ပြီးခဲ့တဲ့လ (စက်တင်ဘာ၊ ၂၀၂၁) က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မင်းကိုနိုင်ရဲ့ ကဗျာလေး တစ်ပုဒ် ဖတ်လိုက် ရတယ်။

  • ပန်းပွင့်တဲ့အလုပ်
  • ရိုးတံက လုပ်လိမ့်မယ်
  • အမြစ်အလုပ် အမြစ်လုပ်ရုံပဲ
  • မြေသားနက်နက် ရေရှာထွက်မယ်
  • အသက်ဆက်မယ်
  • သစ်ရွက်က သစ်ရွက်အလုပ်လုပ်ရုံပဲ
  • နေပူခံလျက် အစာချက်မယ်
  • အသက်ဆက်မယ်….. (မင်းကိုနိုင်၊ ၂၀၂၁)

ကျနော်ဟာ ကဗျာတွေ ဖတ်မိရင်၊ ကဗျာတွေထဲက အဘိဓမ္မာကို ရှာမိတယ်။ ကဗျာထဲမှာ ဘယ်လိုအဘိဓမ္မာတွေကို ကိန်းအောင်းနေသလဲ။ အဲသည့်အဘိဓမ္မာရဲ့နောက်ခံတွန်းအားက ဘာဖြစ်မလဲ။ ကဗျာဆရာဟာ ဘာကို ခံစားပြီး မက်ဆေ့ချ်ပေးတာလဲ။ သို့တည်းမဟုတ် ဒဂုန်တာရာပြောသလို – ဖတ်လိုက်လို့ ရင်ခုန်ရရင် ကဗျာပဲ… တဲ့။ မင်းကိုနိုင်ရဲ့ ကဗျာက ရင်ခုန်ရရဲ့လား။

▄ နွေဦးရာသီ

ဒီလိုအချိန်မှာ ရင်ခုန်ရတဲ့ကဗျာထက်၊ လူထုနှလုံးသားအတွက်၊ လူထုဦးနှောက်အတွက် လိုအပ်တဲ့ ကဗျာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ မင်းကိုနိုင်ရဲ့ကဗျာဟာ ရင်ခုန်ရရဲ့လား။ ကျနော် ရင်မခုန်ပါ။ ရင်ခုန်ရအောင်ရေးတဲ့ကဗျာ လို့လည်း မထင်ပါ။ အနက် သဘောကတော့ ပေါ်ပြီးသားဖြစ်ပါလိမ့်မယ်။ တိုင်းပြည်ကသောင်းကနင်းဖြစ်နေတဲ့ အချိန်မှာ ပန်းတိုင်ကို ရောက် အောင် ကိုယ့်အလုပ်ကို လုပ်ပြီး အသက်ဆက် ရပ်တည်ကြဖို့ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကိုယ့်တန်ဖိုးနဲ့ ကိုယ်၊ ကိုယ့်အလုပ်နဲ့ ကိုယ်၊ ကိုယ့်တာဝန်နဲ့ ကိုယ် – အစုအဖွဲ့တာဝန်ကို ဟန်ချက်ညီညီ၊ လုပ်ဆောင်ဖို့ ၊ တာဝန်ကျေဖို့ ပေးတဲ့ သတင်းမက်ဆေ့ချ် ကဗျာ ဖြစ်ပါတယ်။ ကဗျာရဲ့အနက် သဘောကို လက်ရှိ မြန်မာ့နွေဦးရာသီနဲ့ နှိုင်းယှဉ်ပြီး ချဲ့ထွင် မပြောလိုတော့ပါ။ သတင်းမက်ဆေ့ချ်ဟာ ရှင်းစရာ မလိုလောက်အောင် ထိမိ ပြတ်သား လိုရင်းရောက်လို့ပဲ ဖြစ်ပါတယ်။

▄ တင်မိုးရဲ့ ပန်းပွင့်

မင်းကိုယ်နိုင့်ကဗျာကို ဖတ်မိတော့၊ ကဗျာစာဆို – ကဗျာကဝိ (ဆရာ) တင်မိုးရဲ့ ကဗျာတစ်ပုဒ်ကို သတိရမိတယ်။ ပန်းပွင့်၏ အတ္ထုပ္ပတ္တိ…တဲ့။ တင်မိုးဟာ ပန်းပွင့်၏ အတ္ထုပ္ပတ္တိ ကဗျာကို ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၉ ရက်နေ့ ညနေခင်းတစ်ချိန်မှာ ရေးသားခဲ့ပါတယ်။ ကဗျာက အခုလို …

  • မျိုးစေ့
  • ပန်းပင်
  • ပွင့်
  • ကြွေ
  • ဒါဟာ ပန်းပွင့်ရဲ့ အတ္ထုပ္ပတ္တိ မဟုတ်။
  • မြေထဲက ရုန်းထမှု
  • လေထဲက ရနံ့ဖြန့်ဝေမှု
  • မုန်တိုင်းကို ခေါင်းငုံ့မခံ
  • လက်တုံ့ပြန်နိုင်မှု
  • နေရဲ့ဒဏ်ကို
  • အားမာန်အဖြစ် ပြောင်းလဲမှု
  • သူ့စွမ်းအား သူ့ဂုဏ်သတ္တိတွေသာ
  • ပန်းပွင့်၏ အတ္ထုပ္ပတ္တိ ဖြစ်တယ်။
  • ပွင့်ပါစေ
  • ကြွေပါစေ
  • နိယာမတရားထဲမှာ ကျင်လည်ပါစေ။
  • မြေ
  • လေ
  • ရေ
  • နေ
  • သူ့အတ္ထုပ္ပတ္တိ ဖြစ်ထွန်းရာ အခြေအနေ မွှေးပျံ့လာမယ့် ကမ္ဘာမြေ။ (တင်မိုး၊ ၁၉၉၅)

ကာရံ နဘေတွေနဲ့ တွေ့ရလေ့ရှိတဲ့ တင်မိုးကဗျာတွေဟာ၊ ဒီကဗျာမှာ ကာရံနဘေကို မတွေ့ရပါ။ ကဗျာဟာ ရင်ခုန်ရခြင်းထက် အားမာန်အတွက် သင်္ကေတဝါဒကို လက်ကိုင်ပြုပြီး သတင်းမက်ဆေ့ချ် ပေးချင်ပုံရတယ်။ ၁၉၉၅ ခုနှစ်မှာ ဆရာတင်မိုးဟာ ဘယ်နေရာမှာ ရောက်ရှိနေသလဲ။ ၁၉၈၈ ခုနှစ် ၈၈၈၈ လူထုအရေးတော်ပုံနှောင်းပိုင်း ကာလ – ဘယ်လိုခေတ်အခြေအနေမျိုးမှာမို့၊ ကဗျာဆရာဟာ ဒီကဗျာကို ရေးရတာလဲ။ ကဗျာတစ်ပုဒ်ကို ဖတ်ရတဲ့ အခါ ကဗျာဆရာရေးခဲ့တဲ့ ကဗျာရဲ့ နှစ်ကာလအပိုင်းအခြားနောက်ခံနဲ့ လူ့အဖွဲ့အစည်းအတွင်းက ဖြစ်ပျက်နေတဲ့ ဖြစ်တည်ပျက်ခြင်းသဘောတွေကို မှန်းဆကြည့်ရပါတယ်။

▄ တင်မိုး ဘဝ

တင်မိုးဟာ တောင်သာမြို့က ကန်မြဲရွာဇာတိဖြစ်ပါတယ်။ လူအတော်များများက ကန်မြဲ-ဇဂျမ်းလို့ တွဲပြီး သိကြတယ်။ ကျနော် ၂၀၁၅ ခုနှစ်နှစ်လယ်ပိုင်းလောက်က တောင်သာမြို့က ကန်မြဲ-ဇဂျမ်းကို စာသင်သွားဖို့ ရောက်ခဲ့ဖူးတယ်။ လွင်တီးခေါင်ပြင် အညာကျေးလက်ဒေသရဲ့ သရုပ်တွေကို အထင်အရှားတွေ့ခဲ့ရတယ်။ ကန်မြဲ – ဇဂျမ်းဟာ ကန္တရလွင်ပြင်ထဲမှာ ရှိတဲ့ ကျေးလက်ဒေသပါ့လား။ ကန္တရလွင်ပြင်ဒေသတွင်းက အညာကျေးလက် ဒေသရဲ့ နေပူလေပူဒဏ်ထဲက ပန်းတစ်ပွင့်ဟာ တင်မိုးဖြစ်ပါတယ်။ တင်မိုးဟာ ပန်းပွင့်ရဲ့ အတ္ထုပ္ပတ္တိကဗျာကို ရေးခဲ့တယ်။

ရွာထိပ်မှာ တင်မိုး အမှတ်တရ စာကြည့်တိုက် ရှိပါတယ်။ ကန်မြဲ – ဇဂျမ်း ရွာသားတွေက ကဗျာကဝိ တင်မိုးကို မွေးဖွားခဲ့တဲ့ဇာတိဖြစ်လို့ သူတို့ ဂုဏ်ယူသတဲ့။ တင်မိုး က မန္တလေးတက္ကသိုလ်ကျောင်းထွက်။ တင်မိုးရဲ့ ဖန်မီးအိမ် ကဗျာတွေရဲ့ နာမည်ကြီးတယ်၊ ထင်ရှားတယ်။ တင်မိုး ကဗျာတွေထဲမှာ – အလှကိုယ်စီ ကဗျာဟာ ကျနော် အကြိုက်ဆုံးကဗျာ။ တင်မိုးဟာ တက္ကသိုလ်မှာ မြန်မာစာသင် တဲ့ ကျောင်းဆရာ လုပ်ခဲ့ဖူးတယ်။ တောင်သာသား – ကန်မြဲဇဂျမ်းရွာသား တင်မိုးဟာ မန္တလေးစာပေဝန်းကျင်မှာ ကျင်လည်ခဲ့ဖူးတယ်။ အထက်ဗမာနိုင်ငံစာရေးဆရာ အသင်းမှာ အမှုထမ်းခဲ့ဖူးတယ်။ လူထုသတင်းစာ ထုတ်တော့၊ လူထုသတင်းစာမှာ ကဗျာအယ်ဒီတာ။ ထို့နောက် ရန်ကုန်တက္ကသိုလ် ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာနမှာ စာပြုနဲ့ လက်ထောက်အယ်ဒီတာ တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးတယ်။

▄ သင်ရိုးထဲက သဘောထားတွေ

မှတ်မှတ်ရရ ကဗျာစာဆို မင်းသုဝဏ်ရဲ့ မောင်ခွေးဘို့ … ကလေးကဗျာတွေဟာ နာမည်ကြီးထင်ရှားခဲ့သလို၊ တင်မိုးရဲ့ ထီးကလေးနဲ့ မနီ – ကလေးကဗျာ တွေကလည်း ထင်ရှားခဲ့တယ်။ ထီးကလေးနဲ့ မနီ ကဗျာစာအုပ်ဟာ အမျိုးသားစာပေ (ကဗျာစာပေ) ဆု ရခဲ့တယ်။ တင်မိုးဟာ အခြေခံပညာသင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့နဲ့ မြန်မာစာသင်ရိုးအဖွဲ့ဝင်လည်း ဖြစ်တယ်။ တင်မိုးဟာ ပညာရေးမှာ ဘယ်လိုမြန်မာစာပေသင်ရိုးတွေကို ထည့်သွင်းဖို့ ကျေးဇူးပြုခဲ့ဖူးပါသလဲ။ ခေတ်အဆက်ဆက်က ပြဌာန်းခဲ့တဲ့ မြန်မာစာသင်ရိုးဖတ်စာတွေကို လေ့လာပြီး၊ အဲသည့်ခေတ်က လူ့အဖွဲ့အစည်း လိုလားနှစ်သက်စွာ ဦးတည်ပြဌာန်းခဲ့တဲ့ အတွေးအခေါ်နဲ့ စိတ်နေသဘောထားကို ခန့်မှန်းကြည့်ချင်လှတယ်။

▄ နိုင်ငံရေးဘဝ

၁၉၈၈ ခုနှစ် ၈၈၈၈ လူထုဒီမိုကရေစီအရေးတော်ပုံမှာ တင်မိုးက တက်ကြွစွာ ပါဝင်ခဲ့တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းတော့ – ဗဟိုတတ်သိပညာရှင်များအဖွဲ့မှာ ပါဝင်တယ်။ ၁၉၉၁ ခုနှစ်မှာ အာဏာသိမ်းစစ်အစိုးရက ဖမ်းဆီးထောင်ချလိုက်တယ်။ ဆေးလိပ်လည်း တို ၊ နေလည်း ညိုပြီ၊ ငါ့ကို ပြန်ပို့ကြပါလေ… ဆိုတဲ့တင်မိုးရဲ့ ကဗျာ (၁၉၅၉)ဟာ ထောင်နံရံထဲက လူသားတွေအတွက် နှစ်သက်စရာ ကဗျာတစ်ပုဒ် ဖြစ်ခဲ့လေသလား။ တင်မိုးဟာ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ထောင်က လွတ်တယ်။ ပန်းပွင့်၏ အတ္ထုပ္ပတ္တိ ကဗျာကို ထောင်က လွတ်လာတဲ့ ၁၉၉၅ ခုနှစ်မှာပဲ တင်မိုးက ရေးခဲ့တယ်။ ၁၉၉၅ ခုနှစ်တုန်းက တင်မိုးဟာ မြန်မာပြည်မှာပဲ ရှိသေးတယ်။ ပြည်ပကို မထွက်ခွာခဲ့သေးဘူး။ တင်မိုးဟာ ပန်းပွင့်ကို သင်္ကေတပြုပြီး ဘယ်လိုအဘိဓမ္မာကို ထည့်သွင်းဖော်ညွှန်းခဲ့ပါသလဲ။ ကဗျာဟာ တော်လှန်ရေးမှာ အသုံးဝင်ရဲ့လား။ ကဗျာဆရာဟာ တော်လှန်ရေးမှာ အသုံးတည့်ရဲ့လား။

ဒီမေးခွန်းကို ဝေဝါးစွာ တွေးနေစရာ မလိုပါ။ ကဗျာဆရာတစ်ထောင်နဲ့ တိုင်းပြည်တည်ဆောက်လို့ မရပေမယ့်၊ ကဗျာဆရာ တစ်ယောက်နဲ့ တော်လှန်ရေးကို အသက်ဆက်လို့ရပါတယ်။ တင်မိုးဟာ ၈၈၈၈ လူထုအရေးတော်ပုံ အတွက် ကဗျာဓာတ်ကို အသက်ဆက်စေခဲ့ပြီး မင်းကိုနိုင်က ၂၀၂၁ မြန်မာ့နွေဦးရဲ့ ကဗျာဓာတ်အတွက် အသက် ဆက်နေပါတယ်။ ကဗျာဓာတ်ဟာ လူထုနှလုံးကို စီးဝင်ပြီးတော့ တော်လှန်ရေးကို ခွန်အားဖြည့်ပါလိမ့်မယ်။ ယုံကြည်ကြပါကုန်လော့….။

▣ ပန်းပွင့် ၏ အတ္ထုပ္ပတ္တိ

  • မျိုးစေ့
  • ပန်းပင်
  • ပွင့်
  • ကြွေ
  • ဒါဟာ ပန်းပွင့်ရဲ့ အတ္ထုပ္ပတ္တိ မဟုတ်။

ကဗျာစာဆို – ကဗျာကဝိ တင်မိုးရေးတဲ့ ပန်းပွင့်၏ အတ္ထုပ္ပတ္တိဟာ ရိုးရှင်းပါတယ်။ သန္ဓေတည်တယ် (မျိုးစေ့)၊ အပင် ဖြစ်တယ် (ပန်းပင်)၊ ပန်းပွင့်တယ် (ပွင့်)၊ ပန်းပွင့် ကြွေတယ် (ကြွေ) …. ဒါဟာ ပန်းပွင့်ရဲ့ အတ္ထုပ္ပတ္တိ မဟုတ်ပါဘူး… တဲ့။ ဒါဆို ပန်းပွင့်ရဲ့ ဘဝဇာတ်ကြောင်းအတ္ထုပ္ပတ်ဟာ ဘာလဲ။

  • မြေထဲက ရုန်းထမှု
  • လေထဲက ရနံ့ဖြန့်ဝေမှု
  • မုန်တိုင်းကို ခေါင်းငုံ့မခံ
  • လက်တုံ့ပြန်နိုင်မှု
  • နေရဲ့ဒဏ်ကို
  • အားမာန်အဖြစ် ပြောင်းလဲမှု
  • သူ့စွမ်းအား သူ့ဂုဏ်သတ္တိတွေသာ
  • ပန်းပွင့်၏ အတ္ထုပ္ပတ္တိ ဖြစ်တယ်… တဲ့။

ပန်းပွင့်ရဲ့ အတ္ထုပ္ပတ္တိမှာ မျိုးစေ့ ဆိုတာထက် မျိုးစေ့လေးဟာ မြေထဲက ဘယ်လိုရုန်းထသလဲဆိုတဲ့ သမိုင်းဟာ အခရာ ဖြစ်တယ်လို့ ကဗျာဆရာက ညွှန်းဆိုလိုက်တာဖြစ်ပါတယ်။ အပင်အဖြစ် ပန်းပွင့်ချိန်ရောက်တော့လည်း၊ ပန်းပွင့်တယ်ဆိုတာထက် – ပန်းပွင့်ဟာ လေထဲမှာ ဘယ်လိုရနံ့ကို ဖြန့်ဝေပါသလဲ၊ ဖြန့်ဖြူးပါသလဲ။ ပန်းပွင့်က လေထဲကို ဖြန့်ကျက်ပေးတဲ့ရနံ့ကသာလျှင် သမိုင်းအတွက် အခရာဖြစ်တယ်၊ အတ္ထုပ္ပတ္တိရဲ့ အဓိကဇာတ်ကြောင်း ဖြစ်တယ်လို့ ဆိုလိုပါတယ်။ တခါတရံ မုန်တိုင်းလာမယ်။

▣ ပန်းပွင့်ဟာ …

  • မုန်တိုင်းကို ဘယ်လို ခုခံပါသလဲ၊
  • ဘယ်လို အာခံပါသလဲ၊
  • ဘယ်လိုတုံ့ပြန်ပါသလဲ၊
  • ဘယ်လို အံတုပါသလဲ၊
  • ဘယ်လို ပုန်ကန်ပါသလဲ၊
  • ဘယ်လို တွန်းလှန်ပါသလဲ။

ပန်းပွင့်တစ်ပွင့်ဟာ မုန်တိုင်းကို ခေါင်းငုံ့မခံ – ပြန်လှန်တွန်းလှန်တိုက်ခိုက်လက်တုံ့ပြန်နိုင်မှုသာ သမိုင်းအတွက် အခရာ ဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိအတွက် အဓိကဇာတ်ကြောင်းဖြစ်ပါတယ်။ မုန်တိုင်းလာတာ ဆန်းသလား။ ပန်းပွင့် တာ ဆန်းသလား။ မုန်တိုင်းလာတာ မဆန်းဘူး။ မုန်တိုင်းကို ပန်းပွင့်က ဘယ်လို အုံတုသလဲဆိုတာကတော့ သိပ်ဆန်းကြယ်တယ်။ ပန်းပွင့်တာ မဆန်းဘူး။ ပန်းပွင့်ဟာ ဘယ်လိုရနံ့ကို ဖြန့်ဝေသလဲဆိုတော့ ဆန်းကြယ်တယ်။ မုန်တိုင်း မလာလည်း နေလာမှာပဲ။ နေရဲ့ဒဏ်ဟာ တချို့ပန်းတွေကို ညှိုးရော်စေမယ့်၊ ရဲရဲနီဆွေးတဲ့ ပန်းပွင့်နေက တော့၊ နေဒဏ်ပြင်းပြင်းမှာ ငွားငွားစွင့်စွင့် ပွင့်တယ်၊ လန်းတယ်။ နေကို အံတုပြီး ရဲရဲနီတယ်။ ဒီလိုပန်းပွင့်တွေ တွေ့ဖူးသလား…၊ ဖြေပါ။ နေရဲ့ဒဏ်ကို အားမာန်အဖြစ် ပြောင်းလဲမှု နဲ့ ပန်းပွင့်ရဲ့ စွမ်းအား၊ ပန်းပွင့်ရဲ့ ဂုဏ်သတ္တိတွေသာ ပန်းပွင့်၏ အတ္ထုပ္ပတ္တိ ဖြစ်ပါသတဲ့။

  • ပွင့်ပါစေ
  • ကြွေပါစေ
  • နိယာမတရားထဲမှာ ကျင်လည်ပါစေ။
  • မြေ
  • လေ
  • ရေ
  • နေ
  • သူ့အတ္ထုပ္ပတ္တိ ဖြစ်ထွန်းရာ အခြေအနေ မွှေးပျံ့လာမယ့် ကမ္ဘာမြေ။

ပန်းပွင့်မှန်ရင် ပွင့်မယ်။ ဒါဟာ ဓမ္မတာပဲ။ ပန်းပွင့်ဟာ ကြွေမယ်။ ဒါဟာ သဘာဝပဲ။ ပွင့်ခြင်း ၊ ကြွေခြင်းဟာ နိယာမ တရားထဲက အရာတွေပဲ။ မြေထု၊ လေထု၊ ရေထုနဲ့ နေမင်းရဲ့ ပြင်းရှလောင်မြှိုက်မှုတွေဟာ ပန်းပွင့်ရဲ့အတ္ထုပ္ပတ္တိ ဖြစ်ထွန်းရာ ရေခံခြေခံတွေပဲ။ ဩကာသလောကကို နောက်ခံပြုပြီးတော့ ပန်းပွင့်ဟာ ငွားငွားစွင့်စွင့် ပွင့်လန်းတယ်။ ဒါဟာ ပန်းပွင့်ရဲ့အတ္ထုပ္ပတ္တိပဲ။
စာရေးဆရာနဲ့ သမိုင်းဆရာဟာ ပန်းပွင့်ရဲ့အတ္ထုပ္ပတ္တိကို ရေးဖို့ လူဖြစ်လာရတာပဲ။

မင်းသေ့
နေ့လယ် ၁၂း၂၃
၂၁ ၊ အောက်တိုဘာ၊ ၂၀၂၁။

Previous post ▣ မြန်မာစာပေအရေးအသား ကွေ့ကြီး (၄) ကွေ့
Next post ကျော်ဝင်းလေ့လာချက်