• ယုံမှတ်လို့ ပုံအပ်
  • ချစ်မိပြီဆို အသည်းစွဲ
  • ချစ်လုံးလုံး မုန်းလျားလျား

ဗမာတွေဟာ ဥပါဒါန်အစွဲအလမ်းကြီးတတ်သူမျိုးတွေဖြစ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓသွန်သင်တဲ့ ဂတိ အစွဲအလမ်း (၄) မျိုးမှာ၊ ချစ်ရင်လည်း အချစ်ကြီး၊ မုန်းရင်လည်း အမုန်းကြီးတာကို တွေ့ရပါတယ်။ မြန်မာစကားမှာ – ချစ်လုံးလုံး မုန်းလျားလျား ဆိုတဲ့ စကား ရှိပါတယ်။ ချစ်ရင်လည်း ပုံပြီး ချစ်ပစ်လိုက်တယ်။ မျက်စိကို စုံမှိတ်၊ အပြစ်မပြင်ပါဘူး … ချစ်ချင်တာပဲ သိတယ်ဆိုတာ မျိုး။ အဲ… မုန်းမိပြီဆိုရင်လည်း ဘာမှ လာမပြောနဲ့တော့။ ဘယ်လောက် ကောင်းအောင် လုပ်ပေး လုပ်ပေး၊ မရတော့ဘူး။ မုန်းပြီးရင်း မုန်းနေတော့တာပဲ။ ယုံမှတ်လို့ ပုံအပ်တယ်ဆိုတဲ့ စကား ရှိပါတယ်။ များသောအားဖြင့် ဗမာတွေဟာ မောဟ အမှောင်ဖုံးပြီးတော့၊ ဆင်ခြင်တုံတရားမဲ့စွာ ယုံမှတ်ကြတာများပါတယ်။ ဒါ့ကြောင့်လည်း အတွင်းသိ၊ အဆင်းသိသွားတဲ့အခါ မှာ ရွံမုန်းစိတ်ပေါ်လာပြီး၊ ယခင်က ယုံကြည်မှုပေးခဲ့တာတွေကိုတောင် ပြန်အမှတ်မရတော့ဘူး။ ပြီးတော့ တစ်ဖက်လူကို ပြင်ဆင်ခွင့်တောင် မပေးတော့ဘူး။ တစ်ဖက်လူက တတ်နိုင်သရွေ့ ကောင်းအောင် ပြုပြင်တယ်ဆိုရင်တောင်မှ၊ ခွေးမြီးတောက် ကျည်တောက်စွပ်ပါကွာ… လို့ ပြောတတ်ကြတယ်။ မယုံဘူးဆိုရင်လည်း သံသယစိတ်နဲ့ တော်ရုံလက်မခံတတ်တဲ့ ခေါင်းမာမှု မျိုးကို ဗမာတွေဆီမှာ တွေ့ရပြန်တယ်။ တကယ်တော့ ဗမာတွေရဲ့စရိုက်ဟာ အစွန်းနှစ်ပါးကို ရောကြိုထားတဲ့ အမူအကျင့်တွေ၊ စိတ်နေစိတ်ထားတွေ ဖြစ်နေတယ်ဆိုတာတွေ့ရပါတယ်။ ဒါ့ကြောင့်လည်း ဗမာတွေမှာ အစွန်းရောက်တဲ့စိတ်အခံရှိတယ်လို့ သမိုင်းပညာရှင်တွေက သတ်မှတ်ကြတာဖြစ်မယ်။

  • “မဟု” ဆို မရဘူး
  • “ဘူး” ဆိုရင် “ဖရုံ” မသီးဘူး

အချစ်ကြီးတာဟာ တနည်းအားဖြင့် ယုံမှတ်လို့ ပုံအပ်ထားတဲ့ ဆန္ဒဂတိလည်း ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း၊ မုန်းမိပြီဆို အမုန်းကြီး မုန်းတတ်တဲ့စိတ်ဟာ – ဒေါသဂတိရဲ့အားကောင်းမှုကိုပြသနေပါတယ်။ မြန်မာစကားမှာ ငါတို့ကတော့ “မဟု” ဆို မရဘူးဟေ့၊ “ဘူး” ဆိုရင် “ဖရုံ” မသီးဘူး … ဆိုတဲ့စကားတွေကို ကြားဖူးပါလိမ့်မယ်။ ရပ်ထဲရွာထဲမှာ နေ့စဉ်လိုလို သုံးနှုန်း ပြောဆိုကြတဲ့ စကားတချို့ဖြစ်ပါတယ်။ ဒီနေရာမှာ ဗမာတွေရဲ့ ခေါင်းမာမှု၊ အကျောမာမှုကို ထင်ထင်ရှားရှားပြနေပါတယ်။ ဗမာတွေဟာ တစ်ဖက်ကကြည့်ရင် သစ္စာရှိတယ်၊ ယုံကြည်မှုခိုင်မာတယ်၊ စွဲစွဲမြဲမြဲ ရှိတယ်၊ ဘက်မပြောင်းတတ်ဘူး၊ မကူးတတ် မလူးတတ်ဘူးလို့ အနက်အဓိပ္ပာယ်ရပေမယ့်၊ တစ်ဖက်က ကြည့်ရင်လည်း ဗမာတွေဟာ အစွဲကြီးတယ်၊ ခေါင်းမာတယ်၊ အကျောမာတယ်၊ အပိတ်စိတ်ရှိတယ်၊ အာဃာတကြီးတယ်လို့ ထင်စရာတွေ ရှိနေတတ်ပါတယ်။ ဒါတွေဟာ ရောထွေးပြီး တည်ရှိနေတာပါပဲ။ ဒါပေမယ့် ထင်ထင်ရှားရှား တွေ့ရတဲ့ စိတ်နေသဘောထားကတော့ “ချစ်မိပြီဆို အသည်းစွဲ” “ယုံမှတ်ပြီး ပုံအပ်” ဆိုတာတွေဟာ ဗမာ့စိတ်နေစရိုက်မှာ အများဆုံးတွေ့ရတယ်။ နောက်ထပ်ထင်ရှားတာကတော့ “မုန်းမိပြီဆိုရင်လည်း ဘာလုပ်လုပ် အကောင်းမမြင်တော့ဘူး” ဆိုတဲ့အချက်ဖြစ်ပါတယ်။

  • လိုလားရင် “ဘုရားအလောင်း”
  • မလိုလားရင် “ဒေဝဒတ်လောင်း”
  • ခွေးဇာတ်သွင်းပြီး “နာမ်နှိမ်”

ဒီနေရာမှာ ဗမာတွေရဲ့ အချစ်ကြီး အမုန်းကြီးတဲ့ အစွန်းရောက်စိတ်နှစ်ခုဟာ ဘာသာရေးနဲ့ ဆက်နွှယ်ပြီး ယူဆလက်ခံထား တာကိုလည်း တွေ့ရပါတယ်။ ဗမာတွေဟာ ပုဂ္ဂိုလ်ရေး အစွဲအလမ်းကြီးသူတွေ ဖြစ်ကြောင်း တွေ့ရပါတယ်။ သူတို့ယုံကြည်ပြီ၊ လေးစားပြီ၊ ချစ်ခင်ပြီဆိုရင် “ဘုရားအလောင်း” လောက်နီးနီး လက်ခံထားတာကိုလည်း တွေ့ရပြန်ပါတယ်။ သူတို့ မယုံကြည် တော့ဘူး၊ သူတို့ မုန်းတီးသွားပြီ၊ နာကြည်းသွားပြီ၊ လုံးဝ လက်ခံလို့ မရတော့ဘူးဆိုရင်လည်း “ဒေဝဒတ်လောင်း” နီးနီး သတ်မှတ်ယူဆထားကြတာဖြစ်ပါတယ်။ ဗမာတွေဟာ သူတို့စိတ်နဲ့ လုံးဝ ခံတွင်းမတွေ့တော့ရင်၊ အငြိုးအတေးထားပြီးတော့ တောင် ပုဂ္ဂိုလ်ရေးပုံဖျက်တာတွေကိုတောင် တွေ့နေရသလိုဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အကောင်းကြီး မဟုတ်ပေမယ့်၊ အဆိုးကြီး မဟုတ်တာကိုတောင် “ဒေဝဒတ်လိုလို” သွတ်သွင်းကြတာတွေ့ရပါတယ်။ ဗမာတွေဟာ သူတို့စိတ်နဲ့ လုံးဝ ခံတွင်း မတွေ့တော့တဲ့သူတွေကို ဒေဝဒတ်နဲ့ တစ်တန်းတည်းထားပြီး လူယုတ်မာစာရင်းသွင်းတတ်တာကိုလည်း ထင်ထင်ရှားရှား တွေ့ရပြန်ပါတယ်။ ဗမာတွေထဲမှာ အလုပ်တတ်ဆုံးအလုပ် ကတော့ သူတို့ မနှစ်မြို့သူတွေကို “ခွေးဇာတ်သွင်းတာ” ဖြစ်ပါတယ်။ ခွေးနဲ့ ပေးစားတယ်။ ခွေးသား၊ ခွေးမျိုး၊ ခွေးကောင် စသည်ဖြင့် ခွေးနဲ့ ပူးတွဲ ပညတ်တာတွေ့ လုပ်ကြပါတယ်။ ခွေးကို ယုတ်နိမ့်အောက်ကျတဲ့ အတန်းအစားလို့ သတ်မှတ်ပြီး၊ သူတို့ မနှစ်မြို့မလိုလားတဲ့ သူကို ခွေးနဲ့ တစ်တန်းတစ်စား တည်း သတ်မှတ်ကြတာတွေ့ရပါတယ်။ ဗမာတွေရဲ့အကျင့်ဟာ “နာမ်နှိမ်” လိုက်တဲ့သဘောလို့လည်း တွက်ဆလိုက်ဟန် တူတယ်။ ဗမာတွေဟာ လူတစ်ယောက်အပေါ် ယုံကြည်မှုပျက်ယွင်းသွားပြီဆိုရင်၊ အဲသည့်လူ ဘာပြောပြော မယုံတော့ပါဘူး။ ဗမာတွေမှာ ပြောလေ့ ပြောထရှိတဲ့စကားတစ်ခွန်း ရှိသေးတယ်။ “ခင်ဗျားက ချေးစားပြမယ် …. ယုံပါ” လို့ ပြောရင်တောင်၊ “ခင်ဗျား ချေး(ချီး) ကြိုက်လို့စားတာပဲ” လို့ သတ်မှတ်မယ်၊ “မယုံဘူး” “ခင်ဗျား ပြောတာ လုံးဝ မယုံဘူး” ဆိုတဲ့ စကားဟာ ထင်ရှားတယ်။ ဒါဟာ ဘာလဲဆိုတော့၊ ဗမာတွေရဲ့ ဒေါသဂတိမှာ စွဲလမ်းမှု ကြီးတယ်ဆိုတာ ထင်ရှားစေတဲ့အချက်ဖြစ်ပါတယ်။ ဗမာတွေဟာ လူတစ်ယောက်ကို မယုံတော့ရင်၊ အဲသည့်လောက်တောင် ဆိုးဆိုးရွားရွား ဖြစ်သွားတာတွေ့ရတတ်ပါတယ်။

  • “မရှိ” မာန

အထူးသဖြင့် ဗမာတွေမှာ မာန သိပ်ကြီးတာလည်း တွေ့ရပါတယ်။ ဗမာတွေမှာ တွေ့ရတဲ့ မာနဆိုတာ ဆင်ခြင်တုံတရားနဲ့ ယှဉ်ပြီးထားရှိတဲ့ မာနမျိုး မဟုတ်တာများပါတယ်။ တခါတရံ ဆင်ခြင်တုံတရားက “ဒါ မှားနေတယ်” လို့ သိထားရင်တောင်မှ၊ မာနကို မချချင်လို့ ဝန်မခံတာ၊ အမှားကို မပြင်ဘဲ ဇွတ်ပေကပ်နေတာတွေ တွေ့ရပါတယ်။ ဒါဟာ မာနရဲ့ သရုပ်ကို အထင် အရှားပြနေပါတယ်။ ဗမာတွေက ပြောလေ့ရှိကြတယ်။ “မရှိ မာန” “ရှိ မာန” တဲ့။ ဆိုလိုတာက – ငွေ မရှိ၊ ကြေးမရှိ၊ ဓနဥစ္စာ မရှိတဲ့ ဆင်းရဲသားမှာလည်း မာန ရှိတယ်။ ငွေရှိ ကြေးရှိ ဓနဥစ္စာချမ်းသာတဲ့သူမှာလည်း မာနရှိတယ်။ များသောအားဖြင့်၊ ဗမာတွေမှာ “မရှိ မာန” ဆိုတာကို ပိုလို့ တွေ့ရတယ်။ ငါတို့က ဆင်းရဲပေမယ့် “မာနရှိတယ်ဟေ့” ဆိုတဲ့ မာန်ဟာ ဗမာတွေမှာ ခပ်များများတွေ့ရပါတယ်။ ဒါတွေဟာ ဗမာတွေရဲ့ စိတ်ဓာတ်မာန်ကို ပြနေတာလည်းဖြစ်ပါတယ်။ ငါတို့က ဆင်းရဲပေမယ့် ဘယ်သူ့မှ အောက်မကျို့ဘူး – ဆိုတာကို အောက်ခြေတန်းဗမာလူတန်းစားအလွှာမှာ ခပ်များများ ပြောဆို သုံးနှုန်းကြတာတွေ့ ရပါတယ်။ ဒါ့ကြောင့် တလွဲမာနထားတဲ့ လူငယ် လူရွယ်တွေကို ဗမာလူကြီးသမ တချို့က ဆုံးမကြတယ်။ “လူ့အောက်ကျို့လို့ လူပိမသေဘူးကွဲ့” ဆိုတဲ့စကားဖြစ်ပါတယ်။ တခါတရံ ဘဝရပ်တည်နိုင်ဖို့၊ ကိုယ့်မှာ ရှိထားတဲ့ မာနကို ခဝါချထားပြီး လက်တွေ့ကျကျ ရုန်းကန်ကြရတာလည်း ဗမာတွေမှာ တွေ့နေရပါတယ်။ ဒါဟာ စိတ်ဓာတ်နဲ့ လောကဓံကို ရင်ဆိုင်တဲ့ သဘောတွေလို့လည်း ပြောနိုင်ပါတယ်။

  • “ကေသရာဇာမှန်ရင် မြက်မစားဘူး”
  • “ဆန်” မရှိ ၊ “အစား” ကြီး
  • “အောက်” ကလည်းနေသေး၊  “ကြောက်ပြီလား” လည်း မေးသေး။
  • “နောင်ခါလာ နောင်ခါစျေး”
  • “ဒီဘဝ ဒီခန္ဓာစံ၊ နောက်ဘဝ နောက်ခန္ဓာခံ”
  • “ရှိ ပူရသေး၊ မရှိ ကုန်မှ အေး”

“ကေသရာဇာမှန်ရင် မြက်မစားဘူး” ဆိုတဲ့စကားကလည်း ဗမာတွေကို ကိုယ့်သီလ ကိုယ်ထိန်းကျောင်းအောင် ပဲ့ပြင်ပေးတဲ့စကားဖြစ်ပါတယ်။ ခပ်များများထက်ပြီးတွေ့ရတာကတော့ – ဗမာအများစုဟာ “ဆန် မရှိ အစားကြီး” ကြတာတွေ့ရပြန်ပါတယ်။ အလားသဏ္ဍန်တူ ခပ်ဆင်ဆင် စရိုက်ကတော့ – “အောက်ကနေလည်း နေသေးတယ်၊ ကြောက်ပြီလားလည်း မေးသေးတယ်” ဆိုတဲ့ စိတ်နေစရိုက်ဖြစ်ပါတယ်။ ဆန်မရှိပေမယ့် အစားကြီးတာ ဗမာတွေ ဖြစ်နေတတ်ပါတယ်။ ကိုယ့်တိုင်းကိုယ့်အထွာနဲ့ ချင့်ချင့်ချိန်ချိန် လုပ်တတ်ဖို့ သိပ်မစဉ်းစားဘူး။ “နောင်ခါလာ နောင်ခါစျေး” ဆိုတဲ့ အမှတ်နဲ့ ပြုမူတတ်တာတွေ့ရပါတယ်။ “ဒီဘဝ ဒီခန္ဓာစံ၊ နောက်ဘဝ နောက်ခန္ဓာခံ” ဆိုတဲ့ လက်လွှတ် စပယ်သဘောမျိုးတွေကို တွေ့ရတတ်ပါတယ်။ “ရှိ ပူရသေး၊ မရှိ ကုန်မှ အေး” ဆိုတာလည်း ဟော့ဟော့ရမ်းရမ်း ဒုံးဒုံးဒိုင်းဒိုင်း ရှေ့နောက် မကြည့်ဘဲနဲ့ လုပ်တတ်တဲ့ဗမာတွေရဲ့စရိုက်ကို ဖော်ပြနေပြန်ပါတယ်။ တခါတရံ ကိုယ်က ဖိနှိပ်ခံနေရ၊ နှိပ်စက်ခံနေ ရပေမယ့် – ကိုယ့်ကို နှိပ်စက်သူ၊ ဖိနှိပ်သူ၊ ဗိုလ်ကျသူကို “ကြောက်ပြီလား” လို့ ပြန်မေးတတ်တာလည်း၊ ဗမာတွေရဲ့ အကျင့် အဖြစ်တွေ့နေရတတ်သေးပါတယ်။

  • အလှူရေစက် လက်နဲ့ မကွာ

အောက်ခြေလူတန်းစား လူဆင်းရဲအလွှာမှာ တွေ့ရတဲ့ စိတ်နေ စိတ်ထားကတော့ “ငါတို့ဟာ ဆင်းရဲပေမယ့်၊ မခိုးဘူး၊ မဝှက်ဘူး၊ မရှိလို့တောင်းစားရင်တောင် ခိုးတာဝှက်တာ လုတာယက်တာ ကို ဘယ်တော့မှ မလုပ်ဘူးဟေ့” ဆိုတဲ့ ဆင်းရဲသားမာန်ကို တွေ့ရပါတယ်။ ဒါဟာ ဗမာတွေရဲ့ သီလအပေါ်မှာထားတဲ့ စိတ်နေ ခိုင်မြဲမှုကိုလည်း ပြနေပါတယ်။ ဒါ့ကြောင့် ဗမာတွေအများစု ဟာ ကိုယ်လက်သန်စွမ်းလို့ပဲ ဖြစ်ဖြစ်၊ ကိုယ်လက် မသန်စွမ်းလို့ပဲ ဖြစ်ဖြစ်၊ အသက်ငယ်လို့ပဲ ဖြစ်ဖြစ်၊ အသက်အိုမင်းလို့ပဲ ဖြစ်ဖြစ်၊ – ရိုးရိုးသားသား တောင်းရမ်းစားသောက်သူတွေ့ရင် ဒါနအားဖြင့် လက်ဖွာကြတာတွေ့ရပါတယ်။ “အလှူရေစက် လက်နဲ့မကွာ” ဆိုတာ ဗမာတွေရဲ့လက်သုံးစကားဖြစ်ပါတယ်။ ဗမာတွေဟာ ခိုးသူဝှက်သူ လုသူယက်သူတွေကို အမုန်းကြီး မုန်းတတ်ပေမယ့်၊ တောင်းရမ်း စားသောက်ရသူတွေကို ကရုဏာသက်လွယ် ကြတယ်။ ဒါ့ကြောင့် အလွယ်တကူ ငွေကြေး စွန့်ကြဲတတ်တာတွေ့ရပါတယ်။ ငွေကြေးစွန့်ကြဲတဲ့သူတွေဟာ ငွေရှိမှ မဟုတ်ပါဘူး။ သူတို့လက်ထဲမှာ ငွေစငွေနများများ စားစား မရှိလည်း ၊ ကိုယ့်ရှေ့မှာ တောင်းရမ်းစားသောက်သူတွေ့ရင်၊ သိပ်ငြင်းလွှတ် လေ့ မရှိဘူး။ ရှိတာလေး ပေးချင်စိတ် ရှိတတ်ကြတယ်။ နောက်ဆုံး မပေးနိုင်ရင်တောင် စိတ်ထဲက တနုံ့နုံ့နဲ့ စိတ်မကောင်း ဖြစ်နေတတ်ပါတယ်။ မြို့ပြတွေမှာ တောင်းရမ်းစားသောက်သူ အရေအတွက်ဟာ အလွန်များပြားပါတယ်။ ဗမာတွေထဲမှာ တောင်းရမ်းစားသောက်နေသူတွေကို မစွန့်ကြဲတတ်တဲ့သူတွေ ရှိကြပေမယ့်၊ စွန့်ကြဲတဲ့အရေအတွက်က ပိုများနေလို့သာ မြန်မာပြည်မှာ တောင်းရမ်းစားသောက်သူ အရေအတွက်က လျော့မသွားတာဖြစ်ပါတယ်။ supply side အားကောင်းတယ်လို့ ပြောရင် ရနိုင်မယ် ထင်တယ်။ ဒါဟာ ဗမာတွေရဲ့ ကရုဏာစိတ်၊ မေတ္တာစိတ်ကို ပြနေသလို။ တစ်ဖက်က ကြည့်ရင်လည်း မေတ္တာ၊ ကရုဏာစိတ် လွန်ကဲလို့ အရာရာမှာ မှီခိုမှုအားကြီးတဲ့လူ့အဖွဲ့အစည်းကို တွေ့နေရတာလို့လည်း ပြောနိုင်ပါတယ်။

  • “ချော်လဲ ရောထိုင်”
  • “မိုးခါးရေ”
  • “မှန်တာပြောရင်” ရွာ့ပြင်ထုတ်ခံရ

ဗမာတွေထဲမှာ နည်းနည်း လူရည်လည်တဲ့သူတွေ လုပ်တတ်တဲ့အကျင့် တချို့ရှိပါသေးတယ်။ “ချော်လဲ ရောထိုင်လုပ်တတ်တဲ့ အကျင့်” ဖြစ်ပါတယ်။ ဗမာတွေ အများစုဟာ “အုပ်စုအား” ကို မလွန်ဆန်နိုင်ဘူး။ အုပ်စုရဲ့သဘောထားကို လွန်ဆန်ရင်၊ လူအများရဲ့သဘောထားကို လွန်ဆန်ရင် “ရွာအပြင်ထုတ်ခံရမှာ” စိုးရိမ်ကြတယ်။ “မှန်တာတွေချည်း ပြောတတ်သူ” နဲ့ တွေ့ရင် ဗမာ အချင်းချင်းက သတိပေးတတ်ကြသေးတယ်။ “ရွာ့ပြင်ထုတ်ခံရမယ်နော်” တဲ့။ ဒါ့ကြောင့်လည်း အများမိုးခါးရေ သောက်ရင် ကိုယ်လည်း လိုက်သောက်မှ ဆိုတဲ့ သဘောရှိကြတယ်။ အများသဘော လွန်ဆန်တဲ့သူကို အရူးလို့ သတ်မှတ်ကြ တယ်။  ဒီတော့ ကိုယ့်စိတ်ထဲမှာ သဘောထား မတိုက်ဆိုင်နေသည့်တိုင်၊ အများနဲ့ ဝင်ရောတာ၊ အများသဘောလို နေထိုင်တာမျိုး ဗမာတွေက လုပ်တတ်ကြပါတယ်။ ဗမာ့ လူ့အဖွဲ့အစည်းထဲမှာ အုပ်စုထဲက ဖောက်ထွက် ၊ ထိုးထွက်၊ ချွန်ထွက်တတ်တဲ့ရှိရင်လည်း ဗမာအများစုက အဲသည်လူကို အုပ်စုထဲ မဝင်ဆန့်အောင် “ကြဉ်” တာမျိုးတွေ လုပ်တတ်ကြပါတယ်။ “ကြဉ်” တာမျိုးက သိပ်မဆိုးဝါးသေးပါဘူး။ အသေရေ ဖျက်တာ၊ ပုံဖျက်တာ၊ လူတောမတိုးအောင် လုပ်တာ၊ ဘဝသေအောင် လုပ်တာတွေက သိပ်ဆိုးဝါးတဲ့အကျင့်အဖြစ်တွေ့ရပြန် ပါတယ်။ ဒါတွေဟာ အာရှဓလေ့မှာလည်းတွေ့ရတဲ့အခြင်းအရာ ဆိုပေမယ့် – တရုတ်ပြည်က မော်စီတုန်းခေတ် ယဉ်ကျေးမှု တော်လှန်ရေးမှာ ကွန်မြူနစ်ရဲရဲနီတွေ လုပ်တဲ့ လူထုအပုတ်ချပွဲတွေရဲ့ စရိုက်သကန်မျိုးတွေနဲ့ အလားသဏ္ဍာန်တူနေပါတယ်။ ဒါကို ဗမာ အများစု လည်း သူတို့ လူမှုဝန်းကျင်မှာ လုပ်တတ်ကြတဲ့အကျင့် ရှိပါတယ်။ ဒါတွေကို အင်္ဂလိပ်ဝေါဟာရအားဖြင့် social punishment လုပ်တယ်လို့ ခေါ်လို့ ရပေမယ့်၊ ဗမာတွေရဲ့ အကျင့်ကတော့ လူမှုရေးဒဏ်ခတ်တယ်ဆိုတဲ့အဆင့်ထက် ပိုပါတယ်။ တခါတရံ ပုဂ္ဂိုလ်ရေးအငြိုးအတေးနဲ့များ တမင်တကာ ရည်ရွယ်ပြီး လုပ်နေသယောင်ယောင် တွေ့နေရပါတယ်။

ဒီနေရာမှာ ဗမာတွေရဲ့ အငုံ့စိတ်ကို ထိုးထိုးထောင်ထောင်တွေ့ရသလို၊ ဗမာတွေမှာ က္ကဿာမစ္ဆရိယစိတ်နဲ့ အဘိဇ္ဈာစိတ် အားကြီးလွန်းတာကိုလည်း စိတ်မကောင်းစွာ တွေ့နေရပါတယ်။ အုပ်စုသဘောထားကို လွန်ဆန်ဖောက်ထွက်သူတွေကို အုပ်စုထဲကလူတွေက မနှစ်မြို့ဘူး၊ ကဲ့ရဲ့တယ်၊ ရှုတ်ချတယ်ဆိုတာ လူ့သဘာဝဖြစ်ပေမယ့်၊ ဗမာတွေရဲ့ အာရုံညွှတ်မှုဟာ အဲသည်ထက်ပိုတယ်လို့တောင် ပြောနိုင်ပါတယ်။ စိတ်ထဲမှာ တနုံ့နုံ့နဲ့ ကိုယ်မနှစ်မြို့တဲ့သူ အတိဒုက္ခရောက် ရှုံးနိမ့်တာကို တမင်အရသာခံပြီး စိတ်အာသာဖြေ ချင်တဲ့စိတ်က ဗမာတွေထဲမှာ ပိုလွန်ထင်ရှားတာတွေ့နေရပါတယ်။

မင်းသေ့

နေ့လယ် ၂း၁၀

၁၄ ၊ နိုဝင်ဘာ၊ ၂၀၂၁။

Previous post အနာဂတ္တိဆရာတစ်ဦး၏ စိုးရိမ်သောက
Next post ကြက်သအုပ်မ – နှစ်ခါယက် ၊ ရေထွက်တဲ့ ဒေသ