• မြသန်းတင့်၊ မောင်သာမည ၊ တွိုင်ဘီ – အီကေဒါ ဆွေးနွေးခန်း။
  • မူရင်း – The Toynbee – Ikeda Dialogue (Man Himself Must Choose) by Arnold J. Toynbee, Daisaku Ikeda
  • အမေ့ဥယျာဉ်စာပေ၊ ဒုတိယအကြိမ်။
  • ၂၀၁၉ ဒီဇင်ဘာ။
  • အတွေးအခေါ်၊ ဘာသာရေး၊ နိုင်ငံရေး၊ စိတ်ပညာနှင့် သိပ္ပံ။

ဖိုမကိစ္စ – လွတ်လပ်ခွင့်ပြဿနာ။ ဗီဇနဲ့ပတ်ဝန်းကျင်။ စိတ်နဲ့ ရုပ်။ မသိစိတ်ကို လေ့လာခြင်း။ ဆင်ခြင်ဉာဏ်နဲ့ ထိုးထွင်းဉာဏ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး။ သဘာဝကပ်ဘေးအန္တရာယ်နှင့် လူလုပ်ကပ်ဘေးအန္တရာယ်။ တဲကုပ်မှ တိုက်ပေါ်သို့။ ကျေးလက်ဘွဲ့။ ကမ္ဘာကြီးပျက်စီးလုနီးပြီလော။ ကြော်ငြာ – လောဘ – ပတ်ဝန်းကျင် ညစ်ညမ်းမှု။ ကြီးပွားချမ်းသာချင်လို့ ပညာသင်တာလား (ပညာရေးပန်းတိုင်)။ ပညာရေးရန်ပုံငွေ။ စာပေရဲ့ဩဇာ။ ပညာတတ်နဲ့ သာမန်ပြည်သူများ။ ပညာတတ်များ – အနုပညာရှင်များနဲ့ နိုင်ငံရေး၊ လူမှုရေး။ သိပ္ပံနည်းကျအသိရဲ့ အကန့်အသတ်များ။ ကျန်းမာရေးအတတ်ပညာရှင်များ။ ဆေးကုသမှုပြဿနာ။ သက်ကြီးရွယ်အိုများကို ထောက်ပံ့ ကူညီရေး။ ဂျီအန်ပီလား၊ ဂျီအန်ဒဗလျူလား။ မိခင်ဘဝရဲ့ လုပ်ငန်း။ မိသားစုစီမံကိန်းပြဿနာ။ အားလပ်ချိန်ကို ဘယ်လို သုံးမလဲ။ အဖွဲ့အစည်းနဲ့ တန်ဖိုးသိစိတ်။ အဖွဲ့အစည်းများအပေါ်၌ သစ္စာစောင့်သိခြင်း။ လူထုဆက်သွယ် ရေးရဲ့ ဘက်မလိုက်မှု။ ရေးသားထုတ်ဝေခွင့်ဆိုင်ရာ ကန့်သတ်မှုများ။ သေဒဏ်ဖျက်သိမ်းခြင်း။

အထက်ပါ အကြောင်းအရာများသည်၊ တွိုင်ဘီ နှင့် အီကေဒါတို့ ဆွေးနွေးခန်းမှ ခေါင်းစဉ်မာတိကာများဖြစ်ပါသည်။ အတွေးအခေါ်၊ ဘာသာရေး၊ နိုင်ငံရေး၊ စိတ်ပညာ၊ လူမှုရေး၊ သိပ္ပံ၊ ပညာရေး၊ စာပေ၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ လိင်မှု လွတ်လပ်ခွင့်၊ သဘာဝပတ်ဝန်းကျင် စသည့် စုံစီနဖာသော အကြောင်းအရာများကို ဆွေးနွေးထားသည့် ဒဿနအမြင်များဖြစ်ပါသည်။

တွိုင်ဘီ နှင့် အီကေဒါ

တွိုင်ဘီဆိုသူမှာ တခြားသူ မဟုတ်။ အာနိုးတွိုင်ဘီဟုခေါ်သော သမိုင်းပညာရှင်ဖြစ် ပါသည်။ ၁၉၃၄ နှင့် ၁၉၆၁ ခုနှစ်အတွင်း အာနိုးတွိုင်ဘီထုတ်ဝေခဲ့သော “သမိုင်းကိုလေ့လာခြင်း” ကျမ်းတွဲ (၁၂) တွဲ သည် နာမည်ကြီးလက်ရာတစ်ခုဖြစ်သည်။ တွိုင်ဘီသည် ၁၉၇၅ ခုနှစ် အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပါ သည်။ တွိုင်ဘီဟာ လန်ဒန်တက္ကသိုလ်မှာ သမိုင်းပါမောက္ခအဖြစ် တာဝန်ယူခဲ့ပါသည်။ ထိုနည်းလည်းကောင်း နိုင်ငံတကာလေ့လာရေးဌာန ညွှန်ကြားရေးမှူး၊ နိုင်ငံတကာသမိုင်းသုတေသနပါမောက္ခအဖြစ်လည်း တာဝန်ယူခဲ့ ပါသည်။ အာနိုးတွိုင်ဘီကို ၁၈၈၉ ခုနှစ်၊ လန်ဒန်မှာ မွေးခဲ့ပါသည်။ အီကေဒါမှာ တိုကျိုမြို့တွင် မွေးဖွားသော ဂျပန် လူမျိုးတစ်ယောက်ဖြစ်ပါသည်။ အီကေဒါကို ၁၉၂၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ အီကေဒါသည် သိပ္ပံ၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာစာအုပ်များကို ရေးခဲ့ပါသည်။ ကဗျာစာအုပ်များကိုလည်း ရေးခဲ့ပါသေးသည်။ အီကေဒါရေးသား သော စာအုပ်အများစုမှာ ဂျပန်ဘာသာဖြင့် ဖြစ်ပါသည်။ လူသားတော်လှန်ရေးနှင့် သက်ရှိထင်ရှားဗုဒ္ဓဘုရား ဆိုသည့် ကျမ်းကိုလည်း ရေးသားထုတ်ဝေပြီး နိုင်ငံခြားဘာသာများဖြစ်သော တရုတ်၊ အင်္ဂလိပ်၊ ပြင်သင်၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ ဒတ်ချ် စသည့် ဘာသာများဖြင့်လည်း ပြန်ဆိုထုတ်ဝေခဲ့ပါသည်။ ၎င်းပုဂ္ဂိုလ်ကြီးနှစ်ဦး၏ “ရေးရာ ဆွေးနွေးချက်” များဟု ပြောလို့ ရနိုင်သည်။

မောင်သာမည၏ လက်ဆင့်ကမ်း တာဝန်ယူမှု

ကျနော့်အဖို့၊ သမိုင်းဆိုင်ရာ ချည်းကပ်မှုနည်းနာ​တချို့ကို ရလိုက်သည်။ လူမှုရေးရာ ရှုထောင့်အထွေထွေကို တွိုင်ဘီနှင့် အီကေဒါထံမှ လေ့လာသင်ယူလိုက်ရသည့်စာအုပ်ဟု ပြောနိုင်ပါသည်။ ၎င်းစာအုပ်ကို ဆရာမြသန်းတင့် က အဆုံးထိ ဘာသာပြန်သွားနိုင်ခြင်း မရှိခဲ့ပါ။ ဆရာမြသန်းတင့်သည် ၁၉၉၈ ခုနှစ်တွင် ကွယ်လွန်သွား၍ အတွေးအမြင်စာစဉ်တွင် အခန်းဆက်ဘာသာပြန်သည့် အာနိုးတွိုင်ဘီနှင့် အီကေဒါဆွေးနွေးခန်းမှာ၊ တိုးလို့ တန်းလန်းဖြစ်ခဲ့ရပါသည်။ ဤအခြင်းအရာကို ဆက်လက်၍ တာဝန်ယူခဲ့သည်မှာ မောင်သာမညဖြစ်ပါသည်။ မောင်သာမည၏ အတွေးအမြင်ဆောင်းပါးများ၊ စာအုပ်များကို ဖတ်ခဲ့ဖူးပါသည်။ ဟယ်ရီအိုဗာစရိရေးသားသည့် ရင့်ကျက်မှုကွင်းစက်များစာအုပ်ကို မောင်သာမည ဘာသာပြန်ဆိုခဲ့ရာ၊ ကျနော် အထူးကြိုက်နှစ်သက်ခဲ့ပါသည်။ တွိုင်ဘီ – အီကေဒါ ဆွေးနွေးခန်းမှာ၊ မြသန်းတင့်လက်ရာနှင့် မောင်သာမည၏ လက်ရာ အထူးကွာခြားခြင်း၊ ကွာဟခြင်း မရှိပါ။ မြန်မာ့လူ့အဖွဲ့အစည်းအတွက် လိုအပ်သော သမိုင်းဆိုင်ရာစာပေကို ဆရာနှစ်ဦးမှ၊ ကျေးဇူးပြုခဲ့ သည့်အတွက် ကျေနပ်ရပါသည်။

မက်ခရိုအမြင် မရှိသေးချိန်က

ပထမအကြိမ်ထုတ် တွိုင်ဘီ – အီကေဒါ ဆွေးနွေးခန်း ဘာသာပြန်စာအုပ်ကို ကျနော် တက္ကသိုလ်ကျောင်းသားဘဝ ကတည်းက ဖတ်ဖူးခဲ့ပါသည်။ ၂၀၁၂ ခုနှစ်လောက်က ဖြစ်ပါလိမ့်မည်။ ကျနော် တက္ကသိုလ်စာပေအသင်းတွင် အယ်ဒီတာတာဝန်ကို ယူခဲ့သည့် အချိန်ကဖြစ်ပါသည်။ သမိုင်းအမြင်အတွေးအခေါ်များကို ဆွေးနွေးထားသည်ဖြစ် ၍ ထိုစဉ်က ကျနော့်အတွက် ဉာဏ်မမှီခဲ့ပါ။ စာဖတ်သက် ၁၀ နှစ်လောက်ရောက်လာမှ ဂဃနဏ နားလည်နိုင်စွမ်း ရှိခဲ့သည်ဟု ဝန်ခံပါသည်။ အာနိုးတွိုင်ဘီသည် သမိုင်းပါမောက္ခ၊ သမိုင်းပညာရှင်တစ်ယောက်ဖြစ်ခြင်းကြောင့် သူတို့ နှစ်ဦးဆွေးနွေးသော ရေးရာကိစ္စရပ်များသည်၊ မက်ခရိုအလွှာကနေ အပေါ်စီးအုပ်မိုးပြီး ခြုံငုံကြည့်မြင် ဆွေးနွေးသူ တွေဖြစ်ခြင်းကြောင့်၊ လောကသဘော၊ ကမ္ဘာလုံးသဘော၊ လူသားသမိုင်းသဘော၊ လူ့အဖွဲ့အစည်းသဘောကို ခြုံငုံ မမြင်နိုင်သေးသည့် ကျနော့်အတွက် အခက်အခဲရှိခဲ့ပါသည်။ သို့သော် တဖြည်းဖြည်း စာဖတ်သက်ရင့်လာပြီး၊ လောကထဲ အတွေ့အကြုံအားဖြင့် ရင့်ကျက်လာလေလေ၊ ပိုအရေးပါသော လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဒဿနရေးရာများကို သဘောကျလေလေ၊ နှစ်ခြိုက်လာလေလေ ဖြစ်လာခဲ့ပါသည်။ တွိုင်ဘီ နှင့် အီကေဒါတို့၏ ဆွေးနွေးခန်းများသည် ဦးနှောက်ကို နှိုးသောအကြောင်းအရာများ၊ အတွေးအခေါ်များ ပါဝင်ပါသည်။

သမိုင်းအမြင် ၊ ဒဿနအမြင်

လူ့အဖွဲ့အစည်းအတွင်းက လူမှုဓလေ့လှိုင်းလုံးများနှင့်၊ လူ့အတွေးအခေါ် ရှုထောင့် အပြောင်းအလဲများကို သမိုင်း ဒဿနရေးရာက ရှင်းလင်းအဖြေထုတ်ပေးနိုင်ပါသည်။ သမိုင်းကို ပိုစိတ်ဝင်စားလေလေ၊ တွိုင်ဘီနှင့် အီကေဒါတို့၏ ဆွေးနွေးချက်များသည် ကျနော့်အတွက် ပို၍ ကြွလာလေလေဖြစ်လာခဲ့ပါသည်။ လူမှုဗေဒတွင် လူ့အဖွဲ့အစည်းများ ၏ အသွင်သဏ္ဍာန်နှင့် အတွေးအခေါ်စရိုက်များကို လေ့လာရသည်။ ထိုအခါ သမိုင်းအမြင်သည် ပို၍ လိုအပ်လာ သည်။ ကမ္ဘာပေါ်က လူ့အဖွဲ့အစည်းများ၏ ကြုံလေ့၊ ကြုံထ၊ ဖြစ်လေ့ဖြစ်ထရှိခဲ့သော လူမှုရေးရာ၊ နိုင်ငံရေးရာ ပြဿနာများနှင့် သိပ္ပံဆိုင်ရာ မေးခွန်းများကို သမိုင်းဒဿနက ရှင်းလင်း ဖော်ထုတ်နိုင်ပါသည်။ တွိုင်ဘီ၏ ဆွေးနွေး ချက်များမှ၊ ၎င်းအမြင်များကို ရခဲ့ပါသည်။

သိမြင်မှု စက်ကွင်းကျယ်

လူငယ်တစ်ယောက်သည် လူ့အကြောင်းကို သိနားလည်ရမည်။ လူ့အဖွဲ့အစည်းကို ခြုံငုံသိနားလည်ရန်လိုပါသည်။ အကြောင်းမှာ လူ့လောကသဘောကို အခြေခံကျကျနားလည်နိုင်ရန်ဖြစ်ပါသည်။ လူတစ်ယောက်၏ အသိအမြင် စက်ကွင်းကို ချဲ့ထွင်ပေးသည်မှာ၊ သမိုင်းဒဿနအမြင်က ဖြစ်ပါသည်။ သမိုင်းအမြင်ကို ရဖို့၊ သမိုင်းစာအုပ် အများအပြားကိုလည်း ဖတ်ရပါလိမ့်မည်။ ထို့အပြင် သမိုင်းပညာရှင်များ မြင်သော ရှုထောင့်များကိုလည်း ကျကျနန လေ့လာဆည်းပူးရန် လိုအပ်ပါသည်။ အတိတ်သမိုင်းကို လေ့လာဆန်းစစ်ခြင်းသည် အနာဂတ်အတွက် လမ်းပြမြေပုံထုတ်ခြင်းလည်းဖြစ်ပါသည်။ သို့သော် သမိုင်းမှာ ဖြစ်ခဲ့သည့်အတိုင်း အနာဂတ်တွင် အတိအကျ ဖြစ်လာမည်ကား မဟုတ်ပါ။ အနာဂတ်တွင် စိန်ခေါ်ချက်များ၊ အကျပ်အတည်းများဖြင့် ပြည့်နှက်နေပါလိမ့်မည်။ သမိုင်းဒဿနအခြေခံရှုမြင်ကွင်းကို ဆုပ်ကိုင်နိုင်ထားသူအဖို့၊ လူမှုပြဿနာလှိုင်းလုံးများကို အပေါ်စီးက မြင်နိုင်ပြီး ပြဿနာ၏ ရင်းမြစ်နှင့် လာရာ – လားရာကို ကောင်းစွာ တွက်ချက်နိုင်သော ဆင်ခြင်တုံတရားကို ရရှိနိုင်လိမ့်မည်ဟု ယူဆပါသည်။

ကောက်နုတ်ချက် တချို့မှာ အခုလိုဖြစ်ပါသည်။

  • လူ့လောကကြီးတည်တံ့ရေးကို ခြိမ်းခြောက်နေတဲ့ လက်ရှိမကောင်းဆိုးဝါးတွေကို တုံ့ပြန်ရာမှာ ပျော့ညံ့ညံ့ လုပ်နေလို့ မရဘူး။ … ကျွန်တော်တို့ တွေ့နေရတဲ့ မကောင်းဆိုးဝါဒက လူလုပ်တာ။ ဒါ့ကြောင့် လူကပဲ ပြန်ကုရမှာပဲ။ (တွိုင်ဘီ ၊ စာ – ၉၉)
  • လူ့ရဲ့မျိုးနွယ်တည်တံ့မှုကို ခြိမ်းခြောက်နေတဲ့ လက်ရှိခြိမ်းခြောက်မှုဟာ လူ့ဘောင်လောကထဲကပဲ ထွက်ပေါ်လာတယ်ဆိုတဲ့ အချက်ကတော့ တော်တော်ရှက်စရာကောင်းပါတယ်။ … ကိုယ်မတားဆီးနိုင်တဲ့ အရာကို အလျော့ပေးရတယ်ဆိုတာ ရှက်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်တတ်နိုင်ပါလျက်သားနဲ့ ကြိုးစားအားထုတ်တားဆီးခြင်း မပြုဘူးဆိုရင်တော့ ရှက်စရာလည်း ကောင်းပါတယ်။ စိတ်ဓာတ်ကျစရာလည်း ကောင်းပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လည်စင်းခံတာဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာနဲ့ အတူတူပါပဲ။ ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်တာနဲ့ အတူတူပါပဲ။ (တွိုင်ဘီ ၊ စာ – ၁၀၁)
  • ပညာတတ်တွေဟာ သူတို့ရဲ့ အသိပညာ ဗဟုသုတတွေကို သာမန်ပြည်သူတွေရဲ့ ဘဝအတွက် အကျိုးပြုဖို့ အသုံးချသင့်ပါတယ်။ ဒီပြည်သူတွေနဲ့ ခိုင်မြဲရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းသင့်ပါတယ်။ ဒီလိုဖြစ်ရ မယ့်အစား ပညာတတ်တွေဟာ သူတို့အတွင်းမှာပဲ အုပ်စုငယ်လေးတွေ ခွဲပစ်ဖို့ ရည်ရွယ်နေကြတယ်။ …ပညာတတ်တွေဟာ ကိုယ့်ဘာသာ အကျေနပ်ကြီး ကျေနပ်နေကြတယ်။ ဒါ့ကြောင့် သူတို့ဟာ တခြား သာမန်လူတွေရဲ့ ဘဝနဲ့ များစွာ ကွာခြားတဲ့ သတ္တဝါတွေဖြစ်နေကြတယ်။ (အီကေဒါ၊ စာ – ၁၄၁)
  • သာမန်လူတွေရဲ့ ရှုထောင့်ကကြည့်ရင် ဒီလိုပညာတတ်လူတန်းစားမျိုးက လေပစ်နေတာကွဲလို့ တခြား ဘာမှ လုပ်နိုင်တဲ့သူတွေ မဟုတ်ပါဘူး။ (အီကေဒါ၊ စာ – ၁၄၁)

ဆရာမြသန်းတင့် စေတနာ

ဆရာမြသန်းတင့်သည် ပင်ကိုယ်ရေးစာပေများကို အများအပြား မရေးသွားခဲ့ပါ။ မရေးနိုင်ခဲ့ဟု မပြောချင်ပါ။ ဆရာမြက သေချာပေါက်ရေးနိုင်သူဖြစ်ပါသည်။ သို့သော် ခေတ်ဆိုးခေတ်ကျပ်ထဲမှ၊ စစ်အစိုးရခေတ်အတွင်း စာပေ အလုပ်ကို လုပ်ခဲ့ရသူဖြစ်ပါသည်။ တချို့ ပြောချင်သော၊ ရေးချင်သောအကြောင်းအရာများကို ဘာသာပြန်စာပေထဲ တွင် နီးစပ်ရာ ရှာကြံ၍ ဘာသာပြန်၍ ပြောခဲ့ရ၊ ရေးခဲ့သည်ဟု ထင်ပါသည်။ စာပေကင်ပေတိုင်က တင်းကြပ်သော ဆင်ဆာဖြင့် စာပေကို စိစစ်ဖြတ်တောက်ခဲ့သည်ကို ရှောင်ကွင်း၍ မြန်မာလူထုအတွက် လိုအပ်သောစာပေများကို ဖြည့်တင်းပေးခဲ့သည်ဟု ယူဆပါသည်။ မြသန်းတင့်မိတ်ဆက်ဘာသာပြန်ပေးခဲ့သော နိုင်ငံတကာအတွေးအခေါ်၊ နိုင်ငံတကာရေးရာ၊ ကမ္ဘာ့နိုင်ငံရေးအမြင်ရှုထောင့်၊ သမိုင်းအမြင်၊ ဒဿနအမြင် ဘာသာပြန်စာပေ၊ ဆောင်းပါးများ အများအပြား ရှိခဲ့ပါသည်။ ပိတ်လှောင်ခံရသော မြန်မာလူထုကို တတ်နိုင်သရွေ့ စာပေဖြင့် အလင်းဖွင့်ပေးဖော်ရ သည်ဟု နားလည်လိုက်ရပါသည်။ ဤကား ဆရာမြသန်းတင့်၏ စေတနာဖြစ်ပါသည်။ မနုပ်သော၊ မနည်းသော စေတနာကို ခံစားမိပါသည်။ မြသန်းတင့်၏ လုပ်ရပ်ကောင်းကို မောင်သာမညက ပြန်လည် လက်ဆင့်ကမ်း ဖြန့်ချိ ဖော်ရသည့်အတွက် ထပ်မံဝမ်းသာရပြန်သည်။

  • မြန်မာလူငယ်များအနေဖြင့် သမိုင်းဒဿန၊ သမိုင်းအမြင်၊ ဒဿနအမြင်များကို ထိထိမိမိ ဆုပ်မိကိုင်မိ ရှိနိုင်ကြပါစေ။
  • အသိဉာဏ်စက်ကွင်းကို မြင်ကွင်းကျယ်ကျယ်ဖြင့် အပေါ်စီးမှ ကြည့်မြင်နိုင်စွမ်း ရှိကြပါစေ။

မင်းသေ့

နေ့လယ် ၂း၁၈

၁၀၊ ဒီဇင်ဘာ၊ ၂၀၂၁။

Previous post အောင်ဆန်းစုကြည်စကား
Next post သတင်းစာဆရာမှ စာရေးဆရာသို့