၂၀၁၉ ခုနှစ်ရဲ့ တစ်ခုသောနေ့။ ကျနော် (ဆရာ) ကျော်ဝင်း အိမ်ရောက်ဖြစ်ခဲ့တယ်။ ဆရာနဲ့တွေ့တော့ ခါတိုင်းလိုပဲ စကားတွေ အပြော မပြတ်။ ကျနော်က သိချင်တာတွေ မေး။ ဆရာက သူ သိနားလည်ထားတာတွေကို အိတ်သွန်ဖာမှောက် ပြောပြ။ ဒီလိုနဲ့ ပြောရင်းဆိုရင် ကျနော်က ကျနော့်အမြင် တစ်ခု ပြောမိတယ်။

▣ ဒီနေ့ခေတ် လူငယ်တွေကို အားမရကြောင်း၊ သူတို့တတွေ ခပ်ပေါ့ပေါ့ပဲ ပြောလေ့လုပ်လေ့ရှိတဲ့အကြောင်း၊ ဘယ်အရာကိုမှ တစိုက်မတ်မတ် မလုပ်ဘဲ ပြီးကပစ်တွေ လုပ်တတ်ကြောင်း၊ အပျော်အပါးလည်း မက်ကြောင်း…. စသည်ဖြင့် ပြောမိတယ်။

ဆရာက ကျနော့်ကို တစ်ခွန်းပဲ တုံ့ပြန်တယ်။

“မထင်နဲ့ ၊ ကိုမင်းသေ့ ရ… တကယ်တမ်း အရေးရယ် အကြောင်းရယ် ကြုံလာရင် အဲသည်လို လူငယ်တွေကပဲ ရှေ့ထွက်ကြတာ၊ ကျန်တဲ့သူတွေက ငုပ်နေတယ်။ ကျနော်တို့ ၈၈ တုန်းကလည်း အဲသည်လိုလူငယ်တွေကပဲ ရဲရဲဝံ့ဝံ့ ရှေ့ထွက်ရဲကြတာ…ခေတ်အဆက်ဆက်က လူငယ်တွေက ဒီအရွယ်မှာ ဒီလိုတွေချည်းပါပဲ” တဲ့။

▣ ကျနော်က သိပ်မယုံချင်။ သို့သော်လည်း ဆရာပြောတာဆိုတော့ ကျနော် စောဒကမတက်ဘဲ၊ ငြိမ်နေလိုက်တယ်။ ကျနော် သိပ်လက်မခံချင်တာကို ဆရာ ရိပ်မိဟန်တူတယ်။ ကျနော်မှ ၈၈ ကို မဖြတ်ဖူးပဲ။ ကျနော်က ၉၁ ဖွား။ ၉၂ တောင် ကူးတော့မယ့်လမှာ မွေးတာ။ စာဂျပိုးမို့ ၈၈ အကြောင်းစာတွေ ဖတ်ပြီး မြည်တတ်တွန်တတ်တာ။ လက်တွေ့ လူထုအရေးတော်ပုံနဲ့ မကြုံဖူးဘူး။ ၂၀၀၇ တုန်းကလည်း ကျနော် ဆယ်တန်းပြီးခါစပဲ ရှိသေးတယ်။ တက္ကသိုလ်တောင် မရောက်သေးဘူး။ ပြီးတော့ ကျနော်က မန္တလေးသား။ ရန်ကုန်က ရွှေဝါရောင်ကို ကျနော် မကြုံမိ။

ကျနော်က စာသမားမို့ အကြောမာတာလား၊ မသိ။ လေ့လာဆည်းပူးမှုနဲ့ သိနားလည်နိုင်တယ်လို့ ခံယူထားသူ။ သို့သော် ၂၀၂၁ ရောက်မှ ကျနော့် ယူဆချက်မှားကြောင်း ဘွင်းဘွင်းကြီးမြင်လိုက်ရပါတယ်။ ဟုတ်လိုက်တာ ဆရာ… မှန်လိုက်တာ ဆရာ။ ဆရာ့ ဖြတ်သန်းမှုနဲ့ အသိကို လေးစားလို့ ကျနော် စောဒက မတက်မိပေမယ့်၊ ရင်ထဲက လက်မခံမိတာကို အခု ဝန်ခံရပါပြီ။

▣ ခေတ်အဆက်ဆက်က လူငယ်တွေရဲ့ ရဲဝံ့မှု၊ ခေါင်းငုံ့မခံမှုနဲ့ အဓမ္မမှု၊ ဖိနှိပ်မှုကို ရဲဝံ့စွာ ရှေ့ထွက်တော်လှန်ရဲမှုကို ကျနော် သိလိုက်ပါပြီ၊ ကြုံလိုက်ပါပြီ၊ နားလည်လိုက်ပါပြီ။ ၂၀၂၁ ဖြစ်ရပ်က သက်သေပြလိုက်ပါပြီ။

တကယ်လည်း ကျနော် မြင်လိုက်ရတာတွေမှာ၊ ကျနော်တို့ ထင်ထားတဲ့သူတွေဟာ မစွံကြောင်း၊ ကျနော်တို့ မျှော်လင့်ထားတဲ့သူတွေဟာ ဖောက်ပြန်တဲ့စရိုက်ရှိသူတွေ ဖြစ်ကြောင်း၊ ကျနော်တို့ အထင်ကြီးထားသူတွေဟာ ယုန်ကလေးနှာစေးနေကြောင်း၊ ကျနော်တို့ ချီးကျူးအားကျတဲ့သူတွေက ချောင်ကုတ်နေကြောင်း၊ ကျနော်တို့ ထင်မထားတဲ့လူငယ်တွေကပဲ အားကိုးရကြောင်း၊ ကျနော်တို့ ခပ်ပေါ့ပေါ့လို့ ထင်ထားတဲ့လူငယ်တွေကပဲ ရှေ့က မားမားမတ်မတ် ရပ်ကြောင်း၊ ကျနော်တို့ အထင်ကြီးမထားတဲ့လူငယ်တွေကပဲ ဓမ္မနဲ့ အမှန်တရားအတွက် သူတို့အသက်ကို စွန့်ဖို့ ဝန်မလေးကြောင်း…. ကျနော် သိလိုက်ပါပြီ၊ မြင်လိုက်ရပါပြီ။

ကျနော် ညံ့လိုက်တာ။

▣ စာအုပ်တွေကို ညက်ညက်ကြေအောင် ဝါးစားတတ်တဲ့ ကျနော်၊ လေ့လာဆည်းပူးမှုဟာ သိမြင်နားလည်မှုအတွက် ကာမိတယ်လို့ တယူသန်ယူဆခဲ့ဖူးတယ်။ ဪ…. ကိုယ်တွေ့ဖြတ်သန်းမှုရှိမှ သိနားလည်နိုင်မယ့်အရာတွေလည်း ရှိသေးသကိုး။ ဖြတ်သန်းမှုကို တန်ဖိုးလျော့တွက်ခဲ့တဲ့ ကျနော် မှားပါတယ်။ မှားမိပါတယ်။ တကယ်တော့ ခေတ်အဆက်ဆက်တိုင်းက လူငယ်တွေဟာ အပေါ်ယံမှာ လေးလေးနက်နက် မရှိဘူးထင်ရပေမယ့်၊ တကယ့်အရေးရယ်အကြောင်းရယ် ကြုံလာရင် အသက်စွန့်ဖို့လည်း ဝန်မလေးသူတွေ ပါ့လား။

▄ ၈၉ ဝါးရုံများ နဲ့ ၂၁ ဝါးရုံများ

ဒီအကြောင်းနဲ့ ဆက်စပ်ပြီးတော့ ကဗျာစာဆို တင်မိုးရဲ့ ကဗျာ တစ်ပုဒ်ကို သတိရမိပါတယ်။ ကဗျာခေါင်းစဉ်က – ဝါးရုံများ…တဲ့။ ဒီကဗျာကို တင်မိုးဟာ ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေခင်း တစ်ချိန်မှာ ရေးစပ်ခဲ့တယ်။ ၈၉ ခုနှစ် ၊ ၁ လပိုင်းဆိုတော့ – ၈၈ ခုနှစ် ၈ လပိုင်း ၈ ရက်နေ့နဲ့ သိပ်မဝေးဘူးပေါ့။

• ၈၈ – ၈၉ ခုနှစ်က ဝါးရုံတွေက ဘယ်လိုတွေတဲ့လဲ။
• ၂၀ – ၂၁ ခုနှစ်က ဝါးရုံတွေနဲ့ တူပါ့မလား။
• ခေတ်တွေက ပြောင်းသွားပြီလေ။
• တူ – မတူ ဒီမှာကြည့်။
• ကဗျာဆီမှာ မျှခြေညှိပေါ့။

▄ ဝါးရုံပင်များ ၊ တင်မိုး (၁၉၈၉ ဇန်နဝါရီ)

  • လူငယ်များဟာ
  • မြောင်ကြား ချောက်ကြားက
  • ပေါက်ဖွားလာတဲ့ ဝါးရုံများပေါ့။
  • သန်လည်း သန်
  • မြန်လည်း မြန်
  • မှန်လည်း မှန်ပါပေ့။
  • မိုးကောင်းကင် လက်လှမ်း
  • လမင်းကို ထိနမ်းတော့ မတတ်
  • အစွမ်းလည်း ကြီးပါပေ့။

စာဆို တင်မိုးဟာ လူငယ်တွေကို ဝါးရုံပင်တွေနဲ့ ခိုင်းနှိုင်းလိုက်ပါတယ်။ ဘယ်လိုဝါးရုံတွေလဲ ဆိုတော့ ၊ မြောင်ကြား ချောက်ကြားက ပေါက်ဖွားလာတဲ့ဝါးရုံတွေ…တဲ့။ ဝါးရုံတွေဟာ သန်လည်း သန်ပါ့၊ မြန်လည်း မြန်ပါ့၊ မှန်လည်း မှန်ပါ့…တဲ့။ ဝါးရုံတွေ သန်ချက် မြန်ချက်ကတော့ မိုးကောင်းကင်ကို လက်လှမ်းတော့မယ့် ဟန်၊ ကောင်းကင်က လမင်းကို ထိနမ်းတော့မယ့် ဟန်၊ အစွမ်းလည်း ကြီးသတဲ့။ စာဆို တင်မိုးဟာ ဘယ်သို့သော အခြင်းအရာတွေကို မြင်တွေ့ခဲ့ရလို့၊ လူငယ်တွေကို ဝါးရုံပင်တွေနဲ့ နှိုင်းပြီး၊ သည်လောက် ချီးမွှမ်းခန်း ဖွင့်နေရသတုန်း…..။
ဆရာ တင်မိုးက ဆက်၍ စပ်ဆိုပါတယ်။

  • သူတို့ကို
  • မပြုစု မယုယ
  • မခြယ်သ မပျိုးထောင်
  • တောင်ကြိုတောင်ကြားမှာ
  • မှောင်ခိုလို့ သွားရအောင်
  • ချောင်လျှိုမှာ ပစ်ထားခဲ့ကြပေမဲ့
  • သူတို့ဟာ
  • အာဂ ဝါးရုံများပေပဲ။
  • တအားကုန် ထိုးထွက်ပြီး
  • မိုးကောင်းကင်တိုင်အောင် တက်ပါတော့တယ်။
  • ဝါးရွက်ချွန် တလူလူနဲ့
  • မြင်သူကို ပွေ့ဖက်
  • အားရပါးရ နှုတ်ဆက်ပါတော့တယ်။
  • ဝါးရုံရဲ့ အခြေရင်းမှာ
  • မာန်တင်းနေတဲ့ မျှစ်စို့ဟာ
  • ချိုးလို့ မနိုင် ချိုင်လို့လဲ မရ
  • ထွက်ချင်တဲ့နေရာက ထွက်
  • ချိုးဖျက်လို့ မရနိုင်တဲ့ အင်အား
  • ဝါးရုံများပဲဟေ့လို့
  • ယောက်ျားဘသား ကြွေးကြော်နေပါတော့တယ်။

ကဗျာအပိုဒ်နှစ် ဖြစ်ပါတယ်။

စာဆို တင်မိုးဟာ ဝါးရုံများကို ညွှန်းလိုက်တာ။ လွန်ပါလေရော လွန်လေရော။ ညွှန်းသလောက်လဲ ဟုတ်ရဲ့လား။ မယုံရင် ပြူးပြဲကြည့်၊ ကြည့်သောသူ မြင်၏..တဲ့။ ဘာတဲ့ ဘာတဲ့။ ဝါးရုံတွေကို မပြုစု၊ မယုယ၊ မခြယ်သ၊ မပျိုးထောင်ဘဲ တောင်ကြိုတောင်ကြား၊ ချောင်လျှို ချိုင့်ကမ်းပါးမှာ ပစ်ထားလို့ ထားပေမယ့်၊ ဝါးရုံတွေဟာ သန်ပါ့ မြန်ပါ့ ရဲပါ့လား။ အာဂဝါးရုံတွေပဲ…လို့ နှုတ်က ရေရွတ်လောက်ရအောင် သူတို့ ရုန်းကန်ရှင်သန်နိုင်ကြပါပေ့….

ဝါးရုံတွေဟာ တအားကုန် ထိုးထွက်တယ်၊ သူတို့ထိုးထွက်ပုံက မိုးကောင်းကင်ထိတောင် တက်တော့မတဲ့။ ဝါးရွက်ချွန်တွေကလည်း တလူလူတဲ့။ ဝါးရွက်တွေကလည်း ချွန်လိုက်တာ။ ဝါးရုံခြေရင်းမှာလည်း ကြည့်လိုက်။ ထိုးတော့မဟဲ့… ထွက်တော့ မဟဲ့ ဆိုတဲ့ မျှစ်စို့တွေကလည်း မာန်တင်းနေလိုက်တာ ချိုးလို့တောင် မနိုင်၊ ချိုင်လို့တောင် မရဘူးတဲ့။ ဘယ်ကနေ ဘယ်လို ပေါက်မြောက်ကုန်ကြသလဲ မသိ။ ချိုးဖျက်လို့ မရတဲ့ အင်အား ယောက်ျားဘသား လို့ ကြွေးကြော်နေသယောင်…တဲ့။ လှလိုက်တာ….

▣ ကဗျာအပိုဒ် သုံး။

  • လေပြင်းတိုက်တိုင်း မာန်ထောင်
  • ရန်အောင်တဲ့ စစ်သူကြီးဟန်ပါပဲ။
  • အခက်အခဲတွေကို မကြောက်
  • နောက်ဆုတ်ဖို့ စိတ်မကူး
  • ဝါးပင်ချင်း ယှက်ပူးပြီး
  • မြူးကြွနေတဲ့ဟန်ပါပဲ။
  • မားမားမတ်မတ်
  • ကြွားကြွားရပ်နေပုံက
  • သတ္တိကို ပြနေတဲ့ဟန်ပါပဲ။

ဝါးရုံတွေဟာ လေပြင်းတိုက်တိုင်း မာန်ထောင်သတဲ့။ ဝါးရုံကို လေပြင်းခတ်တော့ ရှူးရှူးရှားရှား မြည်သံတွေကို ကြားဖူးမပေါ့။ သူ့ဟန်က ရန်အောင်တဲ့ စစ်သူကြီး ဟန်…တဲ့။ တိုက်လိုက် မဟဲ့၊ ခိုက်လိုက် မဟဲ့၊ ဖြိုလိုက် မဟဲ့ ။ လာခဲ့စမ်း လို့ စိန်ခေါ်နေသယောင်။

အခက်အခဲတွေကိုလည်း မကြောက်ဘူး၊ နောက်ဆုတ်ဖို့လည်း စိတ်မကူးဘူး တဲ့။ သတ္တိကလည်း ရဲလိုက်တာ နီလိုက်တာ။ ဗျတ္တိတောင် လွန် မဟဲ့။

ဝါးပင်အချင်းချင်းကလည်း ယှက်ပူးလို့ မြူးတူးနေလိုက်တာ။ ကြွလို့ ရွလို့၊ ရိုင်းလို့ ပင်းလို့။ မားမားမတ်မတ် ရပ်ပုံက ကြွားကြွားရွားရွား။ သတ္တိက မြူးတူးနေသတဲ့။

▣ ကဗျာအပိုဒ် လေး။

  • ဝါးရုံရဲ့ ဟန်
  • ဝါးရုံရဲ့ မာန်ဟာ
  • တောင်ယံကို ဟိန်းတော့မယ်။ ။
    (တင်မိုး၊ ၁၉၈၉ ဇန်နဝါရီ ၃၁ ၊ ညနေခင်း)

မင်းသေ့
နေ့လယ် ၁၁း၃၂
၂၅၊ အောက်တိုဘာ၊ ၂၀၂၁။

Previous post ▄ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမယ်
Next post ▄ အာဏာသိမ်းမှုအကြောင်းဆက်