လျှောက်ရိုး လျှောက်စဉ်ကို မလျှောက်၊ ဖောက်ပြီး လျှောက်ခဲ့သူတွေဟာ လမ်းသစ်ကို ထွင်ရလို့ ခြုံနွယ်ပိတ်ပေါင်း ခုတ်ထွင်ရှင်းလင်းပြီး လမ်းဖောက်ရတယ်။ လမ်းဖောက်ရင်း လမ်းသစ်လျှောက်ပေမယ့်၊ ရှောရှောရှုရှုတော့ မဟုတ်ဘူး။ ဆူးခြစ်ခံရတယ်။ ဆူးညှောင့်ခလုတ်ထိုးမိ၊ တိုက်မိတယ်။ သို့သော်လည်း လျှောက်ချင်သူအဖို့ ဖောက်ရင်း လျှောက်တော့ ခရီးပေါက်ခဲ့တာပါပဲ။

• စာရေးတယ်ဆိုတာလည်း သတ္တိအများကြီးလိုတယ်။ အယူအဆတစ်ခု အတွေးအခေါ် တစ်ခုကို ပြောလိုက် တဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်က နဂိုက သမားရိုးကျ လက်ခံထားတာနဲ့ မတူဘူးဆိုရင် ပြောတာ ဆိုတာ ဝေဖန်တာခံရမယ်။ ဒါ့ကြောင့်လည်းပဲ anxiety တစ်မျိုး ရှိနိုင်တယ်။ အဲဒါကို မခံနိုင်လို့ အများရေးသလို ရေးမယ်၊ အများပြောသလို ပြောမယ်၊ အများအကြိုက်ကိုပဲ ရေးမယ် ပြောမယ် ဆိုရင် သတ္တိမရှိဘူးလို့ ယူဆရမယ်။ (မဟာမြိုင်တောရဆရာတော်ဦးဇောတိက၊ ဘာကိုတန်ဖိုးထားရမလဲ ၊ ၂၀၀၈)

▄ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ

ပီမိုးနင်းဟာ မြန်မာစာပေလောကမှာ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ပထမဆုံးရေးခဲ့သူတွေထဲက အဦးဆုံးလို့ ဆိုနိုင်ပါလိမ့်မယ်။ ဘုန်းကြီး သံဃာ ဆရာတော် အကျော်အမော်မှ ထေရုပ္ပတ္တိရေးလေ့ရှိတဲ့ မြန်မာစာပေလောကမှာ ပီမိုးနင်းက ကိုယ့်အတ္ထုပ္ပတ္တိကို ကိုယ်ရေးပြီး ဖောက်ထွက်လိုက်ခြင်းဖြစ်ပါတယ်။ ကိုယ့်အတ္ထုပ္ပတ္တိ ကိုယ်ရေးတဲ့အခါမှာလည်း အချီးအမွှမ်းကိုချည်း မရေး။ အဆိုးအကောင်း အကုန်ရေးတယ်။

သာသနာပြုကျောင်းမှာ စာသင်ခွင့်ရတယ်။ လက်တင်ဘာသာကို တတ်မြောက်တယ်။ ပြင်သစ်ကို ရောက်တယ်။ ဘရင်ဂျီ ဘုန်းကြီး လုပ်ခဲ့ဖူးတယ်။ လယ်တီ ဆရာတော်ကြီးဆီမှာ ပဉ္ဇင်းခံပြီး ဘုန်းကြီးဝတ်ဖူးတယ်။ ငယ်ဘဝမှာ အိမ်ပြေး ဖြစ်ခဲ့တယ်။ ရထားပေါ်မှာ သဘောကျတဲ့မိန်းကလေးကို တွေ့ပြီး ပိုးပန်းတယ်။ မိန်းမရတယ်။ မိန်းမနဲ့ ကွဲတယ်။ ဘိန်းဆိုင်စာရေး လုပ်တယ်။ ဘုံဆိုင် (အရက်ဆိုင်) စာရေးလုပ်တယ်။ ဘာသာပြန်ဆရာ လုပ်ဖူးတယ်။ ပိုက်ဆံမရှိလို့ ရေးထားတဲ့စာမူကို ထုတ်ဝေသူတွေဆီ လှည့်ရောင်းတယ်။ သူ့သားမင်းသားလုပ်တဲ့ ဇာတ်ကားမှာ ဒါရိုက်တာ လုပ်တယ်။ လူတစ်ယောက်ကို သေလောက်အောင် ရိုက်နှက်ခဲ့ဖူးတယ်၊ သူတောင်းစားဘဝကို သိချင်လို့ သူတောင်းစား လုပ်ကြည့်ခဲ့ဖူးတယ်။ ဘဝက ဆင်းရဲ မွဲတေ နုံချာလှတဲ့ သူ့ဘဝတွေကို ရေးပြတယ်။ လူအတော်များများက နှာခေါင်းရှုံ့တယ်။ ရှေးရိုးစွဲလူတွေက ပီမိုးနင်းရဲ့ ပီမိုးနင်း စာအုပ်ကို ဖတ်ပြီး သဘောမတွေ့ကြဘူး။

အိမ်က ထွက်ပြေးတာတွေ၊ မိန်းမပိုးတာတွေ၊ အရက် ရောင်းတဲ့ အကြောင်းတွေ၊ ပေတေလေလွင့်တာတွေကိုလျှောက်ရေးတယ်ဆိုပြီး ဝေဖန်ကြတယ်။ ထေရုပ္ပတ္တိများလောက်ကို သာ ရေးကောင်းသည်ဟု ထင်နေသည့် အချိန်တွင် ပီမိုနင်းသည် သူ့အတ္ထုပ္ပတ္တိကို ရေးချလိုက်သည် – — လို့ မြသန်းတင့်က မှတ်ချက်ပေးတယ်။ ပီမိုးနင်းရဲ့ ပီမိုးနင်း စာအုပ် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဟာ အပြီးသပ် မသွားရှာ ဘူး။ သို့သော်လည်း အပြီးသပ်ကို ဂျာနယ်ကျော်ဦးချစ်မောင်က ဆက်ရေးပေးခဲ့တယ်။ ဦးချစ်မောင်ကပဲ စကားချီး ရေးပြီး ပီမိုးနင်းနဲ့ ပီမိုးနင်းစာအုပ်ကို ထုတ်ဝေခဲ့တယ်။ ပီမိုးနင်းရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ထွက်လာပြီးနောက်ပိုင်း မှာ စာပေလောကမှာ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိရေးသားတဲ့ စာရေးဆရာတွေ ပေါ်ထွက်လာတယ်။

ပီမိုးနင်းက စာစုံရေးတယ်။ ဆောင်းပါးလည်း ရေးတယ်။ ဝတ္ထုတိုလည်း ရေးတယ်။ ဝတ္ထုရှည်လည်း ရေးတယ်။ ဝတ္ထုတို ၊ ဝတ္ထုရှည်အရေးအသားမှာဖောက်ထွက် ဦးဆောင်ခဲ့သူဖြစ်တယ်။ ဝါကျ ရေးထုံးရှည်လျားပြီး ဖွဲ့နွှဲ့ရေးသား တဲ့ခေတ်မှာ ဝါကျတိုတို၊ ခပ်ရှင်းရှင်း ပြတ်ပြတ် အရေးအသားနဲ့ ဖောက်ထွက်ရှေ့ဆောင်ခဲ့သူဖြစ်တယ်။ ပီမိုးနင်းရဲ့ တက်ကျမ်းတွေဟာ ယခုထက်အထိ စာပေလောကမှာ ဖတ်နေရဆဲ ဖြစ်တယ်။ မိန်းမစိတ်ကျမ်း၊ ကာမသျှတ္တရ စတဲ့ စာအုပ်တွေရေးပြီး ရှေးရိုးစွဲမြန်မာ့စာပေလောကကို ရဲရဲရင့်ရင့် ဖောက်ထွက်ခဲ့သူဖြစ်တယ်။

ပီမိုးနင်းဟာ နိုင်ငံရေးကိုလည်း ရေးတယ်။ ဓာတ်ကျမ်း၊ စိတ်ပညာကျမ်းတွေကိုလည်း ရေးတယ်။ ပီမိုးနင်းက မြန်မာစကားပြေ အရေးအသား၌ ရှေ့ဆောင်သူဖြစ်သည် — လို့ မြသန်းတင့်က မှတ်ချက်ပေးတယ်။ ပီမိုးနင်းက ရှည်လျားပေများပြီး ဖွဲ့နွှဲ့လို့ မပြီးစီးနိုင်တဲ့ မြန်မာစာပေအရေးအသားမှာ၊ ရိုးရိုးနဲ့ ရှင်းရှင်း ရေးဖို့အားပေးသူ ဖြစ်တယ်။ သူကိုယ်တိုင် ကလည်း ရိုးရိုးရှင်းရှင်းသာ ရေးတယ်။ ရှည်လျားပေများတဲ့လမ်းစဉ်ကနေ ဖောက်ထွက်တယ်။

ပီမိုးနင်းဟာ မြန်မာစာပေလောကအတွက် အပြောင်းအလဲကို ချိုးကွေ့စေမယ့် ခေတ်စမ်းစာပေ လှုပ်ရှားမှုကို အားပေးထောက်ခံခဲ့တယ်။ ခေတ်စမ်းစာပေဆိုတာလည်း သိပ္ပံမောင်ဝ ရှေ့ဆောင်ပြီး ဆရာကြီး ဦးဖေမောင်တင် အားပေးတဲ့ စာပေခေတ်ကို တစ်ခေတ်ပြောင်းစေတဲ့ စာပေလှုပ်ရှားမှုဖြစ်တယ်။ သိပ္ပံမောင်ဝ နောက်မှာ ဇော်ဂျီ တို့၊ မင်းသုဝဏ်တို့ လိုက်လာတယ်။ ပီမိုးနင်းဟာ သိပ္ပံမောင်ဝ (ဦးစိန်တင်) ရေးတဲ့ ခေတ်စမ်းအရေးအသားကို အခုလို မှတ်ချက်ပေးဖူးတယ်။

• မောင်စိန်တင်ရေးသော အင်းလေလံပွဲကြီးအကြောင်း ဖတ်ရသည်မှာ တောလားလည်း မဟုတ်၊ ဝတ္ထုလည်း မဟုတ်၊ ဆောင်းပါးလည်း မဟုတ်၊ ဖတ်၍ မပြီးမချင်း လက်က မချနို်ငအောင် ကောင်းသော စာမျိုးဖြစ်သည် – လို့ မှတ်ချက်ပေးခဲ့ဖူးတယ်။ ခေတ်စမ်းစာပေကို အဟောင်းသမားများက ဝိုင်း၍ တိုက်နေကြချိန်တွင်၊ ပီမိုးနင်းသည် ခေတ်စမ်းရှေ့က ထွက်၍ ကာကွယ်သည်။ (မြသန်းတင့်၊ ပီမိုးနင်း ဒိုင်ယာရီ)

▄ ခေတ်စမ်းစာပေ

ခေတ်စမ်းစာပေဟာ မြန်မာပြည်ရဲ့ စာပေလမ်းကြောင်း တစ်ဆစ်ချိုးပြောင်းလဲခြင်းရဲ့ လှုပ်ရှားမှုဖြစ်တယ်။ ခေတ်စမ်းစာပေဟာ ပဒေသရာဇ်စွဲ စာပေအမျိုးအစားကို တော်လှန်လိုက်တဲ့ စာပေအချိုးအကွေ့ တစ်ခုဖြစ်တယ်။ ခေတ်စမ်းနဲ့အတူ အကြောင်းအရာသစ်၊ အရေးအသားပုံစံသစ်၊ အိုင်ဒီယာအတွေးအခေါ်သစ်၊ အယူအဆနဲ့ တင်ပြပုံ အသစ်တွေ ပါလာတယ်။ ခေတ်စမ်း စာပေဟာ လမ်းသစ်ကို ဖောက်တယ်။ လမ်းသစ်ကို ဖောက်လို့ ဆူးခြစ်ခံရတယ်။ သို့သော်လည်း လမ်း သစ်ဟာ ပေါက်မြောက်ခဲ့တယ်။ ခေတ်စမ်းစာပေကို ဦးဆောင်သူတွေထဲမှာ သိပ္ပံမောင်ဝက ထင်ရှားတယ်။ သိပ္ပံမောင်ဝက ခေတ်စမ်းစာပေအပေါ် ဝေဖန် ပုတ်ခတ်မှုတွေအပေါ် အခုလို သဘောထားတယ်။

• ခေတ်စမ်းစာပေသည် မြန်မာစာပေကို တိုးတက်စေသည်၊ ဆုတ်ယုတ်စေတသည်ဆိုသော ပြဿနာကို ကား ကျွန်ုပ်တို့ ဖြေကြားနိုင်မည် မဟုတ်၊ ယခု ခေတ်လူများလည်း ဖြေကြားနိုင်မည် မဟုတ်၊ ဤပြဿနာ ကို ဖြေရှင်းရန်ကား နောင်လာနောင်သား သုတေသီများ၏ တာဝန်သာဖြစ်လေသည်။ သို့ဖြစ်သောကြောင့် ဤပြဿနာကို ဖြေကြားရန် နောင်လာနောင်သားတို့အား လွှဲထားကြပါစို့။ (သိပ္ပံမောင်ဝ၊ ခေတ်စမ်းပုံပြင် ဒုတိယတွဲ၏ နိဒါန်း၊ ၁၉၃၈)

သိပ္ပံ မောင်ဝအပြင် ဇော်ဂျီ၊ မင်းသုဝဏ်နဲ့ တက္ကသိုလ်မောင်သန့်စင်တို့က ထင်ရှားတယ်။ သိပ္ပံမောင်ဝရဲ့ အရေးအသားတွေဟာ ခေတ်စမ်းစာပေရဲ့ အဦးအစလို့ ဆိုနိုင်သလို၊ ဇော်ဂျီရဲ့ ပိတောက်ပန်းကဗျာတွေကလည်း ခေတ်စမ်းရဲ့ ရှေ့ပြေးကဗျာတွေလို့ ပြောနိုင်တယ်။ ဇော်ဂျီနဲ့ မင်းသုဝဏ်ဟာ ခေတ်စမ်းကဗျာကို ဦးဆောင်သူ ဖြစ်ပြီး သိပ္ပံမောင်ဝ ဟာ ခေတ်စမ်းစကားပြေအရေးအသားကို ဦးဆောင်သူလို့ ဆိုနိုင်တယ်။ ခေတ်စမ်းစာပေလှုပ်ရှားမှု မတိုင်မီက ပီမိုးနင်းနဲ့ ဦးဖိုးကျားတို့လို စကားပြေ ခပ်ရှင်းရှင်းနဲ့ ဝါကျတိုတိုရေးတဲ့ ရေးထုံးရှိခဲ့ဖူးတယ်။ ခေတ်စမ်းဟာ အရေးအသားကို လိုရင်းရောက်အောင် တိုတိုရှင်းရှင်းရေးတဲ့အရေးပုံစံကို တွင်တွယ်ကျယ်ကျယ် သုံးတယ်။

• ခေတ်စမ်း။ ။ ၁၉၃၀ အတွင်း ရန်ကုန်တက္ကသိုလ်ရှိ စာရေးဆရာအချို့ ရေးသားသော ဝတ္ထု၊ ဆောင်းပါး၊ ဝေဖန်စာနှင့် ကဗျာများကို အမည်ပေးသတ်မှတ်ခေါ်ဝေါ်လိုက်သော စာပေပုံသဏ္ဍာန် အမည် သတ်မှတ်ချက်ဖြစ်၏။ (မလိခ၊ စာပေအဘိဓာန် ၊ ပထမတွဲ၊ ၂၀၁၆)

ခေတ်စမ်းဟာ ခေတ်ကို စမ်းသပ်ပြီး အရေးအသားပုံစံသစ်နဲ့ ဖောက်ထွက်ရေးသားခဲ့တဲ့ စာပေပုံစံတစ်ခုဖြစ်တယ်။ အကြောင်းအရာအားဖြင့် ဆန်းသစ်တယ်။ တနည်းအားဖြင့် လေးနက်ကြီးကျယ်တဲ့အကြောင်းအရာတွေထက် မျက်မြင်နားကြား နေ့စဉ်ကြုံတွေ့နေရတဲ့ နိစ္စဒူဝ အရေးအရာ ၊ သေးဖွဲသည်ဟု ထင်ရသော သဘာဝ လက်တွေ့ အခြင်းအရာတွေကို ရေးသားတယ်။ အရေးအသားပုံစံအားဖြင့် ရှင်းလင်းလွယ်ကူစွာ ဖတ်ရပြီး၊ လူထုနဲ့ ပိုနီးကပ် နီးစပ်တဲ့အရေးအား ပုံစံဖြစ်တယ်။ ခေတ်စမ်းစာပေရဲ့ ဥယျာဉ်မှူးကတော့ ဦးဖေမောင်တင်ဖြစ်တယ်။ ခေတ်စမ်း စာပေကို ရေမြင့်လို့ ကြာတင့်အောင် ပံ့ပိုးအားပေးခဲ့သူဖြစ်တယ်။ ဦးဖေမောင်တင်က ခေတ်စမ်းစာပေလှုပ်ရှားမှုကို အခုလို မှတ်ချက်ပေးဖူးတယ်။

• …. မြန်မာစာပေကို လိုက်စားလေ့လာသော နောက်ပေါက်လူငယ်အချို့တို့က – ငါတို့မြန်မာစာသည် ရှေးဆန် လွန်း၏။ ရိုးလွန်း၏။ ပေကုန်သာများ၍ စာသမားမတွင် ဖြစ်ခဲ့၏။ ခေတ်မီသော စာပေမဟုတ် သဖြင့် နည်းသစ်နည်းကောင်းတို့ကို ရှာ၍ တတ်နိုင်သမျှ ထွင်ကြစို့ဟု အားခဲကာ မြန်မာစာသစ် ထွင်လာကြသည်မှာ ဝမ်းသာစရာ တစ်ရပ်ဖြစ်စေ၏။ (မောင်စွမ်းရည်၊ မြန်မာစာပေဝေဖန်ရေးသမိုင်း၊ ၂၀၁၈)

• …. ဒီအရေးအသားမျိုးတွေနဲ့ ခေတ်ကို စမ်းကြည့်မယ်၊ ဝေဿန္တရာ စာအုပ်ထဲက ရေးဟန်တွေကို လက်ခံကြတဲ့ ပြည်သူလူထုက ဒီစာမျိုးကို ကြိုက် မကြိုက် စမ်းကြည့်မယ်၊ မြေစမ်းခရမ်းပျိုးသလိုပေါ့ (ဦးဖေမောင်တင် ၊ ၁၉၃၃)

ခေတ်စမ်းစာပေရဲ့ လမ်းသစ်ထွင်မှုဟာ တက္ကသိုလ်အဝန်းအဝိုင်းကနေ လာတယ်။ တက္ကသိုလ်မဂ္ဂဇင်း၊ အိုးဝေ မဂ္ဂဇင်း၊ ဂန္တလောကမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်း၊ ဒဂုန်မဂ္ဂဇင်းတို့မှာ ခေတ်စမ်းစာပေအရေးအသားပုံစံတွေ အများ အပြား တွေ့လာခဲ့ရတယ်။ မြန်မာစာပေလောကအတွက် ကျေးဇူးပြုမှု ကြီးမားခဲ့တဲ့ ခေတ်စမ်းစာပေလှုပ်ရှားမှုဟာ ဝေဖန်စောကြောမှုတွေကြားထဲကနေ အစဉ်အလာကို ဖောက်ထွက်ရဲတဲ့ စာပေလမ်းပြမှု တစ်ခုဖြစ်ခဲ့တယ်။

▄ စာပေသစ်လှုပ်ရှားမှု

ခေတ်စမ်းစာပေလှုပ်ရှားမှုနောက်ပိုင်းမှာ မြန်မာစာပေကို ကြီးစွာသော ကျေးဇူးပြုမှု အဖြစ် စွမ်းနိုင်ခဲ့တဲ့ စာပေလမ်း သစ်ထွင်မှု ရှိခဲ့သေးတယ်။ အဲဒါကတော့ စာပေသစ်လှုပ်ရှားမှုဖြစ်တယ်။ စာပေသစ်ဆိုတဲ့ ဝေါဟာရကို ၁၉၄၆ ဒီဇင်ဘာလထုတ် တာရာမဂ္ဂဇင်းမှာ စပြီး သုံးစွဲတယ်။ စာပေသစ်ကို ဦးဆောင်သူက ဒဂုန်တာရာဖြစ်တယ်။ ဒဂုန် တာရာနဲ့အတူ ကျော်အောင်၊ မြသန်းတင့်နဲ့ မောင်ကြည်လင်တို့ ဦးဆောင်တယ်။ စာပေသစ်လှုပ်ရှားမှုမှာ ထင်ရှားတဲ့ စာပေဖောက်ထွက်မှုအဖြစ် ကြည်အေးဟာ ထင်ရှားတယ်။ ကြည်အေးဝတ္ထုမှာ စာပေသစ်ရဲ့ ဟန် အပြည့်ပါတယ်။ ဒဂုန်တာရာက ကြည်အေးရဲ့ အရေးအသားကို အားပေးတယ်။ လူထုအတွက် ဆန်းသစ်တဲ့ ရေးသားတင်ပြပုံကို ကြည်အေးဝတ္ထုတွေမှာ တွေ့ရတယ်။ ဒဂုန်တာရာနဲ့ ကြည်အေးတို့ရဲ့ အရေးအသားမှာ စကားလုံးအသစ်တွေကို အစဉ်အလာကနေ ဖောက်ထွက်ပြီး ထွင်တာတွေ အများကြီးပါတယ်။ ဒါကို လက်ဝဲစာပေသမားတွေကလည်း မကျေနပ်ဘူး၊ မနှစ်မြို့ဘူး၊ ရှုတ်ချတယ်၊ ကန့်ကွက်တယ်၊ ထို့နောက် လှောင်ပြောင်တယ်။

စာပေသစ်လှုပ်ရှားမှုဟာ လူငယ်စာရေးဆရာ စတင် ဦးဆောင်ခဲ့တယ်လို့ ဆိုနိုင်တယ်။ စာပေသစ်ကြောင့် စာပေအယူအဆရေးရာ ငြင်းခုန်ပွဲတွေ ဖြစ်ခဲ့ဖူးတယ်။ စာပေ သစ်ဟာ – စာပေနဲ့ပတ်သက်ရင် အင်အားသစ်၊ ကလောင်သစ်ပေါ်ထွန်းရေးကို ရည်ရွယ်တယ်။ ၁၉၅၁ ခုနှစ်မှာ စာပေသစ်မဂ္ဂဇင်း ပေါ်လာတယ်။ စာပေသစ်အယူအဆနဲ့ပတ်သက်ပြီး အငြင်းအခုန်တွေ ထပ်ဖြစ်တယ်။ ၁၉၅၇ ခုနှစ် မတ်လထုတ် စာပေသစ်မဂ္ဂဇင်းမှာ ဘာ့ကြောင့် စာပေသစ်ရသလဲ ဆိုတဲ့ ရှင်းလင်းချက် ထွက်လာတယ်။

• စာပေသစ်သည် လုပ်သားလူတန်းစားဘက်မှ နေသည်။ စာပေသစ်သည် လက်ရှိအရင်းရှင်လူ့ဘောင်ကို ဝေဖန်စစ်ဆေးသည်။ စာပေသစ်သည် လူထု၏ တော်လှန်ရေးအခန်းကို ဖော်ထုတ်ကာ လူထု၏ ဘဝကို ပြသသည်။ စာပေသစ်သည် လက်ရှိလူမှုစနစ်ကို မကျေနပ်ဘဲ ရှေ့သို့ချီသည်၊ တိုးတက်သည်။ (မလိခ၊ မြန်မာစာပေအဘိဓာန်၊ ၂၀၁၆)

ဒဂုန်တာရာနဲ့ မြသန်းတင့်ဟာ စာပေသစ်လှိုင်းကို စီးပြီး မြန်မာစာပေလောကကို ကျေးဇူးပြုခဲ့တဲ့ ထင်ရှားသော ကလောင်တွေဖြစ်တယ်။ စာပေသစ်တိုက်ပွဲဟာ ပြင်းထန်ခဲ့တယ်။ အထူးသဖြင့် အဟောင်းနဲ့ အသစ်အကြားမှာ အယူအဆရေးရာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ (အကျယ်ကို – မောင်စွမ်းရည်၊ မြန်မာစာပေဝေဖန်ရေးသမိုင်း၊ အခန်း /၆ – ရှု) တာရာမဂ္ဂဇင်းကို ရှေ့ဆောင်ပြီး စာပေသစ် လှုပ်ရှားမှုရဲ့ ခံတပ်သဖွယ် သဘောတရားရေး တည်ဆောက်သူက ဒဂုန်တာရာဖြစ်တယ်။ စာပေသစ်လှုပ်ရှားမှုဟာ ခေတ်စမ်းစာပေလှုပ်ရှားမှုနောက်ပိုင်း မြန်မာစာပေ တစ်ဆစ်ချိုးအပြောင်းအလဲကို ကျေးဇူးပြုခဲ့တယ်။

▄ စကားပြောသလိုရေး (ဆင်သွားမူ)

စာပေသစ်လှုပ်ရှားမှုနောက်ပိုင်းမှာ မြန်မာစာပေလောကကို ယခုအချိန်အထိ အလှည့်အပြောင်းအဖြစ် ဆင်သွားမူ လို့ခေါ်တဲ့ စကားပြောအရေးအသားနဲ့ ရေးရမယ် ဆိုတဲ့ စာပေလှုပ်ရှားမှုဖြစ်ပါတယ်။ ဆင်သွားမူ လို့လည်း ခေါ်နိုင် တယ်။ စကားပြောသလိုရေးရမယ် ဆိုတဲ့ အယူအဆကို စတင်လိုက်သူကတော့ ကွန်မြူနစ်တစ်ယောက်လည်း ဖြစ်သလို၊ စာပေပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ ဦးမင်းလတ် (ခေါ်) မင်းလတ်ရဲခေါင်ကနေ စလိုက်တဲ့ အယူအဆလို့ ဆိုနိုင်တယ်။ ဒီအယူအဆကို လက်တွေ့အကောင်အထည်ဖော်သူတွေကတော့ မန္တလေးက လူထုဦးလှ ဖြစ်တယ်။ ဦးလှနဲ့ အတူ ထင်ရှားပြီး လူသိများတဲ့သူတွေကတော့ ဒေါက်တာသန်းထွန်းနဲ့ မောင်သာနိုး တို့ ဖြစ်ပါတယ်။

လူထုဦးလှ၊ ဒေါက်တာသန်းထွန်း၊ ပါမောက္ခဦးကျော်ရင်နဲ့ မောင်သာနိုးတို့ဟာ စကားပြောသလို ရေးရမယ်ဆိုတဲ့ မူကို ကိုင်စွဲတယ်။ စကားပြောသလိုရေးတာနဲ့ စာလိုရေးတယ်ဆိုတဲ့ မူအကြားမှာ ပြင်းထန်တဲ့ အယူအဆရေးတရာတိုက်ပွဲဖြစ်ခဲ့တယ်။ မောင်သာနိုးက စကားပြောမူ (ဆင်သွားမူ) ဘက်က ရပ်ခံပြီး တုံ့ပြန်ချေပ တယ်။ (အကျယ်ကို – မောင်သာနိုး၊ ဗမာစာ ဗမာစကား ၊ ၂၀၁၉ – ရှု) လက်တွေ့ကိုင်စွဲပြီး စွဲမြဲစွာ ရေးပြသွားသူ ကတော့၊ ဒေါက်တာသန်းထွန်းဖြစ်တယ်။ ရှေးဟောင်းနဲ့ သမိုင်းသုတေသနစာတမ်းတွေအပြင် ဘာသာပြန်တွေကို စကားပြောနဲ့ ရေးတဲ့အရေးအသားမှာ ဒေါက်တာသန်းထွန်းဟာ စံပြဖြစ်တယ်။ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းကနေ စလိုက်တဲ့ လူထုဦးလှ ဦးဆောင်တဲ့ စကားပြောသလိုရေးတဲ့မူကို ဆင်သွားမူလို့ ခေါ်ရခြင်း အကြောင်းက ပါမောက္ခ ဦးကျော်ရင် (၁၉၆၅၊ စာဆိုတော်လ စာတန်းဖတ်ပွဲ၊ အထက်ဗမာပြည်စာရေးဆရာအသင်း) ရဲ့ ပြောစကားကြောင့် ဖြစ်တယ်။ စကားပြောတဲ့အတိုင်း ရေးတာကို လူတွေ အများကြီး ဝိုင်းလုပ်ရင် တွင်သွားမယ်၊ ဆင်သွားရင် လမ်းဖြစ်တယ်.. လို့ ဦးကျော်ရင်က ပြောတယ်။ စကားပြောတဲ့အတိုင်းရေးနည်းကို ဆင်သွားမူ လို့ နာမည်ပေးနေပါပြီ။ (ဒေါက်တာသန်းထွန်း၊ ၁၉၆၇)

လူထုဦးလှနဲ့ ဒေါက်တာသန်းထွန်း၊ မောင်သာနိုးတို့ ဦးဆောင်တဲ့ စကားပြောမူကို လူထုဒေါ်အမာက နောက်ပိုင်းမှ တဖြည်းဖြည်း လက်ခံလာဟန်တူတယ်။ နဂိုမူလအစမှာ ကန့်ကွက်တာလည်း မလုပ်သလို၊ ထောက်ခံတာလည်း မလုပ်ဘူး။ နောက်ပိုင်းကျမှ တဖြည်းဖြည်းလက်ခံလာပြီး စကားပြောသလိုရေးတာကို လူထုဒေါ်အမာဟာ တစ်သက်လုံးစွဲစွဲမြဲမြဲလိုက်နာပြီး ရေးတာတွေ့ရတယ်။ အထူးသဖြင့် လူထုတိုက်ထွက် ကလောင်တွေက စကားပြောသလိုရေးတယ်။ ထင်ရှားတဲ့သူကတော့ လူထုစိန်ဝင်းဖြစ်တယ်။ လူထုမောင်နှံရဲ့ တပည့်ဖြစ်ခဲ့တဲ့ ဆရာကြီး လူထုစိန်ဝင်းဟာ စကားပြောအရေးအသားနဲ့ ဆောင်းပါးပေါင်းမြောက်မြားစွာ၊ စာအုပ်ပေါင်းများစွာ ရေးသားခဲ့တယ်။ စကားပြောနဲ့ ရေးဟန်ဟာ မန္တလေးစာပေသမားတွေရဲ့ မူလို ဖြစ်လာတယ်။ အခုတော့ ခေတ်သစ် စာနယ်ဇင်း၊ သတင်းမီဒီယာအရေးအသားတွေမှာရော၊ သုတေသနအဖွဲ့အစည်းအတော်များများရဲ့ သုတေသန စာတမ်း ရေးဟန်မှာရော စကားပြောသလို ရေးတဲ့အရေးအသားဟာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီ ဖြစ်ပါတယ်။

စကားပြောသလို ရေးခြင်းကြောင့် လူထုနဲ့ စာပေအကြားမှာ ပိုလို့ နီးကပ်လာတယ်။ အကြောင်းအရာအားဖြင့် ရှုပ်ထွေးနက်နဲသည်ဖြစ်စေ – စကားပြောအရေးအသားကြောင့် လူထုဟာ ဖတ်လို့ ပိုလွယ်လာတယ်။ နားလည်ဖို့ ပိုလွယ်ကူလာတယ်။ လူထုနဲ့ စာပေအကြားမှာအရေးအသားကြောင့် ခုခံတားဆီးနေတဲ့ တံတိုင်းတစ်ခု ပြုတ်သွား တယ်။ ဆင်သွားမူ ဟာ – ရှေ့က ဆင်ကလောင်ကြီးတွေ သွားခဲ့လို့ အခုတော့ လမ်းဖြစ်သွားပြီ။ လမ်းပေါက်သွားပြီ။ လမ်းမကြီးအဖြစ်ရောက်သွားခဲ့လို့တောင် အခုတော့ လူသူလေးပါး လူစုံသူစုံ လျှောက်တဲ့လမ်းဖြစ်နေပါပြီ။

ဒါကတော့ မြန်မာစာပေလောကမှာ လမ်းရိုးကို မလျှောက် လမ်းသစ်ဖောက်ပြီး ဆူးခြစ်ခံရပေမယ့် တွင်ကျယ်သွား တဲ့ လမ်းမကြီး (၄) သွယ်အကြောင်း အကျဉ်းချုပ်ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ မြသန်းတင့်ရေးသားချက် ထဲက ကောက်နုတ်ချက်နဲ့ အဆုံးသတ်ချင်ပါတယ်။

• …. လမ်းသစ်ထွင်သူဆိုသည်မှာ ချုံနွယ်ပိတ်ပေါင်းတို့ကို တိုးရစမြဲ ဖြစ်သည်။ ဆူးခြစ်ခံရမြဲ ဖြစ်သည်။ အခက်အခဲကို တွေ့မြဲဖြစ်သည်။ ထွင်စ၌ လမ်းသည် ဖြောင့်ဖြူးဦးမည် မဟုတ်၊ ချောမောပြေပြစ်ဦးမည် မဟုတ်၊ ခလုတ်ကန်သင်း၊ ဆူးညှောင့်ချိုင့်ကျင်းတို့ အနည်းအကျဉ်း ရှိစမြဲသာ ဖြစ်သည်။ ဤသည်ကို ကျွန်တော်တို့ နားလည်ရလိမ့်မည်။ လမ်းမကြီး ဖြူးမနေကောင်းလောဟု အပြစ်တင်၍ မဖြစ်၊ ချိုင့်ကျင်း တွေ ရှိနေရကောင်းလောဟု အပြစ်ပြော၍ မဖြစ်။ လမ်းသစ်ကို နောက်လူတို့က လျှောက်လာကြသည့် အခါမှ ထိုလမ်းသည် ဖြောင့်ဖြူးလာရခြင်းဖြစ်သည်။ ပြေပြစ်လာရခြင်းဖြစ်သည်။ (မြသန်းတင့်၊ ပီမိုးနင်း ဒိုင်ယာရီ၊ ပီမိုးနင်း၏ ဘဝနှင့် စာပေ – မှ)

မင်းသေ့
ည ၈း၅၉
၂၁၊ အောက်တိုဘာ၊ ၂၀၂၁။

Previous post ▣ သင်္ကေတဗေဒထဲက အောင်ဆန်းစုကြည်
Next post ▣ ကဗျာ / မင်းကိုနိုင့်ပန်းပင် – တင်မိုးရဲ့ ပန်းပွင့်