• ကျော်ဦး၊ ရေကြည်တစ်ပေါက်
  • ပါရမီစာပေ၊ စတုတ္ထအကြိမ် ဖြည့်စွက် ပုံနှိပ်ခြင်း
  • ၂၀၂၀ နိုဝင်ဘာ ။
  • ၂၀၁၂ အမျိုးသားစာပေဆုရ ။

ကျနော် စာတွေ အဖတ်များလာခဲ့သည့်တိုင် စာရေးဆရာ၊ ပညာရှင် ကျော်ဦးကို သတိမထားမိပါ။ လွန်ခဲ့သော ၂၀၁၂ ခုနှစ်က နည်းပညာတက္ကသိုလ်မှ၊ မြို့ပြအင်ဂျင်နီယာကျောင်းသား ကိုမိုးဦးကျော်က “သူ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လေ့လာဖြစ် ဖတ်ဖြစ်နေကြောင်း၊ ဒေါက်တာကျော်ဦးစာအုပ်များကို ကြိုက်ကြောင်း၊ သဘောကျ ကြောင်း” ပြောဖူးတာ မှတ်မိနေသည်။ သို့သော် ကျနော် ကျော်ဦးကို မသိ၊ ကျော်ဦးကို စိတ်မဝင်စားခဲ့။ သို့သော် ၂၀၂၀ – ၂၀၂၁ ခုနှစ်ကာလများ၌ သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူ၊ ပညာရှင် ဒေါက်တာမြင့်ဇော်၏ စာများကို ခပ်များများ ဖတ်လာရမှ၊ ကျော်ဦးကို သတိထားမိပါသည်။ ဒေါက်တာမြင့်ဇော်၊ ဂျူး၊ ကျော်ဦး စသူတို့ရဲ့ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သည့်စာအုပ်များကို ကျနော် ဖတ်သည်။ ကြိုက်လည်း ကြိုက်သည်။ သဘော လည်း ကျသည်။ ဂျူးသည် စာရေးဆရာမ တစ်ယောက်သာ ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ပါဝင်လုပ်ဆောင်သည်များ ရှိသော်လည်း၊ ဂျူးကို ရသစာရေးဆရာမ တစ်ယောက်အဖြစ်သာ ကျနော် အသိအမှတ် ပြုမိသည်။ သို့သော်လည်း ဆရာမ ဂျူး ရေးသားသော …

  • အစိမ်းရောင်အမွေအနှစ်
  • ကျွန်မချစ်သော ကမ္ဘာမြေ
  • ကျွန်မချစ်သော နိုင်ငံ
  • ကျွန်မချစ်သော မြို့တစ်မြို့…

စသည့်စာအုပ်များသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီးရေးသားထားသော စာအုပ်များ ဖြစ်ပါ သည်။ ၎င်းစာအုပ်အားလုံးကို ကျနော် သဘောကျပါသည်။ သဘာဝပတ်ဝန်းကျင်ရေးရာနှင့်ပတ်သက်သော အာရုံ များသည် ကျနော့်၏ စိတ်၌ စူးစိုက်ဝင်ရောက်လာပါသည်။ ဘူမိဗေဒပညာရှင် ဒေါက်တာချစ်ကိုကို စာအုပ်တွေကို မဝယ်ဖြစ်သေးပါ။ ကျော်ဦး၏ စာအုပ်အားလုံးတော့ ဝယ်ပြီးပြီ။ စာအုပ်များကို စီးရီးလိုက် ဖတ်ခြင်းသည် ကျနော့် အကျင့်ဖြစ်ပါသည်။ ရေချယ်ကာဆင်၏ တိတ်ဆိတ်သောနွေဦး စာအုပ်သည် နိုင်ငံတကာတွင် နာမည်ကြီးသည်။ စက်မှု၊ သိပ္ပံနှင့်နည်းပညာ အပြန့်ကျယ်လာသောကမ္ဘာတွင် သဘာဝပတ်ဝန်းကျင်ကိစ္စရပ်များသည်၊ အနာဂတ် သမိုင်းကို ခြောက်လန့်နေပါသည်။ ကမ္ဘာရော မြန်မာပါ ၂၀၂၀ ခုနှစ် – ၂၀၂၁ ခုနှစ်များ၌ ကိုဗစ်ရောဂါကပ်ဘေးဖြင့် အပြင်းအထန် ကြုံလိုက်ရပါသည်။ အဆိုပါ ကပ်ဘေး၌ ကျနော့်၏ မိခင်လည်း ပါဝင်သွားခဲ့ရပါသည်။ ကျနော့်ရွာရှိ ဆွေမျိုးတချို့လည်းပါသွားခဲ့ပါသည်။ ကျနော့် ဦးလေး၊ အဒေါ်နှင့် တစ်ဝမ်းကွဲအမတို့ မိသားစုသည် တစ်အိမ်တည်း နှင့် မိသားစု သုံးယောက်လုံး အသက်ဆုံးပါးသွားခဲ့ရပါသည်။ ကိုဗစ်ရောဂါကပ်ဘေးသည် အမေရိကန် ဝါရှင်တန်၊ နွားထိုးကြီး ပဲချက်ရွာ၊ မန္တလေး ပုသိမ်ကြီးမြို့…ဟူ၍ မရွေးပါ။ အားလုံးကို ဆွဲချသွားခဲ့ပါသည်။ ကိုဗစ်ကပ်ဘေး ကြောင့်သဘာဝပတ်ဝန်းကျင်ကိစ္စရပ်များကို ကျနော် ပို၍ စိတ်ဝင်စားလာပါသည်။ တကယ်တော့ အမေ့ကို ပြုစုရင်း ကျနော်လည်း ကိုဗစ်ကပ်ဘေးဒဏ်ကို ခံစားခဲ့ရပါသည်။ သို့သော် ကျော်နိုင်ခဲ့ပါသည်။ ဒေါက်တာမြင့်ဇော် ရေးသား သည့်စာအုပ်များကို ဖတ်ရင်း၊ ဂေဟစနစ် ပျက်ယွင်းမှု၏ အကျိုးဆက်ကို ကျနော် သတိထားမိလာပါသည်။ တကယ် တော့ ကျော်ဦးရေးသည့် ….

  • ဥတုရာသီပြောင်းခဲ့ပြီ
  • ရေကြည်တစ်ပေါက်
  • မိုးရေလှောင်ကန်

စသည့်စာအုပ်များသည် ဥတုရာသီ၊ သဘာဝပတ်ဝန်းကျင်၊ ရေအရင်းအမြစ် စသည့်အဓိက အခြင်းအရာများကို အထူးပြုရေးသားထားသောစာအုပ်များဖြစ်ပါသည်။ ကျနော့်အတွက် လေ့လာစရာ နယ်ပယ်တစ်ခု တိုးလာပါသည်။ နိုင်ငံရေး၊ သမိုင်း၊ ဒဿနိကနှင့် လူမှုဗေဒတို့ကိုစိတ်ဝင်စားသော ကျနော့်အဖို့ ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များသည် ထပ်တိုးလေ့လာစရာများဖြစ်ခဲ့ပါသည်။ ပထဝီဝင်ဘာသာရပ်များကို ကျနော် စိတ်ဝင်စား ပါသည်။ တက္ကသိုလ်၌ ဘူမိဗေဒကို အရံဘာသာရပ်အနေဖြင့် သင်ကြားခဲ့ဖူးပါသည်။ သို့သော်လည်း တက္ကသိုလ် ထက် ပြင်ပစာအုပ်စာပေများက ကျနော့်ကို ပထဝီနှင့် ဘူမိဗေဒဆိုင်ရာ ဗဟုသုတများကို ပိုမိုပေးစွမ်းပါသည်။

ဖွံ့ဖြိုးရေးသစ်ပင်

ကမ္ဘာမြေပေါ်တွင် နေထိုင်သော ကျနော်တို့အားလုံးသည် သဘာဝပတ်ဝန်းကျင်ရေး တက်ကြွလှုပ်ရှားသူတွေဖြစ် လျှင် အဘယ်မျှ ကောင်းမည်နည်း။ သဘာဝကို ကျနော်တို့က လျစ်လျှူရှုတဲ့အခါ၊ သဘာဝက ကျနော်တို့ကို ပြန်လည် ဒဏ်ခတ်ပါသည်။ တောမတ် ဖရိုင်းမင်းရေးသည့် – လက်ဇက်ကားနှင့် သံလွင်ပင် စာအုပ်သည် နာမည်ကြီး ပါသည်။ ၎င်းစာအုပ်သည် ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်းကို ဗဟိုပြုရေးထားသော်လည်း၊ သဘာဝပတ်ဝန်း ကျင် အကြောင်းပါဝင်ပါသည်။ သံလွင်ပင်ဟူသည် သဘာဝပတ်ဝန်းကျင်ကို ကိုယ်စားပြုပါသည်။ စက်မှုနှင့် သိပ္ပံ နည်းပညာတို့ကြောင့် တိုးတက်ဖွံ့ဖြိုးမှု အပြန့်ကျယ်လာပြီး ဂလိုဘယ်လိုက်ဇေးရှင်းသဘောဆောင်လာသည့်တိုင် အောင်၊ တိုးတက်မှုက သဘာဝပတ်ဝန်းကျင်ကို စိတ်ခေါ်လာပါသည်။ တိုးတက်ဖွံ့ဖြိုးလိုလျှင် သဘာဝကို စတေး ရမည်ဟူသော သဘောအမြင်များပါ ကိန်းအောင်းလာကြသည်။ သဘာဝက ကျနော်တို့ကို ကပ်ဘေးဖြင့် ဒဏ်ခတ် လိုက်ပါသည်။ နိုင်ငံကြီးများရော၊ နိုင်ငံငယ်လေးတွေ အားလုံးပါ ကြီးမားသောရိုက်ချက်ကို ခံစားခံရပါသည်။ ကျနော်တို့သည် သဘာဝကို ထပ်မံ၍ မထီမဲ့မြင် ပြုကြအုံးမည်လော။

ထု (၄) ထု

ဒေါက်တာကျော်ဦး၏ ရေကြည်တစ်ပေါက်စာအုပ်သည် ရေနှင့်ပတ်သက်သော အသေးစိတ်အခြင်းအရာအားလုံးကို ရေးသားတင်ပြထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ကျနော်တို့ မွေးဖွားစဉ်မှ သေဆုံးသည်အထိ ရေသည် အရေး တကြီးလိုအပ်နေသည်။ သေဆုံးပြီးသွားရင်လည်း ဘဝအသစ်တစ်ဖန်ပြန်လည် မွေးဖွားဖို့၊ ဇီဝထုထဲ၌ ရေသည် အဓိက ဓာတ်ဖြစ်သည်။ ကမ္ဘာဖြစ်တည်လာတာကိုက ရေနဲ့ စတင်တာ မဟုတ်လား။ ရေထု၊ မြေထု၊ လေထု၊ ဇီဝထု ဆိုပြီး တက္ကသိုလ်မှာ သင်ကြားခဲ့ရဖူးသည်။ Hydrosphere, Lithosphere, Atmosphere နဲ့ Biosphere ဟူ၍ ဖြစ်ပါ သည်။ သတ္တဝါများနှင့် ကမ္ဘာကြီး၏ အခြေခံဓာတ်သဘောမှာလည်း ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဟူ၍ အခြေခံဓာတ်ကြီး (၄) ပါး ရှိသည် မဟုတ်လား။ နေ့စဉ်လိုလို မြင်တွေ့ သုံးစွဲနေရသည်ကို ကျနော်တို့ အလေးမမူမိ၊ ဂရုမမူမိကြပါ။ ရေသည် ဘယ်လောက်အရေးကြီးပါသနည်း။

ကျနော့်မြို့

ကျနော်တို့ ငယ်စဉ်တုန်းက ဖြစ်ရပ်တချို့ကို အမှတ်ရနေမိပါသည်။ မန္တလေး၌ မိုးရွာလျှင် မိုးက သဲကြီးမဲကြီးရွာနေ တတ်သည်။ ကျနော်တို့ နေထိုင်ရာပုသိမ်ကြီးမြို့သည် ဧရာဝတီမြစ်ဝှမ်းလွင်ပြင်နှင့် ရှမ်းရိုးမတောင်တန်းအကြား တွင် တည်ရှိပါသည်။ တိတိကျကျ ပြောရလျှင်၊ ရှမ်းရိုးမတောင်တန်း၏ အခြေတွင် တည်ထားသောမြို့ငယ်လေး ဖြစ်ပါသည်။ မြို့အရှေ့ဘက် တောင်ခြေတစ်လျှောက်တွင် ထုံးကျောက်တောင်များ အနှံ့အပြားရှိပါသည်။ မြို့၏ မြေအောက်ရေသည်လည်း ထုံးကျောက်အလွှာများအကြားတွင် ကိန်းအောင်း တည်ရှိနေပါသည်။ ကျနော်တို့ တစ်မြို့လုံးသည် မြေအောက်အဝီဇိတွင်းရေကို အဓိကထားသုံးစွဲကြပါသည်။ ကျနော်တို့မြို့၌ ၎င်းအဝီဇိတွင်းရေကို သုံးဖို့၊ ချိုးဖို့အတွက်သာ သုံးကြပါသည်။ ထိုရေကို တချို့က သောက်ကြသော်လည်း ထုံးဓာတ်ပါလွန်း၍ သိပ်မနှစ် သက်ကြ။ များသောအားဖြင့် ရေသန့်ဟု နာမည်ကျော်သော မြကျောက်ဘုန်းကြီးကျောင်းမှ ရေကို သွားရောက် ခပ်ယူကြသည်။ ထိုရေဖြင့် သောက်ရေလုပ်ကြသည်။ သို့သော် ထမင်းချက်လျှင်ကား ထိုရေကို မသုံးနိုင်လျှင်၊ အဝီဇိတွင်းရေကို သုံးကြရသည်။ ထမင်းသည် ဖြူဖွေး၍ ကျက်မလာပါ။ ဝါကျန့်ကျန့်ဖြင့် ကျက်လာပါသည်။ ထုံးဓာတ်၏ ဓာတ်သဘောဖြစ်ပါလိမ့်မည်။ ရေနွေးအိုးတည်လျှင်လည်း၊ ရေနွေးခရား၌ ထုံးချိုး (ဂျိုး) များ ခဏဖြင့် ကပ်လာပါသည်။ ကျနော်တို့ မြို့၏ အဝီဇိတွင်းရေသည် အလွန်အမင်း ဆားဓာတ်ပါဝင်သော (တနည်း) အလွန် အမင်းငံ့သောရေမဟုတ်သော်လည်း ထုံးဓာတ်အလွန်များပြားသော ရေဖြစ်ပါသည်။ တချို့က ရေကန်ထဲ၌ ကျောက်ချဉ်ထည့်၍ သုံးစွဲကြသည်။ သို့သော် ပင်တိုင်အမြဲတမ်း မလုပ်နိုင်ကြပါ။ အဝီဇိတွင်းရေသည် ရေစေးမဟုတ် သော်လည်း ရေသွက်ပီပီပြင်ပြင် မဟုတ်ဟု နားလည်ရပါသည်။ ထို့ကြောင့် ကျနော်တို့သည် မိုးရာသီရောက်လျှင် အိမ် တံစက်မြိတ်မှ မိုးရေများကို စဉ့်အိုး၊ ရေပုံးများဖြင့် ခံယူထားရပါသည်။ မိုးရေပိုမိုရချင်လျှင် အိမ် တံစက်မြိတ်၌ ရေသယောက်လုပ်ထားလျှင် ပို၍ ရပါသည်။ သို့သော်လည်း အိမ်မှာ ဝါးကပ်မိုးထားလျှင် မိုးရေသန့်သန့်ကို မရပါ။ သွပ်မိုးထားလျှင်ကား မိုးရေသန့်သန့်ကို ရပါသည်။ ကျနော့်တို့အိမ်သည် မိုးရေကို စုဆောင်း၍ ရေနွေးကြိုသောက် ကြသည်။ အထူးသဖြင့် ကျနော့်အဖေသည် ရေအေးကို သောက်ခဲသည်။ အမြဲတမ်းလိုလို ရေနွေးကြို၍ သောက် သည်။ နွေရာသီအင်မတန်ပူအိုက်လျှင်လည်း ရေနွေးခရားထဲမှ ရေနွေးကြမ်း အေးအေး (သို့မဟုတ်) နွေးနွေးကို သောက်လေ့ရှိပါသည်။ အဖေ၏ အကျင့်ကို လိုက်၍ ကျနော်လည်း ရေနွေးကြမ်းသောက်သည့်အကျင့် စွဲလာပါ သည်။ ကျနော်တို့ မြို့ရှိ နာမည်ကြီး လက်ဖက်ရည်ဆိုင်တချို့၌ ရေနွေးကြိုလျှင် ချောင်းရေကို ခပ်၍ ကြိုပါသည်။ ချောင်းရေသည် ဆည်က ပေးသည့် မိုးရေဖြစ်ခြင်းကြောင့် အရည်အသွေးကောင်းသည်။ ကျနော်တို့ မြို့နယ်၏ အရှေ့မြောက်ဘက် ယွန်းယွန်းတွင် ဆည်တော်ကြီးဆည် ရှိပါသည်။ ထိုဆည်မှ ရေအားလျှပ်စစ်လည်း ထုတ်သလို၊ မတ္တရာနှင့် ပုသိမ်ကြီး၊ မန္တလေးမြို့တစ်ခုလုံးကို ဆည်ရေဖြင့် ရေအရင်းအမြစ်ကို ပေးဝေပါသည်။ ကျနော်တို့ ရပ်ကွက်အနောက်ဘက်တွေ လယ်ကွင်းပြင်များ ရှိပါသည်။ ထိုလယ်ကွင်းပြင်များကို ရေပေးသော လက်တံချောင်း များ ရှိပါသည်။ ကျနော်စုဆောင်းထားသော မိုးရေကုန်လျှင် ကျနော်တို့က စက်ဘီးဖြင့်လည်းကောင်း၊ ခြေလျင် လျှောက်၍ လည်းကောင်း ချောင်းရေသွားခပ်ရပါသည်။ အိမ်၌ အဝတ်အမြဲလျှော်ရသော ကျနော့်အစ်မများက အဝီဇိတွင်းရေကို မသုံးချင်ပါ။ အဝတ်လျှော်လျှင် မပြောင်ဟု ပြောသည်။ ဆပ်ပြာသည် အမြှုပ်မထွက်ဟု ဆိုကြသည်။ ထို့ကြောင့် ကျနော်တို့၏ အဝတ်များနှင့် သူတို့အဝတ်များကို စု၍လျှော်သည့်အခါ၊ ကျနော်တို့ အိမ်နှင့် တစ်ဖာလုံကျော်ကျော်ခန့် ဝေးသော လယ်ကွင်းအစပ်၊ လက်တံချောင်းသို့သွား၍ အဝတ်လျှော်ကြပါသည်။ ကျနော်တို့ရပ်ကွက်နှင့် သုံးလေးရပ်ကွက်ခြားသော ဇီးချိုကုန်း ရွာ၌ ချောင်းမကြီးတစ်ခု ရှိသည်။ လက်တံချောင်း များဖြင့် လယ်များကို ရေပေးဝေသော အဓိက ဆည်ရေပေး ချောင်းကြီးတစ်ခုဖြစ်သည်။ ထိုချောင်းကြီးကို သွား၍ ကျနော်တို့က ရေကူးသည်၊ ဂျွမ်းထိုးသည်။ ကျနော့် အစ်မများက အဝတ်လျှော်ကြ၊ ထို့နောက် သူတို့လည်း ရေဆင်းကူးကြသည်။ မိုးရေ၏ အရည်အသွေးသည် ကျနော်တို့၏ နေ့စဉ်ဘဝကို သက်ရောက်နေပါသည်။

သုတေသနလုပ်မထားကြ၍ သာ

ကွမ်းအစားများသောသူများနှင့်၊ ကျနော်တို့ မြို့၏ အဝီဇိတွင်းရေကို ကြာရှည်သောက်သုံးကြသည့် သူများသည် ဆီးကျောက်တည်ခြင်းများ၊ ကျောက်ကပ်၌ ကျောက်တည်ခြင်းများ ဖြစ်သည်ဟု သိပ်မကြားဖူးပါ။ သုတေသနလုပ် မထား၍လည်းဖြစ်နိုင်သလို၊ ဘေးဥပါဒ်လွန်ကဲသော ထုံးကျောက်အဝီဇိတွင်းရေ မဟုတ်၍လည်းဖြစ်ကောင်းဖြစ်နိုင် ပါသည်။ သို့သော်လည်း ထုံးဓာတ်ပါဝင်သော ရေကို ကျနော်တို့ ရေနွေးကြိုလျှင် အရသာမှာ သိသိသာသာ ပြောင်းပါ သည်။ မိုးရေမှ ရသော ချောင်းရေဖြင့် ရေနွေးကြိုလျှင်၊ ထမင်းချက်လျှင် အရသာလည်း ကောင်းသည်။ ကျက်သော ထမင်းသည် မလုံးမထွေးဘဲ၊ စင်း၍ ကော့နေပါသည်။ မိုးရေ၏ အရေအသွေးသည် တကယ့်ရေချိုဖြစ်သည်ဟု ကျနော်တို့ ငယ်စဉ်ဘဝကတည်းက သိနားလည်ခဲ့ပါသည်။

အထူးပြုအသိကို ရခဲ့

ကျနော်တို့ ငယ်ငယ်တုန်းက သာမန်သဘာဝအသိဖြင့် သိနားလည်ခဲ့သော ရေနှင့်ပတ်သက်သည့် အသိအမြင်တချို့ ဖြစ်ပါသည်။ သို့သော်လည်း အတန်းကျောင်းပညာရေးက သင်ပေးလိုက်သော၊ H2O ဆိုသည့် အသိထက် ကျနော်တို့ မပိုလွန်ခဲ့ပါ။ ရေသည် အိမ်ရှေ့ချောင်းနှင့် လယ်ကွင်းထဲတွင်လည်းကောင်း၊ မြေအောက် အဝီဇိ၌လည်းကောင်း ပေါပေါများများရနေသည်ဖြစ်၍ ရေ၏ တန်ဖိုးကို ပိုလွန်၍ မတွက်မိပါ။ အဝီဇိတွင်းရေနှင့် မိုးရေ၊ ချောင်းရေ၏ ကွာခြားချက်ကိုကား အတွေ့အကြုံအရ ငယ်စဉ်ကတည်းက သိနားလည်ပြီးဖြစ်ပါသည်။ သို့သော် ပညာရပ်ဆိုင်ရာ သဘော၊ ဘာသာရပ်ဆိုင်ရာသဘောအားဖြင့် စနစ်တကျ မသိခဲ့ပါ။ ကျနော် အသက် (၃၀) လောက်ရောက်မှ၊ ဒေါက်တာကျော်ဦး (ကျော်ဦး ၊ ရေကြည်တစ်ပေါက်) ၏ စာအုပ်ကို ဖတ်မိ၍ ကောင်းကောင်းကန်းကန်း နားလည် သဘောပေါက်ခဲ့ရပါသည်။ စာရေးဆရာတစ်ယောက်ဖြစ်နေပြီဖြစ်သော ကျနော်ကိုယ်တိုင် အသိအမြင် ပွင့်လန်းခဲ့ ရပါသည်။ ရေသည် ရိုးရှင်းပါ၏။ သို့သော် နက်နဲ ကျယ်ပြန့်ပါ၏။ အသုံးဝင်မှုတန်ဖိုးအားဖြင့် အမြင့်မားဆုံးသော လူ့လိုအပ်ချက်အရင်းအမြစ်ကြီးဖြစ်ပါသည်။

ရေကြည်တစ်ပေါက်

ကျော်ဦးရေးသားထားသော ရေကြည်တစ်ပေါက် စာအုပ်၌ ရေ၏ အသုံးဝင်ပုံ၊ ရေ၏ တန်ဖိုးရှိပုံကို အစချီထားပါ သည်။ ထို့နောက် ရေ၏ မူလအစ ဖြစ်သော ကမ္ဘာမြေဖြစ်တည်မှုကာလက ဖြစ်စဉ်ကို ရေးသားတင်ပြထားပါသည်။ ထို့နောက် ရေနှင့်ပတ်သက်သော ပထဝီဒေသအရပ်ရပ်က ဖြစ်ရပ်များနှင့် သိပ္ပံနည်းကျ သုတေသနပြုထားချက်များ ကို ငြီးငွေ့စရာ မကောင်းဘဲ၊ စိတ်ဝင်တစားဖတ်နိုင်အောင် ရေးသားတင်ပြထားတာတွေ့ရပါသည်။ ရေချိုအရင်း အမြစ်များကိုလည်း ရေးသားတင်ပြပါသည်။ ထိုအထဲ၌ တောင်တန်း တောင်ထိပ်ပေါ်၏ ရေခဲအလွှာအဖြစ် ကိန်းဝပ် နေသော ရေချိုအရင်းအမြစ်များသည် စိမ့်များ၊ စမ်းများ၊ ချောင်းများ၊ မြစ်များအနေဖြင့် တဖြည်းဖြည်း ဖြန့်ကျက်၍ လူသတ္တဝါနှင့် ဇီဝထုအတွက် ရေချိုအရင်းအမြစ်များကို ဖြန့်ဝေပေးပုံကို ရေးသားတင်ပြထားပါသည်။ ကျနော်သည် ရေကြည်တစ်ပေါက် စာအုပ်ကို ဖတ်၍ ရေကို ပို၍ တန်ဖိုးထားလာပါသည်။ ကျနော် နေထိုင်သော တောင်ပေါ်မြို့ ၌ မိုးရာသီတွင် မိုးများမပြတ်ပါ။ ကျနော့်အိမ်ရှေ့ရေကန်၌ မိုးရေကို စုဆောင်းထားပါသည်။ မိုးတွင်းတစ်လျှောက်လုံး ကျနော်သည် မိုးရေကိုသာ အဓိကထား၍ သုံးစွဲပါသည်။ သောက်ခြင်း၊ သုံးခြင်း၊ ချိုးခြင်းကို မိုးရေကိုသာ သုံးပါသည်။ မိုးရွာလျှင်လည်း မိုးရေကို တန်ဖိုးထားသည်။ အိမ်ရှေ့၌ အမြောက်အမြား စီးဆင်းနေသော တောင်ကျ မိုးရေများကို ကြည့်၍ ရေချိုများ အလဟဿ စီးဆင်းသွားချေပြီဟု တွေးနေတတ်သေးသည်။ ရေကို ဘယ်လို ချွေတာသုံးရမလဲဆိုတာ ကျနော် အမြဲ သတိရှိလာသည်။ နောက်ဆုံး အိမ်သာတက်လျှင်တောင် ရေချိုကို ဘယ်လို ထိရောက်စွာ သုံးမလဲဆိုသည့် အသိသည် ကျနော့်ခေါင်းထဲသို့ ဝင်လာပါသည်။ ရေအရင်းအမြစ်၏ အဓိက ဆက်စပ် နေသော သစ်ပင်တောတောင်၊ စိမ့်မြေ၊ ဂနိုင်မြေတို့၏ အရေးပါပုံကို ကျနော် အထူးသတိရှိလာခဲ့ပါသည်။ လူသတ္တဝါ တို့၏ ရေရှည်အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ရေသယံဇာတကို ရွှေလို တန်ဖိုးထားရမည်ဟု ကျနော် ပိုသိနားလည်ခဲ့ပါသည်။

ကန္တရရပ်ဝန်းဒေသ

ကျနော့် အမေဇာတိသည် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်နယ်များနှင့် ဆက်စပ်နေသော ဒေသဖြစ်ပါ သည်။ လယ်မဖြစ်ထွန်း၊ ယာသာ စိုက်လို့ ရသည့် မြေဖြစ်ပါသည်။ ရေကို တွင်းရေကို အဓိက ထားသုံးရသည်။ နေရာတိုင်းသည် ရေကောင်းမရ။ အထူးသဖြင့် မြင်းခြံ၊ ငါးဇွန်နှင့်တောင်သာနယ်များသည် မိုးခေါင်ရေရှားသော ကန္တရဒေသရပ်ဝန်းဖြစ်ပါသည်။ ထို့ကြောင့် နွေရာသီ ပူပြင်းလွန်းသည့်အချိန်အခါတွင် ရေရှားပါးသည့်ဒဏ်ကို အကြီးအကျယ်ခံစားရသည်။ ထိုဖြစ်ရပ်သည် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပို၍ ခပ်စိပ်စိပ်ဖြစ်လာသည်။ ကျနော်တို့ ငယ်စဉ်တုန်းက ဆက်သွယ်ရေးစနစ်များ မကျယ်ပြန့်၍ သိပ်မသိရသည်လား မပြောတတ်။ မိုးခေါင်ရေရှားသည့် ဒဏ်ကို ကျနော်တို့ အမေဇာတိဒေသက ရွာများ ခံစားကြရပါသည်။ ရွာရှေ့က တွင်းရေကို သွားရောက်၍ ရေစည်လှည်းဖြင့် ရေတိုက်ရသည်။ ဤအခါ၌လည်း ရေတွင်းသည် ပေပေါင်း ၃၀ ကျော် ၄၀ လောက် နက်သည် နေရာမှ ရေကို ပုံးဖြင့် ငင်ယူခပ်ရသည်။ ဤမျှ ရေ၏ တန်ဖိုးသည် ကြီးမားပေစွ၊ ရေကောင်းသည် ရှာပါးပေစွ။

မင်းသေ့

နေ့လယ် ၂း၂၉

၉ ၊ ဒီဇင်ဘာ၊ ၂၀၂၁။

Previous post အရေးပါ အရာရောက်ချင်သူတွေ
Next post စိနဗေဒ နှင့် မြန်မာ