• မိတ်ဆွေတွေနဲ့ စကားပြောဖြစ်ရင်၊ ဒေါက်တာသန်းထွန်းရဲ့ စကားလေး တစ်ခွန်း ထည့်ထည့် ပြောဖြစ်တယ်။ “သွားရမည့်ခရီးကား ဝေးသေး၏။ ခြေသာလျှင် ယာဉ်ရှိကုန်၏” တဲ့။ အစတုန်းက ဒီစကား လေးကို သိပ်နားမလည်ဘူး။ လူထုတော်လှန်ရေးကာလ တဖြည်းဖြည်း ကာလရှည်လာမှ၊ တစိမ့်စိမ့်တွေး မိပြီး သဘောပေါက်လာတယ်။ “သွားရမည့်ခရီးကား ဝေးသေး၏” ဆိုတာ တကယ့်အမှန်ပါပဲ။ ဘယ်ယာဉ်ရထားမှ အားကိုးလို့ မရဘူး။ ကိုယ့်ခြေထောက်ကို ကိုယ်ယာဉ်လုပ်ပြီး သွားရမှာ လက်တွေ့ပဲ။  အဲသည့်တော့ လျှောက်ရအုံးမယ်၊ လိုသေးတယ်လို့ တွေးတိုင်း စိတ်က ကျချင်လာတယ်။ ဒါပေမယ့် – ဖေမြင့်ရဲ့ စာအုပ်လေးတစ်အုပ်ထဲက စကားလေးတစ်ခွန်း သွား သတိရတယ်။
  • “ဘယ်လောက်အဝေးကြီးသွားရအုံးမယ်ဆိုတာ မစဉ်းစားနဲ့၊ ရှေ့တစ်မိုင်အတွက်ပဲ စဉ်းစား၊ ဒါဆို မင်းတို့ရောက်လိမ့်မယ်လို့ ငါ ယုံကြည်တယ်”
  • တခါတရံ ဘဝဆိုတာလည်း၊ စိတ်ကို လှည့်စားပြီး ကြိုးစားလျှောက်လှမ်းရင်း ကိုယ်လိုရာ ပန်းတိုင်ကို ရောက်ခဲ့ကြတာပဲလို့ တွေးမိတယ်။ ဒီနည်းကို မြန်မာပြည်မှာ စပြီး အားပေးလှုံ့ဆော်သူကတော့ ဆရာကြီး ပီမိုးနင်း လို့ ထင်ပါတယ်။ ပီမိုးနင်းဟာ သူ့ရဲ့ တက်ကျမ်းစာအုပ်ပါးလေးတွေ ဖြစ်တဲ့ အောင်စိတ်၊ ကိုယ့်ထူး ကိုယ်ချွန်၊ အာဂလူ — စတဲ့စာအုပ်လေးတွေမှာ၊ “auto-suggestion” နဲ့ပတ်သက်ပြီး လေ့ကျင့်ခိုင်းတယ်။ “အောင်စိတ်သွင်းတယ်” ခေါ်နိုင်မလား။ ချမ်းသာချင်တဲ့လူတစ်ယောက်ကို “ငါ သူဌေးဖြစ်နေပြီ” လို့ ကိုယ့်ကိုယ်ကို ထင်မှတ်ခိုင်းတာ။ ဒီတော့ လူဟာ သူဌေးကျင့်၊ သူဌေးကြံ – ကျင့်ကြံလာပြီး၊ နောက်ဆုံး တကယ် သူဌေးတစ်ယောက် ဖြစ်လာတာ။
  • ဒီနည်းကို ကျင့်သုံးတဲ့သူတွေ ဘယ်လောက် ကြီးပွားခဲ့သလဲဆိုတာတော့ မသိပါ။ တချို့အတွက်ကတော့ လူရယ်ချင်စရာ ဖြစ်လိမ့်မယ်။ သို့ပေမယ့် လူပိန်းကမ္ဘာအတွက် စိတ်နေမြင့်အောင် ဒီနည်းက ကူမနိုင်တယ် လို့ ဆိုရင်၊ သိပ် မငြင်းနိုင်ဘူး။ ဒီနေရာမှာ ချမ်းသာကြွယ်ဝလာသူ တစ်ယောက်ဟာ လက်တွေ့အားဖြင့် သူ့ရဲ့ လုံ့လဝီရိယနဲ့ “စိတ်နေမြင့်မှု” ဟာ ပါဝင်နေတယ်လို့ ထင်တယ်။  ကျနော့်အထင် ဆရာကြီး ပီမိုးနင်း ဟာ “စိတ်နေမြင့်အောင်” မြှင့်ပေးလိုက် တာပါပဲ။ စိတ်အားဖြင့် မြင့်လာရင် လူလည်း မြင့်လာမယ်လို့ ယူဆဟန်တူတယ်။
  • ၂၀၂၁ ဖေဖော်ဝါရီလထဲမှာ ကိုမင်းကိုနိုင်က “အောင်စိတ်သွင်းထားရမယ်” ဆိုတဲ့ စကားကို အတွင်တွင် ပြောတာ ကြားခဲ့ရပါတယ်။ ဒါဟာ ပီမိုးနင်းရဲ့ “auto-suggestion” နည်းနဲ့ တူသလား။
  • နောက်ပိုင်းမှာ လူတွေရဲ့ အပြုအမူအပြောအဆိုတွေမှာ၊ “အရေးတော်ပုံအောင်နေပြီ” တို့၊ “ငါတို့ နိုင်နေပြီ” တို့ — ခဏ ခဏ တွေ့ရပါတယ်။ ကြိမ်ဖန်များစွာလည်း တွေ့ရပါတယ်။ ဒီနေရာမှာ တို့လူထုရဲ့ အဖြစ်ကို တွေးလိုက်မိတယ်။ “ဪ… ငါတို့ဟာ ကိုယ့်စိတ်ကို လှည့်စားပြီး၊ အားတင်းလျှောက်နေကြပါ့လား” ဆို သွားတွေးမိတယ်။ ဒီလိုအချိန်မှာ တစ်ယောက်ကိုတစ်ယောက်လည်း အားမပေးနိုင်ကြတော့၊ ကိုယ့်စိတ် ကို ကိုယ်လှည့်စားပြီး အားတင်းရှေ့ဆက်ကြရတာပဲ မဟုတ်လား။
  • အမှားကြာ အမှန်ဖြစ် ဆိုတဲ့စကား ရှိသလို၊ လူဟာ စကားတစ်ခွန်းကို ယုံယုံကြည်ကြည်နဲ့ ကြိမ်ဖန်များစွာ၊ ထပ်ခါတလဲလဲ ပြောပါများလာရင် အဲဒါကို ကိုယ်ကိုယ်တိုင် တကယ်ဖြစ်လာသလို ခံစားလာရတာ ထုံးစံပါ ပဲ။ လက်တွေ့အားဖြင့် ဘယ်လောက်ဖြစ်မြောက်တယ်ဆိုတာကတော့ – ယုံကြည်သက်ဝင်မှုနဲ့ လုံ့လဝီရိယ အပေါ်မှာလည်း သက်ဆိုင်သလို၊ ဘယ်လောက်စိုက်လိုက်မတ်တပ် ကျင့်ကြံသလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။
  • အကယ်၍ ကိုယ့်စိတ်ကို ဖြေဖျောက်ရုံ လှည့်စားတယ်ဆိုရင်တော့၊ ဒါဟာ “စိတ်အာသာဖြေနည်း” သက်သက်ထက် ပိုမယ် မထင်ပါ။ ကာလ၊ ဒေသ၊ ပယောဂ အားဖြင့် – အခြေအနေနဲ့ အချိန်အခါ အားဖြင့် သိမြင်နားလည်ပြီး လက်တွေ့ကျကျ လုပ်ရမယ့်အရာတွေ အများကြီး ရှိနေပါသေးတယ်။
  • ဒီနေရာမှာ — မြန်မာတွေ ပြောလေ့ ပြောထရှိတဲ့ စကားလေး တစ်ခုလည်း သတိရမိတယ်။ ရေရအောင် ရေတွင်းတူးတာပါ။
  • လူတချို့က ရေရချင်တယ်။ ဒီတော့ ရေတွင်းတူးတယ်။ ဟိုနေရာ နှစ်ပေသုံးပေလောက် တူးလိုက်တယ်။ ရေက ထွက်မလာသေးဘူး။ ဒီတော့ နောက်တစ်နေရာ ပြောင်းပြီး နှစ်ပေသုံးပေလောက် တူးတယ်။ ရေ မတွေ့ပြန်ဘူး။ နောက်ထပ် တစ်နေရာ ထပ်ပြောင်းပြီး တူးတယ်။ အဲသည့်အခါလည်း နှစ်ပေ သုံးပေ လောက်ပဲ တူးတယ်။ ရေက မထွက်ဘူး။ ဒီတော့ စိတ်ပျက်ပြီး၊ ဒီနေရာက ရေမထွက်ပါဘူးကွာ ဆိုပြီး စိတ်ပျက် အားလျော့ အရှုံးပေးသွားကြတယ်။
  • တကယ်တော့ ရေတွင်းတူးတယ်ဆိုတာ တစ်နေရာတည်းမှာ ဇောက်ချပြီး တူးရမှာ။ နှစ်ပေသုံးပေ လောက်နဲ့ မရဘူး။ လေးငါး ခြောက်ပေ တူး။ မရသေးဘူး။ ဆယ်ပေ ဆယ့်ငါးပေ တူး။ မဆိုးဘူး ရေဓာတ် တွေ့လာပြီ။ ရေစိမ့်လာပြီ။ နောက်ထပ် ထပ်တူး။ ပေ (၂၀) အစိတ်လောက် ရောက်လာပြီ။ ရေကြော ကောင်းကောင်း ထပ်တွေ့ချင်သေးတယ်။ ထပ်တူး ထပ်တူး။ ပေ အစိတ် သုံးဆယ်လောက်ဆို ကောင်းကောင်း တွေ့ပါတယ်။ တချို့လည်း ဒီ့ထက် တူးချင် တူးရမပေါ့။
  • ဒီတော့ အလုပ်တစ်ခု ဖြစ်မြောက်ဖို့၊ လိုချင်တဲ့အရာ ရဖို့ကတော့ ဇောက်ချ လုပ်ရမှာပဲ။ တို့ကနန်းဆိတ်ကနန်းလုပ်လို့ မဖြစ်ချေဘူး။ တို့တိတို့တိလုပ်ပြီး ဒါ မဖြစ်ပါဘူးကွာ ဆိုပြီး ရပ်ပစ်လိုက်ရင် ဘယ်အောင်မြင်မလဲ။ ထိုနည်းလည်းကောင်းပဲ။ ရေတွင်းတူးသလို။ ကျနော်တို့က မြေပေါ်မှာ တူရွင်းပြားနဲ့ ဟိုလိုက်ဆွ ဒီလိုက်ဆွရုံနဲ့ ရေ ဘယ်ရမလဲ။ ဟိုနေရာ နှစ်ပေသုံးပေလောက် လိုက်တူး၊ ဒီနေရာ နှစ်ပေ သုံးပေလောက် လိုက်တူး နေရုံနဲ့လည်း ဘယ်ရမလဲ။ တစိုက်မတ်မတ်နဲ့ ဇောက်ချ လုပ်ရမှာ။
  • ဘဝမှာလည်း ထိုနည်းလည်းကောင်းပဲ။ ကိုယ်အောင်မြင်ချင်တဲ့အရာ၊ ကိုယ်ရောက်ချင်တဲ့ ခရီး၊ ကိုယ် လျှောက်ရမယ့် ပန်းတိုင်ကို တစိုက်မတ်မတ်နဲ့ ဇောက်ချ လုပ်နေရမှာပဲ။ အဲသည်လို လုပ်နေတဲ့သူဟာ တစ်နေ့ကျတော့ ရောက်ကို​ ရောက်တာပဲ။ ရေရချင်တဲ့သူက ရေရဖို့တော့ ဇောက်ချတူးရမှာပဲ။
  • ဒီနေရာမှာ ရေသိပ်ပေါတဲ့ဒေသက လူတွေကတော့ လှတောသား စကားနဲ့ ခနဲ့ လိမ့်မယ်။ “တို့ရွာကတော့ ဟေ့၊ ရေ ဘယ်လောက် ပေါသလဲဆိုရင် ၊ ကြက်သအုပ်မ – နှစ်ခါ ယက် ၊ ရေထွက် သကိုးဗျ” ဆိုသလိုလို တော့ ပြောကြအုံးမှာ မြင်ယောင်သေး။

မင်းသေ့

နေ့လယ် ၁၂း၅၆

၁၆၊ နိုဝင်ဘာ၊ ၂၀၂၁။

Previous post ဗမာ့စိတ်ထား
Next post အလိုက်ကန်းဆိုး သိပါ