• ဂါးဒီးယန်းဦးစိန်ဝင်း၊ အကွဲအပြဲဇာတ်လမ်း
  • တကောင်းစာပေ၊ ပထမအကြိမ်။
  • ၂၀၀၉ နိုဝင်ဘာ။

လွတ်လပ်ပြီးခေတ် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို လေ့လာရာတွင် မဖြစ်မနေဖတ်သင့်သော စာအုပ်ဟု ယူဆပါ သည်။ ပါလီမန်ဒီမိုကရေစီခေတ် နိုင်ငံ့ခေါင်းဆောင်များအကြား နိုင်ငံရေးအကွဲအပြဲဇာတ်လမ်းကို ရေးသားတင်ပြ ထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ပို၍ တိတိကျကျ ပြောရလျှင် ပါလီမန်ဒီမိုကရေစီခေတ်၊ ဖဆပလအစိုးရ အဖွဲ့ခေါင်းဆောင်များအကြား အာဏာအားပြိုင်လွန်ဆွဲပွဲဟု ပြောလျှင် ရနိုင်ပါသည်။ ဖဆပလအစိုးရ (တနည်း) အာဏာရပါတီ ဖဆပလအဖွဲ့ချုပ်အတွင်းက သန့်ရှင်း – တည်မြဲ အကွဲအပြဲကို ရှင်းလင်းပြဆိုထားသော စာအုပ် တစ်အုပ်ဖြစ်ပါသည်။ ဝန်ကြီးချုပ် ဦးနုဦးဆောင်သော သန့်ရှင်းဖဆပလနှင့် ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ ဦးဆောင်သည့် တည်မြဲဖဆပလအကြား အကွဲအပြဲဇာတ်လမ်းကို ရေးသားတင်ပြထားပါသည်။ မူရင်း စာရေးသူ ဂါးဒီးယန်းဦးစိန်ဝင်းသည် အကွဲအပြဲဇာတ်လမ်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပါသည်။ နောက်ပိုင်းကာလများ မှ မြန်မာလို ပြန်လည်ရေးသားထုတ်ဝေသောစာအုပ်ဖြစ်ပါသည်။ ဂါးဒီယန်းဦးစိန်ဝင်းသည် သတင်းစာဆရာ တစ်ယောက်ဖြစ်ပါသည်။ သာမန်သတင်းစာဆရာအဆင့်ထက် ပိုသော သတင်းစာဆရာတစ်ယောက်ဖြစ်ပါသည်။ အကြောင်းမှာကား – ဂါးဒီးယန်းသတင်းစာကို တည်ထောင်ထုတ်ဝေခဲ့သူဖြစ်သလို၊ ထိုသတင်းစာသည်လည်း အင်္ဂလိပ်လို ရေးသားထုတ်ဝေသော စာနယ်ဇင်းတစ်စောင်ဖြစ်ခဲ့ပါသည်။ ဂါးဒီးယန်းသတင်းစာသည် အနောက် နိုင်ငံများကို မြန်မာ့အရေးလေ့လာသုံးသပ်ရန် အဓိကအထောက်အပံ့ပြုနိုင်ခဲ့သော နိုင်ငံခြားဘာသာဖြင့် ထုတ်ဝေခဲ့ သည့် သတင်းစာလည်းဖြစ်ခဲ့ပါသည်။ ဂါးဒီးယန်းဦးစိန်ဝင်းကိုယ်၌က အနောက်နိုင်ငံကြီးများထံ ပေါက်ပေါက် ရောက်ရောက်ရှိသော သတင်းစာဆရာကြီးတစ်ယောက်ဟု ပြောနိုင်ပါသည်။ ဂါးဒီယန်းဦးစိန်ဝင်းသည် နိုင်ငံရေး၌ တစ်စုံတစ်ရာ ပါဝင်ပတ်သက်မှုရှိခဲ့သည်ဟု ထင်ပါသည်။ သူ့၏ အမြင်ဖြင့် ရေးသားထားသော အကွဲအပြဲဇာတ်လမ်း သည် ဂတိကင်းသော အရေးအသားမျိုးဖြစ်သည်ဟု မှတ်ချက်မပေးလိုပါ။ ပညာရှင်တစ်ယောက်လို အချက်အလက် ကို အခြေခံ၍ သုတေသနပြုလေ့လာသုံးသပ်ထားသော စာအုပ်ဟုလည်း မပြောလိုပါ။ သို့သော်လည်း သတင်းစာ ဆရာကြီးတစ်ယောက်အနေဖြင့် မညံ့ဖျင်းသော နိုင်ငံရေးဇာတ်ကွက်အခင်းအကျင်းကို တင်ပြနိုင်သည်ဟု မှတ်ချက် ပြုနိုင်ပါသည်။

ပါလီမန်ဒီမိုကရေစီ နိဂုံး

လွတ်လပ်ရေးခေတ်ဦး ပါလီမန်ဒီမိုကရေစီစနစ်သည် ဆယ်နှစ်သက်တမ်းကျော်ကာလအတွင်း၌ နိဂုံးချုပ် ပျက်စီး သွားခဲ့ပါသည်။ ထို့အပြင် မြန်မာ့အမျိုးသားလွတ်လပ်ရေးကို ကြံဆောင် အားထုတ်ခဲ့သည့် ဖဆပလအဖွဲ့ချုပ်ကိုယ် တိုင်က ပျက်စီးကြွေလွင့်သွားသော ဖြစ်ရပ်ဟု နားလည်နိုင်ပါသည်။ အဘယ်သို့သော အခြင်းအရာများက ဤဖြစ်ရပ်များကို ဖန်တီးစီရင်လိုက်ပါသနည်း။ မေးခွန်းများ နိုင်နိုင် ထုတ်နိုင်မှ၊ မြန်မာ့နိုင်ငံရေးကို ပကတိအရှိ အတိုင်း ကောင်းစွာမြင်နိုင်ပါလိမ့်မည်။

ဂါးဒီးယန်းဦးစိန်ဝင်းသည် အကွဲအပြဲဇာတ်လမ်းကို ၁၉၅၉ ခုနှစ်တွင် ရေးသားခဲ့သည်ဟု ဆိုပါသည်။ ၁၉၅၉ ခုနှစ် သည်၊ အိမ်စောင့်အစိုးရသက်တမ်းကာလဖြစ်ပါသည်။ ၁၉၅၈ ခုနှစ်တွင် ဝန်ကြီးချုပ်ဦးနုသည် ဗိုလ်ချုပ်ကြီးနေဝင်း ထံသို့ အိမ်စောင့်အစိုးရ အမည်ကို တပ်၍ အာဏာလွှဲပြောင်းပေးခဲ့သော ကာလတစ်ခုဖြစ်ပါသည်။ ဖဆပလအဖွဲ့ ကြီး၌ သန့်ရှင်း – တည်မြဲ အကွဲအပြဲသည် အထွဋ်အထိပ်ကို ရောက်ရှိပြီးသော ကာလတစ်ခုဖြစ်သလို၊ ပြည်တွင်းစစ် အရှိန်ရစပြုလာသည့်ကာလလည်းဖြစ်ပါသည်။ မြန်မာပြည်၏ ဒီမိုကရေစီသက်တမ်းနုနုကာလတွင် စစ်တပ်လက် ထဲသို့ အုပ်ချုပ်ရေးအာဏာ ထိုးအပ်လိုက်ရသည့် ကာလတစ်ခုဖြစ်ပါသည်။ ထိုကာလ၌ ဂါးဒီးယန်းဦးစိန်ဝင်းက အကွဲအပြဲဇာတ်လမ်းကို ရေးသားခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံရေးမှန်ကူကွက်များ

သတင်းစာဆရာကြီးတစ်ယောက်အနေနဲ့ ပါလီမန်ခေတ် ဖဆပလခေါင်းဆောင်များကို ဘယ်လို မြင်ခဲ့ပါသလဲ။ အထူးသဖြင့် ဦးနု၊ ဦးကျော်ငြိမ်းနှင့် ဦးဗဆွေတို့အပေါ် ဂါးဒီးယန်းဦးစိန်ဝင်းက ဘယ်လို ထင်မြင်ယူဆခဲ့ပါသလဲ။ အကွဲအပြဲဇာတ်လမ်းဟာ ဖတ်ရှုရမည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာသူများသည် ပါလီမန်ခေတ် အခင်းအကျင်းကို ရှင်းလင်းပြတ်သားစွာ နားလည် ကြရပါသည်။ သည့်အတွက် အကွဲအပြဲဇာတ်လမ်းက မြန်မာ့နိုင်ငံရေးသရုပ်ကို ကောင်းစွာ ပြဆိုနိုင်ခဲ့ပါသည်။ မြန်မာပြည်၏ နိုင်ငံရေးဓလေ့ကို လေ့လာရာ၌ ပါလီမန်ဒီမိုကရေစီခေတ် အခင်းအကျင်းသည် အထူးလေ့လာ ဆန်းစစ်ချက်ပြုရမည့်အရာဖြစ်ပါသည်။ နိုင်ငံရေးဝါဒကွဲပြားမှုများသည် တိုင်းပြည်ကို ချောက်ထဲထိုးကျအောင် လုပ်ခဲ့သလို၊ စစ်အာဏာသိမ်းဇာတ်လမ်းသစ်နိဒါန်းကို စတင်ပေးလိုက်တဲ့ ပထမဆုံးဇာတ်ကွက်ဖြစ်ပါသည်။ ၎င်းမှ တစ်ဆင့် မြန်မာပြည်၌ အာဏာသိမ်းအကျင့်သည် တစ်ပါတည်း ပါလာခဲ့ပြီး၊ ၆၂ ၊ ၈၈၊ ၂၁ ကိစ္စများ ဆက်လက်ဖြစ် ပွားခဲ့ရပါသည်။ မြန်မာပြည်၏ စစ်အာဏာရှင်သက်သည် တစ်ဗိုလ်ကျတစ်ဗိုလ်တက်ပုံစံဖြင့် လက်ဆင့်ကမ်းသွားခဲ့ ရာ ၂၀၂၁ ခုနှစ်အထိဖြစ်ပါသည်။

ဖဆပလဟူသည်

ဖဆပလ၏ အဓိပ္ပာယ်မှာ၊ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ဖြစ်ပါသည်။ ကိုလိုနီအင်္ဂလိပ်လက် အောက်က လွတ်မြောက်ရန်၊ ဖက်ဆစ်ဂျပန်ကို စစ်ရေးအရ အားကိုးမိရာက ဗြိတိသျှအင်္ဂလိပ်ကို တိုက်ထုတ်နိုင်ခဲ့ သော်လည်း နောက်တက်လာသည့် ရွှေပြည်စိုး၊ သူ့ထက်ကဲ ဖြစ်လာခဲ့ပါသည်။ သို့ကြောင့် ဖက်ဆစ်ဂျပန်ကို တိုက်ဖျက်ရန်၊ မြန်မာနိုင်ငံရေးခေါင်းဆောင်များက ဖတပလအဖွဲ့ကို တည်ထောင်ခဲ့ပါသည်။ ဖက်ဆစ်တိုက်ဖျက် ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ဖြစ်ပါသည်။ ဂျပန်တို့ ဒုတိယကမ္ဘာစစ်၌ လက်နက်ချပြီးမှ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ချုပ်ဟူ၍ ပြောင်းလဲခဲ့ခြင်းဖြစ်ပါသည်။ ဖဆပလအဖွဲ့ချုပ်သည် တပ်ပေါင်းစု အသွင်ဖြင့် စုဖွဲ့ထားသောအစုအဖွဲ့ကြီးဖြစ်ပါသည်။ မြန်မာပြည်အမျိုးသားလွတ်လပ်ရေးကို ဦးတည်၍ ကွန်မြူနစ် အင်အားစုများ၊ မျိုးချစ်အမျိုးသားရေးဝါဒီများနှင့် ဆိုရှယ်လစ်အင်အားစုများ စုပေါင်းဖွဲ့စည်းထားသော တပ်ပေါင်းစု အဖွဲ့ကြီးဖြစ်ပါသည်။ ဖဆပလထဲ၌ ဗမာပြည်ကွန်မြူနစ်ပါတီလည်းပါဝင်ခဲ့ပါသည်။ နိုင်ငံရေးအကွဲအပြဲကြောင့် ပထမဆုံးအနေဖြင့် ကွန်မြူနစ်ပါတီသည် ဖဆပလထဲမှာ ထုတ်ပယ်ခံခဲ့ရပါသည်။ ဖဆပလ၌ ကွန်မြူနစ်များ ထုတ်ပယ်ခံရခြင်းကြောင့် ဆိုရှယ်လစ်အင်အားစုများ ကြီးစိုးခဲ့ပါသည်။ ဦးနုနှင့် ကျော်ငြိမ်း၊ ဗဆွေ အုပ်စုတို့သည် ဆိုရှယ်လစ် နှင့် ဆိုရှယ်လစ်အနွယ်များသာဖြစ်သည်။ လစ်ဘရယ်ဒီမိုကရက်တစ်များ မဟုတ်ကြပါ။ ဦးနုကိုယ်တိုင် က နိုင်ငံရေးအာဏာအတွက် ရုန်းကန်ရင်း ပေါ်ပြူလစ်ဇင်ဘက်ကို တိမ်းခဲ့ယိမ်းခဲ့သည်ကို တွေ့ခဲ့ရသည်။ အထူးသ ဖြင့် ဦးနုသည် ဗုဒ္ဓဘာသာဓလေ့ထွန်းကားအားကြီးသော မြန်မာ့လူ့အဖွဲ့အစည်းကို နိုင်ငံရေးအရ ဆွဲဆောင်ရန် ဘာသာရေးကို အသုံးချခဲ့သည်ဟု ဆိုနိုင်သည်။ ဦးနုကိုယ်တိုင် ဘယ်လောက်ပင် သဘောရိုးဖြင့် ပြုလုပ်ခဲ့သည်ဖြစ် စေ၊ နိုင်ငံရေးအရ ဘာသာရေးကို အသုံးချခဲ့သည်ကို မငြင်းနိုင်။ ဤကား ဦးနု၏ အပြစ်ဟု ပြောရန် ခက်လှသည်။ မြန်မာလူအုပ်စုကြီးကိုယ်တိုင်ကိုက သူ့ကျွန်လက်အောက်တွင် ကျွန်ဘာသာရေးဖြစ်ခဲ့သော ဗုဒ္ဓဘာသာကို ပြန် လည်တိုးတက်ကြီးမြင့်အောင် လုပ်ဆောင်လိုစိတ် ထက်သန်ခဲ့သည်။ မြန်မာလူထုထဲ၌ လူပုဂ္ဂိုလ်များနှင့် ရဟန်း ပုဂ္ဂိုလ်တိုင်းလိုလိုက ဦးနု၏ ဘာသာရေးဆိုင်ရာ မြှင့်တင်မှုလုပ်ငန်းများကို နှစ်ခြိုက်သဘောကျကြသည်။ ဤဖြစ်ရပ်သည်ပင် ဆေးအတွက် လေးသွားခဲ့သည့်ဖြစ်အင် ဖြစ်ခဲ့သည်ဟု ဆိုနိုင်ပါသည်။

တော်၏ သို့သော်… လျှော်၏

ဂါးဒီးယန်းဦးစိန်ဝင်း၏ အကွဲအပြဲဇာတ်လမ်း၌ ပို၍ တိကျသော နိုင်ငံရေးဇာတ်လမ်းများကို တွေ့ရပါသည်။ လွှတ်တော်တွင်း သဘောထားကွဲလွဲမှု၊ အစိုးရအဖွဲ့အတွင်း အာဏာအားပြိုင်မှုနှင့် စစ်တပ်ကို နိုင်ငံရေးအရ ဇာတ်သွင်းမှုများသည် အထင်ကရဖြစ်ရပ်များဖြစ်ပါသည်။ ထို့အတူ နိုင်ငံရေးခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေးတိုက် ခိုက်မှုများသည်လည်း နိုင်ငံရေးခန္တီနှင့် နိုင်ငံရေးရင့်ကျက်မှုကို ယိုယွင်းစေသည့် အခြင်းအရာများဖြစ်ပါသည်။ ပါလီမန်ခေတ်နိုင်ငံရေးသမားကြီးများသည် သူ့နည်းသူ့ဟန်၊ သူ့နယ်ပယ်နှင့်သူ အရာရောက် ပေါက်မြောက်ကြသူ များဖြစ်သလို၊ တော်ကြထူးကြသည့်သူများဖြစ်ပါသည်။ သို့သော်လည်း တော်ကားတော်ပါ၏။ လျှော်လည်း လျှော်ကြပါ၏ ဟု ပြောရမည်ဖြစ်ပါလိမ့်မည်။ အတော်လျှော်သောလူကြီးများဟု ပြောရမည် ထင်ပါသည်။ ဒီနေ့ ခေတ်နိုင်ငံရေးသမားများသည်လည်း ညံ့ကြသည်ဟု မထင်ပါ။ သို့သော် ယခင်လို လျှော်မြဲ လျှော်နေကြသည့် သူများကို​ ခပ်များများတွေ့မြင်နေရပါသေးသည်။ သမိုင်းကို သင်ခန်းစာမယူတတ်ရုံမျှမက၊ သမိုင်းအမွေဆိုးကို မငြင်းပယ်နိုင်ခြင်းသည် မြန်မာပြည်၏ ကံကြမ္မာဖြစ်ပါသည်။ ထိုကြမ္မာဆိုးကို စတင်လိုက်သည့်ဖြစ်ရပ်သည် ဖဆပလ၏အကွဲအပြဲဇာတ်လမ်းဖြစ်ပါသည်။ နိုင်ငံရေး၌ စစ်တပ်ပါဝင်လာခြင်း၏ အဦးအစကို အကွဲအပြဲ ဇာတ်လမ်းက ဖန်တီးလိုက်ပါသည်။ ထိုအကွဲအပြဲဇာတ်လမ်း၏ သဘာဝကို နားလည်မှ အတိတ်နှင့် ပစ္စုပ္ပန် မြန်မာ့နိုင်ငံရေးကို နားလည်နိုင်မည်ဟု ယူဆပါသည်။ မျက်မှောက်ရေးရာနိုင်ငံရေးအခင်းအကျင်းကို နားလည်နိုင် ရန်၊ နောက်ကြည့်မှန်ကဲ့သို့ ပြန်လည် ငဲ့စောင်းကြည့်ရသည်များ ရှိပါသည်။ ဂါးဒီးယန်းဦးစိန်ဝင်း၏ အကွဲအပြဲဇာတ် လမ်းသည် နောက်ကြည့်မှန်ကဲ့သို့ ဖြစ်နိုင်ပါလိမ့်မည်။

မင်းသေ့

ညနေ ၅း၅၃

၉၊ ဒီဇင်ဘာ၊ ၂၀၂၁။

Previous post စိနဗေဒ နှင့် မြန်မာ
Next post လူမှုပထဝီဝင်