အင်ဒီရာဂန္ဒီ ပြောတဲ့စကားလေးတစ်ခု သွားသတိရတယ်။ “လူနှစ်မျိုးရှိတယ်။ အလုပ်လုပ်တဲ့လူတွေနဲ့ အမှတ်ယူ တဲ့လူတွေ။ ပထမအမျိုးအစားထဲမှာ ပါပါစေ။ အဲဒီမှာ အပြိုင်အဆိုင် သိပ်မရှိဘူး” တဲ့။ စကားက သိပ်ရိုးရှင်းပါတယ်။ နေရာတိုင်း၊ ဌာနတိုင်း၊ နယ်ပယ်တိုင်း၊ အခြေအနေတိုင်း၊ အချိန်အခါတိုင်းမှာ တွေ့လေ့တွေ့ထရှိတဲ့ လူ့စရိုက် တချို့ ဖြစ်ပါတယ်။ ကျနော်ကတော့ ဖြန့်ကျက်တွေးမိတယ်။ အလုပ်လုပ်တဲ့လူတွေနဲ့ အမှတ်ယူတဲ့လူတွေ…တဲ့။

  • ဘယ်သူတွေ အလုပ်လုပ်နေသလဲ။
  • ဘယ်သူတွေ အမှတ်ယူနေသလဲ။

တချို့ကတော့ အမှတ်ယူချင်လို့ အလုပ်လုပ်ပြတဲ့သူတွေ ဖြစ်ပါလိမ့်မယ်။ မဟာမြိုင်တောရဆရာတော် ဦးဇောတိက ရဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ “ကိုယ်ကောင်းတာလုပ်တာကို လူသိခံချင်နေတာကိုက ဒုက္ခကြီးတစ်ခုပါ” တဲ့။ သိပ်မှန်လိုက်တာနော်။ ကျနော်လည်း လူထဲက လူတစ်ယောက်ပဲမို့၊ ကိုယ် ကောင်းတာမွန်တာ တစ်ခုခု လုပ်ပြီးပြီ ဆိုရင် လူတွေကို သိပ်သိစေချင်တာပဲ။ အရပ်စကားနဲ့ ပြောရင် သိပ်ကြွားချင်တာပေါ့။ လူများများသိလေလေ၊ သိတဲ့လူတွေ က ကိုယ့်ကို ကောင်းကြောင်း၊ တော်ကြောင်း၊ ထူးချွန်ကြောင်း၊ လေးစားကြောင်း၊ အသိအမှတ်ပြု ကြောင်း ပြလေလေ၊ ပြောလေလေ လူ့စိတ်မှာ ဘဝင်ပိုခိုက်လေလေ။ အဲသည့်တော့ ကိုယ်တစ်ခုခု ကောင်းရာ ကောင်းကျိုး လုပ်နေတယ်၊ ပါဝင်နေတယ်၊ လုပ်ခဲ့တယ်ဆိုတာကို လူသိအောင် ဖော်ပြချင်စိတ်ဖြစ်တိုင်း ဆရာတော် ဦးဇောတိက ရဲ့ စကားလေးက ကျနော့်ကို မပြတ် လက်တို့သတိပေးနေတယ်။ “ဟေ့အကောင်… မင်း လူသိမခံချင် နဲ့၊ သိုသိုသိပ်သိပ်နေ” ဒီလို ကိုယ့်ဘာသာကိုယ်စိတ်ထဲ ပြောမိသွားတယ်။ ဒီလိုသတိရမိတိုင်း ကျနော်ဟာ ကိုယ် လုပ်တဲ့အလုပ်ကိုပဲ အာရုံစိုက်လုပ်နေဖြစ်တော့တယ်။

နယ်ပယ်တိုင်းမှာ လိုတယ်လို့ မထင်

ဒီဘက်ခေတ်မှာ စီးပွားရေး၊ စီမံခန့်ခွဲမှုနဲ့ အောင်မြင်တိုးတက်ကြီးပွားကြောင်း ဟောပြော၊ ရေးသား၊ သင်ကြားသူ တွေကို ခပ်များများတွေ့လာခဲ့ရပါတယ်။ အထူးသဖြင့် ၂၀၁၃ နဲ့ ၂၀၂၀ ခုနှစ်ကာလတွေလို့ တိတိကျကျ ပြောနိုင်ပါ တယ်။ သူတို့တတွေရဲ့ ပို့ချချက်တွေထဲမှာ “personal branding” လုပ်ဖို့ တိုက်တွန်းနိုးဆော်၊ ဆော်ဩတာတွေ ခပ်များများတွေ့ရပါတယ်။ အောင်မြင်ချင်သူ၊ ကျော်ကြားချင်သူ၊ ထင်ပေါ်ချင်သူ၊ အရာရောက်ချင်သူ … စသူတွေ အတွက် ကိုယ့်ကိုယ်ကို အမှတ်တံဆိပ်လို ကြော်ငြာဖို့ လိုတာ မှန်ပါတယ်။ ထိုနည်းလည်းကောင်း ကိုယ့်ကိုယ်ကို ကိုယ် အများယုံကြည်လက်ခံတဲ့ အမှတ်တံဆိပ်တစ်ခုလို ဖြစ်အောင် ကြိုးစားရတာ မှန်ပါတယ်။ စီးပွားရေးနယ်ပယ် နဲ့ လူမှုကွန်ယက်မီဒီယာတွေနဲ့ ဆက်နွှယ်ပြီး အလုပ်လုပ်နေတဲ့သူတွေကတော့ ကိုယ့်ကို လူပိုသိလေလေ ပိုအကျိုး ဖြစ်ထွန်းလေ ဖြစ်တော့၊ ဒီကိစ္စကလုပ်ရမှာ ဖြစ်တယ်လို့ ထင်ပါတယ်။ သို့သော်လည်း နယ်ပယ်တိုင်းက လူတွေ အတွက် သိပ်လိုအပ်မယ် မထင်ပါဘူး။ အကယ်၍ အလုပ်လုပ်တာက နည်းနည်း “personal branding” လုပ်တာက များများဆိုရင် လူ့အဖွဲ့အစည်းမှာ ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ ဟုတ်လို့ ကျော်၊ ပုပ်လို့ ပေါ်တယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် လူတော်တော်များများက မဟုတ်ဘဲနဲ့ ကျော်ချင်ကြတာများတယ်။ မလုပ်ဘဲနဲ့ ကျော်ချင် ကြတာများတယ်။

မင်းမှာ ရှိသင့်ရှိထိုက်တဲ့စွမ်းရည်တွေ မရှိမှာကို ပူပန်ပါ

“နိုင်ငံရေးဆိုတာ ကိုယ့်ကိုယ်ကို လူရာဝင်အောင်လုပ်ခြင်းပဲ” ဆိုတဲ့စကားတစ်ခု ကြားဖူးပါတယ်။ တကယ်တော့  “personal branding” ဆိုတာ လူရာဝင်အောင်လုပ်ခြင်းတစ်မျိုးပါပဲ။ အရေးပါလို့ အရာရောက်သူကို မပြောလိုပါ။ အရာမရောက်ဘဲနဲ့ ကိုယ့်ကိုယ်ကို ကြေညာမောင်းခတ်ပြီး မဏ္ဍပ်တိုင်ဖက်တက်ပြတာမျိုးက၊ စစ်မှန်သော ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခု တည်ဆောက်ခြင်းလို့ မထင်ပါ။ လုပ်သလောက် ပြောတယ်၊ ပြတယ်၊ ပြသလောက်လည်း လုပ် တယ်ဆိုတာမျိုးကတော့ လက်ခံနိုင်ဖွယ်ရာ ရှိပါတယ်။ သို့သော်လည်း လူတော်တော်များများဟာ ကိုယ့်စွမ်းရည် ကိုယ် ကိုယ် မဖြည့်ကျင့်ဘဲနဲ့ အရာရောက်ချင်ကြတယ်။ အရေးပါချင်ကြတယ်။ ဒါဟာ လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးပဲ။

ကွန်ဖြူးရှပ်က ပြောခဲ့ဖူးတယ်။

  • မင်းကို လူတွေ မသိမှာ မပူပန်ပါနဲ့…တဲ့။
  • မင်းမှာ ရှိသင့်ရှိထိုက်တဲ့ စွမ်းရည်တွေ မရှိမှာကိုသာ ပူပန်ပါ…တဲ့။

ဒီစကားလေးကို သိပ်ကြိုက်တာပဲ။ ဒီစကားတွေဟာ ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ထင်ပေါ်အောင် အရာဝင်အောင် အရေးပါအောင် လုပ်ဖို့ စိတ်ဖြစ်မိတိုင်း သတိပေးမိတဲ့၊ သတိရမိတဲ့ စကားတွေပဲဖြစ်ပါတယ်။

စာရေးသူ ကျနော်အပါအဝင်

ကျနော် ကိုယ်တိုင်လည်း အွန်လိုင်းမီဒီယာစာမျက်နှာမှာ စာရေးနေသူဖြစ်လေတော့၊ စာရေးတာလား (Like) များများ လိုချင်တာလား … ဆိုတာ အမြဲတမ်း ဝေခွဲရပါတယ်။ အင်ဒီရာဂန္ဒီပြောခဲ့သလို၊ အလုပ်လုပ်တဲ့သူလား အမှတ်လိုချင်တဲ့သူလားဆိုတာကို ဝေခွဲရသလို ဖြစ်ပါတယ်။  “မင်းက စာရေးတဲ့သူလား… like များများလိုချင်တဲ့ သူလား” ဒီမေးခွန်းကို အမြဲတမ်း မေးပြီးတော့ ကျနော် စာတွေရေးပါတယ်။ ဒီဘက်ခေတ်မှာလည်း စာရေးချင်တဲ့ လူငယ်တွေ အတော်များများတွေ့ရပါတယ်။ “မင်းက စာရေးမယ့်သူလား… like များများလိုချင်တဲ့သူလား” ဆိုတာ မေးရမယ့် မေးခွန်းထင်ပါတယ်။ တချို့လည်း အွန်လိုင်းပေါ်မှာ စာလေးတွေ ရေးတင်ကြတယ်။ သို့ပေမယ့် သူတို့ စာလေးတွေက “like” များများ မရတဲ့အခါ စာဆက်ရေးဖို့ အားပျော့သွားကြတယ်။ ဒါဟာ မဖြစ်သင့်ပါ။ လူများ တကာ အသိအမှတ်ပြုမှ မင်းဟာ စာရေးဆရာ ဖြစ်မှာ မဟုတ်ပါဘူး။ သူများတကာ အရေးတယူပြုမှ မင်းဟာ စာရေးဆရာဖြစ်တာ မဟုတ်ပါဘူး။ လူများများသိမှ မင်းဟာ စာရေးဆရာဖြစ်တာ မဟုတ်ပါဘူး။ စာရေးဆရာရဲ့ အလုပ်ဟာ စာရေးနေတဲ့အလုပ်ပါပဲ။ လူတွေရဲ့ အထင်အမြင်နဲ့ အသိအမှတ်ပြုမှုဟာ နောက်ပိုင်းကဏ္ဍတွေပါ။ ကနဦး ၊ ဦးစားပေး၊ အဓိက၊ အခရာ မဟုတ်ပါဘူး။ ဒါကို ခွဲခွဲခြားခြားနားလည်သင့်တယ်လို့ ထင်ပါတယ်။

ကျီးနဲ့ ဖုတ်ဖုတ်

နိုင်ငံရေးနယ်ပယ်မှာလည်း ထိုနည်းလည်းကောင်းတွေ့ရတာပါပဲ။ နိုင်ငံရေးလုပ်ချင်တဲ့သူနဲ့ အရေးပါအရာရောက် ချင်သူဆိုပြီး ကွဲပြားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလနဲ့ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွေမှာ၊ တကယ် နိုင်ငံရေးစိတ်မရှိပါဘဲ အရာရောက်ချင်လို့ အရေးပါချင်လို့ ရတဲ့ နိုင်ငံရေးပါတီတွေထဲ တိုးဝင်ပြီး ကိုယ်စားလှယ်လောင်း ငမ်းငမ်းတက်ဖြစ်ချင်ခဲ့သူတွေကို တွေ့ဖူးပါတယ်။ ရွေးကောက်ပွဲအလွန်လည်းရောက်ရော မဲလည်း ရှုံးပြီးတော့ သူတို့အားလုံးဟာ သူတို့ ဝင်ထားတဲ့ပါတီရဲ့ ပုံမှန်အစည်းအဝေးလေးတောင် တက်ဖော်မရတော့ ဘူး။ နောက်ဆုံးပါတီမှာလည်း ၎င်းလိုလူတွေများတာကြောင့် အစည်းအဝေးတောင် မလုပ်ဖြစ်တော့ဘဲ၊ ပါတီ ဆိုင်းဘုတ်သာ ကျန်တဲ့ပါတီတွေ မြောက်မြားစွာ တွေ့ခဲ့ရပါတယ်။ ဒါဟာ ဘာလဲဆိုတော့ နိုင်ငံရေးလုပ်ချင်တဲ့သူနဲ့ အရေးပါချင်သူ လူရာဝင်ချင်သူတွေရဲ့ အဓိက ကွာခြားချက်ပဲဖြစ်ပါတယ်။

မင်းသေ့

နေ့လယ် ၂း၀၀

၂၈၊ နိုဝင်ဘာ၊ ၂၀၂၁။                          

Previous post ငါတို့ ချမ်းသာတယ်
Next post ရေ