ဗမာတွေထဲမှာ တွေ့ရလေ့ရှိတဲ့ စိတ်နေစိတ်ထားလေးတွေကို ထပ်ပြီး တင်ပြချင်ပါသေးတယ်။

အဘိဓမ္မာလို ခန့်ငြားတဲ့စကားလုံးတွေမှာ ပျော်

ဗမာတွေဟာ အဘိဓမ္မာကို သိပ်နှစ်ခြိုက်တတ်၊ သိပ်ခံတွင်းလိုက်တတ်တယ်လို့ – သမိုင်းပညာရှင် ဒေါက်တာ မောင်မောင်ကြီးက ဆိုပါတယ်။ အထူးသဖြင့်၊ စာလာပေလာ ကျမ်းဂန်လာလို့ ဆိုရင် အထင်ကြီးတတ်ကြတယ်။ တချိန်က ဗမာပြည်မှာ အဘိဓမ္မာငြင်းခုန်ပွဲတွေ သိပ်ခေတ်ထခဲ့ဖူးတယ်လို့ ဆိုတယ်။ တကယ်တော့ ဗမာတွေဟာ အဘိဓမ္မာနဲ့ အတွေးအခေါ် ဒဿနရေးရာတွေမှာ ခုံမင်နှစ်ခြိုက်တတ်တဲ့လူမျိုးဖြစ်ပါတယ်။ ဝါဒရေးရာတွေကို ငြင်းခုံ မယ်ဆိုရင် ထမင်းမစားရလည်း ရေသောက်ပြီး ထိုင်ငြင်းရလောက်အောင် ဇွဲနပဲကြီးတယ်လို့တောင် ဆိုနိုင်ပါတယ်။ အထူးသဖြင့် စာလာပေလာစကားတွေဆိုရင် ဗမာတွေ သိပ်ဝေဖန်ဆန်းစစ်မနေတော့ဘဲ ယုံကြည်လေ့ရှိပါတယ်။ ဗုဒ္ဓက၊ ကာလာမသုတ္တန်ကို ဟောပေမယ့် – ဒီအနှစ်အသားဟာ ဗမာ့လူ့အဖွဲ့အစည်းရဲ့ အောက်ခြေအတွင်းမှာ ပျံ့နှံ့ မနေပါ။ နီးစပ်ရာ စာတတ်ပေတတ်၊ ကျမ်းတတ် ပုဂ္ဂိုလ်တွေရဲ့ စကားတွေမှာသာ အဘိဓမ္မာအခြင်းအရာတွေဟာ ဗားရှင်းတစ်မျိုးစီ ကိန်းဝပ်နေပါတယ်။ စာပေက ညွှန်းတယ်၊ ကျမ်းဂန်အရ ကိုးကားထားတယ်လို့ သိရင် ဗမာ တွေက သိပ် မငြင်းဆန်ကြပါဘူး။ “ဪ … ဟုတ်မှာပေါ့” ဆိုတဲ့စိတ်ထားပြီး ၊ စောဒက မတက်တာကိုလည်း တွေ့ရတယ်။ ဒါဟာ စာလာပေလာနဲ့ ကျမ်းဂန်စာပေနဲ့ပတ်သက်ရင် အထင်ကြီးလေးစားတတ်တဲ့ ဗမာတွေရဲ့ စိတ်ဖြစ်ပါတယ်။ ဒါကို ဒီနေ့ခေတ်မှာလည်း ပုံပြောင်းပြီး ဆက်လက်တွေ့ရှိရပါတယ်။ စာပေလိုက်စားသူတွေက ဘယ်ကျမ်းက ဘယ်လို ဆိုတယ်၊ ဘယ်စာအုပ်မှာ ဘယ်လိုဖော်ပြထားတယ်လို့ ကိုးကားပြီး ပြောရင်၊ နာခံသူက တော်ရုံနဲ့ စောဒက မတက်ဝံ့တာတွေ့ရတယ်။ ပြောသူကလည်း ၊ ကျမ်းနဲ့ ဖိထားတယ်။ စာပေလိုက်စားသူအချင်း ချင်း ဆုံကြရင်တော့ မသိမသာ ပညာစမ်းတာ၊ တီးကြည့်ခေါက်ကြည့်တာတွေ လုပ်လေ့ရှိတယ်။ တခါတရံ အခွင့် သင့်လို့ အကြောင်း ညီညွတ်ရင် ဒဿနရေးရာငြင်းခုန်ပွဲလေး ဖြစ်အောင် လုပ်လေ့လုပ်ထရှိသေးတယ်။ “ငါလည်း မင်းလောက်တော့ တတ်တယ်” လို့ ဆိုလိုချင်ဟန်တူတယ်။ ဒါဟာ ဗမာတွေထဲမှာ အခုထိတွေ့ရတတ်တဲ့စိတ်ထား သဘာဝထဲက တချို့ဖြစ်ပါတယ်။ ဒီနေရာမှာ ထပ်ပြီးတွေ့ရတာက – ဗမာတွေဟာ တကယ့်အဘိဓမ္မာ ဒဿန အယူ အဆတွေကို ကြိုက်နှစ်သက်တယ်ဆိုတာထက်၊ အဘိဓမ္မာလိုလို ဒဿနလိုလို စကားလုံးကြီးကြီး ဝေါဟာရ ခန့်ခန့် နဲ့ စာလာပေလာ ကျမ်းဂန်လာတွေထဲက ကူးယူ သုံးစွဲရတာကို လူကြားသူကြားထဲမှာ အထင်ကြီးလေးစားခံလိုတဲ့ စိတ်က နောက်ကွယ်မှာ ပိုလို့ တွန်းအားပေးနေမယ်လို့ ယူဆရတယ်။ ဒါကလည်း  ဗမာတွေထဲမှာ – “ငါ ပြောတာ ကို လူတွေ ဘယ်လောက်နာခံသလဲ” ဆိုတဲ့ ဘဝင် စိတ်ကို ရလိုဟန်လည်း ရှိကောင်း ရှိလိမ့်မယ်။

အားနာတတ်သူတွေ

ဗမာတွေဟာ အညှာလွယ်တယ်၊ ဆွယ်ဖို့ လွယ်တယ်၊ အစွဲအလမ်းကြီးတယ်၊ နားဝင်လွယ်တယ်လို့ ပြောရင် ရနိုင်ပါ သေးတယ်။ အထူးသဖြင့် ဗမာတွေအများစုမှာ အရိုးခံစရိုက်ရှိတော့၊ တစ်ဖက်သားကို သံသယနဲ့ ကြည့်မြင်မှုဟာ နည်းတယ်။ ဒီတော့ အယုံလွယ်တယ်၊ အညှာလွယ်တယ်၊ ဆွယ်ဖို့ လွယ်တယ်လို့တောင် ပြောနိုင်တယ်။ ဗမာ အများစုဟာ – ကိုယ့်စိတ်ထဲမှာ မနှစ်မြို့ရင်တောင် စိတ်ထဲမှာပဲ ထားတတ်ကြတယ်။ အပြင်ကို သိပ်ထုတ်ဖော် မပြောတတ်ဘူး။ အထူးသဖြင့် ကိုယ် မနှစ်မြို့တာကို ကိုယ်မနှစ်သက်တဲ့သူရှေ့မှာ တိုက်ရိုက်မပြောဘူး။ အားနာ တာလည်း ပါမယ်။ တစ်ဖက်သား စိတ်ကွက်သွားမှာလည်း စိုးဟန်တူတယ်။ ဒါပေမယ့် မနေနိုင်ရင် နောက်ကွယ်မှာ တော့ အတင်းတုပ်တတ်တယ်။ ရှေ့မှာဆိုရင်တော့ မြှုံထားတတ်ကြတာ ဗမာတွေရဲ့သဘာဝ ဖြစ်တယ်။ ဒါကို တချို့က ဗမာတွေဟာ အတွင်းမှာ ကြိတ်ကြံနေတတ်တယ်၊ အတွင်းကောက်ဖြစ်တယ်လို့တောင် ပြောကြတာတွေ့ ရတယ်။ ဗမာတွေရဲ့ စရိုက်ထဲမှာ မြှုံစိစိ လုပ်ထားတတ်ကြတာလည်း အကြောင်းအရင်းတစ်ခုဖြစ်တယ်။ တစ်ဖက်မှာ ရိုးသားပွင့်လင်းတယ်လို့ ထင်ရပေမယ့်၊ တစ်ဖက်မှာလည်း မကျေနပ်တာ မနှစ်သက်တာ မကြိုက်တာ ကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောဘဲ မြှုံထားတတ်တဲ့အကျင့်ဟာ – တချိန်ကျတော့ အငြိုးအတေးတွေ အဖြစ်သော် လည်းကောင်း၊ အာဃာတတွေအဖြစ်သော်လည်းကောင်း ပွင့်ထွက် အုံကြွ ပေါက်ထွက်လာတာလည်း တွေ့ရတယ်။ ဒါဟာ ဖြစ်သင့်တာထက်တောင် ပြဿနာတွေက ပိုကြီးလာတွေ တွေ့ရတယ်။

ဥပါဒါန်အစွဲအလမ်းကြီးသူတွေ

ဗမာတွေဟာ အစွဲအလမ်းကြီးတယ်လို့ ပြောရင် မှန်တယ်။ ဗမာဝတ္ထုအများစုကို ကြည့်ရင်လည်း ဖြစ်ပြီးခဲ့တာ၊ ပျက်ပြီးခဲ့တာ၊ ကြုံခဲ့ပြီးတာကို တမ်းတမ်းတတ မက်မက်မောမာ လွမ်းဆွတ်နေရတဲ့ဇာတ်ကွက်တွေကို ခပ်များများ တွေ့ရလိမ့်မယ်။ ဗမာရုပ်ရှင်တွေလည်း ထိုနည်းလည်းကောင်းပဲ။ ဗမာတွေဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်လင့်ကစား ဥပါဒါန်အစွဲအလမ်းဖြစ်ရတာကိုတော့ အတော်နှစ်ခြိုက်ကြတဲ့လူမျိုးလို့ ပြောရင် ရနိုင်တယ်။ ဗမာတွေဟာ မေတ္တာ အမြဲတမ်း ပွားနေတတ်ပြီး၊ ဥပေက္ခာတော့ သိပ်မပွားတတ်ကြဘူး။ အစွဲအလမ်းကြီးတာကိုလည်း တစ်ဖက်မှာ မေတ္တာကြီးတယ်လို့ ထင်နေတတ်ကြပြန်တယ်။ တခါတရံ ဥပါဒါအစွဲရှိတာကို “ငါဟာ ယုံကြည်ချက်ပြင်းထန်တဲ့ လူတစ်ယောက်” လို့ ကိုယ့်ကိုယ်ကို ထင်မှတ်နေပြန်တယ်။ အစွဲအလမ်းကြီးတာနဲ့ ယုံကြည်ချက်ထက်သန်တာကို ဉာဏ်အားဖြင့် ခွဲခြားပိုင်းဖြတ်ကြည့်ဖို့၊ ဗမာတွေမှာ သတိမရှိတာတွေ့ရတယ်။

ချေးခြောက် ရေနှူးပြီး စားမြှုံ့ပြန်ပြောတတ်ကြ

အတိတ်ကို လွမ်းနေတတ်တာ ဗမာတွေရဲ့ သဘောဝဖြစ်တယ်။ ဗမာတွေရဲ့ နေ့စဉ်စကားမှာ ရှိတယ်။ ဒါတွေ ပြန်ပြန် ပြောပြီး ချေးခြောက်ရေနှူးမနေစမ်းပါနဲ့ … ဆိုတဲ့စကား။ ချေးခြောက်ကို ရေပြန်နှူးနှူးပြီး အဲသည့်ချေး ဘယ်လောက် နံကြောင်း၊ ဘယ်လောက် ရွံစရာကောင်းကြောင်း တဖွဖွ ပြန်ပြန် ပြောတတ်တာ ဗမာတွေရဲ့ အကျင့် ဖြစ်တယ်။ နောက်ထပ်စကားတစ်ခွန်းကတော့ စားမြှုံ့ပြန်တာ။ စားမြှုံ့ပြန်တယ်ဆိုတာ နွားတွေ လုပ်တတ်တဲ့ အကျင့်ဖြစ်တယ်။ စားပြီးသားအစာကို အစာအိမ်ထဲက ပြန်ပြန်ထုတ်ပြီး အထပ်ထပ် ပြန်ပြန် ဝါးတာ။ ဗမာတွေဟာ အဖော်ကောင်းရင် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြန် ပြောပြီး စားမြှုံ့ပြန်တတ်တဲ့အကျင့် ရှိတယ်။ ဒါကိုလည်း ဗမာတွေက ကြိုက်တယ် သဘောကျတယ်။ ဗမာအများစုက တောင်ယာလယ်လုပ်ဘဝတွေကနေ ဆင်းသက်လာ တဲ့လူမျိုးတွေ ဖြစ်လို့၊ ကျွဲတွေ နွားတွေနဲ့ လုပ်ကိုင်စားသောက်ကြရင်း နွားတွေရဲ့ အပြုအမူဖြစ်တဲ့ စားမြှုံ့ပြန်တာကို ဗမာစကားမှာ ယူသုံးလိုက်တာဖြစ်မယ်။ အဲသည်လို ချေးခြောက်ရေနှူးပြီး ဖြစ်ပြီးခဲ့တာတွေကို တဖွဖွ  စားမြှုံ့ပြန် ပြောရင်လည်း အားလုံးဟာ “မီးခိုးကြွက်လျှောက်” ပါကုန်တယ်။ မဆုံးနိုင်တော့ဘူး။ “တစ်နွယ်ငင် တစ်စင်ပါ” ဆိုသလို ဖြစ်ကုန်တော့တယ်။

မျက်နှာ နာတတ်ကြသူတွေ

နောက်ထပ်ဗမာလူမျိုးတွေမှာ တွေ့ရလေ့ရှိတာကတော့ – သူစိမ်းသူရံနဲ့ ဆက်ဆံထိတွေ့ရရင်တော့ အားတုံ့အားနာ ဖြစ်နေတတ်ကြပြီး ၊ ကိုယ်တကယ်ရင်းနှီးကျွမ်းဝင်သွားရင်တော့ အားမနာလျှာမကျိုး ရင်းနှီးစွာပေါင်းသင်းတတ်တဲ့ ဗမာတွေရဲ့ အကျင့်ကို တွေ့ရပြန်တယ်။ ဗမာတွေဟာ သူစိမ်းသူရံတွေနဲ့ ပြောဆို ဆက်ဆံတဲ့အခါ မပွင့်လင်းသလို၊ အားတုံ့အားနာနဲ့ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်တတ်ကြတယ်။ နောက်ပိုင်းတကယ့်အရင်းအခြာလို ဖြစ်သွားပြီဆိုရင်တော့ တစ်ဖက်သားရဲ့ ဆန္ဒကို သိပ်ဂရုမထားတော့ဘဲ၊ အားမနာလျှာမကျိုး ကိုယ့်ဘက်က တင်စီးတာ၊ အနိုင်ကျင့်တာ၊ ရယူတာတွေတောင် ရှိတတ်တယ်။ တခါတရံ ငယ်ပေါင်းဆိုပြီး အတင်းကာရောအနိုင်ကျင့်သလို ဗိုလ်ကျတာတွေ တောင် ဗမာတွေက လုပ်တတ်တယ်။ နောက် – ဒါနဲ့ ဆက်စပ်ပြီးတော့ တွေ့ရတဲ့ အကျင့်ကတော့ ၊ ဗမာတွေမှာ အားနာတတ်တာအပြင် မျက်နှာနာတတ်တာလည်း ရှိတယ်။ ဗမာတွေဟာ ခင်မင်ရင်းနှီးမှုကို အကြောင်းပြုပြီး တော်ရုံနဲ့ မငြင်းဆန်တတ်တာ၊ မငြင်းဆန်နိုင်တာ တွေ့ရတယ်။ “ဟယ်… မျက်နှာပျက်စရာတွေ ဖြစ်ကုန်မယ်” ဆိုတဲ့စကားဟာ ဗမာတွေရဲ့နေ့စဉ်အသုံးထဲမှာ ရှိတယ်။ အဲသည်လို ငြင်းဆန်ဖို့ ခက်အောင်လည်း တစ်ဖက်လူက သူ တုပ်နှောင်ချင်တဲ့သူကို မျက်နှာနာရအောင် ကျေးဇူးခံကျေးဇူးစား ကျေးဇူးပြုထားတာတွေ လုပ်တတ်တယ်။ ဒါဟာ လူမှုရေးအရ စည်းနှောင်မှုလို့လည်း ပြောလို့ ရကောင်းရနိုင်တယ်။ ဒီလိုပဲ မျက်နှာနာလို့ မငြင်းဆန်နိုင်ဘဲ၊ အလိုမရှိ ရာ ဘက်ကို တိမ်းသွား ယိမ်းသွား ပါသွားတဲ့ ဗမာတွေ အများကြီး ရှိတယ်။ ဒါကိုလည်း တချို့က အညှာလွယ်တယ်၊ အားနာတတ်လွန်းတယ်လို့ ပြောကြတာ ဖြစ်မယ်။ နေ့စဉ် ဗမာတွေရဲ့ စကားထဲမှာ “ဟုတ်ကဲ့” ဆိုတာဟာ ခပ်များ များပါနေတတ်ပါတယ်။ ဗမာအများစုဟာ how to say “no” ဆိုတာကို သိပ်မပြောတတ်ကြတာများတယ်။ တကယ်တမ်း ရှေ့မှာတော့ “ဟုတ်ကဲ့” ဆိုပြီး နောက်မှာတော့ လုပ်ချင်သလို လုပ်တာလည်း ဗမာတွေရဲ့ အကျင့်မှာ တွေ့ရတတ်ပြန်တယ်။ ဒါ့ကြောင့် တချို့က ဗမာတွေ “ဟုတ်ကဲ့” လို့ ပြောတိုင်း သိပ်မယုံနဲ့ လို့ ပြောကြတာ ဖြစ်မယ်။

မျက်နှာကြီးရာ ဟင်းဖတ်ပါ၊ မျက်နှာလို အားရ

နောက် ဗမာတွေမှာ တွေ့လေ့ရှိတဲ့အကျင့်တစ်ခုကတော့ – မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်ကြတယ်။ မျက်နှာကြီး တဲ့သူကို မျက်နှာလုပ်ချင်တာလည်း ပါမယ်။ ဒါကို တချို့က မျက်နှာလို အားရ လုပ်တယ်လို့ ထင်ကြတယ်။ မျက်နှာနာပြီး ဘက်လိုက်သွားတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါကို ဗမာတွေဟာ တမင်တကာ လုပ်တာ မဟုတ်ပေမယ့်၊ မျက်နှာကြီးရင် အထင်ကြီးတတ်တဲ့စိတ်၊ ကိုယ့်ကို ကျေးဇူးပြု ထားဖူးရင် မျက်နှာနာပြီး အလွယ်တကူ လိုက်ရောတတ်တဲ့စိတ်တွေဟာ ရောထွေး ပါဝင်နေတယ်။ ဗမာတွေဟာ ဒါတွေကို ကြည့်ပြီး ကျေးဇူးသိတတ်တယ်၊ ကျေးဇူးကို မမေ့တတ်ဘူးဆိုတဲ့ အကောင်းပြောခံရတာတွေ ရှိပေမယ့် တစ်ဖက်မှာလည်း လူမှုရေးနဲ့အလုပ်ကို မခွဲခြားတတ်လို့ ဆရာ – ဒကာဆက်ဆံရေးဖြစ်ထွန်းတာ၊ ဆရာ – တပည့် ဆက်ဆံရေး ဖြစ်ထွန်းတာကြုံရလို့၊ တကယ့်အလုပ်တွေမှာ ပြဿနာတွေကြုံရတာ ရှိတယ်။ ဗမာတွေဟာ သူတို့ကို ကျေးဇူးပြုခဲ့ဖူးတဲ့ ဆရာသမား လူကြီးသူမတွေကို  အချိန်အခါအလျှောက် သွားရောက် ကန်တော့တာ ရှိကြပါတယ်။ ဒါဟာ ကျေးဇူးကို သိတတ်ခြင်းလို့ နားလည်နိုင်ပြီး၊ တစ်ဖက်မှာလည်း ကိုယ့်အကျိုးစီးပွားကို လိုလားဖို့ ကန့်တော့ခံ ပုဂ္ဂိုလ်ဆီ သွားရောက် လာဘ်ထိုးတာနဲ့ တူနေတယ်။ ဒါ့ကြောင့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းဟာ – တကယ်တော့ ကန်တော့်တာဟာ လာဘ်ထိုးတာပဲလို့ ယူဆပြီး တန်ဖိုးကြီးပစ္စည်းတွေနဲ့ ကန်တော့ရင် ငြင်းဆန်ခဲ့ဖူး ပါတယ်။ ဗမာကျောင်းသားတွေမှာ တွေ့ရလေ့ရှိတာကလည်း စာမေးပွဲပြီးချိန် ဆရာကို ကန်တော့တာထက် စာမေးပွဲ ဖြေခါနီး ဆရာကို သွားကန်တော့တာဟာ ဆရာကို လာဘ်ထိုးခြင်းတစ်မျိုးဖြစ်သလို၊ ဆရာကို မျက်နှာနာ အောင် လုပ်လိုက်တာလည်း ဖြစ်တယ်။ ဒါကို တချို့က သိသိနဲ့ လုပ်တယ်။ တချို့ကတော့ မသိဘဲ လုပ်မိတယ်။ အစဉ်အလာသဘောပဲဆိုပြီး အစဉ်အလာနဲ့ ရောချတဲ့သူတွေလည်း ခပ်များများ ရှိတယ်။ များသောအားဖြင့် ဆရာ – ဒကာ ဆက်ဆံရေးပဲဖြစ်ဖြစ်၊ ဆရာ – တပည့်ဆက်ဆံရေးပဲ ဖြစ်ဖြစ် ။ ဆရာရော ဒကာရော၊ ဆရာရော တပည့်ရော နှစ်ဦးစလုံးမှာ “ငြင်းဆန်နိုင်မှု တုံ့ဆိုင်းတာ” တွေ့ရတယ်။ နှစ်ဖက်စလုံးက မငြင်းနိုင်ဘူး။ ဒီတော့ မျက်နှာနာတာ တွေ ဖြစ်ကုန်ရော။ ဗမာတွေ အလုပ်တစ်ခုလုပ်ရင် ပရော်ဖက်ရှင်နယ် မဆန်ကြဘူး ဆိုတာမှာ၊ ဒါတွေလည်း ပါဝင် တယ်။ ဒီလို မျက်နှာနာစရာ အကြောင်းတရားတွေကို နှစ်ဖက်စလုံးက ဖန်တီးကြလို့ ၊ ဗမာတွေမှာ တကယ့် ပရော်ဖက်ရှင်နယ်ကျကျ လုပ်ရတာတွေဟာ ပျက်ယွင်းကုန်တယ်။

ဂျာအေးသူ့အမေရိုက်၊ မုန့်လုံး စက္ကူကပ်

တစ်ဖက်ကကြည့်ရင်လည်း ဗမာတွေက ချင့်ချိန်တတ်တယ်၊ အတိုင်းအရှည်ကို ကြည့်တတ်တယ်လို့ ယူဆလို့ ရပြန်ရော။ ဗမာစကားပုံမှာ “ရှည့်လည်းလျှောက်သာ ပျားလည်း စွဲသာ” ဆိုတဲ့ စကားပုံရှိတယ်။ သစ်ကိုင်းတစ်ကိုင်း ပေါ်မှာ ပျားကလည်း မောင်ပိုင်စီးမထားဘူး၊ ရှည့်ကို နေရာပေးတယ်၊ ရှည့်လည်း ပြေးလို့ လျှောက်လို့ ရအောင် နေရာချန်ထားပေးမယ်။ ရှည့်ကလည်း ပျားစွဲသာအောင် ခွင့်ပြုပေးထားတယ်။ နောက် စကားပုံတစ်ခုကတော့ – ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုတဲ့စကားဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အမှီသဟဲပြု ရှင်သန်ရပ်တည်ကြရတယ်ဆိုတဲ့သဘောအနက်ဖြစ်ပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကြည့်ရင် မှန်ပါတယ်။ ဒါပေမယ့် နေရာတကာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ နေကြရတာ မဟုတ်မှန်း ဗမာတွေ သိပ်သတိမထား မိကြပါဘူး။ တစ်ယောက်ကို တစ်ယောက် မှီဖို့ ကြိုးစားရင်း အပြန်အလှန် မျက်နှာတွေနာရ၊ အားနာရ၊ မလွန်ဆန်နိုင်၊ မငြင်းဆန်နိုင်ဖြစ်ပြီး အလုပ်ကိစ္စတွေဟာ မပြတ်ဘဲ တိုးလို့ တန်းလန်းတွေ ဖြစ်ရတယ်။ ပြောသင့် ပြောထိုက်တာတွေ၊ အမုန်းခံပြီး ပြောရမယ့်အရာတွေကို မပြောဖြစ်ဘဲ အုံပုန်း၊ ကျိတ်ပုန်းတွေ ဖြစ်ရတာတွေဟာ ဗမာ့လူ့အဖွဲ့အစည်းမှာ တဖြည်းဖြည်းနဲ့ ဒင်းကြမ်းပြည့်လာရတော့တယ်။ နောက်ဆုံး မခံနိုင်တဲ့အဆုံး ပေါက်ကွဲထွက်တော့မှ၊ အားလုံးဟာ လုံးဝ စေ့စပ်လို့ မရ၊ ညှိနှိုင်းလို့ မရတဲ့ အစွန်းရောက်တွေ ဖြစ်ကုန်ကြရော။ ဒီလိုနဲ့ ဂျာအေးသူ့အမေရိုက်ပြီး မုန့်လုံးစက္ကူကပ်ဖြစ်နေကြတော့တယ်။ ဒါ့ကြောင့်လည်း တော်တော်များများပြော ပြဿနာတွေဟာ “အမယ်ဘုတ်ရဲ့ ချည်ငင်လို” ရှုပ်နေတယ်၊ ဘယ်က စရှင်းရမှန်းတောင် မသိဘူး ဖြစ်နေကြတာများတယ်။ ဒါဟာ ဘယ်တော့မှလည်း ဆုံးနိုင်မယ် မထင်။

မင်းသေ့

နေ့လယ် ၁း၂၆

၈၊ နိုဝင်ဘာ၊ ၂၀၂၁။

Previous post လက်နက်ကိုင်လမ်းစဉ်သည် ဖောင်ကဲ့သို့
Next post တော်လှန်ရေးဘေးထွက်ဆိုးကျိုး