​အင်္ဂလိပ်စာရေးဆရာ ဂျော့ဘားနတ်ရှော ပြောဖူးတဲ့ စကားလေး တစ်ခု ရှိတယ်။ “အသက် (၂၀) မှာ  ကွန်မြူနစ်မဖြစ်ခဲ့ဘူးဆိုရင် မင်းဟာ နှလုံးသားမရှိတဲ့ကောင်။ အသက် (၃၀) မှာ အရင်းရှင်မဖြစ်ဘူးဆိုရင်တော့ မင်းဟာ ဦးနှောက်မရှိတဲ့ကောင်” တဲ့။ ဒါကို မြန်မာတချို့က – မြန်မာလို တိညှိပြီး ပြန်ပြောတာ ရှိတယ်။ “အသက် (၁၈) လောက်မှာ မင်းဟာ ကွန်မြူနစ်မဖြစ်ခဲ့ဘူးဆိုရင် နှလုံးသားမရှိတဲ့ကောင်၊ အသက် (၄၀) လောက်ရောက်တာ တောင် မင်းဟာ ကွန်မြူနစ်ဖြစ်နေသေးရင် ဦးနှောက်မရှိတဲ့ကောင်” တဲ့။

တက္ကသိုလ်ပရဝုဏ်မှာ အရာရောက်နေဆဲ

စစ်အေးကာလမှာတော့၊ ကွန်မြူနစ်နဲ့ အရင်းရှင်ရဲ့ အားပြိုင်မှုတွေ ပြင်းထန်ခဲ့တော့ တစ်ဖက်နဲ့ တစ်ဖက် ထိုးနှက် တိုက်ခိုက်တာတွေ ထွေပြားခဲ့ပါတယ်။ သို့သော်လည်း ကွန်မြူနစ်ဝါဒရဲ့ ကောင်းကွက်တချို့ကို လက်ခံ၊ အရင်းရှင် ဒီမိုကရေစီရဲ့ ကောင်းကွက်တွေကို မျှယူထားတဲ့သူတွေကတော့ သူတို့ ကိုယ် သူတို့ “ဆိုရှယ်ဒီမိုကရက်” တွေလို့ သတ်မှတ်ကြတယ်။ တကယ်တော့ အိုင်ဒီယော်လိုဂျီတွေမှာ၊ ကောင်း၏ ဆိုး၏ ဒွန်တွဲဖြစ်တည်နေကြတာပဲ မဟုတ်လား။ လူမှုသိပ္ပံသမား တော်ဖလာရဲ့ အယူအဆကတော့ – မာ့က်ခ်စ်ဝါဒဟာ နိုင်ငံရေးနယ်မှာ သိပ်ရေပန်း မစားတော့ပေမယ့်၊ တက္ကသိုလ်ပရဝုဏ်မှာ ပယ်ရှားလို့ မရသေးတဲ့ အတွေးအခေါ်တစ်ခုဖြစ်တယ်လို့ ပြောတယ်။

မှန်ပါတယ်။ မာ့က်ခ်စ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒကနေ ပို့ချပေးလိုက်တဲ့ ဒဿနနည်းစဉ်တွေဟာ ဒဿနိက နယ်ပယ်နဲ့ ပညာရေး၊ တွေးခေါ်မြော်မြင်ရေးနဲ့ အယူအဆရေးရာ ရှုထောင့်တွေမှာ အသုံးတွင်ကျယ်နေဆဲ ဖြစ်ပါတယ်။ ၂၁ ရာစုအထိ လိုက်ပါနိုင်တဲ့ အိုင်ဒီယော်လိုဂျီတစ်ခုလို့ ပြောနိုင်ပါတယ်။ ကွန်မြူနစ်ဝါဒ နိဂုံးချုပ်သွား ပြီလို့ ပြောကြပေမယ့်၊ အတွေးအခေါ်ဒေါင့်အရ – မာ့က်ခ်စ်ဝါဒ၊ လက်ဝဲဝါဒကို ပယ်ရှားလို့ မရသေးပါဘူး။ လက်ဝဲကွန်မြူနစ်ဝါဒကနေ သွန်သင်လိုက်တဲ့ အထဲမှာ၊ ကျနော် သဘောကျမိတဲ့ အရာ တချို့ကို ပြောချင်ပါတယ်။

လူတန်းစားအသိစိတ်

ပထမဆုံး ပြောချင်တာကတော့ – “လူတန်းစားအသိစိတ်” ဖြစ်ပါတယ်။ ဒါကို အင်္ဂလိပ်လို – “class consciousness” လို့ သုံးနှုန်းပါတယ်။ လူတန်းစားကွဲပြားမှုနဲ့ လူတန်းစားကွာဟမှုကို လက်တွေ့အားဖြင့် တန်းညှိအောင် ဆွဲညှိလို့ မရပေမယ့်၊ လူတန်းစားကွာဟမှု ကျဉ်းအောင် ဖွံ့ဖြိုးသောနိုင်ငံတွေက လုပ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဆိုရှယ်ဒီမိုကရေစီကို ကျင့်သုံးတဲ့နိုင်ငံတွေက ခပ်များများလုပ်နိုင်ခဲ့တာတွေ့ရပါတယ်။ ဒီနေရာမှာ လူတန်းစားအသိ စိတ်ဟာ – ဘယ်လို လူ့အဖွဲ့အစည်းမျိုးပဲ ဖြစ်ဖြစ် ရှိသင့်ကြောင်း ပြောချင်ပါတယ်။

  • လူတန်းစားအသိမရှိတဲ့သူဟာ ဘဝင် မြင့်သွားတတ်တယ်။ ကိန်းကြီးခမ်းကြီးဖြစ်သွားတတ်တယ်။ လူထုနဲ့ တစ်သားတည်း မနေနိုင်တော့ဘူး။ အခွင့်ထူးခံ ဖြစ်သွားတတ်တယ်။

လူတန်းစားအသိရှိတဲ့သူကတော့ – လူဆင်းရဲနဲ့ တွေ့ရင်လည်း သူတို့နဲ့ ဒေါင်ကျကျ ပြားကျကျ နေထိုင်နိုင်တယ်။ တစ်သားတည်း နေထိုင်ပြောဆိုနိုင်တယ်။ အဆင့်အတန်း ခွဲခြားမှု မရှိဘူး။ တွန့်မနေဘူး၊ ရွံမနေဘူး။ ခွဲခြားခွဲခြား လည်း မလုပ်ဘူး။ နောက် – လူတန်းစားအသိရှိတဲ့သူက သူ့ထက် ရာထူးဂုဏ်သိမ်မြင့်တဲ့သူနဲ့ တွေ့ရင်လည်း အလွယ် တကူ ခေါင်းငိုက်စိုက်ကျမသွားဘူး။ မာနရှိတယ်။ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ် ဆက်ဆံတယ်။ ဖားတာ ယားတာ မျိုး ဘယ်တော့မှ မလုပ်ဘူး။ မျက်နှာချိုသွေးတာ၊ မျက်နှာလို အားရလုပ်တာမျိုး မရှိဘူး။

အလိုအလျှောက် သိနားလည်

လူတချို့ဟာ လက်ဝဲကွန်မြူနစ်ဝါဒကနေ သွန်သင်လိုက်တဲ့ လူတန်းစားအသိစိတ် (class consciousness) ဆိုတာ ကို မသိပါဘူး။ နားမလည်နေပါဘူး။ သို့သော်လည်း သူတို့ရဲ့ ဗီဇနဲ့ပတ်ဝန်းကျင်က ပြုပြင်တည့်မတ်ပေးလိုက်လို့ သူတို့မှာ လူတန်းစားအသိ ပါနေပြီး၊ ရှိနေပြီးသားဖြစ်တာတွေ့ရတယ်။ အထူးသဖြင့် အဆင့်အတန်း ခွဲခြားဆက်ဆံ တာမျိုး မလုပ်ဘဲ၊ ဆင်းရဲချမ်းသာ မရွေး၊ ရုပ်လှမြတ်မရွေး တစ်သားတည်း ဆက်ဆံပြောဆိုနိုင်တာ၊ ဒေါင်ကျကျ ပြားကျကျ အလိုက်သင့်နေထိုင်တတ်တာ တွေ့ရပါတယ်။ ဒါဟာ လူတန်းစားအသိစိတ်ပဲဖြစ်ပါတယ်။ အထူးသဖြင့် တော်လှန်ရေးမှာ ပါဝင်နေသူတွေနဲ့ လူထုကြားထဲတိုးဝင်နေတဲ့ နိုင်ငံရေးသမားတွေဟာ လူတန်းစားအသိစိတ် ရှိကို ရှိထားရပါလိမ့်မယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။

ဒိုင်ယာလက်တစ်

နောက်တစ်ခုကတော့ – မာ့က်ခ်စ်ဝါဒမှာ သင်ကြားတဲ့ “မူလ – ပဋိ – သမူဟ” ဆိုတဲ့ ဒိုင်ယာလက်တစ်စဉ်းစားနည်း ဖြစ်ပါတယ်။ ဒီနည်းဟာ ကျနော်တို့လို စာသမား၊ အတွေးသမားတွေအတွက် အတော်အသုံးတည့်ပါတယ်။ ဒိုင်ယာလက်တစ်နည်းဟာ – ဟေဂဲလ်ရဲ့ ဒဿနကနေ ဆင်းသက်လာတယ်လို့ ပြောချင် ပြောနိုင်ပါတယ်။ မာ့က်ခ်စ် ဝါဒမှာ ဟေဂဲလ်ပို့ချခဲ့တဲ့ ဒဿနတွေဟာ ရေသောက်မြစ်အဖြစ် ပါဝင်နေတယ်လို့ လေ့လာဖူးပါတယ်။ ဒဿနဗေဒ ကို လေ့လာတဲ့နေရာမှာ မာ့က်ခ်စ်ဝါဒ လက်ဝဲဝါဒ ကွန်မြူနစ်ဝါဒကို မဖြစ်မနေလေ့လာရပါမယ်။ ဒဿနသစ်ပင်ကြီး ရဲ့ ကိုင်းမ ခက်မကြီးတစ်ခုအနေနဲ့ လက်ဝဲဝါဒဟာ ဖြစ်တည်နေပါတယ်။

သမိုင်းအခြင်းအရာ

နောက် – အတိတ်သမိုင်းအခြင်းအရာတွေကို ကြည့်ရင်၊ လက်ဝဲယိမ်းတဲ့တော်လှန်ရေးတွေဟာ အာဏာရှင်နဲ့ ပဒေသရာဇ် ဖြုတ်ချရှင်းလင်းရေးတွေမှာ အတော်များများအောင်မြင်ခဲ့တယ်ဆိုတာ တွက်ဆနိုင်ပါတယ်။ တနည်း အားဖြင့် ဖက်ဆစ်နဲ့ ကိုလိုနီနယ်ချဲ့တော်လှန်ရေးတွေမှာ တော်လှန်သောဒဿနအနေနဲ့ အရာရောက်ခဲ့တယ်။ ပေါက်မြောက်ခဲ့တယ်။ သို့သော်လည်း တော်လှန်ရေးမှာ အောင်မြင်ပေမယ့်၊ တည်ဆောက်ရေးမှာ မအောင်မြင်တာ တွေ့ရပါတယ်။ တရုတ်ပြည်ကြီးကို စုစည်းနိုင်တာ ကွန်မြူနစ်အတွေးအခေါ်ကြောင့်လို့ ပြောလို့ ရပေမယ့် ၊ တရုတ်ပြည်ကြီး ချမ်းသာလာတာကို ကွန်မြူနစ်နည်းနာတွေကြောင့်လို့ ဘယ်သူမှ မပြောပါဘူး။ ထိုနည်းလည်း ကောင်း၊ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲတာကို လစ်ဘရယ်ယိမ်းတဲ့ ဂိုဘာချော့ကြောင့်လို့ လက်ညှိုးထိုးကြပေမယ့်၊ စတာလင်လက်အောက်မှာ လူသားလွတ်လပ်ခွင့်တွေ စတေးခဲ့ရတာကို လူတွေ သိပ်မပြောကြပါ။ ဒါတွေဟာ လွန်ဆွဲဖြစ်တည်နေတဲ့ အယူအဆတွေ ဖြစ်ပါတယ်။

ဒဿနတွေကို ကျော်ကြည့်နိုင်စွမ်း

ဒီတော့ ဒဿနရဲ့သဘောကို ဆုပ်မိကိုင်မိရှိထားဖို့ လိုပါတယ်။ လိုသလို အသုံးချနိုင်ဖို့ လိုပါတယ်။ ကမ္ဘာကြီးကို ပြောင်းလဲတာ အယူဝါဒတွေ မဟုတ်ဘဲ၊ လူပုဂ္ဂိုလ်တွေက ပြောင်းလဲတာလို့ ပြောကြပါတယ်။ တကယ်တော့ အိုင်ဒီ ယော်လိုဂျီနဲ့ အယူဝါဒတွေဆိုတာလည်း လူကပဲ ဆင်းသက်ပေါက်ဖွား ဖြစ်တည်လာကြတယ် မဟုတ်လား။ အိုင်ဒီယော်လိုဂျီတွေကို အိုင်ဒီယာအစုအဝေးအဖြစ် ခွဲခြမ်းလေ့လာပြီး၊ အားသာချက် အားနည်းချက်တွေကို နှိုင်းယှဉ်လေ့လာနိုင်မှ ဒဿနမြင်ကွင်းက အရာရောက်ပါလိမ့်မယ်။

ဒဿနအစွဲတွေရဲ့ သားကောင် မဖြစ်ဘဲ၊ ဒဿနတွေကို အသုံးချနိုင်၊ ကျော်ကြည့်နိုင်စွမ်း ရှိသူတွေဖြစ်ဖို့ မျှော်လင့်ရပါတယ်။

မင်းသေ့

နေ့လယ် ၂း၅၇

၂၁ ၊ နိုဝင်ဘာ၊ ၂၀၂၁။

Previous post အလိုက်ကန်းဆိုး သိပါ
Next post မြန်မာပြည်မြေပုံသစ် အလားအလာနဲ့ ရက္ခိုင်နိုင်ငံတော်