• အောင်ဆန်းစုကြည်၊ ဒီစကား ၁၀၀
  • စာအုပ်စျေးစာပေ၊ ပထမအကြိမ်
  • ၂၀၁၆ မေ ။

၂၀၁၂ ခုနှစ် ဧပြီလမှ စ၍ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်နိုင်ငံရေးထဲဝင်ရောက်လာခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း မြန်မာ့နိုင်ငံရေးထဲတွင် ပေါ်ပေါ်ထင်ထင် လှုပ်ရှားလာပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပါတီအာဘော်ဂျာနယ်ဖြစ်သည့် ဒီလှိုင်းစာစောင်သည်လည်း မှန်မှန်ကြီး ထွက်ရှိလာပါသည်။ ဒီလှိုင်းစာစောင်တွင် ဒေါ်အောင်ဆန်းစုကြည်ရေးသားခဲ့သော ဆောင်းပါးများကို စုစည်း ထုတ်ဝေထားသော စာအုပ်ဖြစ်ပါသည်။ ဒီစကား ၁၀၀ ဟု စာအုပ်နာမည်ပေးထားပါသည်။ ဆောင်းပါးပေါင်း အပုဒ် ၁၀၀ ပါဝင်၍ ဖြစ်ပါသည်။ ဤစာအုပ်၌ ဒေါ်အောင်ဆန်းစုကြည်၏ လွတ်လပ်ပွင့်လင်းသော အတွေးအမြင်ကို တွေ့မြင်ရပါသည်။ ဒီလှိုင်းစာစောင်သည် ပါတီဝင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသော လူထု ကို ရည်ရွယ်သည်ဟု နားလည်ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ရေးသားသော “ဒီစကား” များသည် စည်းရုံးရေးမဆန်ပါ။ ဝါဒဖြန့်ချိရေးလည်း မဆန်ပါ။ ရိုးရှင်းသော အတွေးအမြင်ကို တွေ့ရပါသည်။ ဒေါ်အောင်ဆန်း စုကြည်မြင်သော နိုင်ငံ့အပေါ်အမြင်၊ တိုင်းပြည်အပေါ် အမြင်၊ လူထုအပေါ်အမြင်၊ ဒီမိုကရေစီအပေါ် အမြင် စသည် တို့ကို တွေ့ရပါသည်။ “ဒီစကား ၁၀၀” စာအုပ်ကို ၂၀၁၈ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်တွင် ကျနော် ဖတ်ဖြစ်ခဲ့ပါသည်။

စာအုပ်ထဲ၌ ကျနော် မှတ်ချက်တချို့ ရေးခဲ့ပါသည်။ အခုလို….။

  • ဒေါ်စုဟာ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး။
  • သူက ဩဇာကြီးတယ်။
  • ညှို့ဓာတ် ပြင်းတယ်။
  • ခံနိုင်ရည် ရှိတယ်။
  • အောင့်အီးနိုင်တယ်။
  • တစိုက်မတ်မတ် ရှိတယ်။
  • စွဲမြဲတယ်။
  • စွန့်စားရဲတယ်။
  • ပြတ်သားတယ်။
  • ရိုးရှင်းတယ်။
  • လေ့လာမှုကောင်းတယ်။
  • လူထုကို နားလည်တယ်။
  • သူ့စကားကို နားထောင်ပြီး သူ့ကို လေ့လာရတယ်။
  • သူ့မှာ ရှိတဲ့ စွမ်းရည်တွေကို ငါ့မှာရှိအောင် တည်ဆောက်ချင်တယ်။
  • ပြင်ရမှာ ငါ့တာဝန်။
  • ငါဖြစ်ရမှာက… လေ့လာနေဖို့၊ လေ့ကျင့်နေဖို့၊ ကြိုတင်ပြင်ဆင်ထားဖို့ပါပဲ။

ဒီမှတ်ချက်ကို “ဒီစကား” စာအုပ် ရှေ့စာမျက်နှာအလွတ်မှာ ကျနော် မှတ်ချက်ရေးထားခြင်းဖြစ်ပါသည်။ ပါတီ နိုင်ငံရေးသမားတစ်ယောက်အဖြစ် ရပ်တည်လျှောက်လှမ်းဖို့ ရည်ရွယ်ချက်မရှိစေကာမူ၊ ဒေါ်အောင်ဆန်းစုကြည်၏ ပညာဉာဏ်ကို ကျနော် လေးစားမိသည်။ အားကျမိသည်။ ဉာဏ်ပညာကို ကျနော် မြတ်နိုး၍ ဤမှတ်ချက်ကို လွတ်လပ်စွာရေးသားခဲ့ခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၌ ထူးခြားချက်များ များစွာရှိပါသည်။ ဒီစကား စာအုပ်ကို ဖတ်ရင်း ကျနော် ရေးမိသည့် မှတ်ချက် တစ်ခုမှာ… အခုလို။

  • ဒေါ်စုက
  • လူပိန်းနားလည်အောင်
  • ပြောတတ်၊ ရေးတတ်တယ်။
  • ဒါ့ကြောင့် သူက စည်းရုံးရေးကောင်းသူ ဖြစ်လာတယ်။

ကျနော် ရေးခဲ့သည့် မှတ်ချက်တစ်ခုဖြစ်ပါသည်။ ဒီစကားများထဲက တစ်ပုဒ်တစ်ပုဒ်ကို ဖတ်မိပြီးတိုင်း ကျနော် အတွေးထဲပေါ်လာသည့် မှတ်ချက်များ ပေါ်လာသည်။ မှတ်ချက်ဆိုသည်ထက်၊ ကျနော်တွေးမိသည့် အကြောင်း အရာတချို့ဟု ပြောလျှင် ပို၍ မှန်ပါသည်။ ကျနော် ရေးဖြစ်ခဲ့သည့် အတွေးမှတ်စုတစ်ခုမှာ…အခုလို။

  • နိုင်ငံ့ခေါင်းဆောင်ဘဝဟာ
  • စွမ်းရည်ထက်မြက်ခြင်းက လာတာ။
  • ရိုးသားဖြောင့်မတ်ခြင်းက လာတာ။

တကယ်တော့ ကျနော် ညွှန်းဆိုနေသော နိုင်ငံ့ခေါင်းဆောင်ဟူသည်မှာ၊ လူထုလိုလားချက် လူထုထောက်ခံချက် လူထုဆန္ဒဖြင့် ဖြစ်တည်လာသောနိုင်ငံ့ခေါင်းဆောင်ကို ဆိုလိုခြင်းဖြစ်ပါသည်။ အရှင်မွေး၍ နေ့ချင်းကြီးလာသော ခေါင်းဆောင်မျိုးကို ဆိုလိုခြင်း မဟုတ်ပါ။ အာဏာကို အတင်းအဓမ္မလုယူ၍ ဖြစ်ပေါ်လာသော နိုင်ငံ့ခေါင်းဆောင် မျိုးကို ဆိုလိုခြင်း မဟုတ်ပါ။ လူထုက ကျေနပ်၍၊ လူထုက လိုလား၍၊ လူထုက နှစ်သက်၍ ဖြစ်ပေါ်လာရသော နိုင်ငံ့ခေါင်းဆောင်မျိုး၌ စွမ်းရည်ထက်မြက်ခြင်း ရှိရမည်ဖြစ်သလို၊ ရိုးသားဖြောင့်မတ်ခြင်းလည်း ရှိရမည် ဖြစ်ပါ သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရိုးအသော သူ မဟုတ်ပါ။ ရိုးဖြောင့်သောသူဖြစ်ပါသည်။ ရိုးဖြောင့်သည်ဆို၍ နိုင်ငံရေး စွမ်းရည်၌ ချို့တဲ့သူဟာ ယူဆလိုက်လျှင်ကား မှားပါလိမ့်မည်။ နိုင်ငံရေးအကင်းပါးသော၊ နိုင်ငံရေးပရိယာယ်ကြွယ်ဝ သော အမျိုးသမီးဖြစ်ပါသည်။ သို့သော် အဘယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအာဏာကို (၅) နှစ် သာ ထိန်းထားနိုင်၍၊ နေအိမ်အကျယ်ချုပ်ဘဝဖြင့် ထပ်မံ ထိန်းသိမ်းဖမ်းဆီးခံရပါသနည်း။ ဒေါ်အောင်ဆန်းစုကြည် သည် လက်နက်ကိုင်ထားသူ မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရုံးဝါဒီတစ်ယောက်မဟုတ်ပါ။ နှလုံးရည်သမားတစ်ယောက်သာဖြစ်ပါသည်။ နှလုံးရည်သည် လက်ရုံးကို မယှဉ်နိုင်သလော။

နိုင်ငံရေးတွင် တစ်မဟုတ်လျှင် နှစ် ဟူသော လောဂျစ်မျိုးဖြင့် စဉ်းစားလျှင် မှားနိုင်ပါသည်။ အဖြူ မဟုတ်လျှင် အမည်းဆိုသည့် စဉ်းစားချက်ဖြင့် စဉ်းစားလျှင် မှားနိုင်ပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းခဲ့သော နှလုံးရည်နိုင်ငံရေးလမ်းကြောင်းသည် သိမ်မွေ့သလောက်၊ ရှည်လျားပါသည်။ ထို့နောက် ကြမ်းတမ်းခက်ခဲခဲ့ပါ သည်။ မြန်မာပြည်၏ ကြမ္မာကို မြန်မာလူထုကသာ ဆုံးဖြတ်မည်ဟု ယုံကြည်ယူဆပါသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့။ ဧရာဝတီ၊ ပုသိမ် ငွေဆောင်မှာ ကျနော် ရှိနေခဲ့ပါသည်။ ကျနော် ခရီးဆောင် အိတ်ထဲ၌ “ဒီစကား ၁၀၀” စာအုပ်ကို ထည့်ယူခဲ့ပါသည်။ ကျနော် ဒီစကား နံပါတ် ၄၁ ကို ဖတ်မိပြီးသောအခါ၊ ၎င်း စာအောက်၌ အခုလို ရေးခဲ့ပါသည်။

  • ဒီစာပုဒ်ကို ဖတ်ပြီး
  • မိနစ်ပိုင်းလောက်မှာ ငါ့နှုတ်က ခွန်အားဖြည့်မိငယ် သီချင်းကို
  • အလိုလို ထုတ်ရွတ်ဆိုမိတယ်။
  • ငါဆိုပြီးတော့ ငါ့ပါးစပ်ထဲ ဘာလို့ ဆိုမိတာလဲလို့ ပြန်သတိထားမိလိုက်တော့၊
  • ဪ… ငါ ဒီစာကို ဖတ်မိပြီး ငြိသွားလို့ ဖြစ်မယ်လို့ ပြန်သိလိုက်တယ်။

“ဒီစကား ၁၀၀” ထဲက တချို့စာပုဒ်များကို ကျနော် မျဉ်းတား၊ လိုင်းတားခဲ့သည်။ တချို့က အခုလို…။

  • အချိန်ကို တန်ဖိုးထားခြင်း နောက်တစ်မျိုးကတော့ အချိန်ကို တန်ဖိုးရှိအောင် သုံးခြင်းပါပဲ။ ပျောက်ပျောက် သွားတဲ့ စက္ကန့်၊ မိနစ်တွေဟာ ဗလာနတ္ထိ၊ ပြသစရာမရှိ မဖြစ်အောင်က အရေးကြီးပါတယ်။ ဒီ့ထက် ပိုအရေးကြီးတာကတော့ ပျောက်ကွယ်မြန်တဲ့ အချိန်တွေကို အနုတ်လက္ခဏာဆောင်တဲ့ အပြုအမူတွေနဲ့ မဖြုန်းလိုက်ဖို့ပါပဲ။ (ဒီစကား ၄၀)
  • အတိတ်က ရခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကို ပျောက်ကင်းအောင် လုပ်ကြရင်းနဲ့ အနာဂတ်အတွက် အာမခံ ချက်ပေးနိုင်မယ့် ပစ္စုပ္ပန်ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ (ဒီစကား ၄၀)
  • ရင့်ကျက်သောသူများသည် စောင့်အပ်သော အရာများကို စောင့်နိုင်စွမ်းရှိတယ်လို့ စိတ္တပညာရှင်များက မြင်ပါတယ်။ ရင့်ကျက်သောသူများဟာ သာမညနဲ့ အဓိက၊ ရေတိုအကျိုးနဲ့ ရေရှည်အကျိုး၊ လုပ်ချင်တာ၊ လုပ်သင့်တာ လုပ်နိုင်တာ စသည်တို့ကို ခွဲခြားသိတတ်မှုလည်း ရှိတတ်ပါတယ်။ ဒါ့အပြင် ရင့်ကျက်သူများ ဟာ စေတနာကို စေတနာနဲ့ တုံ့ပြန်ခြင်း၊ အခွင့်အရေးကို တာဝန်သိစိတ်နဲ့ သုံးခြင်းဆိုတဲ့ အရည်အချင်းတွေ နဲ့လည်း ပြည့်စုံပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် ရင့်ကျက်ခြင်းဆိုတာဟာ အခြေအနေတွေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး ဒီသုံးသပ်မှုအရ လုပ်ကိုင်ဆောင်ရွက်ခြင်းလို့ ပြောနိုင်ပါတယ်။ (ဒီစကား ၄၀)

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်ကို ဘုရားပေးသည့်လက်ဆောင်ဟု ယူဆသည်။ ဒေါ်အောင်ဆန်းစုကြည် လို လူ၊ နောက်ထပ် နှစ်ယောက်မရနိုင်၊ မရှိနိုင်ဟု နားလည်ထားပါသည်။ ဤသို့မြင်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်း မဟုတ်ပါ။ ဤသို့သောအပြုအမူမျိုးကို ကျနော် ရှုံ့ချပါသည်။ သို့သော် ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာကိုကား ကျနော်တို့ ဦးညွှတ်ရမည်ဖြစ်ပါသည်။ မြန်မာပြည်သူတွေအပေါ် ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ စေတနာကို ကျနော်တို့ ခံစားမိပါသည်။ ထိုနည်းလည်းကောင်း သူ့၏ မေတ္တာဓာတ်ကို ကျနော်တို့ ခံစားမိပါသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဓိ၌ ပေါ်လွင်ထင်ရှားပါ သည်။ ကောက်ကျစ်သော ယုတ်မာသော ညစ်ထေးသော အရိပ်အယောင်များကို ဒေါ်အောင်ဆန်းစုကြည်ထံ၌ လုံးဝတွေ့မြင်ရမည် မဟုတ်ပါ။ ဘဝအခက်အခဲလှိုင်းတံပိုးများအကြားတွင်၊ ဉာဏ်ပညာနှင့် ကရုဏာ ပြည့်ဝသော ပြည်သူများဖြစ်ရန် ဒေါ်အောင်ဆန်းစုကြည်က လိုလားဟန်တူသည်။ “ဒီစကား ၃၈” မှာ အခုလို။

  • လှိုင်းစီးတတ်သူများဟာ ကမ်းနားကနေ လှိုင်းကြီးတွေအပေါ် လွှားပြီး ပင်လယ်ပြင်ကြီးရဲ့ စိန်ခေါ်မှုကို ပျော်ရွှင်တက်ကြွစွာ ရင်ဆိုင်နိုင်ကြပါတယ်။ လှိုင်းစီးလို့ ကျေနပ်တဲ့အခါမှာတော့၊ ကမ်းဘက်ကို အန္တရာယ် ကင်းစွာ ပြန်ပြီး လှိုင်းတွေပေါ်က လာနိုင်ကြပါတယ်။ ကျွန်မတို့ပြည်သူတွေဟာ ဘဝလှိုင်းတွေအပေါ် ပိုင်နိုင်စွာ စီးနိုင်တဲ့ အင်အားတွေနဲ့ ပြည့်ဝနေတာကို မြင်ချင်ပါတယ်။ (ဒီစကား ၃၈)

ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သော အထူးရေပန်းစားသည့် အဆိုအမိန့်များ ရှိပါသည်။ ဒီစကား ၁၀၀ စာအုပ်၌ အထူးရေပန်းစားနိုင်သော အဆိုအမိန့်များကို သိပ်မတွေ့ရပါ။ လူထုက စာမဖတ်၍လား၊ သို့တည်းမဟုတ် ဒေါ်အောင်ဆန်းစုကြည် ရေးသည့်စာထက် သူပြောသည့် ဟောပြောချက်များကို ပို၍ ခံတွင်းတွေ့သည်လား မပြောတတ်ပါ။ ကျနော့်အဖို့တော့ အထူးမှတ်သားထားသည့် ကောက်နုတ်ချက်များဖြင့် ပြည့်နှက်နေသော စာအုပ် တစ်အုပ်ဖြစ်ပါသည်။

မင်းသေ့

ည ၁၁း၃၉

၉၊ ဒီဇင်ဘာ၊ ၂၀၂၁။

Previous post လူမှုပထဝီဝင်
Next post သမိုင်းအမြင်