• မကြင်ဌေး၊ လူမှုရေးပထဝီဝင် အဘိဓာန် (အင်္ဂလိပ် – မြန်မာ)
  • နန်းဒေဝီစာပေ၊ ပထမအကြိမ်။
  • ၂၀၁၁ ဒီဇင်ဘာ။

အဘိဓာန်ကို အညွှန်းရေးရကောင်းသလား…ဆိုပြီး မဝေဖန်စေချင်ပါ။ ကျနော် ရေးသားခဲ့သော အဘိဓာန်တချို့ ရှိပါသည်။ ကျော်ဝင်း၏ ကမ္ဘာလုံးစီးပွားရေးအဘိဓာန်၊ မောင်ဝံသ၏ ခေတ်မီနိုင်ငံရေးဝေါဟာရအဘိဓာန် စသည့် စာအုပ်များဖြစ်ပါသည်။ ထိုနည်းလည်းကောင်း အဓိကဝေါဟာရများကို ရှင်းလင်းတင်ပြထားသည့်၊ ကျော်ဝင်း၏ အတောင်ပါသောစကားလုံးများ စာအုပ်ကိုလည်း အညွှန်းရေးဖူးပါသည်။ အညွှန်းဆိုကတည်းက ဖတ်စေချင်လို့၊ ညွှန်းရခြင်းဖြစ်ပါသည်။ ဖတ်လျှင်လည်း အကျိုးရှိတတ်သလောက်ရှိ၍ စာဖတ်ခြင်းအရည်အသွေးမှသည် အသိပညာ အဝန်းအဝိုင်းကျယ်ပြောစေလိမ့်မည်ဟု ယုံကြည်သောကြောင့်ဖြစ်ပါသည်။ ယခုလည်း ပထဝီပါမောက္ခ မကြင်ဌေး၏ လူမှုပထဝီဝင်အဘိဓာန်ကို ညွှန်းချင်ပါသည်။

ဦးလှထွန်းအောင် နှင့် မကြင်ဌေး

မကြင်ဌေးသည် ကျနော့်၏ အဖွားအရွယ်ဖြစ်ပါလိမ့်မည်။ အသက်အားဖြင့် အတော်ပင်ကွာခြားပါလိမ့်မည်။ ကျနော် နိုင်ငံရေးစာပေကို စတင်မြည်းစမ်းခါစ ကာလများ၌၊ ပထဝီနိုင်ငံရေးနှင့်ပတ်သက်သောစာအုပ်များဖြင့် ထိတွေ့ခဲ့ဖူး ပါသည်။ လှထွန်းအောင်နှင့် မကြင်ဌေးတို့၏ ပထဝီနိုင်ငံရေးစာအုပ်များဖြစ်ပါသည်။ မကြင်ဌေးသည် – အချိန်အခါ အလိုက် ပြောင်းလဲနေသော ဂျီအိုပိုလစ်တစ်ဆိုသည့် နာမည်ဖြင့် စာအုပ်တစ်အုပ်ရေးသားခဲ့ပါသည်။ ဦးလှထွန်းအောင်သည် နွားထိုးကြီးသား ဖြစ်သည်။ ကျနော့်အမေ၏ မွေးရပ်မြေနှင့် အတူတူဖြစ်ပါသည်။ ကျနော့် အမေသည်လည်း နွားထိုးကြီးသူဖြစ်ပါသည်။ ပထဝီဝင်ပါမောက္ခဦးလှထွန်းအောင် ရေးသားသော ပထဝီနိုင်ငံရေး စာအုပ်က ကျနော့်ကို ပထဝီနိုင်ငံရေးသဘောတရားနှင့် သီအိုရီကို ကောင်းစွာနားလည်စေခဲ့သည်။ မကြင်ဌေး၏ အချိန်အခါအလိုက်ပြောင်းလဲနေသောဂျီအိုပိုလစ်တစ်စာအုပ်သည် သဘာတရားနှင့် case study ကို တွဲဖက် နားလည်စေသည့်စာအုပ်ဖြစ်ခဲ့ပါသည်။ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွင် ပထဝီနိုင်ငံရေးသည် အဓိက အရေးပါသော ဘာသာရပ်တစ်ခုဖြစ်ပါသည်။ နိုင်ငံခြားရေးမူဝါဒများကို လေ့လာဆန်းစစ်သောအခါ၊ ပထဝီနိုင်ငံရေး သည် အဓိက အရေးကြီးသော ဘာသာရပ်လည်းဖြစ်နေပြန်သည်။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနှင့် နိုင်ငံတကာ နိုင်ငံရေးသမိုင်းကို လေ့လာသည့်အခါ၊ ပထဝီနိုင်ငံရေးရှုထောင့်ဖြင့် လေ့လာရသော အကြောင်းအရာများ များစွာ ရှိပါသည်။ ပထဝီနိုင်ငံရေးကို နားလည်ခြင်းသည် နိုင်ငံရေးသိပ္ပံပညာရပ်၌ သူများတကာထက် ခေါင်းတစ်လုံးသာ စေခဲ့ပါသည်။

ရှားရှားပါးပါး တစ်ခုတည်း၊ တစ်အုပ်တည်း

မကြင်ဌေး၏ လူမှုရေးပထဝီဝင် အဘိဓာန်သည်၊ မြန်မာပြည်၏ တစ်ခုတည်းသော အဘိဓာန်စာအုပ်ဟု ထင်ပါသည်။ လူမှုပထဝီဘာသာရပ်နှင့်ပတ်သက်ပြီး ဖတ်စရာစာအုပ်များများစားစား မတွေ့မိပါ။ အထူးသဖြင့် မြန်မာလို ရေးသားပြုစုထားသောစာအုပ်များ များများမရှိပါ။ မြန်မာ့တက္ကသိုလ်အသိုင်းအဝိုင်း၌၊ သမိုင်း၊ ပထဝီ၊ ဒဿနိကဗေဒ၊ စိတ်ပညာ စသည့် ဘာသာရပ်များကို တစ်ဆင့်နှိမ့်ထားပါသည်။ နှိမ်ထားသည်ဟု ပြောလျှင် ပို၍ မှန်ပါလိမ့်မည်။ ဝိဇ္ဇာဘာသာရပ်များဖြစ်ကြသည့် ၎င်းဘာသာရပ်များကို လက်တွေ့အားဖြင့် အသုံးချနိုင်မှု ကွင်းပြင် သည် ကျယ်ကျယ်ပြန့်ပြန့် မရှိပါ။ မြန်မာပြည်၌ မရှိဘူးဟု ဆိုလိုခြင်းဖြစ်ပါသည်။ တက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံ ဘာသာရပ်များကိုလည်း စနစ်တကျ သင်ကြားခွင့်မရခဲ့သလို၊ ပြင်ပစာပေမှာလည်း လက်ဝဲစာပေကလွဲလို့ များများ စားစားရွေးချယ်စရာ မရှိသည့် မြန်မာပြည်အဖို့ မကြင်ဌေး၏ လူမှုပထဝီဝင်အဘိဓာန်သည် ကျနော့်အတွက် များစွာ အထောက်အကူဖြစ်ခဲ့ပါသည်။ အဘိဓာန်ဖြစ်ခြင်းကြောင့် ဝေါဟာရအနက်အဓိပ္ပာယ်များကို ရှင်းလင်းတင်ပြထား ခြင်းဖြစ်ပါသည်။ ပညာရပ်ဆိုင်ရာဝေါဟာရများကို အကျယ်တဝင့်သိရှိစေရန် ၊ အဘိဓာန်များကို အားကိုးရပါသည်။ တက္ကသိုလ်က ဆရာများနှင့် ပါမောက္ခများသည် ကျနော့်အတွက် အလှမ်းဝေးလွန်းလှပါသည်။ အကယ်၍ တက္ကသိုလ်ပညာ၌ အဆိုပါ ဘာသာရပ်များ သင်ကြားခွင့်ရစေသည့်တိုင်၊ မြန်မာပြည်ပညာရေးက ကောင်းစွာ သင်ကြားပေးနိုင်လိမ့်မည်ဟု မထင်ပါ။ သို့ကြောင့် စာအုပ်များကို အထူးအားကိုးအားထားပြုရပါသည်။ မကြင်ဌေး ၏ လူမှုပထဝီဝင်အဘိဓာန်သည် သီးခြားဖြစ်သော ဘာသာရပ်အတွက် အဘိဓာန်ဖြစ်ခြင်းကြောင့် လူတိုင်းလိုလို စိတ်ဝင်စားသည် မဟုတ်ပါ။ နိုင်ငံရေးစာပေကို လေ့လာလိုက်စားသည့်လူတိုင်းလိုလိုတောင်၊ ခြေမဆန့်ဖြစ်သည့် အကြောင်းအရာဖြစ်သည်၊ ဘာသာရပ်ဖြစ်ပါသည်။ လူမှုပထဝီဝင်ဘာသာရပ်သည် လူမှုသိပ္ပံ၊ ပထဝီနိုင်ငံရေး၊ နိုင်ငံရေးသိပ္ပံ၊ လူမှုဗေဒ စသည့်ဘာသာရပ်များနှင့် ဆက်နွှယ်နေသော ဘာသာရပ်တစ်ခုဖြစ်ပါသည်။ မြို့ပြတည် ဆောက်ရေးနှင့် ဖွံ့ဖြိုးမှုဗေဒနဲ့လည်း အကြုံးဝင်သည်ဟု ထင်ပါသည်။ လူပြောသူပြောနည်းလှသည့်၊ ပထဝီဝင်စီးပွားရေးဘာသာရပ်တွင်လည်း အကြုံးဝင်နေပါသည်။ အမှန်တကယ်ဆန်းစစ်ကြည့်လျှင်၊ ပထဝီဝင် ဘာသာရပ်သည် တိုင်းပြည်နှင့် လူမျိုးအတွက် အထူးအရေးကြီးသော ဘာသာရပ်တစ်ခုဖြစ်ပါသည်။ သို့သော်လည်း မြန်မာပြည်၌ ပထဝီနှင့်ပတ်သက်၍ မဖွံ့ဖြိုးပါ။ သင်ကြားရေးမှာလည်း သာမန်ညောင်ညအဆင့်မျှသာဖြစ်ပါသည်။ ပထဝီဝင်ဘာသာရပ်၏ အရေးကြီးပုံသည် တိုင်းပြည်တစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထွေထွေ လူမှုစီးပွားဘဝ များနှင့်တိုက်ရိုက်သက်ဆိုင်နေပါသည်။ ဆေးပညာနှင့် အင်ဂျင်နီယာဘာသာရပ်များကိုသာ လူအထင်ကြီးခံရ အောင် သင်ကြားခံရသော မြန်မာပြည်အဖို့၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ စသည့် ဘာသာရပ်များ ငုပ်လျှိုး တိမ်ကောနေပါသည်။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှလည်း သေချာ ဖော်ထုတ် နိုင်ခြင်း မရှိပါ။ သမိုင်း၌ ဒေါက်တာသန်းထွန်းနှင့် ဒေါက်တာတိုးလှတို့လို လူများ ရှိခဲ့ခြင်း၊ ရှိနေခြင်းကြောင့် အားတက်ရသလို၊ ပထဝီ၌ ဦးလှထွန်းအောင်နှင့် မကြင်ဌေးတို့ ရှိနေခြင်းကြောင့် အားတက်ရပါသည်။ သို့သော် နောင်မျိုးဆက်အနေဖြင့်မူ မျှော်လင့်ချက်တွေ ကုန်ခမ်းနေပါပြီ။ မျှော်လင့်လို့ရသော လူပုဂ္ဂိုလ်မတွေ့ရပါ။ ဒဿနိကဗေဒ၌ ဒေါက်တာခင်မောင်ဝင်း၊ မောင်ကြည်သစ်၊ နန္ဒာသိန်းဇံ၊ ဒေါက်တာဆန်းထွန်း စသူတို့ ရှိခဲ့ခြင်း ကြောင့် အားတက်ရပါသည်။ ဒဿနပညာမှာလည်း ထပ်မံ၍ မျှော်လင့်နိုင်သော မျိုးဆက် ရှိချင်ပါသည်၊ တွေ့ချင်ပါ သည်။ စိတ်ပညာလောက၌ ဒေါက်တာကျော်စိန်နှင့် ခင်မောင်သန်း (စိတ်ပညာ) တို့ကို တွေ့ရ၍ အထူး အားတက်မိပါသည်။ မြန်မာစာလောက၌မူ ဆရာမောင်ခင်မင် (ဓနုဖြူ) တစ်ယောက်သာ လောက်လောက် လားလားတွေ့ရပါသည်။ တခြားသောလူ အမြောက်အမြား မတွေ့ရပါ။ ရှေးဟောင်းသုတေသနနှင့် မနုဿဗေဒတို့ တွင်လည်း ကျနော် မတွေ့ရပါ။ ရှိကား ရှိပါလိမ့်မည်။ သို့သော် မဟုတ်လို့ မကျော်တာလည်းဖြစ်နိုင်သလို၊ ကျနော့်အမြင် တိုတောင်းမှု ကြောင့်လည်းဖြစ်နိုင်ပါသည်။

နိုင်ငံရေးပယောဂ နှင့် စစ်ဘောင်ကျပ်ခံရမှု

တကယ်တော့ ဘာသာရပ်အစုံစုံ အပြိုင်ဖွံ့ဖြိုးစေချင်သည့် စေတနာသည် ကျနော့်တွင် အစဉ်ကိန်းဝပ်နေပါသည်။ မြန်မာပြည်တွင် အဆင့်မြင့်ပညာရေး၊ တက္ကသိုလ်ပညာရေးသည် သင်းသတ်ခံခဲ့ရသလို၊  ဒေါင်းဒေါင်းပြေးပညာရှင် ပညာတတ်များ​ မွေးထုတ်ရာတွင်လည်း အားနည်းလွန်းလှသည်။ မြန်မာပြည်သူလူထုထဲမှ လူငယ်များသည် လူပြော သူပြောမများသည့် အဆိုပါ ဘာသာရပ်များကို နှစ်ခြိုက်စွာ လေ့လာလိုက်စားသောသူ အမြောက်အမြား ရှိရပါလိမ့်မည်။ နိုင်ငံရေးဇာတ်သွင်းခံနေရသော ပညာရေးကို ပြန်လည် ပြုပြင်ကြဖို့ လိုပါသည်။ စစ်ဘောင် အကျပ်ခံရသော ပညာရေးကို ပြန်လည်တော်လှန်ကြဖို့ လိုပါသည်။ မြန်မာပြည်၏ တက္ကသိုလ်ပညာရေးလောက တွင် ဘွဲ့ရရုံအဖြစ် သင်ကြားမှုများ နိဂုံးချုပ်သင့်သည်ဟု ယူဆပါသည်။ လက်ရှိ ပါမောက္ခနှင့် ကထိကလုပ်သူများ သည်ပင် ကျမ်းကို အငှားရေး၊ ကျမ်းကို ခိုးချ၊ ကူးချ၍ ပါမောက္ခများ၊ ဌာနမှူးများ၊ ကထိကများဖြစ်လာကြသည်ဆို လျှင် အဆိုပါလူမျိုးများကြီးစိုးနေသည့် တက္ကသိုလ်ပညာရေးထွက်ကုန်များသည် အဘယ်မျှ အရည်အချင်း ရှိပါမည် နည်း။ စဉ်းစားကြဖို့ ဖြစ်ပါသည်။

တက္ကသိုလ်ပရဝုဏ်ပြင်ပအထိ ကျေးဇူးပြုကြဖို့

မကြင်ဌေးသည် တက္ကသိုလ်အဝန်းအဝိုင်းကနေ စာပေကို ကျေးဇူးပြုခဲ့သည့် ပညာရှင်တစ်ယောက်ဖြစ်ပါသည်။ တက္ကသိုလ်အဝန်းအဝိုင်းမှာတင် ကျောက်ချမနေဘဲ၊ လူစိတ်ဝင်စားမှုနည်းပါးသည့် လူမှုပထဝီဝင်အဘိဓာန်လိုမျိုး ကြိုးစားပြုစု ပုံနှိပ်ထုတ်ဝေခြင်းကို အထူးဂုဏ်ယူဝမ်းမြောက်ရပါသည်။ တက္ကသိုလ်အဝန်းအဝိုင်းမှ တတ်သိသူများ အနေဖြင့် ၎င်းဝန်းကျင်၌သာ မနေဘဲ၊ မြန်မာစာပေလောကနှင့် မြန်မာပညာရပ်ဆိုင်ရာ ပြင်ပစာပေလောကကို ကျေးဇူးပြုကြဖို့ တိုက်တွန်းချင်ပါသည်။ ကျနော်ကိုယ်တိုင်က ပြင်ပစာအုပ်စာပေများကို ကိုယ့်ဘာသာ ရှာဖွေ ဖတ်ရှုရင်းနိုင်ငံရေးအခြေခံသဘောတရားများကို သိနားလည်ခဲ့သူဖြစ်ပါသည်။ ထိုနည်းလည်းကောင်း ယခု မြန်မာပြည်၌ နိုင်ငံရေးနှင့် လူမှုဝေဖန်ချက်ဆောင်းပါးများကို ရေးသားနေသည့် လူငယ်စာရေးဆရာတစ်ယောက် ဖြစ်ပါသည်။ တက္ကသိုလ်၌ ပထဝီနိုင်ငံရေးနှင့် လူမှုပထဝီဝင်၊ လူမှုနိုင်ငံရေး၊ လူမှုဗေဒဘာသာရပ်များကို စနစ်တကျ မသင်ကြားခဲ့ရသည့်တိုင်၊ ယခုကဲ့သို့ ပညာရပ်ဆိုင်ရာ စာအုပ်စာပေ၊ အဘိဓာန်များ အားကိုးနှင့် ကိုယ့်အားကိုယ်ကိုး လေ့လာမှု ပြုရာ တဖြည်းဖြည်းနှင့် အသိစက်ဝန်းကျယ်ပြန့်သူ ဖြစ်လာခဲ့ရပါသည်။ ပညာရပ်ဆိုင်ရာကို ချည်းကပ် လေ့လာနိုင်စွမ်း ရှိခဲ့ပါသည်။ ပညာရပ်ဆိုင်ရာဘာသာရပ်တစ်ခုခုအကြောင်း ရေးသားခြင်းသည်၊ လူ့အဖွဲ့အစည်း ကို အင်မတန် အကျိုးပြုပါသည်။ လူထုလက်စွဲ ဘာသာရပ်အကြောင်းအရာများ မဟုတ်သည့်တိုင်၊ လူဖတ်နည်းငြား သော်လည်း ရေးသားသင့်၊ ပြုစုသင့်သော စာအုပ်များဖြစ်လျှင် ရေးသားကြရပါမည်၊ ပြုစုကြရပါမည်။ ထုတ်ဝေသူ၊ ပုံနှိပ်သူများသည်လည်း စီးပွားရေးအရ အမြတ်အစွန်းမရသည့်တိုင် ပညာရပ်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာ စာအုပ်များ ကို ထုတ်ဝေကြရမည်၊ ပုံနှိပ်ကြရမည် ဖြစ်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းကို ကိုယ်ခံအားကောင်းအောင်တည် ဆောင်နိုင်သည့်နေရာမှာ၊ ပညာက လွဲလို့ တခြား မရှိပါ။

ပညာရပ်ဆိုင်ရာလောကကို …

  • ပို၍ လွတ်လပ်အောင်၊
  • ပို၍ ရိုးဖြောင့်လာအောင်၊
  • ပို၍ ကျယ်ပြန့်အောင်၊
  • ပို၍ နက်နဲအောင်၊
  • ပို၍ စနစ်ကျအောင်၊
  • ပို၍ အသုံးဝင်အောင်

ဆက်လက်လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။

မင်းသေ့

ညနေ ၆း၄၃

၉၊ ဒီဇင်ဘာ၊ ၂၀၂၁။

Previous post နိုင်ငံရေးအကွဲအပြဲ
Next post အောင်ဆန်းစုကြည်စကား