၁။ “ဒီမိုကရေစီဟာ သေနတ်ပြောင်းဝကနေ မထွက်”ဆိုတဲ့စကား ရှိပါတယ်။ ဒါဟာ တရားသေ မဟုတ်ပေမယ့်၊ ယေဘုယျတွက်ဆကြည့်ရင် မှန်ကန်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ လမ်းစဉ်ဟာ အကြမ်းမဖက်သော အာဏာဖီဆန်ရေးလမ်းစဉ်နဲ့ လက်နက်ကိုင်လမ်းစဉ် နှစ်ခု ယှဉ်ပြီး သွားနေပါတယ်။ အဟိံသလမ်းစဉ်နဲ့ လက်နက် ကိုင်လမ်းစဉ်ကို မျဉ်းပြိုင်သဘောမျိုး တွေ့ရပါတယ်။ ထိုနည်းလည်းကောင်း ရထားသံလမ်းလို့ နှစ်လမ်းအပြိုင် ရွှေ့မှ ရွေ့မယ်ဆိုတဲ့သဘောတွေကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို ဝိုင်းပတ်ခြေမှုန်းရေး လုပ်နေရပါတယ်။ နိုင်ငံရေးအပြောင်းအလဲကို ရှေ့ရှုတဲ့ တော်လှန်ရေးဖြစ်ရပ်တွေကို အဓိက တွေ့ရပေမယ့်၊ လူမှု တော်လှန်ရေးအသွင်သဘောဆောင်တဲ့ စိတ်ဓာတ်တော်လှန်ရေးတွေကိုလည်း ယှဉ်တွဲပြီးတွေ့ရပါတယ်။ ဒါဟာ ယခင့်ယခင် တွေ့ခဲ့ရသော လူထုတော်လှန်ရေးတွေနဲ့ မတူတဲ့ သွင်ပြင်တွေ ဖြစ်နေပါတယ်။ ခေတ်ရဲ့ အပံ့အပိုး အပြင်၊ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ရောက်လာတဲ့ မြန်မာလူထုဟာ – တတ်နိုင်သရွေ့ မျက်စိဖွင့်နားစွင့်ပြီး သတိကြီး ကြီးထားပြီး လျှောက်လှမ်းနေကြတယ်လို့လည်း ယူဆရပါတယ်။ လူထုရဲ့သဘောထားဖြင့် ထိန်းထေသော နိုင်ငံ ရေးလမ်းစဉ်ကိုလည်း တွေ့နေရပါတယ်။ အထူးသဖြင့် လူထုမီဒီယာတွေကနေတစ်ဆင့် တော်လှန်ရေးလုပ်ရပ်တွေ ကို လူထုကို နေ့စဉ် အစီရင်ခံနေတာကိုလည်း တွေ့နေရလို့၊ အားရစရာ အခြင်းအရာတွေလို့ ယူဆပါတယ်။

၂။ မြန်မာ့နွေဦးတော်လှန်ရေးဟာ – အကြမ်းမဖက် အာဏာဖီဆန်ရေး သပိတ်လှုပ်ရှားမှုတွေကိုလည်း လုပ်သလို၊ အာဏာရှင်ရဲ့ဒေါက်တိုင်တွေကို ချိနဲ့အားနည်းအောင် နှဲ့နိုင်တာကိုလည်း တွေ့ရပါတယ်။ ဒီနေရာမှာ လက်နက်ကိုင် လမ်းစဉ်ကြောင့် လူထုအားတက်ရတာ၊ လူထုဘက်မှာ မျှော်လင့်ချက်ပိုထားနိုင်တာတွေကို တွေ့ရပါတယ်။ စစ်အာဏာရှင်ရဲ့ ခါးပိုက်ဆောင်လက်နက်ကိုင်တပ်ကို ဟန့်နိုင်သလို၊ တန့်အောင်လုပ်နိုင်တဲ့ အပြုအမူအဖြစ် တွေ့ရပါတယ်။ လူထုဟာ လက်နက်ကိုင်လမ်းစဉ်ကို အသွေးအသားထဲကနေ အားပေးတာတွေ့ရပါတယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။

၃။ သို့သော်လည်း ဒါဟာ တော်လှန်ရေးတွင်းကာလမှာ ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ လက်နက် ကိုင် လျှောက်လမ်းဟာ ဖြစ်သင့်တဲ့ကိစ္စ၊ လုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ အနာဂတ် ခပ်လှမ်းလှမ်းကို ကျော်ကြည့်ဖို့ လိုနေပါသေးတယ်။ လူထုလိုအပ်တာ တရားမျှတမှုဖြစ်တဲ့ လူ့အဖွဲ့အစည်း၊ တန်းတူညီမျှမှု ရှိတဲ့ လူ့အဖွဲ့အစည်း၊ လွတ်လပ်ပွင့်လင်းသောလူ့အဖွဲ့အစည်း၊ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ဂုဏ်သိက္ခာကို လေးစားသော လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ အကယ်၍ တော်လှန်ရေးလွန်ကာလကို ရောက်ခဲ့ သည် ရှိသော်၊ မူလ လမ်းစဉ်ကနေ ပြောင်းလဲလျှောက်လှမ်းရမယ့်ကိစ္စတွေ အများကြီး ရှိပါတယ်။ လက်ရုံးရည်ကိစ္စ ပြီးမြောက်ရင် နှလုံးရည်ကိစ္စက အရာရောက်နိုင်ရမှာ ဖြစ်ပါတယ်။ 

၄။ လက်နက်ကိုင်လမ်းစဉ်ဟာ ဒီမိုကရေစီလျှောက်လမ်းအတွက် ဖောင်သဖွယ်သာ ဖြစ်သင့်တယ်။ လက်နက်ကိုင် လမ်းစဉ်ဟာ ဒီမိုကရေစီကို သွားနိုင်မယ့် ပေါင်းကူးတံတားမျိုးသာဖြစ်သင့်တယ်။ ဒီနေရာမှာ ဖောင်ဆိုတဲ့သဘောကို ညွှန်းချင်ပါတယ်။ တစ်ဖက်ကမ်းရောက်ဖို့ ထိရောက်သော နည်းဟာ နက်တဲ့ ရေ၊ လှိုင်းကြမ်းပြီး ဝဲဂယက်ရှိတဲ့ မြစ်ကို ဖြတ်သန်းရတာဖြစ်လို့ လက်ပစ်ကူးလို့နဲ့ အရာမရောက်နိုင်ပါ။ မြစ်အတွင်းမှာလည်း မိကျောင်းနဲ့ ငါးရွေး တွေ အပြည့်။ လူကို အမြဲတမ်း အန္တရာယ်ပေးနိုင်တယ်။ အန္တရာယ်ပြုနိုင်တယ်။ ဒီတော့ ဖောင်ကို အားကိုးရတာပါပဲ။ လှေကို အားကိုးရတာပဲဖြစ်ပါတယ်။ ဖောင်ဟာ တစ်ဖက်ကမ်းကို အရောက်ပို့နိုင်ဖို့ ယာဉ်သက်သက်မျှသာဖြစ်ပါ တယ်။ လှေဟာ တစ်ဖက်ကမ်းကို အရောက်ကူးဖို့ ယာဉ်သက်သက်မျှသာ ဖြစ်ပါတယ်။ အကယ်၍ တစ်ဖက်ကမ်းကို ရောက်ပြီးသွားရင်၊ ကိုယ်ကူးမြောက်ခဲ့ပြီးတဲ့ ဖောင်ကို ကမ်းစပ်မှာ ထားခဲ့ဖို့ ဖြစ်ပါတယ်။ ထပ်မံပြီး လျှောက်ရမယ့် ကုန်းကြောင်းခရီးတွေ ရှိနေပါသေးတယ်။ အဲသည့်အခါ ခြေသာလျှင် ယာဉ်ရှိကုန်၏ ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ခရီးဆက်ကြဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့်ကို ကျေးဇူးပြုဖူးတဲ့ ဖောင်ကို စွဲလမ်းသော ဥပါဒါန်စိတ်နဲ့ ကုန်းလမ်းခရီးမှာ သယ်မသွားဖို့ ဖြစ်ပါတယ်။ ဖောင်ကို သယ်လို့ မရပါ။ လှေကို ကမ်းစပ်မှာပဲ ထားခဲ့ဖို့ ဖြစ်ပါတယ်။ ဒါဟာ အရေးကြီးပါတယ်။

၅။ ဒါဟာ လက်နက်ကိုင်အဖွဲ့တွေကို ဖျက်သိမ်းဖြစ်လိုက်ဖို့လား ဆိုတော့၊ မဟုတ်ပါ။ မဟုတ်ပါ။ လုံးဝ မဟုတ်ပါ။ Security Reform လို့ ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို လုပ်ဖို့ဟာ တစ်သီးတစ်ကဏ္ဍဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေးစိတ်နဲ့ လက်နက်ကိုင်တပ်ကို ဦးစီးပြီးတော့ မြန်မာ့နွေဦးတော်လှန်ရေးခေါင်းဆောင်အသီးသီးဟာ နိုင်ငံရေးလမ်းကြောင်းနဲ့ ဆက်လက် လျှောက်လှမ်းဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးစားပွဲဝိုင်းပေါ်ကို လက်နက်တွေ ယူ မလာကြဖို့ ဖြစ်ပါတယ်။ ကိုယ့်ကို တစ်ဖက်ကမ်းရောက်အောင် ပို့ခဲ့တဲ့ ဖောင်ကို သံယောဇဉ်ညှိတွယ်ပြီး နိုင်ငံရေး စားပွဲဝိုင်းပေါ် သယ်မလာဖို့ ဖြစ်ပါတယ်။ ဒါကို သတိချပ်သင့်ပါတယ်။

၆။ မြန်မာပြည်ရဲ့ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုတိုက်ပွဲကို ကြည့်ပါ။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးတဲ့ အခါ၊ နိုင်ငံရေးအရ ဆက်လက်တိုက်ပွဲဝင်ကြရတာဖြစ်ပါတယ်။ အခုလည်း မြန်မာ့နွေဦးတော်လှန်ရေးလွန်ကာလ ဟာ ဒီလိုပဲ ဖြစ်ရပါလိမ့်မယ်။ လက်နက်ကိုင်လျှောက်လမ်းဟာ လက်ရုံးရည်နဲ့ တိုက်ရတဲ့တော်လှန်ရေးဖြစ်ပါတယ်။ လက်ရုံးရည်အလှည့်ပြီးမြောက် ပြီးရင်၊ နှလုံးရည်နဲ့ နိုင်ငံရေးကြိုးဝိုင်းထဲမှာ အားလုံး ညှိနှိုင်းဆောင်ရွက်ပြီး ခရီး ဆက်ကြရအုံးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့်ကိုကျေးဇူးပြုဖူးတဲ့ ဖောင်ကို ကမ်းစပ်မှာတင် ထားခဲ့ဖို့ ဖြစ်ပါတယ်။ ဒါဟာ သတိရှိရှိ လုပ်ဆောင်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကို နားလည်အပ်ပါတယ်။

၇။ ပါလီမန်ခေတ်က သင်ခန်းစာတွေ ယူကြဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေဟာ ဖက်ဆစ်တော်လှန်ရေးကာလ အတွင်းမှာ ကျောချင်းကပ်ပြီး စည်းလုံးသလောက်၊  ဖက်ဆစ်တော်လှန်ရေးအလွန်ကာလနောက်ပိုင်းမှာ နိုင်ငံရေး အရဝိဝါဒကွဲမှု ပိုများလာပါတယ်။ အဲသည့်အချိန်မှာ ညီအစ်ကို မသိတသိအချိန်၊ နေဝင်ဖျိုးပြ မိုးချုပ်စလည်းဖြစ်တာ မို့ သဲသဲကွဲကွဲ မမြင်ရတော့ပါဘူး။ ဘုံရန်သူ ရှိချိန်မှာ ညီညွတ်ကြပေမယ့်၊ ဘုံရန်သူ ပျောက်တဲ့အခါမှာ သူလိုလို ကိုယ်လိုလို ရန်သူတွေ ဖြစ်လာကြပါတယ်။ ဒါတွေကို သတိရှိဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးစိတ်ဇောထက်သန်တာက တစ်ကြောင်း၊ နိုင်ငံရေးဝါဒအစွဲအလမ်းကို ကျော်ပြီး မကြည့်နိုင်တာက တစ်ကြောင်း၊ အာဏာအပေါ် တပ်မက်တဲ့ စိတ်က တစ်ကြောင်း။ ဒီအကြောင်းတွေကြောင့် နိုင်ငံရေးသမားတွေဟာ ကိုယ့်ရဲ့ ခါးပိုက်ဆောင်တပ်တွေကို တိုးတိုး တစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ဖွဲ့စည်းခဲ့ကြပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးကို အစွန်းရောက်ချောက်ကမ်းပါးထိ ရောက်အောင် ခေါ်သွားသလို၊ လက်နက်ကိုင်နိုင်ငံရေးလမ်းစဉ်ကို ပြည်တွင်းစစ်နဲ့ အသက်ဆက်သလို ဖြစ်ခဲ့ပါ တယ်။ ဒါကို သတိချပ်ကြဖို့ ၊ သင်ခန်းစာယူကြဖို့ ဖြစ်ပါတယ်။

၈။ လက်နက်ကိုင်လမ်းစဉ်ဟာ ဒီမိုကရေစီလျှောက်လမ်းကို ဆက်လျှောက်နိုင်ဖို့၊ ခုခံတားဆီးနေတဲ့ မြစ်ဝဲဩဃကို ဖောင်နဲ့ ကူးဖြတ်ခြင်းသာဖြစ်ပါတယ်။ တစ်ဖက်ကမ်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပြီးပြီဆိုရင် မြစ်ကို ကူးဖြတ် ခဲ့ရာမှာ သုံးတဲ့ ဖောင်ကို ကမ်းစပ်မှာ ထားခဲ့ကြဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးကုန်းလမ်းခရီးမှာ ဖောင်ကို သယ်သွားလို့ မဖြစ်ပါ။ လက်ရုံးရည်ကဏ္ဍပြီးစီးရင် နှလုံးရည်ကဏ္ဍကို ပီပီပြင်ပြင် ကျကျနန ပြတ်ပြတ်သားသား ကူးလျှောက်ကြ ဖို့ အားလုံးသဘောညီထားပြီးဖြစ်ရမှာ ဖြစ်ပါတယ်။

မင်းသေ့

ည ၁၁း၅၉

၈ ၊ နိုဝင်ဘာ၊ ၂၀၂၁။

Previous post နိုင်ငံရေးဥပါဒါန်အစွဲ
Next post ဗမာ့စိတ်နေစိတ်ထား