မြန်မာပြည်ပညာရေးက ကောင်းကောင်း မပေးနိုင်တဲ့ ဘဝအတွက် အလိုအပ်ဆုံးအရာ တချို့ကို၊ ကိုယ့်ဘာသာ ကိုယ် ဖြည့်ကျင့်ရမယ်လို့ ယူဆပါတယ်။ မြန်မာပြည် ပညာရေးက ဘာကို ကောင်းကောင်းမပေးနိုင်သလဲ။ ဘဝ အတွက် အလိုအပ်ဆုံးဆိုတာ ဘာမို့လို့လဲ။ ကိုယ့်ဘာသာ ဖြည့်ကျင့်ရမယ်ဆိုတော့ ဘယ်လို ဖြည့်မလဲ။

တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်တွေ တူနိုင်မယ် မထင်ပါ။ ဒီနေရာမှာ အရင်းခံ အကျဆုံး၊ အခြေခံ အကျဆုံး လိုအပ်ချက် တစ်ခုကို ပြောချင်ပါတယ်။ လူရယ်လို့ ဖြစ်လာရင်၊ လူတိုင်းလိုလို ရှိထားရမယ့် လူသားတန်ဖိုးလို့ ပြောရင်လည်း ရနိုင်ပါတယ်။

  • ကိုယ့်စည်းကမ်းကို ကိုယ့်ဘာသာသတ်မှတ်ပြီး တာဝန်သိသိနေတတ်ဖို့။

အထူးသဖြင့် ၊ ကျနော်တို့ သားသမီး မြေးမြစ် တူ တူမတွေကို ဒီလိုအပ်ချက်တွေနဲ့ သွန်သင်ကြဖို့၊ လေ့ကျင့်သင်ကြား ပေးကြဖို့ လိုမယ်လို့ ထင်ပါတယ်။ မြန်မာပြည်ရဲ့ အထွေထွေသော ပြဿနာရပ်တွေမှာ၊ ပညာရေးကနေ ဒီလိုအပ် ချက်တွေကို အုတ်မြစ်ချ မပေးနိုင်ခြင်းရဲ့ အကျိုးဆက်တွေအဖြစ် တွေ့မြင်နေရပါတယ်။

ငယ်တဲ့ အမှု – ကြီးအောင်

များသောအားဖြင့် လူ့အဖွဲ့ အစည်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ လူမှုပဋိပက္ခတွေထဲမှာ၊ ဒီအရည်အချင်းတွေ ချို့တဲ့လို့ – “အပ်နဲ့ထွင်းရမယ့်ကိစ္စ” ဟာ ဓားနဲ့ လှီးထုတ်နေရတယ်။ ဓားနဲ့ လှီးထုတ်လိုက်ရင် ပြီးမယ့်ကိစ္စကို ၊ ပုဆိန်နဲ့ ပေါက်နေရတယ်။ ဒီအမှားကျော့ စက်ဝန်းဟာ မျိုးဆက်အလိုက် ထပ်ခါထပ်ခါ လည်နေတာတွေ့ရပါတယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင်၊ ကျနော်တို့ မျိုးဆက်အလိုက်ဟာ ကိုယ်လုပ်ရမယ့် အလုပ်ကို ပီပီပြင်ပြင် မသိခဲ့ဘူး၊ ရှင်းရှင်းလင်းလင်း မသိမြင်ခဲ့ဘူးဆိုတာ ပြနေပါတယ်။ အခုလည်း ဒီလို အဝိဇ္ဇာအမှောင်ဖုံးတာတွေ တွေ့မြင်နေရဆဲဖြစ်ပါတယ်။

ကြိမ်နဲ့ တို့ရမယ့် ကိစ္စ

မြန်မာအများစုဟာ – “အမှုမဲ့ အမှတ်မဲ့” နေစိမ့်လွန်းတယ်။ ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ နေလွန်းအားကြီးတယ်။ လက်ငင်း အကျိုးရလဒ် ထွက်မယ့်အရာတွေကိုပဲ အာရုံစိုက်လွန်းတယ်။ မျိုးဆက်အလိုက် ပဲ့ပြင်ရမယ့် အလေ့အကျင့်တွေကို ပြင်ဆင်ဖို့ သတိမရှိဘူး။ ကျနော်တို့ ရှေ့က လူကြီးတွေလည်း ထိုနည်းလည်းကောင်းပဲ။ ကျနော်တို့ မျိုးဆက်လည်း ထိုနည်း လည်းကောင်းပဲ။ ကျနော်တို့ နောက်က မျိုးဆက်လည်း ဒီလိုအခြင်းအရာမျိုးတွေပဲ တွေ့မြင်နေရသေးတယ်။ ဒါဟာ လက်တို့ သတိပေးရမယ့်ကိစ္စကို မဟုတ်တော့ဘူး။ ရွာဦးဘုန်းကြီးကျောင်းက ဆရာတော်ကို လျှောက် ထားပြီး၊ “ကြိမ်နဲ့ တို့ရမယ့်ကိစ္စ” ဖြစ်နေပါပြီ။

ကိုယ့်စည်းနဲ့ ကိုယ့်ကမ်းနဲ့

မြန်မာတွေမှာ ကိုယ့်စည်းနဲ့ ကိုယ့်ကမ်းနဲ့ သတ်သတ်မှတ်မှတ် ပြဌာန်းပြီး ကိုယ့်ဘဝကို တည်တည်ငြိမ်ငြိမ် လျှောက် လှမ်းနေတဲ့သူ ရှားလှပါတယ်။ သူများသတ်မှတ်ပေးတဲ့စည်းကမ်းတွေမှာပဲ ငြင်းချက်ထုတ်၊ ဝိဝါဒပွားနေတာတွေ့ရ ပါတယ်။ တကယ်တော့ လွတ်လပ်မှုဆိုတာ စည်းကမ်းနဲ့ တွဲဖက်မှ တန်ဖိုး ရှိပါတယ်။ ရွာမှာလည်း စည်းနဲ့။ မြစ်မှာ လည်း ကမ်းနဲ့။ စည်းကမ်းဆိုတာ ဘောင်အကန့်အသတ်ကို ပြောတာလည်း ဖြစ်ပါတယ်။ ကိုယ့်နယ်ကို ကိုယ် သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ လက်လွှတ်စပယ် ထင်တိုင်းကြဲနေတာ စည်းကမ်း မဟုတ်ဘူး။ စည်းကမ်း ဆိုတာ တနည်းအားဖြင့် အကန့်အသတ်ကို သိခြင်းဖြစ်ပါတယ်။ ငါ ဘယ်နေရာမှာ ရပ်လိုက်ရမလဲဆိုတာ သိဖို့ ဖြစ်တယ်။ ဆရာတော် သံဃာတော်ကြီးတွေကတော့ – သူတို့ တရားဟောတဲ့ အခါ၊ ထည့်ထည့် ပြောတယ်။ “အတိုင်းအရှည်” ကို သိဖို့ လိုသတဲ့။ ကိုယ့်အတိုင်းကိုယ့်အထွာ ကိုယ့်ဘာသာ သတ်မှတ်ပြီး လူမှုဝန်းကျင်ထဲမှာ တစ်ယောက်ကို တစ်ယောက် လေးလေးစားစားနဲ့ နေနိုင်ဖို့ ဖြစ်တယ်။ ကိုယ့်တာဝန်က ဘာလဲဆိုတာကို ဂဃဏန သိထားပြီး၊ သူ့တာဝန်က ဘာလဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ထားရမယ့် ကိစ္စဖြစ်ပါတယ်။

စကားထဲက ဇာတိပြ

နေ့စဉ်လိုလို လူတိုင်းမှာ တွေ့နေရတဲ့ ပြဿနာက – ကိုယ်ဟာ ဘယ်စကားကို ဘယ်အတိုင်းအတာအထိ ပြောမယ်၊ ဘယ်လောက်ပဲ ပြောမယ်၊ ငါ ဒီစကားကို ဘယ်နေရာမှာ ရပ်ရမလဲဆိုတာ မသိတာ ဖြစ်ပါတယ်။ ဒီလို ကိုယ်ပြော မယ့်စကားရဲ့ အတိုင်းအရှည်ကို နားမလည်တဲ့အခါ၊ မလိုလားအပ်တဲ့ လူမှုပြဿနာတွေ ပေါ်လာပါတယ်။ မဖြစ်သင့် တဲ့ လူမှုပဋိပက္ခတွေ ဖြစ်လာပါတယ်။ နေ့စဉ်လိုလို လူတွေ ကိုယ့်စည်း ကိုယ့်ကမ်းကို နားမလည်ကြတာ – ပြောခြင်း ဆိုခြင်းကိစ္စမှာ အတော်တွေ့ရပါတယ်။

ဒါဟာ အသက်ကြီးခြင်း၊ ငယ်ခြင်းနဲ့လည်း မဆိုင်ဘူး။ ပညာတတ်ခြင်း၊ မတတ်ခြင်းနဲ့လည်း မဆိုင်ဘူး။ ချမ်းသာခြင်း၊ ဆင်းရဲခြင်းနဲ့လည်း မဆိုင်ဘူး။ “အလိုက်ကန်းဆိုး” မသိဘူး။ “အလိုက်ကန်းဆိုး” နားမလည်ဘူးလို့ ပြောရမှာ ဖြစ်တယ်။

ဒါတွေလိုတယ်

နေ့စဉ်လိုလိုတွေ့နေရတဲ့ လူတွေကြားထဲက ပြဿနာတွေဟာ – တစ်သီးချင်းစီရဲ့ အသိ – သတိနဲ့သာ ပိုသက်ဆိုင်နေ တာတွေ့ရတယ်။ နေ့စဉ် ပြောဆိုဆက်ဆံထိတွေ့နေရတဲ့ လူအချင်းချင်း ဆက်ဆံရေးတွေ ပြေပြေလည်လည် ရှိစေဖို့ ၊

  • “အထူအပါး” နားလည်ဖို့ လိုတယ်။  
  • “အရိပ်သုံးပါး” နားလည်ဖို့ လိုတယ်။
  • “အတိုင်းအရှည်” ကို သိဖို့ လိုတယ်။
  • “အကန့်အသတ်” ကို နားလည်ဖို့ လိုတယ်။

 ဒါဟာ တနည်းအားဖြင့် ကိုယ့်ကိုယ်ကို စည်းကမ်းပြဌာန်းပြီးနေထိုင်တတ်တဲ့ အလေ့အကျင့် ချို့တဲ့တာဟာ ပေါ်လွင်နေတယ်၊ သိသာထင်ရှားနေတယ်။ မြန်မာတွေဟာ လက်လွှတ်စပယ် နေတတ်လွန်းအားကြီးတယ်။ တစ်ခုခုဆို “ပက်ခနဲ” ပြော၊ “ပက်ခနဲ” တုံ့ပြန်လိုက်တာတွေ ခပ်များများတွေ့ရတယ်။ “အထိန်း” မရှိဘူးလို့ ပြောရမယ်။ ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်ဘူး။ ကိုယ့်နှုတ်ကို ကိုယ်မထိန်းနိုင်ဘူး။ ကိုယ့်အပြုအမူကို ကိုယ် မထိန်းနိုင်ဘူး။ ဒါဟာ အသက်ကြီးခြင်း ငယ်ခြင်းနဲ့ မဆိုင်ဘူး။ အလိုက်ကန်းဆိုး သိခြင်း မသိခြင်းနဲ့ပဲ ဆိုင်တယ်။

  • တချို့လည်း အသက်ကြီးလို့သာ လူကြီးဖြစ်လာတာ။
  • စိတ်သက်က ရင့်မလာဘူး။
  • တချို့လည်း ဘွဲ့ဒီဂရီရှိလို့သာ နေရာ တစ်ခုရနေတာ။
  • ဉာဏ်သက်က ရင့်မလာဘူး။

စိတ်သက်နဲ့ ဉာဏ်သက်ရင့်မလာဘဲ၊ “အနေကြာလို့ မေဂျာ” ဖြစ်တာကို “ငါဟဲ့ အာဂလူသား” လို့ မှတ်ထင်နေရင် တော့ မှားလိမ့်မယ်။ လူဟာ ကိုယ့်အကန့်အသတ်ကို ကိုယ်သိဖို့။ ကိုယ့်အတိုင်းအရှည်ကို ကိုယ်နားလည်ဖို့။ ကိုယ့် စည်း ကိုယ့်ကမ်းကို ကိုယ့်ဘာသာ ပြဌာန်းသတ်မှတ်နိုင်ဖို့ သိပ်လိုအပ်တယ်။

မင်းသေ့

နေ့လယ် ၂း၄၅

၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။

Previous post ကြက်သအုပ်မ – နှစ်ခါယက် ၊ ရေထွက်တဲ့ ဒေသ
Next post သင်ဟာ ကွန်မြူနစ်တစ်ယောက်လား