• “ငါ ဘယ်သူလဲ”
  • ဆရာတော် ဦးဇောတိက ၊ ထက်ထက်ထွန်း
  • ရေတံခွန်စာပေ၊ ၂၀၂၀၊ ပထမအကြိမ်။
  • (မှီငြမ်း) Enneagram by Don Richard Riso

“ငါ ဘယ်သူလဲ” စာအုပ်ကို စ,ထွက်ထွက်ချင်းပဲ လက်ရဝယ်ပါတယ်။ ဦးဇောတိက စာအုပ်တွေကို ကြိုက်တယ်။ ဆရာတော့်ရဲ့ စာအုပ်အားလုံးကို ပိုက်စိပ်တိုက်ဖတ်ခဲ့ပါတယ်၊ ဖတ်နေပါတယ်၊ ဖတ်ပါအုံးမယ်။ ၂၀၁၈ ခုနှစ်လောက်က၊ (ဆရာ) ဒေါက်တာ အောင်မြင့်နဲ့ ကျောက်ဆည်မှာ ကျင်းပတဲ့စကားဝိုင်းဆွေးနွေးပွဲတစ်ခုက အပြန်၊ ကားပေါ်မှာ ဆရာတော် ဦးဇောတိက စာအုပ်တွေ အကြောင်း စကားစပ်မိတယ်။ “တကယ်တော့ ဦးဇောတိက စာအုပ်တွေက Behavioral science တွေကွ…” လို့ ဒေါက်တာအောင်မြင့်က မှတ်ချက်ပေးတာ၊ မှတ်မိနေပါတယ်။ တကယ်တော့ ဒေါက်တာ အောင်မြင့်က ဆရာဝန်ကြီးတစ်ယောက်ဖြစ်သလို၊ စာရေးဆရာ တစ်ယောက်လည်းဖြစ်ပါတယ်။ ဒေါက်တာအောင်မြင့်ရဲ့ မှတ်ချက်ကို မကြားရခင်က၊ ဆရာတော့်စာအုပ်တွေမှာ လူ့အမူအကျင့်စရိုက်တွေ အကြောင်းပါဝင်တာ သတိထားမိပေမယ့်၊ အပြုအမူ သိပ္ပံ – အမူအကျင့်သိပ္ပံ ဆိုတဲ့ဘာသာရပ်နဲ့ တွဲပြီး မမြင်မိပါ။ ဒေါက်တာအောင်မြင့်ဟာ Behavioral science နဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်ရေးခဲ့ဖူးပါတယ်။ အဲဒါကို ပြန်ရှာလို့ မရတော့ပါ။ ပြန်လည် ပုံနှိပ်တာလည်း မတွေ့ရပါ။ ကျနော်က “ဆရာ… အဲသည့်စာအုပ် ရနိုင်အုံးမလား…” ဆိုတော့ ဆရာက မလွယ်တော့ဘူးလို့ ပြောပါတယ်။ “ငါ ဘယ်သူလဲ” စာအုပ်ကို ဖတ်လိုက်တယ်ဆိုရင်ပဲ၊ ဒါဟာ အပြုအမူ သိပ္ပံ – အမူအကျင့်သိပ္ပံလို့ နားလည်နိုင်မယ့် Behavioral science ဘာသာရပ်လို ခြေခြေမြစ်မြစ် ဖတ်ရမယ့် တကယ့်စာအုပ်ဆိုတာ နားလည်သွားပါတယ်။

တစ်ခန်းလုံး မင်ရာတွေနဲ့ အပြည့်

“ငါ ဘယ်သူလဲ” စာအုပ်မှာ ကိုယ့်အကြောင်းကို ကိုယ်သိဖို့၊ ကိုယ့်စရိုက်ကို ဆန်းစစ်နိုင်ဖို့ ပထမဆုံး မေးခွန်းပေါင်း (၁၄၄) ခုကို မေးပါတယ်။ ဒီမေးခွန်းတွေကို ကျနော် မဖြေပါ။ မာတိကာကို ချက်ချင်းလှန်ဖတ်ပါတယ်။ ငါဟာ နံပါတ် ဘယ်လောက်လဲဖြစ်မလဲလို့ ကြည့်ပါတယ်။ ကျနော့်စရိုက်လို့ ကျနော် မှတ်ယူထားတဲ့ အခန်းရဲ့ စာမျက်နှာကို လှန်ပါတယ်။ လက်ထဲမှာ ဘောပင်တစ်ချောင်းကို ကိုင်ထားတယ်။ အခန်းတစ်ခန်းလုံးနီးပါး မင်လိုင်းတားတဲ့အရာ တွေနဲ့ ပြည့်ကုန်တယ်။ ကျနော့်စရိုက်မှာ ဖြစ်တာတွေ အားလုံးလိုလိုကို ကျနော် လိုင်းတားတယ်။ စာအုပ်ကို ဖတ်နေရင်းနဲ့ မှန်လိုက်တာ၊ ဟုတ်လိုက်တာ၊ ဒါ အမှန်ပဲပေါ့၊ ဟုတ်တယ်… ဟုတ်တယ်… ဒီလို ကွက်တိပဲ၊  ဒီလို ဖြစ်နေကျ တကယ် ဟုတ်နေပါ့လား၊ ငါ ဒီလို တွေးလေ့ရှိတယ် ဒါ ဟုတ်နေပါ့လား၊ ငါ ဒီလို ခံစားတယ်၊ ငါ ဒီလို မြင်မိတယ်… အားလုံးလိုလိုဟာ ဗေဒင်ဟောသလို။ ဒီနေရာမှာ ဗေဒင်ဟောတာမှ မှားလိမ့်အုံးမယ်၊ ယွင်းလိမ့်အုံးမယ်။ ကျနော် ဗေဒင်ဆရာဆီ ဉာဏ်ပူဇော်ခပေးပြီး တခါမှ အတည်အတံ့ ဗေဒင်အဟောခံဖူးတာလည်း မရှိခဲ့ပါ။ ဒါပေမယ့် မြန်မာတွေ နေ့စဉ် ပြောဆိုနေကျ စကားလို၊ ဗေဒင်ဟောလိုက်သလိုပါပဲလား…. လို့၊ ပြောမိတယ်။ ဒက်ထိ… ကွက်တိပါပဲလား။

မှန်ထဲက ငါ

တကယ်တော့ “ငါ ဘယ်သူလဲ” စာအုပ်က ကိုယ့်အကြောင်းကို ကိုယ်ပြန်ဖတ်နေရသလိုပါပဲ။ ကိုယ့်စရိုက်ကို ကိုယ် ပြန်ဖတ်နေရသလိုပါပဲ။ ကိုယ်သတိမထားမိလိုက်တဲ့ စရိုက်တွေ၊ အမူအကျင့်တွေ တွေ့လိုက်မိတယ်။ သတိထားမိ လိုက်တယ်။ သတိမူမိလိုက်တယ်။ ဒါ ငါပဲ… ဒါ ငါပဲ… လို့ ပြောလိုက်ရလောက်အောင် ကျနော့်အတွက် မှန်နေပါတယ်။ ဒီစာအုပ်ကို သဘောကျလွန်းလို့ မိတ်ဆွေ တချို့ကိုလည်း လက်ဆောင်ပေးဖြစ်တယ်။

ဘဝမှာ ကိုယ့်အကြောင်းကို အမှန်ကန်ဆုံး သိနိုင်ဖို့ဟာ အရေးအကြီးဆုံးပဲလို့ ယူဆပါတယ်။ လူဟာ တစ်သက်လုံး ကိုယ့်အကြောင်းကို ကိုယ်သိအောင် လုပ်နေရတဲ့သတ္တဝါလို့ ကျနော် ခံယူတယ်။ ကိုယ့်အကြောင်းကို ကိုယ်သိတဲ့နေ ရာမှာလည်း ဘယ်လောက်အရိုးသားဆုံးနဲ့ အရိုးရှင်းဆုံး သိသလဲဆိုတာ သိပ်အရေးပါတယ်။ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို ဘယ်လောက်ထိ အရက်စက်ဆုံး ရိုးသားနိုင်ကြပါသလဲ။

“ငါ ဘယ်သူလဲ” ဆိုတာ ကိုယ့်အတ္တကို ကိုယ်ရှာဖွေရသလိုပါပဲ။ ငါ့အတ္တက ဘယ်လို ဘယ်ကဲ့သို့။

ကိုယ့်အကြောင်း တကယ် သိသလား

လူတွေဟာ ကိုယ့်အကြောင်း ကိုယ် သိပ်သိတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ကိုယ့်အကြောင်း ကိုယ် ဘာမှန်းမသိဘဲ သေသွားတဲ့လူတွေက ခပ်များများ။ တကယ်တော့ ကိုယ့်အကြောင်းကို ကိုယ် မချွင်းမချန် ချေးခါး အူမက အစ သိနိုင်ဖို့ လွယ်သယောင်နဲ့ ခက်၊ တိမ်မယောင်နဲ့ နက်လှတယ်။ လူဟာ ကိုယ့်အကြောင်းကိုမှ ဂဃနဏ သိမထားရင် အဲသည်လူဟာ တကယ် အောင်မြင်တဲ့သူတစ်ယောက်လည်း မဖြစ်နိုင်ဘူး၊ ဘဝမှာ တကယ်ပျော်ရတဲ့သူလည်း မဖြစ်နိုင်ဘူး။ သူ့ဘဝကို သူကိုယ်တိုင်လည်း ကျေနပ်နိုင်မှာ မဟုတ်ဘူး။ သူ့ဘဝမှာ အကောင်းဆုံးတွေ ရထားတဲ့သူ ဖြစ်နေရင်တောင် သူဟာ သူ့ဘဝကို တကယ်ကျေနပ်တဲ့သူ ဖြစ်မှာ မဟုတ်ဘူး။ ဘဝမှာ စိတ်အေးအေးချမ်းချမ်း နေနိုင်သူ ဖြစ်ဖို့က လွယ်သလိုလိုနဲ့ သိပ်ခက်ပါတယ်။ သိပ်ခက် သလိုလိုနဲ့ လွယ်ပါတယ်။ ဘယ်လို လွယ်တာလဲ၊ ဘယ်လို လွယ်တာလဲ။ ဆုပ်ကိုင်ထားတာတွေ သိပ်မများရင် လွယ်နိုင်ပါတယ်၊ လွှတ်ချထားနိုင်စွမ်း ရှိရင် လွယ်ပါတယ်။ ဒါဟာ စိတ်ချမ်းသာမှုနဲ့ စိတ်ပျော်ရွှင်မှုရဲ့ အဓိက အချက် လို့ ကျနော် ထင်ပါတယ်။

  • ကျနော် ဘာတွေကို ဆုပ်ကိုင်ထားသလဲ။
  • ကျနော် လွှတ်မချထားရက်တာတွေဟာ ဘာတွေလဲ။

ဘဝအကြောင်း သိဖို့၊ လောကအကြောင်း သိဖို့၊ စိတ်အကြောင်း သိဖို့၊ လူတွေ အကြောင်း နားလည်ဖို့၊ ပျော်ရွှင်မှု အကြောင်း နားလည်ဖို့၊ အောင်မြင်မှုအကြောင်း နားလည်ဖို့၊ ဒုက္ခနဲ့ အခက်အခဲတွေကို နှလုံးသွင်းနိုင်ဖို့… စတာတွေ ကို ဆရာတော် ဦးဇောတိက စာအုပ်တွေ ဖတ်ရင်း၊ ဘဝနဲ့ ချိန်ညှိမိပါတယ်။ ဒီလုပ်ရပ်ရဲ့ အကျိုးကျေးဇူးဟာ လူ့အသိုင်းအဝိုင်းထဲမှာ ကိုယ့်ကိုယ်ကို ကိုယ်ရည်ကိုယ်သွေး တစ်စုံတရာ တည့်မတ်နိုင်တဲ့သူ ဖြစ်အောင် လုပ်ယူနိုင် ခဲ့ပါတယ်။ သို့သော်လည်း မတည်ဆောက် မပြုပြင်ရသေးတဲ့ ကိုယ်ရည်ကိုယ်သွေးရိုင်းတွေအတွက် အမြဲ သတိရှိ ပြင်ဆင်နိုင်ဖို့လည်း အဆင်သင့်ဖြစ်နေခဲ့ပါတယ်။

မနေ့က ငါ နဲ့ ဒီနေ့ ငါ

“ငါ ဘယ်သူလဲ” စာအုပ်က “ငါ ဘယ်သူလဲ” ဆိုတာကို ကောင်းကောင်း ပြောပြနိုင်ပါတယ်။ “ငါ ဘယ်သူလဲ” စာအုပ်က “ငါ ဘယ်သူလဲ” ဆိုတာကို ရှင်းရှင်းလင်းလင်း ထောက်ပြနိုင်ပါတယ်။ “ငါ ဘယ်သူလဲ” စာအုပ်က “ငါ ဘယ်သူလဲ” ဆိုတာကို သိမ်သိမ်မွှေ့မွှေ့ နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန် ဖော်ပြထားပါတယ်။ ငါ ဘယ်သူလဲဆိုတာ သိချင်ပါတယ်။ ငါ ဘယ်သူလဲဆိုတာ နားလည်ချင်ပါတယ်။ ငါ ဘယ်သူလဲဆိုတာ ငါ ကိုယ်တိုင် အချိန်တိုင်း သိနေချင်ပါတယ်။

“ငါ ဘယ်သူလဲ” ဆိုတာ သိနိုင်ဖို့ ကြိုးစားနေပါတယ်။ နေ့တိုင်းလိုလို ကြိုးစားနေရမယ်လို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ မနေ့က ငါ နဲ့ ဒီနေ့ ငါဟာ မတူတော့ဘူး။ ပြောင်းသွားပြီ။ မနေ့က ငါဟာ သေသွားပြီ။ ဒီနေ့ ငါဟာ တည်နေ​တယ်။ မနက်ဖြန်ကျရင်လည်း ဒီနေ့ငါ သေသွားအုံးမယ်။ ဒီလိုပဲ ဖြစ်လိုက်၊ ပျက်လိုက်၊ အသစ်တဖန် ပြန်လည် မွေးဖွားလိုက်။ အသစ်အသစ်မွေးနေတာတွေက မြန်လွန်းတော့၊ အဟောင်းဖြစ်သွားတယ်ဆိုတာ မသိတော့ဘူး။ မနေ့ကနဲ့ ဒီနေ့ အတူတူပဲလို့ ထင်နေတယ်။ မနှစ်ကနဲ့ ဒီနှစ် အတူတူပဲလို့ ထင်နေတယ်။ တကယ်တော့ အတိတ်က ငါဟာ ကျန်ခဲ့ပြီ။ ဒီနေ့ငါဟာ ပစ္စုပ္ပန်တည့်တည့်ရှုနေတဲ့ ငါပဲ။ အနာဂတ် ငါဟာ မသေချာဘူး။

လူထု ဖတ်စာ

“ငါ ဘယ်သူလဲ” စာအုပ်ဟာ ကိုယ့်အကြောင်းကို ကိုယ်သိဖို့ အထောက်အပံ့ကောင်းဖြစ်သလို၊ တပါးသူတွေ အကြောင်း၊ တခြားသူတွေ အကြောင်း၊ တနည်းအားဖြင့် လူတွေရဲ့ စရိုက် အမူအကျင့်သဘာဝ အခြေခံသဘောတရား​တွေကို ကောင်းကောင်းပြဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ကျနော်ကတော့ စာအုပ်လို့တောင် မသတ်မှတ်ချင်ဘူး။ ကျမ်းတစ်စောင်လို့ သတ်မှတ်ချင်ပါတယ်။ ဒီစာအုပ်ဟာ Don Richard Riso ရေးတဲ့ Enneagram စာအုပ်ကို ဖတ်ပြီး နားလည်သလို ပြန်ရေးထားတဲ့စာအုပ်ဖြစ်ကြောင်း၊ ပြန်လည်ရေးသားသူ မထက်ထက်ထွန်းက အမှာစာမှာ ပြောပါတယ်။ ဆရာတော် ဦးဇောတိက ဖတ်ပြ ရှင်းပြသွားတာတွေကို မထက်ထက်ထွန်းက ပြန်လည်ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ဘာသာပြန် မဟုတ်ပါ။ ဘာသာ တိုက်ရိုက်ပြန်ရင်လည်း မြန်မာလူငယ်တွေ၊ မြန်မာလူကြီးတွေနဲ့ ကိုက်မယ် မထင်ပါ။ “ငါ ဘယ်သူလဲ” ဆိုတာကို တစ်ဦးချင်း စစ်စစ်ပေါက်ပေါက် ဆန်းစစ်နိုင်လောက်အောင် ရိုးရှင်း လွယ်ကူ ထိရောက်နိုင်မယ်လို့လည်း မထင်ပါ။ ဒီတော့ မှီးပြီးတော့ ဆရာတော် ဦးဇောတိက အာဘော်အတိုင်း ရေးသားတာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီလိုစာအုပ်မျိုးတွေ ခပ်များများ လိုအပ်နေပါတယ်။ ဒီလိုစာအုပ်ကိုလည်း လူထုဟာ နှစ်နှစ်ခြိုက်ခြိုက် လိုလိုလားလား ဖတ်ရကောင်းမှန်းသိတဲ့ အသိရေချိန် ရှိဖို့ ကောင်းပါတယ်။

အတိတ်က မြန်မာထက်စာရင် လက်ရှိ ပစ္စုပ္ပန် မြန်မာတွေဟာ စာကောင်းပေကောင်းကို ပိုလို့ ရွေးနိုင်လာကြပြီလို့ ယုံကြည်ပါတယ်။ ဆရာတော် ဦးဇောတိက စာပေတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား လူတွေလည်း ဒုနဲ့ ဒေး ရှိနေပြီး ဖြစ်ပါတယ်။ ဒါဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ကိုယ်ကျင့်ဒဿနအုတ်မြစ်ကို ခိုင်အောင် လုပ်နိုင်မယ့် လူတန်းစား ကျောက်အုတ်လွှာ တစ်ခု ဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်။

သိနားလည်မှု ကျယ်လာလေလေ၊ ကိုယ့်လောကဟာ ကျယ်လာလေလေ

ကျနော်ဟာ ကျနော့်ကို ကျနော် မေ့နေတိုင်း “ငါ ဘယ်သူလဲ” ဆိုတာရဲ့ ကျနော့်မူပိုင် အခန်းလေးထဲ ဝင်ဝင်ကြည့်ပါတယ်။ တခြားသူတွေရဲ့ စရိုက်တွေကို ဖတ်ရင်း ဖတ်ရင်းနဲ့ …

  • ဪ… သူက ဒါ့ကြောင့် ဒီလို တွေးတာပဲ၊
  • သူက ဒါ့ကြောင့် ဒီလို ပြုမူတာပဲ၊
  • သူက ဒါ့ကြောင့် ဒီလို တုံ့ပြန်တာပဲ၊
  • သူက ဒါ့ကြောင့် ဒီလို ပြောတာပဲ၊
  • သူက ဒါ့ကြောင့် ဒီလို မြင်တာပဲ၊
  • သူက ဒါ့ကြောင့် ဒီလို ခံစားတယ် ထင်တယ်….

စသည်ဖြင့်…. သူတပါးနေရာမှာလည်း ဝင်ပြီး တွေးတတ်လာတယ်၊ သူများတကာရဲ့ ခံစားချက်ဟာ ဘာ့ကြောင့် ဘယ်လိုဖြစ်တယ်ဆိုတာလည်း နားလည်လာတယ်။ ဒီရဲ့အကျိုးဆက်က ကိုယ့်ရဲ့လူမှုပေါင်းသင်းဆက်ဆံရေးမှာ သိပ်ပြီး အကျိုးဖြစ်ထွန်းတာပဲ။ လူတွေအကြောင်း ပိုသိလာလေလေ၊ လူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံရမယ် ဆိုတာ နားလည်လာလေလေ။ လူတွေရဲ့ အခြေခံစရိုက်တွေကို နားလည်နေတဲ့အခါ၊ လူအများနဲ့ ပူးပေါင်း လုပ်ရတဲ့အလုပ်တွေမှာ အဆင်ပြေတယ်၊ အောင်မြင်တယ်။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်စွမ်းတွေ ရလာတယ်။ အဲသည့်အခါမှာ လူတွေနဲ့ပတ်သက်ရင် ကိုယ့်ရဲ့ အသိဉာဏ်က ကျယ်လာလို့ ကိုယ့်ရဲ့ လောကဟာလည်း ကျယ်လာတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလည်း ကျယ်လာတယ်။ ကိုယ့်ရဲ့ လောကဟာ ကျဉ်းသထက် ကျဉ်းအောင်လုပ်နေတဲ့သူတွေကိုလည်း ရှောင်ကြဉ်လာနိုင်တယ်။

“ငါ ဘယ်သူလဲ” စာအုပ်ဟာ ငါ့အကြောင်းကို နားလည်အောင် ကျေးဇူးပြုရုံတင်မကသေးဘူး၊ တခြားသူတွေရဲ့ စရိုက်နဲ့ သဘောထားတွေကို နားလည်ဖို့လည်း ကျေးဇူးပြုတယ်။ ဒါတင်မကသေးဘူး။ လူ့အခြေခံစရိုက်တွေကို နားလည်အောင် လုပ်ပေးတဲ့စာအုပ်ပဲ၊ ကျမ်းတစ်စောင်ပဲ။ လူတွေအကြောင်း နားလည်အောင် လုပ်ပေးနိုင်မှတော့၊ လောကကြီးအကြောင်းကိုလည်း ကောင်းကောင်း နားလည်နိုင်ပြီပေါ့။

မင်းသေ့

နေ့လယ် ၁း၃၇

၁၈၊ စက်တင်ဘာ၊ ၂၀၂၁။

Previous post ▄ အိန္ဒိယကို လေ့လာခြင်း
Next post တရုတ်မုန်းတီးရေးအသံ လေနဲ့ ဝမ်းနဲ့ ကွဲရဲ့လား