• မူရင်း – မောင်အောင်မျိုး၊ In The Name of Pauk-Phaw (Myanmar’s China Policy Since 1948)
  • ဘာသာပြန် – စိန်ဝင်းစိန် ၊ ပေါက်ဖော်တဲ့…လား။
  • ပန်းဆက်လမ်းစာပေ၊ ပထမအကြိမ်။
  • ၂၀၁၅ ဇွန်။

တရုတ် – မြန်မာအရေးနှင့်ပတ်သက်ပြီး ပညာရပ်ဆန်ဆန်၊ သုတေသနနည်းကျ ရေးသားထုတ်ဝေထားသော စာအုပ် သည် မြန်မာဘာသာနဲ့ များများစားစား မရှိပါ။ နိုင်ငံရေးစာရေးဆရာတချို့ ရေးသားထားသော အချက်အလက် အခြေခံ သဘောထားအမြင် ဆောင်းပါးစုစည်းစာအုပ်တချို့တော့ ရှိပါသည်။ သို့သော်လည်း တရုတ် – မြန်မာ ဆက်ဆံရေးနယ်ပယ်ကို လူထုဖတ်နိုင်အောင် စာအုပ်အနေနဲ့ စနစ်တကျ လေ့လာတင်ပြထားသည့်စာအုပ် သိပ် မရှိပါ။ ၎င်းထဲတွင် မောင်အောင်မျိုး၏ စာအုပ်သည် ရှားရှားပါးပါး စာအုပ်တစ်အုပ်ဖြစ်ပါသည်။ မောင်အောင်မျိုး စာအုပ်နှင့် ယှဉ်တွဲဖတ်ရမည့် စာအုပ်မှာ၊ ဒေးဗစ်စတိုင်းဘတ်ရဲ့ ခေတ်သစ်တရုတ်မြန်မာဆက်ဆံရေး စာအုပ်ဖြစ်ပါ သည်။ ၎င်းစာအုပ်ကိုလည်း စာရေးဆရာစိန်ဝင်းစိန်ကပင် ဘာသာပြန်ထားပါသည်။ ပညာရပ်ဆိုင်ရာနှင့် နိုင်ငံရေး ဆိုင်ရာစာအုပ်များကို ဘာသာပြန်ရေးသားသည့်စာရေးဆရာများထဲတွင် စိန်ဝင်းစိန်ကို ကျနော် အထူးနှစ်သက်ပါ သည်။ စာရေးဆရာစိန်ဝင်းစိန်သည် ၂၀၁၉ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည်။ မြန်မာဘာသာပြန် စာပေလောကတွင် ဆုံးရှုံးမှုတစ်ခုဖြစ်ပါသည်။ ဘာသာပြန်သမားတိုင်းသည် ဘာသာဗေဒအားဖြင့် မညံ့ဖျင်းကြတာများပါသည်။ သို့သော်လည်း ဘာသာရပ်ဆိုင်ရာအသိ ညံ့ဖျင်းသော ဘာသာပြန်သမားများ၏ စာအုပ်များကို ဖတ်ဖူးပါသည်။ စိန်ဝင်းစိန်၏ ဘာသာပြန်များသည် ထိုသို့မဟုတ်။ ဘာသာဗေဒစွမ်းရည်အားဖြင့် မနိမ့်ပါးသလို၊ ဘာသာရပ်ဆိုင်ရာ  မညံ့တာကို ရှင်းလင်းစွာ တွေ့ရပါသည်။ ထို့ကြောင့် စိန်ဝင်းစိန်၏ ဘာသာပြန်စာအုပ်များက အထူး ဖတ်ချင်စဖွယ်ဖြစ်နေပါသည်။

မူရင်းစာရေးသူ

မောင်အောင်မျိုးသည် မန္တလေးတက္ကသိုလ်ကျောင်းထွက်တစ်ယောက်ဖြစ်သည်ဟု ထင်ပါသည်။ မန္တလေး တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန၌ လာရောက် သင်ကြားပို့ချသည်များကို တွေ့ဖူးမြင်ဖူးပါသည်။ တက္ကသိုလ်အသိုင်းအဝန်းက နိုင်ငံတကာဆက်ဆံရေးပါမောက္ခဒေါက်တာအောင်မျိုးလို့ လူသိများပါသည်။ ဒေါက်တာအောင်မျိုးရေးသားထားသည့် ပေါက်ဖော်တဲ့လား စာအုပ်သည် တရုတ် – မြန်မာဆက်ဆံရေးကို သုတေသနပြု ရေးသားထားသော ပညာရပ်ဆိုင်ရာ စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ၁၉၄၈ ခုနှစ်  မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း တရုတ်နှင့်မြန်မာအစိုးရအကြားဆက်ဆံရေး ဆက်ထုံးများကို အထူးပြုရေးသားထား သော စာအုပ်ဖြစ်ပါသည်။ နိုင်ငံခြားရေးမူဝါဒအနေဖြင့် လေ့လာရမည့် စာအုပ်ဖြစ်ပါသည်။ ထိုနည်းလည်းကောင်း  တရုတ် – မြန်မာဆက်ဆံရေးသမိုင်းကြောင်းကိုလည်း နားလည်သဘောပေါက်ရပါသည်။ နိုင်ငံနှစ်ခုအကြား အစိုးရ များ၏ အမြင်အယူအဆ၊ အိုင်ဒီယော်လိုဂျီနောက်ခံနှင့် နယ်စပ်ရေးရာကိစ္စ၊ ကုန်သွယ်ရေး၊ လူထုအချင်းချင်း ဆက်ဆံရေးစသည့် ကိစ္စရပ်များကို ရေးသားတင်ပြထားပါသည်။ အထူးသဖြင့် တရုတ်အစိုးရအဖွဲ့ခေါင်းဆောင်များ နှင့် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်များ၏ သဘောထားဆိုင်ရာ ပေါ်လစီအမြင် ရှုထောင့်များကို သုံးသပ်တင်ပြထား ပါသည်။

တရုတ်နဂါးကြီး နိုးလာပြီ

တရုတ်နှင့် မြန်မာသည် နယ်စပ်မျဉ်းအရ ရှည်လျားစွာ ထိစပ်နေသော နိုင်ငံနှစ်ခုဖြစ်ပါသည်။ မြန်မာပြည်သည် ကိုလိုနီနယ်ဖြစ်ခဲ့တာကြောင့်၊ တရုတ်လူဦးရေ၏ စိမ့်ဝင်ပျံ့နှံ့မှုကို ခံရပါသည်။ အထူးသဖြင့် လူဦးရေအားဖြင့် ပေါက်ကွဲလျှံထွက်လာသော တရုတ်တွေကို မြန်မာပထဝီထဲမှာ နေရာပေး နေထိုင်စေခဲ့ရသော ဖြစ်ရပ်များ အများ အပြား ရှိခဲ့ပါသည်။ ထို့ကြောင့် တရုတ်လူ့အဖွဲ့အစည်းနှင့်မြန်မာ့လူ့အဖွဲ့အစည်းအကြား ပူးကပ်ခဲ့သော အခြင်း အရာများ ရှိခဲ့ပါသည်။ လူဦးရေအားဖြင့် သန်းပေါင်း ၁၃၀၀ ကျော် ၊ ၁၄၀၀ နီးပါး ရှိသော တရုတ်လူဦးရေ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုများ မြန်မာပြည်တွင် များစွာ ရှိပါသည်။ လွတ်လပ်ပြီး ခေတ် တရုတ်ပြည်၏ လူဦးရေမှာ သန်းပေါင်း ၈၀၀ ခန့်ရှိသည်ဟု နားလည်ရပါသည်။ သို့သော်လည်း ၂၁ ရာစု အတွင်း ချည်းနင်းဝင်ရောက်လာသောအခါ တရုတ်လူဦးရေသည် သန်းပေါင်း ၁၀၀၀ ကျော်သွားပါပြီ။ ကမ္ဘာတွင် လည်း ကမ္ဘာ့စီးပွားရေးနှင့် စစ်ရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာပါသည်။ ဂလိုဘယ်စူပါပါဝါဖြစ်သော အမေရိကန်နိုင်ငံကို အံတုဖက်ပြိုင်နိုင်သည့် တစ်ခုတည်းသော အာရှနိုင်ငံဖြစ်လာသည်ဟု ပြောနိုင်ပါသည်။ တရုတ် နှင့် ယှဉ်လျှင် အိန္ဒိယသည် ဤသို့ဖြစ်မလာနိုင်သေးပါ။ တရုတ်၏ ခြေလှမ်းများသည် ကမ္ဘာတွင်လည်း သွက်လာ သလို၊ အိမ်နီးချင်းနိုင်ငံများသို့လည်း သွက်လာခဲ့သည်မှာ ကြာနေပါပြီ။ အထူးသဖြင့် အရှေ့တောင် အာရှနိုင်ငံ များအားလုံး၌ တရုတ်၏ ဩဇာလွှမ်းမိုးသက်ရောက်မှုဖြင့် ကင်းသည် မရှိပါ။ မြန်မာအနေဖြင့်မူ ပို၍ လွှမ်းမိုးခံရပါ သည်။ စစ်အာဏာရှင်သက်ရှည်ကြာခြင်းသည် တရုတ်အပေါ် အလွန်အကျွံမှီခိုလာရသည့်အကြောင်းရင်း တစ်ခု ဖြစ်လာခဲ့ပါသည်။ ထိုနည်းလည်းကောင်း စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်အရေးယူခြင်းခံရသည့်မြန်မာအဖို့ တရုတ်နှင့်ပိုမိုနီးကပ်သောဆက်ဆံရေးဖြင့် အသက်ရှုပေါက်ကို ချောင်စေခဲ့ရပါသည်။

တရုတ် – မြန်မာဆက်ဆံရေးသမိုင်း

ဒေါက်တာအောင်မျိုး၏ စာအုပ်သည် လွတ်လပ်ပြီးခေတ် ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်က တရုတ် – မြန်မာဆက်ဆံရေးအခင်းအကျင်းကို လေ့လာသုံးသပ်ထားသလို၊ အိမ်စောင့်အစိုးရလက်ထက်၊ တော်လှန်ရေး ကောင်စီအစိုးရလက်ထက်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်နှင့် နဝတခေတ် ၊ နအဖခေတ် စစ်အစိုးရလက်ထက်များတွင် တရုတ်နှင့် မြန်မာဆက်ဆံရေးအပြောင်းအလဲကို လေ့လာသုံးသပ်ထားသော စာအုပ်ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်အစိုးရနှင့် တရုတ်ဖြူ ကူမင်တန်တို့အကြား ပြည်တွင်းစစ်ဖြစ်ပွားခဲ့မှုသည် မြန်မာအပေါ်ကိုလည်း သက်ရောက်မှု ရှိခဲ့ပါသည်။ အထူးသဖြင့် တရုတ်မြန်မာနယ်စပ်တွင် တရုတ်ဖြူကူမင်တန် များ၏ ကျူးကျော်မှုကို မြန်မာက ခံခဲ့ရပါသည်။ ပါလီမန်ခေတ် ဦးနုအစိုးရနှင့် တရုတ်ကွန်မြူနစ်အစိုးရအဖွဲ့ ခေါင်းဆောင် ချိုအင်လိုင်းတို့ ပူးတွဲ ကြေညာခဲ့သော ဘက်မလိုက်ရေးမူဝါဒသည် စစ်အေးခေတ် ကမ္ဘာ့နိုင်ငံရေးတွင် အထင်ကရဖြစ်ခဲ့သော နိုင်ငံခြားရေးမူဝါဒတစ်ခုဖြစ်ခဲ့ပါသည်။ အထူးသဖြင့် စစ်အေးခေတ်ကာလတွင် အရင်းရှင် နိုင်ငံများဖြစ်သော အနောက်နှင့် ကွန်မြူနစ်နိုင်ငံများဖြစ်သော အရှေ့ဆိုဗီယက်ပြည်ထောင်စုနိုင်ငံကြီးအကြား အိုင်ဒီယော်လိုဂျီအားပြိုင်ပွဲပြင်းထန်ခဲ့ရာ၊ တတိယနိုင်ငံများအဖို့ ဘယ်ဘက်ကို ယိမ်းရတိမ်းရမည်ဆိုသည့် အကျပ် အတည်းကို ကျရောက်ခဲ့ရပါသည်။ တရုတ်အစိုးရသည် တရုတ်ဖြူကူမင်တန်များကို ထိုင်ဝမ်ကျွန်းကို မောင်းထုတ် နိုင်ခဲ့ပါသည်။ တရုတ်ပြည်အတွင်း ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်း တင်ပို့ခဲ့သော တော်လှန်ရေးလှုပ်ရှားမှုများ သည် မြန်မာပြည်ကို သက်ရောက်မှု ရှိခဲ့ပါသည်။ အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရလက်ထက် တရုတ် – ဗမာ အရေးအခင်းသည် အထင်ကရဖြစ်ရပ်ဖြစ်ပါသည်။ ထို့အတူ ပဲခူးရိုးမအတွင်း တောခိုလက်နက်ကိုင် ပုန်ကန်နေသော ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်အထောက်အပံ့ ရခဲ့ပါသည်။ စစ်ရေးအရလည်းကောင်း၊ ဝါဒရေးရာအရသော် လည်းကောင်း ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် ကြီးစွာသော လွှမ်းမိုးမှုကို ခံခဲ့ရပါသည်။ မြန်မာ့နိုင်ငံရေးသမိုင်းစဉ်ကို လေ့လာကြည့်လျှင်၊ တရုတ်လွှမ်းမိုးသော နိုင်ငံရေးဥတုရာသီတို့ကို တွေ့မြင် ရပါလိမ့်မည်။ ထို့အတူ မြန်မာပြည် ၏ ၁၉၈၈ အရေးအခင်းနှင့် တရုတ်၌ တီယံမင်အရေးအခင်းတို့သည် ရှေ့ဆင့်နောက်ဆင့်ဖြစ်ပွားသော ဖြစ်ရပ်များ ဖြစ်ပါသည်။ ၎င်းဖြစ်ရပ်ကြောင့် ကျောချင်းကပ်သွားသော ပေါက်ဖော်ဆက်ဆံရေးရှိခဲ့ပါသည်။ နဝတနှင့် နအဖ စစ်အစိုးရခေတ်တစ်လျှောက်လုံး တရုတ်နှင့် နယ်စပ် ကုန်သွယ်ရေးအပါအဝင် စစ်ရေးအထောက်အပံ့အပေါ် မှီခိုမှုကြီးစွာ ရှိခဲ့ပါသည်။ ၁၉၈၀ ရှေ့ပိုင်းကာလများတွင် မြန်မာအစိုးရနှင့် တရုတ်အစိုးရအကြား ဆက်ဆံရေး အေးစက်ခဲ့သော်လည်း တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် တက်လာပြီးနောက်ပိုင်း မြန်မာအစိုးရ၏ရန်သူတော် ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်၏ အထောက် အပံ့များ ရပ်ဆိုင်းလိုက်ပါသည်။ ဤအခြင်းအရာသည် တရုတ်မြန်မာ ဆက်ဆံရေး အလှည့်အပြောင်းများထဲက တစ်ခုဖြစ်ပါသည်။

  • ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်လိုက်ခြင်းအပေါ် အသိအမှတ်ပြုသည့်နိုင်ငံများထဲတွင်၊ မြန်မာသည် ကွန်မြူနစ်နိုင်ငံမဟုတ်သော ပထမဆုံးနိုင်ငံဖြစ်လာခြင်း။
  • တရုတ်နီ၏ ရန်ဖက်ဖြစ်သော တရုတ်ဖြူကူမင်တန်တို့၏ ကျူးကျော်မှုကို မြန်မာက တိုက်ထုတ်ခဲ့ခြင်း။
  • တရုတ်နှင့် မြန်မာ ပူးပေါင်း၍ ဘက်မလိုက်လှုပ်ရှားရေး နိုင်ငံခြားရေးမူဝါဒကို ထူထောင်လိုက်ခြင်း။

စသည့်ဖြစ်ရပ်များသည် တရုတ်မြန်မာဆက်ဆံရေးအကြားတွင် ထင်ရှားသော သာဓကများဖြစ်ပါသည်။

မောင်အောင်မျိုးသည် နိုင်ငံတကာဆက်ဆံရေးပါမောက္ခတစ်ဦးဖြစ်သလို၊ ပညာရှင်တစ်ယောက်လည်း ဖြစ်ပါသည်။ ဩစတေးလျအမျိုးသားတက္ကသိုလ်၌ ပါရဂူဘွဲ့ကို ယူခဲ့ပြီး ဂျပန်နိုင်ငံ၏ နိုင်ငံတကာတက္ကသိုလ်တွင် ပါမောက္ခ၊ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။ မောင်အောင်မျိုးရေးသားခဲ့သော မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက် စာတမ်းများ အများအပြား ရှိပါသည်။ မောင်အောင်မျိုးသည် မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး ရေးသားခဲ့သော စာအုပ်တစ်အုပ်လည်း ရှိပါသည်။ မြန်မာ့နိုင်ငံရေးကို လေ့လာရာ၌ တရုတ် – မြန်မာ ဆက်ဆံရေးဇာတ်ကြောင်းကို နားမလည်လို့ မဖြစ်ပါ။ နားလည်ရမည့် အကြောင်းကဏ္ဍဖြစ်ပါသည်။

တရုတ် လွှမ်းမိုးမှု

မြန်မာပြည်၌ သုံးစွဲနေသော စီးပွားရေးထုတ်ကုန်၊ ကုန်စည်အားလုံး၏ ၈၀ % ကျော်သည် တရုတ်ကုန်ပစ္စည်းများနှင့် တရုတ် နည်းပညာ၊ တရုတ်ကုန်ကြမ်းကို အခြေခံသောကုန်စည်များဖြစ်ပါသည်။ မြန်မာသည် တရုတ်အပေါ် ကျေနပ်မှု မရှိပါ။ သို့သော်လည်း လူ့အဖွဲ့အစည်းကိုယ်၌က ကိုယ်ခံအားနည်းလွန်း၍ တရုတ်၏ ပေါချောင်ကောင်း ကုန်စည် များအပေါ် မငြင်းဆန်နိုင်ပါ။ မြန်မာကိုယ်တိုင်ကလည်း ဘာမျှ ထုတ်လုပ်နိုင်စွမ်း မရှိပါ။ မြန်မာပြည်သည် နိုင်ငံရေး အကျပ်အတည်းများ၊ စစ်ပွဲများနှင့် အထွေထွေဖိနှိပ်ခံရမှုတွေအကြားမှာ ကြီးပြင်းလာခဲ့ပါသည်။ ပညာရေးသည်လည်း မခိုင်ခံသလို၊ စီးပွားရေးသည်လည်း ပြောင်ပြောင်ရောင်ရောင် မရှိပါ။ နိုင်ငံရေးသည်လည်း အမြဲတမ်း တည်ငြိမ်နေသည်ဟူ၍ မရှိပါ။ ဆန္ဒပြပွဲများ၊ စစ်ပွဲများ၊ တိုက်ပွဲများ၊ အာဏာသိမ်းမှုများဖြင့် ကသောင်းကနင်းဖြစ်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာပြည်၏ အုပ်ချုပ်ရေးနှင့် စီးပွားရေးကို စစ်တပ်က ထိန်းချုပ်ထားပါသည်။ စစ်ဗိုလ်ချုပ်များသည်လည်း တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ သူတို့နှင့် စီးပွားဖက် ထူထောင်ထားပါသည်။ အဆိုးရွားဆုံးမှာ မြန်မာပြည်၏ သစ်တောသယံဇာတ၊ မြေအောက်သယံဇာတနှင့် ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများနှင့် မြန်မာစစ်ဗိုလ်ချုပ်များ၏ စီးပွားရေးလုပ်ငန်းများ ဒင်းကြမ်းပြည့်လျှမ်းနေခြင်း ဖြစ်ပါသည်။ ၎င်းအခြင်းအရာများ၏ နောက်ကွယ်၍ ဖြစ်တည်နေသော လူမှုစီးပွားရေးအခြေအနေများကို လေ့လာသုံးသပ်နိုင်စေရန် ခေတ်အဆက်ဆက်က ဖြစ်ထွန်းလာသော တရုတ် – မြန်မာဆက်ဆံရေးသမိုင်းကြောင်းကို နားလည်ရန် လိုအပ်ပါသည်။ ယေဘုယျအားဖြင့် ကြည့်လျှင်၊ လွတ်လပ်ပြီးခေတ် မြန်မာပြည်သည် တရုတ်နှင့် ပူးတုံခွာတုံ ဆက်ဆံရေးရှိခဲ့ပါသည်။ သို့သော်လည်း ၁၉၈၈ အရေးအခင်းပြီးသည့်နောက်ပိုင်း ဒီမိုကရေစီအရေးနှင့် ပတ်သက်၍ နိုင်ငံတကာက ဖိအားပေးမှုကို တရုတ်နှင့် မြန်မာက ပူးတွဲခံစားခဲ့ရပါသည်။ ၎င်းအခြင်းအရာသည် တရုတ်နှင့် မြန်မာကို အစ်ကိုကြီး ညီလေး ဆက်ဆံရေးဖြစ်ထွန်းအောင်၊ သူခိုးသေဖော်ညှိ ညီညွတ်ရေးဖြစ်အောင် ကျောချင်းကပ်စေလိုက်ပါသည်။ နှစ်ပေါင်း ၃၀ ကျော် ဆက်ဆံရေးပူးကပ်ခဲ့ခြင်း၏ အကျိုးဆက်အရ၊ မြန်မာပြည်၏ သယံဇာတများကို တရုတ်က တစ်ကိုယ်တည်း လက်ဝါးကြီးအုပ်နိုင်ခဲ့ပါသည်။ အထင်ကရဖြစ်ရပ်မှာ၊ မြန်မာနှင့် နီးကပ်သော ကုန်းတွင်းပိတ် ပြည်နယ်တစ်ခုဖြစ်သည့် ယူနန်ပြည်နယ်သည် အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်ခဲ့သော်လည်း မြန်မာထံမှ ရသော စီးပွားရေးအကျိုးအမြတ်များဖြင့် ချမ်းသာကြွယ်ဝ၍ စားနိုင်သောက်နိုင် ပိုလျှံစုဆောင်းနိုင်သော တရုတ်ပြည်နယ်တစ်ခု ဖြစ်လာပါသည်။ မြန်မာပြည်၏ စီမံကိန်းနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်ကို မကျော်နိုင်ပါ။ ငွေကြေးခဝါချခြင်းအလုပ်များအပြင်၊ တရုတ်ဖြူကျူးကျော်မှု၏ နောက်ဆက်တွဲရလဒ် ဖြစ်သော ဘိန်းစိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းနှင့် မူးယစ်ဆေးဝါး ကုန်သွယ်ရေးလုပ်ငန်းများသည် ဆိုးကျိုးအနေဖြင့် သက်ရောက်လာပါသည်။ ဤအခြင်းအရာများကို ဆက်စပ်နားလည်နိုင်စေရန် နောက်ခံသမိုင်းဇာတ်ကြောင်း အနေဖြင့် တရုတ် – မြန်မာဆက်ဆံရေးသမိုင်းက ပြဆိုနေပါသည်။

  • ဤအချက်အလက်များ၊
  • ဤအခင်းအကျင်းများ၊
  • ဤအခြင်းအရာများနှင့်
  • ဤအကြောင်းအရာများကို နားလည်စေရန်အတွက်

မောင်အောင်မျိုး၏ ပေါက်ဖော်တဲ့လား စာအုပ်ကို မဖြစ်မနေ ဖတ်ရမည် ဖြစ်ပါသည်။

မင်းသေ့

နေ့လယ် ၄း၂၃

၉၊ ဒီဇင်ဘာ၊ ၂၀၂၁။

Previous post ရေ
Next post နိုင်ငံရေးအကွဲအပြဲ