ကျနော် စာအုပ်တစ်အုပ်ကို ဝယ်တော့မယ်ဆိုရင်၊ အခြေခံ အချက် (၂) ချက်ကို ကြည့်ပြီး၊ ဝယ်ဖို့ မဝယ်ဖို့ ဆုံးဖြတ်ပါတယ်။
နံပါတ် တစ် အချက်က၊ အကြောင်းအရာကို ကြည့်တယ်။
နံပါတ် နှစ် အချက်က၊ စာရေးသူကို ကြည့်တယ်။

ဒီနေရာမှာ၊ စာရေးဆရာ လို့ မသုံးပါဘူး။ စာအုပ်ရေးသူ တိုင်းက၊ စာရေးဆရာ မဟုတ်ကြပါဘူး။ စာရေးဆရာ ဆိုတာ၊ စာရေးသူတိုင်းကို ခေါ်ဝေါ်ပညတ်တဲ့ နာမ်ပုဒ် မဟုတ်ပါဘူး။ ထားတော့။
စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကြည့်လိုက်ရင်၊ စာအုပ်က ဘာအကြောင်းလဲ ဆိုတာ ကြည့်တယ်။ ပထမဆုံး၊ စာအုပ်နာမည်ကို ကြည့်တယ်။ နောက်ပြီး ထပ်မသေချာသေးရင်၊ မာတိကာကို လှန်တယ်။ မာတိကာ တစ်ခု ချင်းစီကို စေ့စေ့စပ်စပ် လိုက်ကြည့်တယ်။ နောက်၊ အတွင်းသားကို လှန်ပြီး ဖတ်ကြည့်တယ်။ ဒီလိုမှ မသေချာ သေးရင်၊ အမှာစာ ပါလား ကြည့်တယ်။ အမှာစာပါရင်၊ အမှာစာကို ခပ်သွက်သွပ် scan ဖတ်ကြည့်လိုက်မိ တယ်။

အကြောင်းအရာအရ၊ ကိုယ်နဲ့သင့်တော်တယ်။ ရေးသူ၊ ကလည်း စေတနာ ပါတဲ့ အရေးအသားဖြစ်မယ်။ ထုတ်သူ၊ ပုံနှိပ်သူကလည်း စေတနာပါတဲ့ ပုံနှိပ်ထုတ်ဝေခြင်း မည်တယ် ဆိုရင်၊ အဲ့ဒီ့ စာအုပ်ကို ဝယ်ဖို့ ပထမအဆင့်၊ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ သို့ပေမယ့် မပြီးသေးဘူး။
နောက်တစ်ခုက၊ အဲ့ဒီ့အကြောင်းအရာက ကိုယ့်အတွက် အရေးကြီး လိုသလား။ အရေးပေါ် လိုသလား။ သို့တည်း မဟုတ်။ ရှိသင့်တယ်။ နောက်များမှာ အသုံးဝင်လာနိုင်တယ်လို့ ယူဆသလား…. ဆိုတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကို မေးရပါတယ်။

အဲ့ဒီ့ မေးခွန်းကို မေးပြီးရင်၊ ဒုတိယမြောက်အဆင့် ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
နောက် နံပါတ် နှစ် အချက်က၊ စာရေးသူ (တနည်း) စာရေးဆရာ။
ကျနော် စာအုပ် ဝယ်ဖြစ်တိုင်း၊ စာရေးသူကို အမြဲ ထည့်စဉ်းစားဖြစ်တယ်။ စာဖတ်သက် နုစဉ်အခါက၊ အကြောင်း အရာကို သာ အဓိက ထား ရွေးတယ်။ ဒီ့နောက်ပိုင်း၊ အကြောင်းအရာဆိုတာထက်၊ စာရေးသူကို ပိုဇောင်းပေးပြီး ရွေးဖြစ်တယ်။ ဒါက၊ မှားတယ် မှန်တယ်။ ကောင်းတယ် ဆိုးတယ် ဆိုတာ မရှိပါဘူး။

စာအုပ်ရွေးချယ်ခြင်း၊ စာဖတ်နည်းကို ရွေးချယ်ကျင့်သုံးခြင်းတွေမှာ၊ တရားသေအယူအဆကို တတ်နိုင်သမျှ ခွာထားနိုင်မှ ကောင်းပါလိမ့်မယ်။

စာရေးသူဟာ၊ ဘာလဲ။ ဘယ်သူလဲ။ ဘယ်ရည်ရွယ်ချက်ရှိသလဲ ဆိုတာကို တတ်နိုင်သမျှ အကဲခတ်ပြီး ကြည့်တယ်။ ပြီးတော့၊ သူ့ရဲ့ ကလောင် အရည်အသွေးကို ဉာဏ်မှီသလောက် အကဲခတ်တယ်။ သူ့ရဲ့ စာပေ ဖြတ်သန်းပုံကို ကြည့်တယ်။

တချို့စာရေးသူတွေဆို၊ စာပေဖြတ်သန်းမှု သိပ်ကြီးကြီးမားမား မရှိကြပါဘူး။ သို့ပေမယ့်၊ သူတို့ ရေးသားထုတ်ဝေတဲ့ စာအုပ်အပေါ်မှာ ရည်ရွယ်ချက် ကောင်းတယ်။ စေတနာ မှန်တယ်။ အားစိုက်ထားမှု ရှိတယ်ဆိုတာ တွေ့ရတယ်။ အဲ့လို စာရေးသူမျိုးရေးတဲ့ စာအုပ်ကို တွေ့ရင် စာပေဖြတ်သန်းမှု နည်းပင်နည်း ငြားသော်လည်း အကြောင်းအရာကိုလည်း ကြိုက်ရင်၊ ကျနော် ရွေးတယ်။ ဝယ်တယ်။ ဖတ်တယ်။

စာရေးသူ ၊ စာရေးဆရာကို ကိုယ်လေးစားယုံကြည်ပြီးသားဆိုရင် တတ်နိုင်သမျှ သူ ဘာရေးရေး ဝယ်လေ့ရှိတယ်။ နယ်စုံပယ်စုံရေးတဲ့ စာရေးဆရာကြီးများရဲ့ တချို့စာအုပ်များက လွဲရင်ပေါ့။ ဘာလို့လဲ ဆိုတော့၊ ကျနော့် ဉာဏ်က နေရာတကာ မကျက်စားနိုင်ဘူးလေ။

ဥပမာ – ဆရာကြီး မြသန်းတင့်ကိုကျနော် ကြိုက်တယ်။ ဒေါက်တာသန်းထွန်းကို ကျနော် ကြိုက်တယ်။ ဆရာ ကျော်ဝင်းကို ကျနော် ကြိုက်တယ်။ ဆရာ မောင်စူးစမ်းကို ကျနော် ကြိုက်တယ်။


ဆရာ မောင်စူးစမ်းနဲ့ ဆရာကျော်ဝင်းတို့ရဲ့ စာအုပ်တွေကို၊ အကုန်လုံး နီးပါး၊ ရတတ်သမျှ ကျနော် ဝယ်စုဆောင်းဖြစ်တယ်။ သို့ပေမယ့်၊ မြသန်းတင့်နဲ့ ဒေါက်တာသန်းထွန်း စာအုပ်အားလုံးကို ကျနော် ဝယ်ဖို့ မလုပ်ပါဘူး။ ထိုနည်းလည်းကောင်း၊ ကျော်အောင်၊ ရွှေဥဒေါင်း၊ မောင်ထွန်းသူ စတဲ့ စာရေးဆရာကြီးများ၊ ရေးတဲ့ စာအုပ်တွေကျ အကုန် ဝယ်ယူဖို့ ၊ ကျနော် မလုပ်ဘူး။


အကြောင်းက၊ သူတို့ ညံ့လို့ မဟုတ်ဘဲ၊ ကျနော့် ကျင်လည်ကျက်စားရာနဲ့ မကိုက်လို့ ဖြစ်ပါတယ်။


တချို့စာရေးသူတွေ တွေ့ဖူးတယ်။ ဒီခေတ်မှာဆို အတော်များလာမလားပဲ။
ကျနော်လည်း စာရေးသူတစ်ယောက်မို့၊ ကိုယ်နဲ့ အလွှာတူ လူတန်းစားတွေကို ပိုပြီး ဂရုဓမ္မထား ကြည့်ဖြစ်တယ်။

တချို့စာရေးသူတွေ ရေးတဲ့ စာအုပ်တွေဆို၊ အကြောင်းအရာက အပြန်စား၊ အလှန်စား။
သို့ပေမယ့် အရေးအသား၊ ဘာသာပြန်ချက်၊ ပုံနှိပ်ထုတ်ဝေမှုတွေ မှာ အတော် စေတနာနည်းတာတွေ့ရတယ်။ အားစိုက်မှု၊ လုံ့လထုတ်မှု ချို့တာ တွေ့ရတယ်။
ရေးသားသူ၊ ထုတ်ဝေသူတို့မှာ၊ ရည်ရွယ်ချက် အမျိုးမျိုးရှိပါလိမ့်မယ်။ ဖြစ်နိုင်ချေ ရှိတဲ့ ရည်ရွယ်ချက်တွေကို ကျနော် မရေးတော့ပါဘူး။ စာဖတ်သူက မိမိဘာသာ တွေးခေါ်ရင် ပိုကောင်းပါတယ်။

အဲ့ဒီလို ကျနော့် ဘာသာတွေးကြည့်တဲ့အခါမှာ၊ ဒီစာအုပ်ဟာ ဝယ်ယူသင့်၊ ဖတ်ရှုသင့်၊ စုဆောင်းသင့်တဲ့ စာအုပ် မဟုတ်ဘူးဆိုတာ ဆုံးဖြတ်လိုက်ရတာ များတယ်။
အဲ့ဒီ့နေရာမှာ၊ ကိုယ်ကလည်း ကိုယ့်ရဲ့ အတ္တနောမတိနဲ့ ကြည့်တာ ဖြစ်လို့ မှားကောင်းမှားနိုင်တယ်။ လွဲကောင်း လွဲနိုင်ပါတယ်။ ဒီလို အဟ ကို မကြီးအောင် လုပ်ဖို့ မခက်ပါဘူး။ အကြောင်းက၊ အရင်ခေတ်လို ကျနော်တို့ သတင်း ပိတ်လှောင်ခြင်း မခံရတော့ဘူး။ လူမှုကွန်ယက်စာမျက်နှာတွေ၊ လူတွေအချင်းချင်းကြား ဖြန့်ဝေမှုတွေ ကို သတိထားကြည့်နိုင်ပါတယ်။

ဒါဆိုရင် စာရေးသူရဲ့ နောက်ခံနဲ့ ရည်ရွယ်ရင်းကို အနီးစပ်ဆုံး သိနိုင်ဖို့ မခဲယဉ်းဘူးလို့ ကျနော် မြင်ပါတယ်။

၁၀ နှစ်ဆိုတဲ့ ကျနော့် စာဖတ်သက်တမ်း တစ်လျှောက် အရွေးမှားခဲ့သော စာအုပ်များအကြောင်းကို လေ့လာဆန်းစစ်ပြီး၊ ဒီစာကို မျှဝေလိုက်ပါတယ်။

မင်းသေ့
မနက် ဝ း ၁၁
၁၀ ၊ ဧပြီ ၊ ၂၀၁၈

Previous post စာအုပ်သစ်
Next post စာရေးတဲ့ အလုပ်။