ဒေါက်တာ သန်းထွန်းက ပြောတယ်။
အသိသစ်၊ အတွေးသစ်၊ အယူအဆသစ် မပါရင်၊ စာအုပ်သစ် မရေးနဲ့…တဲ့။


ကျနော် စာသင်ရင်၊ ကျနော် စာရေးရင်၊ ဒေါက်တာ သန်းထွန်းမူကို အမြဲလိုလို ကိုင်ပြီး ရေးတယ်။ ရံဖန်ရံခါ ရေးချင်စိတ် ပေါ်တယ်။ ဒါပေမယ့်၊ ဒါဟာ သမာရိုးကျ အမြင် ဖြစ်နေတယ်။ ရိုးလွန်းတဲ့ အချက်အလက်ဖြစ်နေ တယ်။ စာဖတ်သူအတွက်၊ အသစ် သက်သက် မဟုတ်ဘူး ဆိုရင်၊ ရေးတာကို မလုပ်ဘူး။ တွေးတာကိုတော့ ဆက်လုပ်နေတယ်။ ထိုနည်းလည်းကောင်း၊ တစ်ခါ ထပ်စဉ်းစားတယ်။ အားလုံး နားလည်ထားပြီးသား အကြောင်းအရာ ဖြစ်ပင် ဖြစ်ငြားသော်လည်း၊ ရှုထောင့်သစ် အတွေးသစ်နဲ့ ချည်းကပ်မှု အသစ်ဖြစ်ရင်၊ ရေးတယ်။ ပြောတယ်။


စတိဂျော့(ဗ်) က၊ Think different! လို့ ပြောတယ် မဟုတ်လား။ ကိုတာကလည်း၊ ရေးတယ်။ တခြား တစ်ဖက်မှ ဆင်ခြင်ရန်အကြောင်းများ…ဆိုတဲ့မူနဲ့ ရေးတယ်။ အကြောင်း၊ အဖြစ်အပျက်တွေကို ထောင့်ပြောင်း အတွေးတွေနဲ့ တွေးတာ ပညာဖြစ်ပါတယ်။ ကိစ္စတစ်ခုကို၊ ထောင့်ပြောင်းစဉ်းစားချက်တွေနဲ့ ချည်းကပ်တာ ပညာဖြစ်ပါတယ်။
အတွေးတွေ တူနေရင်၊ အိုင်ဒီယာ အသစ် မဖြစ်ဘူး။
စဉ်းစားချက်တွေ တူနေရင်လည်း၊ နည်းလမ်းအသစ် မထွက်ဘူး။
လေ့လာပုံတွေ ကွဲပြားမှ၊
ရှုထောင့် ပေါင်းစုံက ကြည့်တတ်မှ၊
ထိုနည်းလည်းကောင်းပဲ…. ထောင့်ပြောင်းအတွေးတွေနဲ့ ကိုယ့်ရဲ့ ရှုမြင်မှုကို အုတ်စီမှ၊ ကောင်းမယ်။


ဒေါက်တာ သန်းထွန်းက၊ သူ့ရဲ့ “ငါပြောချင်သမျှ၊ ငါ့အကြောင်း” စာအုပ်ထဲမှာ၊ ရေးတယ်။
ပညာရဲ့ တန်ဖိုးဟာ၊ ဘယ်လောက် Contribute လုပ်နိုင်သလဲ ဆိုတဲ့ အပေါ်မှာ မူတယ်တယ်…တဲ့။ ပညာတတ်တဲ့သူတွေ ရှိပါတယ်။ သို့ပေမယ့် ပညာတတ်တိုင်း၊ မဖြန့်ချိနိုင်ဘူး။ ကိုယ့်စိတ်ထဲမှာတော့ သိနေတယ်။ သူများတကာတွေ ရေးနေ၊ ပြောနေရင်လည်း သိနေတယ်။ ကိုယ်တိုင် နားလည်နေတယ်။ သို့ပေမယ့် သူများတကာကို၊ ထိုသူတို့လို ရေးသားဖြန့်ချိဖို့၊ ပြောပြဖို့ကျတော့ မတတ်ကျွမ်းတဲ့သူတွေ ရှိတယ်။ သူတို့က၊ ဘာလေးတွေနဲ့ တူသလဲ ဆိုတော့၊ “ဘုရားငယ်” လေးတွေနဲ့ တူတယ်။
“ပစ္စေကဗုဒ္ဓ” တွေနဲ့တူတယ်။ အဲ့ဒီ့ “ပစ္စေကဗုဒ္ဓ” တွေက၊ သူတို့ ကိုယ်တိုင်တော့ ခန္ဓာ့ဝဋ်က ကျွတ်အောင် လုပ်နိုင်ကြတယ်။ အဲ့ဒီလိုပဲ၊ သစ္စာတရား၊ မဂ္ဂင်ရှစ်ပါးကို သိစွမ်းကြတယ်။ အဲ့ဒီ့တရားနဲ့ သတ္တဝါတွေရဲ့ အာသဝေါတရားကို ချေချွတ်ဖို့တော့ မတတ်စွမ်းကြဘူး။


ဂေါတမဗုဒ္ဓကတော့၊ အဲ့လို မဟုတ်ဘူး။
သူကိုယ်တိုင်လည်း တတ်စွမ်းတယ်။ သတ္တဝါတွေကိုလည်း၊ အာသဝေါတရား ကုန်ခမ်းအောင် ဟောပြော၊ ညွှန်ပြနိုင်စွမ်းရှိတယ်။ ဒါဟာ ၊ ဥပမာ ပြချက်သာဖြစ်ပါတယ်။ တခြား ဆိုလိုရင်း၊ အလျင်း မရှိပါ။


အဲ့တော့၊ ပညာရှိတဲ့သူတိုင်းက ဖြန့်ချိမှုကို မလုပ်နိုင်ဘူး။
ထိုနည်းလည်းကောင်းပဲ၊ ပညာတတ်တဲ့သူတိုင်းကလည်း၊ သူ့လိုတတ်ကျွမ်းနားလည်အောင်၊ ဖြန်ချိမှု ပြုနိုင်ချင်မှ ပြုနိုင်မယ်။
သူများတကာကို၊ တတ်သိနားလည်အောင် လုပ်နိုင်စွမ်းရှိတာ အတတ်ပညာတစ်ခုဖြစ်ပါတယ်။ သူများတကာ ကို၊ တတ်ကျွမ်းနားလည်အောင် ဖြန့်ချိနိုင်ခြင်းဟာ အတတ်ပညာတစ်ခုဖြစ်ပါတယ်။
ဖြန့်ချိတဲ့နေရာမှာလည်း၊ အမျိုးမျိုးရှိတယ်။


• ရေးသားခြင်းနည်းအားဖြင့်၊ ဖြန့်ချိလို့ရတယ်။
• ဟောပြော၊ ပို့ချခြင်းဖြင့်၊ ဖြန့်ချိလို့ရတယ်။
• ဆွေးနွေး၊ အကြုံပြုခြင်းဖြင့်၊ ဖြန့်ချိလို့ရတယ်။
• တစ်စုံတစ်ခုကို ဖန်တီးစီရင်ပြီး၊ ဖြန့်ချိလို့လည်း ရတယ်။
• ဖြန့်ချိခြင်း နည်းနာတွေ အများကြီးရှိပါတယ်။


သမာရိုးကျ နည်းလမ်းတွေကတော့၊ ရေးသားခြင်း၊ ပြုစုခြင်း၊ သင်ကြားခြင်း၊ ဟောပြောခြင်း၊ ပို့ချခြင်း နဲ့ သုတေသန ဖော်ထုတ်ချက်တွေပါပဲ။


အဲ့တော့၊ အဲ့ဒီ့အထဲက တစ်ခုခုကို ပင်တိုင် စွဲစွဲမြဲမြဲလုပ်ကိုင်နိုင်ရင်၊ ကိုယ်ကိုယ်တိုင်ကလည်း၊ လူ့အသိုင်းအဝိုင်းကို တစ်စုံတစ်ခု ဖြစ်ဖြစ်မြောက်မြောက် ဖြစ်အောင် အသစ်တစ်ခုခု၊ ပေးစရာ ကျကျနန ရှိထားရင်၊ ဖြန့်ချိခြင်းကို မပြတ်လုပ်နေရပါမယ်။ လုပ်လည်း လုပ်နေသင့်ပါတယ်။
ဒေါက်တာသန်းထွန်းရဲ့ မူကို လေ့လာကြည့်ပါ။


ဆရာကြီး ဒေါက်တာသန်းထွန်းဟာ၊ သုတေသနကို ပီပီပြင်ပြင် စစ်စစ်မှန်မှန်လုပ်ပါတယ်။ လုပ်ပြီး ဒီအတိုင်း မထားပါဘူး။ ကျကျနန မှတ်တမ်းပြုစုတယ်။ ရေးသားတယ်။ ပြီးတော့လည်း သိမ်းမထားပါဘူး။ လူအများ သိအောင်၊ လေ့လာလို့ ရအောင်၊ ပုံနှိပ်ဖြန့်ချိဖို့ အမြဲလိုလို ကြိုးစားပါတယ်။


ဆရာကြီးရဲ့ စာအုပ်တွေက၊ တစ်နှစ်နေလို့မှ ရောင်းကုန်ချင် ကုန်လိမ့်မယ်။ လေး၊ ငါး၊ ခြောက်နှစ်နေလို့မှ ရောင်းကုန်ချင် ကုန်လိမ့်မယ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ အသစ်အသစ်တွေကို ရေးသားပြုစု၊ သုတေသနလုပ်ပြီး သွားရင် ပညာရပ်ကို ဆက်လက် အဓွန့်ရှည် ပြန့်ပွားဖို့အတွက် ပုံနှိပ်ဖြန့်ချိခြင်းကို လုပ်ဖြစ်အောင် လုပ်တယ်။
ဒါ့ကြောင့်လည်း၊ ဒေါက်တာသန်းထွန်းကို ပညာရဲ့ သင်္ကေတလို့ မှတ်ချက်ပြုကြတာ ထင်ပါတယ်။


အဲ့တော့၊ လူ့အသိုင်းအဝိုင်းထဲက လူတစ်ယောက်ဟာ၊ “ဇီးကွက်လောက်တော့၊ ငှက်တိုင်းလှပါတယ်” လို့၊ စကား,တင်း မဆိုဘဲ၊ လုပ်သင့်လုပ်ထိုက်တယ်လို့ ယုံကြည်တဲ့အရာတွေကို လုပ်သွားဖို့ လိုပါတယ်။ ဒါမှလည်း၊ ပညာသမား စစ်စစ်ရဲ့ လုပ်ရပ်ဖြစ်ပါလိမ့်မယ်။


အဲ့တော့၊
• ပညာဆိုတာ၊ အသစ်အသစ်ကို ဖော်ထုတ်နိုင်ခြင်း။
• ပညာဆိုတာ၊ ဖြန့်ချိနိုင်ခြင်း။ လက်ဆင့်ကမ်းနိုင်ခြင်း။
• ပညာဆိုတာ၊ တန်ဖိုးတစ်ခုကို ထပ်ဆင့် တွန်းတင်နေခြင်း လို့ပဲ ဆိုရပါမယ်။

မင်းသေ့
နေ့လည် ၂ း ၃၀
၂၆၊ ဖေဖော်ဝါရီလ၊ ၂၀၁၈
မန္တလေးမြို့။

Previous post သတင်းစာဆရာ နှင့် နိုင်ငံရေးသမား
Next post စာအုပ်ရွေးချယ်ပုံ