောက်စိတ်အခံထက်သန်သော မြန်မာလူထုက ဒေါ်အမာ၏ အသံကို ပိုခံတွင်းတွေ့ကြသည်ဟု ထင်သည်။ လူထုဦးလှက ရိုးရိုးဖြောင့်ဖြောင့်၊ တကယ့် လူကြီးလူကောင်း။ လူမှု ပြုပြင်ရေးလုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်ခဲ့သူ။ လက်တွေ့အားဖြင့် ကာယကံမြောက်လည်း လုပ်ဆောင်ခဲ့ သလို၊ စာပေအားဖြင့်လည်း ကျေးဇူးပြုခဲ့ပါသည်။

ဦးလှ၌ မျက်နှာစာပေါင်းစုံ ရှိနေပါသည်။ ဦးလှ ကျေးဇူးပြုခဲ့သော အရာများ ခပ်များများ ရှိခဲ့ပါသည်။ ဦးလှဟာ ဘယ်လို လူဖြစ်ပါသလဲ။ ကျနော် ရေးသားခဲ့သည့် ဆောင်းပါးနှင့် ရုပ်ပုံလွှာများတွင် ဦးလှအကြောင်း ခပ်များများ ပါဝင်ခဲ့ပါသည်။ လူထုဦးလှ၏ နှစ် ၁၀၀ ပြည့်စာတမ်းများ စာအုပ်ကို ကျနော် ရုပ်ပုံလွှာသဖွယ် အညွှန်းရေးခဲ့ဖူးပါ သည်။ မုံရွာဂေဇက်ဂျာနယ်တွင် ပထမဆုံး ဖော်ပြခံရသော ကျနော့် စာမူတစ်ပုဒ်ဖြစ်ပါသည်။ လူထုဦးလှ၏ နှစ် ၁၀၀ ပြည့် စာတမ်းများ စာအုပ်သည် ခပ်ပါးပါးမျှသာဖြစ်ပါသည်။ သို့သော် နှစ် ၉၀ ပြည့် လူထုဦးလှ စာအုပ်ကမူ ထူထူ ထဲထဲ များများစားစား ဖြစ်ပါသည်။ အပုဒ်ရေ – ၅၀ ကျော်ပါဝင်သည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ရေးထားသူတွေ က အစုံစုံ။ လူထုဒေါ်အမာလည်း သက်ရှိထင်ရှားရှိစဉ်၊ ဆရာဒေါက်တာသန်းထွန်းရဲ့ ကျေးဇူးပြုမှုလည်း ပါဝင်ခဲ့ခြင်း ကြောင့် ပို၍ များများစားစား စာမူစုဆောင်းနိုင်ခဲ့သည်ဟု ထင်သည်။ နှစ် ၉၀ ပြည့် လူထုဦးလှ စာအုပ်မှာ ဘယ်လို ကလောင်တွေ ပါဝင်ခဲ့ပါသလဲ။ အနည်းငယ်သော ကလောင်ရှင်များကို ထုတ်နုတ်ပြချင်ပါသည်။

  • မောင်ထင်၊ ဦးသန်းထွတ်၊ တိုက်စိုး၊ ပါရဂူ၊ မောင်စွမ်းရည်၊ ဦးနု၊ မောင်စူးစမ်း၊ နတ်နွယ်၊ မကြန်၊ ခင်နှင်းယု၊ မောင်သစ်လွင် (လူထု)၊ မောင်သာနိုး၊ တော်ဘုရားကလေး (အောင်ဇေ)၊ ခင်ဆွေဦး၊ မစန္ဒာ၊ နေဝင်းမြင့်၊ ရွှေဘိုမိမိကြီး၊ ဒေါက်တာမြင့်မြင့်ခင်၊ မောင်ခင်မင် (ဓနုဖြူ)၊ ထိန်လင်း၊ ဝင်းတင့်၊ သင့်နော်၊ မောင်သန်းဆွေ၊ မောင်ပေါက်စည်၊ စိုးနိုင် (မန္တလေးတက္ကသိုလ်)၊ အံ့မောင်၊ တောမှီရဟန်း၊ ပါမောက္ခ အိုးနိုတိုးရု၊ တင်မြင့်၊ ဒေါက်တာသန်းထွန်း။

ကလောင်ရှင် အယောက် (၅၅) ယောက်ထဲမှ၊ တချို့ကို ထုတ်နုတ်ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ အတော်များများ သောကလောင်များမှာ၊ ဆင်ကလောင်ဟု ခေါ်လောက်သည့် ကလောင်ကြီးရှင်များဖြစ်ပါသည်။ လူထုဦးလှ ထိစပ် ခဲ့သော စာပေရပ်ဝန်းကို မှန်းဆနိုင်ရန် ရည်ရွယ်ပါသည်။ လူထုဦးလှဟာ ဘယ်လို လူမျိုးဖြစ်ပါသလဲ။ လူထုဦးလှ ဟာ ဘယ်လို စာများကို ရေးသားခဲ့ပါသလဲ။ တိုင်းပြည်နှင့် လူ့အဖွဲ့အစည်းအတွင်းက ဘယ်လို အရင်းခံကျသော လူမှုပြဿနာများကို ပြုပြင်တည့်မတ်ရန် လူထုဦးလှက စာပေဖြင့် ကြိုးစားခဲ့ပါသလဲ။ လူထုဦးလှ ကျေးဇူးပြုခဲ့သော စာပေမျက်နှာစာများကို တစ်ချပ်ချင်း လှပ်ကြည့်ရမည်ဟု ထင်ပါသည်။

အစုအဖွဲ့နှင့် ဂိုဏ်းဂဏစိတ် တူ – မတူ

လူထုဦးလှ၏ ထူးခြားချက်မှာ၊ စာပေအလုပ်ကို အသိုင်းအဝိုင်းဖြင့် လုပ်တတ်ကိုင်တတ်သော အစုအဖွဲ့စိတ်ဓာတ် အပြည့်ရှိခြင်းဖြစ်ပါသည်။ ဦးလှလုပ်ဆောင်ခဲ့သည့်လူမှုရေးလုပ်ငန်းများကို ကြည့်လျှင်လည်း၊ အများနှင့် စုဖွဲ့ လုပ်ဆောင်ခဲ့သည်ကိုတွေ့ရပါသည်။ အစုအဖွဲ့နှင့် စုပေါင်းလုပ်ဆောင်တတ်သောအကျင့်နှင့် ဂိုဏ်းဂဏဖွဲ့တတ် အကျင့်ကို ကွဲပြားစွာနားလည်မည်ဟု ယူဆပါသည်။ Group Think နှင့် Teamwork သည် အလွန်ကွာခြားပါသည်။ လူအတော်များများသည် Teamwork နှင့် Group Think ကို မှားယွင်းနားလည်ထားကြသည်။ မတူပါ။ အုပ်စုဖွဲ့ တတ်သောစိတ်အခံ၊ ဂိုဏ်းဂဏဖွဲ့တတ်သောစိတ်အခံနှင့် အစုအဖွဲ့ အသင်းအပင်း အစုအပေါင်းနှင့် စုစည်း လုပ်ဆောင်တတ်သောစိတ်အခံတို့သည် အလွန်ခြားနားပါသည်။ လူထုဦးလှသည် အထက်ဗမာနိုင်ငံစာရေးဆရာ အသင်းတွင် ဦးဆောင်ခဲ့သည့် ပုဂ္ဂိုလ်များထဲက တစ်ဦးဖြစ်ခဲ့သည့်တိုင်၊ ဂိုဏ်းဂဏစိတ် မရှိပါ။ စာပေအပေါ် ဖွံ့ဖြိုး တိုးတက်လိုသော စိတ်အခံသာ ကြီးမားခဲ့ပါသည်။ လူထုဦးလှ၊ ဒေါက်တာသန်းထွန်း၊ ပါမောက္ခ ဦးကျော်ရင်၊ မောင်စွမ်းရည်နှင့် မောင်သာနိုးတို့ တတွေ စတင်ခဲ့ကြသော စကားပြောဖြင့်ရေးသည့်မူသည် ယခု အင်မတန်တွင် ကျယ်နေပါသည်။ ပါမောက္ခဦးကျော်ရင်က “ဆင်သွားလျှင် လမ်းဖြစ်သည်” ဟု ပြောဆို ထောက်ခံခဲ့သောကြောင့်၊ စကားပြောပုံစံဖြင့် ရေးကြရန် ဆော်ဩချက်သည် တကယ်လည်း လမ်းမကြီးတစ်ခုဖြစ်ခဲ့ပါပြီ။ အခုလည်း လူအများ လျှောက်ကြသည့် လမ်းမကြီးဖြစ်နေပါပြီ။ လူထုဦးလှနှင့်ပတ်သက်လျှင် ထူးခြားသော ပြောစရာများ ခပ်များများ ရှိနေပါသေးသည်။

လူထုဦးလှသည် သတင်းစာဆရာတစ်ယောက်ဖြစ်ပါသည်။ သတင်းစာဆရာတစ်ယောက်အဖြစ်မှ၊ စာအုပ်များကို ရေးသားထုတ်ဝေရင်း စာရေးဆရာတစ်ယောက်ဖြစ်လာပါသည်။ သတင်းစာဆရာနှင့် စာရေးဆရာ၏ လုပ်နည်း လုပ်ဟန်၊ လုပ်ပုံကိုင်ပုံမှာ တူသလိုလိုနှင့် မတူပါ။ နှစ်ဦးစလုံးသည် ကလောင်ကို ကိုင်ဆွဲ၍ လူ့အဖွဲ့အစည်းကို ကျေးဇူးပြုနေသူများဖြစ်သည့်တိုင်၊ သတင်းစာဆရာ၏ ကလောင်သဘာဝနှင့် စာရေးဆရာ၏ ကလောင်သဘာဝက ကွာခြားလှပါသည်။ လူထုဦးလှသည် သတင်းစာဆရာဘဝကိုလည်း ပီပီပြင်ပြင် ရောက်ရှိခဲ့သလို၊ စာရေးဆရာဘဝ ကိုလည်း ထင်ထင်ရှားရှား ထုဆစ်ခဲ့ပါသည်။ တကယ်တော့ လူထုဦးလှ ထုဆစ်ခဲ့သည်ကား၊ လူ့အဖွဲ့အစည်း အကျိုး အများအကျိုး ဖြစ်ပါသည်။ သူ့လုပ်ရပ်က သူ့ဘဝ ဖြစ်လာခဲ့သည် မဟုတ်လား။ စစ်ပြီးခေတ် ဖဆပလအဖွဲ့ချုပ် (မန္တလေး) တွင် ပါဝင်ခဲ့သော လူထုဦးလှအဖို့ နိုင်ငံရေးအရ ရိုက်ခတ်ချက်တချို့ ကြုံခဲ့ရပါသည်။

ဘယ်သူမှ တစိုက်မတ်မတ် မလုပ်ခဲ့သော အလုပ်

ယခုအချိန်အထိ နှစ်ပေါင်း ၅၀ ၊ ၆၀ ကျော်လာသည့်တိုင် ဘယ်စာရေးဆရာ ဘယ်သတင်းစာဆရာမှ မလုပ်ခဲ့သော အလုပ်ကို လူထုဦးလှက လုပ်ဆောင်ခဲ့ပါသည်။ ဘယ်လို အလုပ်မျိုးဖြစ်ပါသလဲ။ တိုင်းရင်းသားလူမျိုးစုများနှင့် ပတ်သက်သော ဓလေ့ထုံးတမ်းယဉ်ကျေးမှု အစဉ်အလာရိုးရာများကို ဖော်ထုတ်နိုင်ခဲ့သည့်အလုပ်ဖြစ်ပါသည်။ လူထုဦးလှသည် တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များကို ရေးသားပြုစုခဲ့ပါသည်။ လူထုဦးလှ ရေးသားပြုစုခဲ့သော တိုင်းရင်းသားရိုးရာ ပုံပြင်များသည် ဒေသခံတိုင်းရင်းသားလူမျိုးစုများထံမှ သွားရောက် သုတေသနပြုစုဆောင်းပြီး ပြုစုရေးသားခဲ့ခြင်း ဖြစ်ပါသည်။ လူကြားထဲတိုးဝင်ပြီး၊ ရေးသားပြုစုခဲ့ခြင်းဖြစ်ပါသည်။ သုတေသနအသုံးအနှုန်း အားဖြင့်မူ၊ secondary source (တစ်ဆင့်ခံအထောက်အထား) များဆိုသည်ထက် primary sources (မူရင်း အထောက်အထား) များကို ရှာဖွေဖော်ထုတ်၍ ရေးသားပြုစုခဲ့ခြင်းဖြစ်ပါသည်။ ပုံပြင်များကို ရေးသားပြုစုခဲ့ခြင်း ဖြစ်သည့်အတွက် ကလေးများ အတွက်ပဲဟု မထင်မှတ်စေလိုပါ။ ပုံပြင်ဟူသည် ကလေးများနှင့်သာ သက်ဆိုင်၍ သေးဖွဲသောအရာဟု ထင်မြင် သော အတွေးအခေါ်ကို ဖျောက်ဖျက်ပစ်ရန်လိုပါသည်။ တကယ်တော့ လူထုဦးလှ ရည်မှန်းခဲ့သည်မှာ၊ တိုင်းရင်းသား လူမျိုးစုများ၏ အစဉ်အလာ ရိုးရာဓလေ့ထုံးစံနှင့် ၎င်းတို့၏ ယဉ်ကျေးမှုများကို ပုံပြင်များမှ တစ်ဆင့် လူထုအကြား သိနားလည်အောင် ကြိုးပမ်းခဲ့သည့်လုပ်ရပ်ပင် ဖြစ်ပါသည်။ တနည်းအားဖြင့် လူမျိုးစုံစုပေါင်းနေ ထိုင်သော မြန်မာနိုင်ငံ၌ ပြည်ထောင်စုစိတ် ရှင်သန်စေရန်ဖြစ်သည်။ ခေတ်အသုံးအနှုန်းဖြင့် ပြောရလျှင်၊ ဖက်ဒရယ် စိတ်ဓာတ်ကို လက်တွေ့ကျကျ နားလည်စေရန်ဖြစ်ပါသည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဆိုသည်ကို အစိုးရ အဆက်ဆက်နှင့် နိုင်ငံရေးအစုအဖွဲ့အများစုက ဘယ်လောက်ပင် ကျယ်ပြန့်အောင် ပြောကြသည်ဖြစ်စေ၊ ကာယကံ မြောက်အားထုတ်ခဲ့သည်ကား ပါးလျလှ၏။ လူထုဦးလှကား စနစ်တကျ ကာယကံမြောက် အားထုတ်ခဲ့ခြင်းဖြစ်ပါ သည်။ လူထုဦးလှရေးသားပြုစုခဲ့သော တိုင်းရင်းသားလူမျိုးစုပုံပြင်များ၏ အကျိုးကျေးဇူးနှင့်တန်ဖိုးကို ဘယ်သူ တွေက ဘယ်လောက်များများ သိနားလည်ကြပါသလဲ။ သာမန်လူထုမှာရော သတိရောထားမိကြရဲ့လား။ ပုံပြင်ဆို သည်မှာ ကလေးများနှင့်သာ သက်ဆိုင်သည်ဟု ထင်မှတ်နေကြသလား။ သမိုင်းနယ်ပယ်၌ ပုံပြင်များ၏ တန်ဖိုး အထောက်အထားများက ဘယ်လောက် အရေးပါသလဲဆိုတာ ဘယ်သူတွေ ဘယ်လောက်သိထားကြပါသလဲ။ ကျနော်ကတော့ မထင်ပါ။ မြန်မာများသည် အမှုမဲ့ အမှတ်မဲ့နေလွန်း၏။

သုတေသီဦးလှ

လူထုဦးလှသည် နိုင်ငံရေးအမှုဖြင့် ထောင်ကျခဲ့ပါသည်။ လူတချို့က ပြောကြသည်။ ထောင်ကထွက်ပြီးမှ စာရေးဆရာ ဖြစ်လာသူဟု ပြောကြသည်။ အကြောင်းမှာ၊ လူထုဦးလှက ထောင်တွင်းအတွေ့အကြုံများနှင့် ထောင်တွင်းမှ တွေ့ဆုံခဲ့သော လူများကို မေးမြန်းသုတေသနပြု၍ ထောင်အကြောင်းစာအုပ်များ ရေးသားခဲ့၍ ဖြစ် သည်။ ထောင်နှင့်ပတ်သက်သောစာအုပ်များထဲ၌ လူမှုဘဝများ ပါဝင်နေပါသည်။ ရုပ်ပုံလွှာများ ပါဝင်နေပါသည်။ လောကဓံအကြောင်း၊ ဘဝအကြောင်း၊ ဆိုးမိုက်မှုများအကြောင်း ပါဝင်နေပါသည်။ ဘဝသင်ခန်းစာများ၊ ဘဝ၏ အမှားများ၊ ဘဝ၏ အားမာန်များ ပါဝင်နေပါသည်။ ထောင်သည် လူမှုပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှာ ရှိနေကြောင်း လူထုဦးလှက အဦးဆုံး ပြသသွားခဲ့သူဖြစ်ပါသည်။ လူထုဦးလှ၏ စာပေများကို လေ့လာ ကြည့်လျှင်၊ လူထုဦးလှသည် သာမန် စာရေးဆရာသက်သက် မဟုတ်ပါ။ သုတေသီတစ်ဦးလည်းဖြစ်ပါ သည်။ လူထုဦးလှရေးသားခဲ့သော လက်တွေ့ဘဝများမှ အကြောင်းအရာများ၊ လူမှုပြဿနာများသည် သုတေသန အမြင်ဖြင့်၊ သုတေသနနည်းအားဖြင့် လေ့လာဆန်းစစ်၍ လူထုကြားထဲ သိမြင်နားလည်အောင် ရေးသားခဲ့သော စာအုပ်များဖြစ်ပါသည်။ လူထုဦးလှ၏ နှစ် ၉၀ ပြည့် စာအုပ်၌ လူအစုံစုံ၏ ကလောင်လက်ရာအစုံစုံကို တွေ့နိုင်သည်။ ထူးခြားချက်ကား…၊ လူထုဦးလှ၏ ဘဝနှင့် ရုပ်ပုံလွှာကို ပန်းစကြာမှန်ပြောင်းကဲ့သို့ မျက်နှာစာ မှန်ကူကွက်များကို တစ်ကွက်ချင်း ထင်ထင်ရှားရှားတွေ့ရခြင်းပင်ဖြစ်ပါသည်။

လူထုသတင်းစာဆိုသည်မှာ

ဦးလှကို လူထုသတင်းစာနှင့် တွဲဖက် သိကြပါသည်။ လူထုဦးလှဟု မတွင်ကျယ်ခင်တုန်းက၊ ကြီးပွားရေးဦးလှ။ ကြီးပွားရေးအသင်းကို ထူထောင်ရင်း၊ ကြီးပွားရေးအသင်းမှာ ဦးဆောင်ခဲ့သူ ဦးလှသည် အစဉ်အလာနှင့်လူဖြစ်ပါ သည်။ လူထုသတင်းစာသည် အစဉ်အလာကြီးခဲ့သော သတင်းစာတစ်စောင်ဖြစ်ခဲ့ပါသည်။ မူအားဖြင့် ခိုင်ခိုင်ကြည် ကြည်ရှိသည်။ လူထုဆိုသည့် နာမည်နှင့်လိုက်အောင် လူထုအကျိုးကို အစဉ်ရှေးရှုခဲ့သည့် သတင်းစာတစ်စောင် ဖြစ်သည်။ လူထုသတင်းစာ၌ ကြော်ငြာခငွေ ဘယ်လောက်ပဲ ရရ၊ အရက်ကြော်ငြာ၊ ဆေးလိပ်ကြော်ငြာမျိုးတွေ့ရ မည် မဟုတ်ပါ။ ဤကား… လူထုသတင်းစာ၏ သန့်စင်သောမူများထဲက မူတစ်ခုဖြစ်ပါသည်။ လူထုဦးလှသည် အားကစားကို အားပေးသူဖြစ်သလို၊ သူကိုယ်တိုင်လည်း အားကစားလိုက်စားသူဖြစ်ပါသည်။ လူ့အဖွဲ့အစည်း၏ ကိုယ်ခံအားမြင့်မားရန် အားကစားဖြင့် ကိုယ်ကာယကြံ့ခိုင်သန်စွမ်းရေးသည် အထူးအရေးကြီးသည်ဟု ဦးလှက မှတ်ယူသည်။ ထိုနည်းလည်းကောင်း မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့် အရက်၏ ဆိုးကျိုးကို လူထုအားနားဝင်အောင် ရေးနိုင်သော စာရေးဆရာကြီးတစ်ယောက်ဖြစ်ပါသည်။ လူအများ သိပ်အရေးမပါဘူးဟု ထင်မှတ်သော အသေးအဖွဲ ဟု ထင်နေသည့် အားကစားကိစ္စနှင့် အရက်သေစာ သောက်စားခြင်းကိစ္စရပ်များကို လူထုဦးလှက အထူးဂရုစိုက်ခဲ့ သည်။ လူ့အဖွဲ့အစည်း၏ အခြေခံလူမှုပြဿနာများကို ပြုပြင်နိုင်မှ၊ တိုင်းပြည်ကိုယ်ခံအားကောင်းမည်ဟု လူထုဦးလှက ထင်မြင်ယူဆခဲ့ပါသည်။

ထင်မြင်ချက်များ

လူထုဦးလှအကြောင်းကို ဘယ်သူတွေက ဘယ်လို ရေးသားခဲ့ပါသနည်း။ လူထုဦးလှ ကွယ်လွန်ပြီးမှ ထုတ်ဝေခဲ့သော နှစ် ၉၀ ပြည့် လူထုဦးလှ စာအုပ်သည် ဦးလှ၏ ဘဝသမိုင်းဖြစ်ပါလိမ့်မည်။

  • ဦးလေးလှကို ပုံပြောဆရာကြီးတစ်ယောက်သာဟု မှတ်ယူ၍ မရနိုင်ပေ။ စားစရာဆန်ကို ရေးသားပြုစုသူ တစ်ယောက်အဖြစ် ရှုမြင်ကြည့်ပါက သမိုင်းဆရာ သမိုင်းဝါသနာရှင်တစ်ယောက်ဖြစ်ကြောင်းတွေ့မြင် နိုင်သည်။ ဦးလေးလှ၏ သမိုင်းဝါသနာ၊ သမိုင်းဉာဉ်ကို သူ၏ သတင်းစာများသည် သမိုင်းကို ပြောနေကြ သည် ဟူသော စာအုပ်များတွင် ထင်ရှားပေါ်လွင်စွာ တွေ့ရသည်။ အထောက်အထား စုတတ်သည်။ ရှာတတ်သည်။ အသုံးချတတ်သည်။ …ဦးလေးလှသည် နှံ့စပ်သူ၊ သုတေသနဝါသနာထုံသူ၊ သိသမျှကို ပြည်သူသို့ တတ်နိုင်သမျှ တင်ပြခဲ့သူ စာရေးဆရာကြီးတစ်ယောက်ဟုလည်း ဆိုရပါမည်။ (မကြန်၊ ၁၉၉၉ ဇွန် ၂၇ ၊ နှစ် ၉၀ လူထုဦးလှ ၊ စာ / ၆၄ – ၆၄)
  • ကိုလှဟာ အင်မတ်တော်တဲ့လူတစ်ယောက်ပဲ။ ကျွန်တော်ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် သူ့စိတ် နေစိတ်ထားကြောင့် နိုင်ငံရေးထဲကို သူဝင်ချင်မှာ မဟုတ်ဘူး။ သိပ်ပြီး ရန်ဖြစ်ရတဲ့နေရာမျိုးဆိုရင် သူ အင်မတန်ရှောင်တယ်။ …ကိုလှက မြန်မာ့ယဉ်ကျေးမှုတို့၊ သမိုင်းတို့၊ မြန်မာစာပေတို့မှာ ပြောင်မြောက်တယ်။ သူပြောင်မြောက်တဲ့ ဘဝမှာပဲ သူ့ကို ထားလိုက်ပါ။ သူ့ကို သွားပြီး မနှောင့်ယှက်ပါနဲ့။ (သခင်သန်းထွန်း ပြောစကား၊ ဦးနု ၊ ပြည်ထောင်စုလမ်းသွယ်က ဆောင်းပါး၊ စာ – ၃၉)
  • မန္တလေးဆိုတာ ဦးပုညတို့ တောင်သမန်ရွာစား ကိုဖေငယ်တို့ခေတ်ကနေ ခု ၂၀ ရာစု ကုန်ခါနီးအထိ စာပေသမားတွေ ထွန်းကားတဲ့ဒေသပါ။ ဒါပေမယ့် စာပေလှုပ်ရှားမှု အတက်ကြွဆုံးအချိန်ပိုင်းဆိုတာက တော့ လူထုဦးလှ အသက်ထင်ရှားရှိနေစဉ်နှစ်များအတွင်းကပါပဲ ဆိုတာကို ဘယ်မှတ်တမ်းဆရာကမှ ငြင်းလိမ့်မယ် မဟုတ်ဘူး။ (မောင်သာနိုး၊ ဦးလေးလှရဲ့ခေါင်းဆောင်မှုအခန်း၊ စာ – ၉၁)
  • လူထုဦးလှသည် မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့စာပေ၏ အရေးကြီးဆုံးကဏ္ဍတစ်ခုဖြစ်သော မြန်မာ့ရိုးရာ ပုံပြင် ဖော်ထုတ်ရေးကို တစ်ဦးတည်းဒိုင်ခံ ကြိုးပမ်းအားထုတ်နေသူဖြစ်သည်။ လူထုဦးလှသည် မြန်မာ့ ရိုးရာပုံပြင်များကိုသာမက တိုင်းရင်းသားရိုးရာပုံပြင်များကိုလည်း ဖော်ထုတ်သူဖြစ်သည်။ (ပါရဂူ၊ ကြီးပွားရေးဦးလှမှ လူထုဦးလှ၊ စာ – ၂၀)
  • … စာဖတ်ဖို့၊ လေ့လာဖို့၊ ယဉ်ကျေးဖို့ သူဟောတတ်၊ ပြောတတ်ဖို့၊ အပေါင်းအသင်းဆန့်ဖို့၊ အများအကျိုးသယ်ပိုးတတ်ဖို့၊ တတ်နိုင်သမျှ နိုင်ငံ့ကောင်းကျိုး ထမ်းဆောင်ဖို့၊ ကျန်းမာကြံ့ခိင်ဖို့၊ စာရေးကြဖို့ ကိစ္စတွေကို သူ အမြဲလှုံ့ဆော်တယ်။ တိုက်တွန်းတယ်။ အားပေးတယ်။ …သူ့တစ်သက်လုံး စာပေနယ်မှာ ဇောက်ချပြီး စာနယ်ဇင်းလုပ်ငန်းများနဲ့ နေထိုင်ဖြတ်သန်း သွားခဲ့ရာမှာ သူဟာ စာပေအကျိုး လူငယ်အကျိုး နိုင်ငံအကျိုးတို့ကို နောက်ဆုံးထွက်သက်အထိ ဆောင်ရွက်ခဲ့တယ်။ (သင့်နော်၊ လူငယ်ဦးလှ၊ စာ – ၁၈၉)
  • ကိုလှဟာ နာမည်နှင့်လိုက်အောင် လှတဲ့လူတစ်ယောက်ဖြစ်တယ်။ လူကလှတဲ့အထဲမှာ စိတ်ကလည်း လိုက်ပြီး သိမ်မွေ့ပြန်သေးတယ်။ သူ့ကို ကြည့်ရတာ လူကြီး၊ ကလေး၊ ယောက်ျား၊ မိန်းမ မရွေး အားနာနေ သလို ဖြစ်နေတယ်။ (ဦးနု၊ ပြည်ထောင်စုလမ်းသွယ်က ဆောင်းပါး၊ စာ – ၃၂)

လူထုဦးလှအကြောင်းကို မျက်နှာစာပေါင်းစုံက၊ သဘောထားထင်မြင်ချက်အစုံ၊ ရုပ်ပုံလွှာ မှန်ကူကွက် မျက်နှာစာ အစုံမှ ဖတ်ရမည့် စာအုပ်ဟု ယူဆပါသည်။ ဤစာအုပ်ကား၊ နှစ် ၉၀ ပြည့် လူထုဦးလှ ဖြစ်ပါသည်။

မင်းသေ့

ညနေ ၆း၁၁

၁၀၊ ဒီဇင်ဘာ၊ ၂၀၂၁။

Previous post သမိုင်းအမြင်
Next post စစ်သေနင်္ဂဗျူဟာကျမ်း