သတင်းစာဆရာ နှင့်
နိုင်ငံရေးသမား…
အပြန်အလှန် ထိန်းထိန်းညှိညှိ….

နိုင်ငံရေးသမားက၊ ဆင်လိုပဲ။ အရေထူတယ်။ တော်ရုံနဲ့ ပြုတ်မနူးဘူး။ စုန်းပြူးလို့တော့ မပြောချင်ပါဘူး။
ဒီစကားက၊ နားထဲဝင်တာ နုပ်လို့။ ပြီးတော့၊ ကန့်လန့်ကြီး ဝင်သွားတော့… အဝင်ဆိုးတယ်။ စာနယ်ဇင်းဆိုတာ၊ ကလောင်နဲ့ အုပ်ချုပ်တဲ့ အစိုးရလို့ ဆရာကြီး လူထုစိန်ဝင်း ရေးတာ ဖတ်ဖူးတယ်။ စာနယ်ဇင်းမဏ္ဍိုင်ကို၊ စတုတ္ထမဏ္ဍိုင်လို့ ဆိုကြတယ် မဟုတ်လား။

ဒီမိုကရေစီစနစ်မှာ၊ မဏ္ဍိုင်သုံးရပ်ကို ထိန်းကျောင်းဖို့၊ ပြင်ပ မဏ္ဍိုင်တစ်ခု စီရင်ထားတဲ့ သဘော။ ဒီတော့၊ အာဏာရပ်ဝန်းက၊ အရေထူတဲ့ နိုင်ငံရေးသမားတွေကို ထိန်းကျောင်းဖို့ သတင်းစာဆရာတွေရဲ့ ကလောင်က ချွန်းလို၊ စူးမှ ထက်မှ ရတယ်။

အမှန်ဆို၊ အရေထူသမားတွေကို သိပ်တိုးလို့ မရဘူး။ ထိန်းလို့လည်း မရဘူး။

ဆင်ဆိုတဲ့ အမျိုးက၊ အားကြီးတယ်။ မာန်ကြီးတယ်။ ဉာဏ်ရည်ထက်မြက်တယ်။ လေးပင်တဲ့ ဝန်တွေကို ထမ်း နိုင်စွမ်းရှိတယ်။ ခရီးကြမ်းမှာလည်း ကြံ့ခိုင်သန်မာတယ်။ အသက်လည်း ပြင်းတယ်။ အသက်ရှည်တယ်။ အရေ လည်း ထူတယ်။

ကောင်းကွက်တွေ အများကြီးပဲ။

သို့ပေမယ့်၊ ဆိတ်တစ်ကောင် သောင်းကျန်းရင်၊ ဘယ်လောက် ပျက်စီးမှာလဲ။ အနည်းအကျဉ်းပေ့ါ။ ဆင်ဆိုရင်တော့၊ အဲ့လို မဟုတ်ဘူး။ အပျက်အစီး၊ အဆုံးအရှုံးများတယ်။ အသေအကျေလည်း များတယ်။ ဒီတော့ကား၊ အားကြီးပြီး အရေထူတဲ့ ဆင်ကို ချွန်းနိုင်နိုင် အုပ်နိုင်မှ တော်ကာကျမယ်။

ဆင်တိုင်းက၊ ဆင်လိမ္မာ မဟုတ်ဘူး။ ဆင်ယဉ်လည်း မဟုတ်ဘူး။ နိုင်ငံရေးတောနက်ထဲမှာ၊ ဆင်ရိုင်းပေါင်းများစွာ ရှိတယ်။ ဒီတော့၊ ချွန်းကလည်း ထက်မှ၊ စူးမှ ရတယ်။

အမှန်တကယ်ကတော့၊ ကိုယ့်အလုပ်ကိုယ် လုပ်ကြဖို့ပါပဲ။ ဆင်ကလည်း၊ အရေထူအောင် ကြံမယ်။ ဆင်ဖြစ်ပြီး၊ အရေမထူရင် ရှက်စရာကြီး။ ဝန်တွေ မထမ်းတဲ့၊ အလုပ်မလုပ်တဲ့ ဆင်ဆိုလည်း အလကားပဲ။

နေပြည်တော်ကလို၊ ဆင်ဖြူတော်ကြီးဆိုရင်တော့ ပြစားလို့ ရတာပေါ့။
လူကြည့်လို့ရတယ်။

တိရိစ္ဆာန်ရုံမှာတောင်၊ မကစားတတ်၊ မဆော့တတ်ရင်၊ လာလည်သူတွေရဲ့ မေတ္တာကို မရဘူး မဟုတ်လား။
ဝန်ကြီးကြီးတွေ ဆွဲနိုင်တဲ့ ဆင်ဆိုရင်၊ လူတွေအတွက် ပိုအကျိုးဖြစ်တယ်။ ပို ကောင်းကျိုးဖြစ်တယ်။

စာနယ်ဇင်းနယ်က၊ သတင်းစာဆရာတွေကလည်း ၊ ခေတ်အလိုက် ကိုယ့်ကလောင်ကို ကိုယ်သွေးနေကြမှ ကောင်းမယ်။ ကလောင်က တုံးနေရင်၊ အရေထူတဲ့ ဆင်တွေကို ချွန်းအုပ်လို့ မရဘူး။ စတုတ္ထမဏ္ဍိုင်အနေနဲ့ တာဝန်ကျေစွာ ထိန်းကျောင်းနိုင်မှာ မဟုတ်ဘူး။ ချွန်းကလည်း ၊ ချွန်းလို ထက်မှ။ ချွန်းကိုလည်း လိုသလို အသုံး ပြုတတ်မှ။ နေရတကာ တစ်ဒေါက်ဒေါက် ခေါက်ဆွ မနေဖို့လည်း လိုတယ်။

အပ်လို အထိုးခံရသူ မခံနိုင်အောင်၊ သေးမြှောင်မြှောင်မဖြစ်ဖို့လည်း လိုတယ်။
ချွန်းလား မြောက်ရမယ်။ ချွန်းက အပ်မဟုတ်ဘူး။ အပ်က ချွန်းမဟုတ်ဘူး။

အခုခေတ်မှာ၊ တွေ့နေရတာက၊ အရေမထူတဲ့ ဆင်တွေနဲ့၊ ချွန်းမထက်တဲ့ စတုတ္ထမဏ္ဍိုင်တွေ။ ထက်လွန်းတဲ့ ချွန်းတွေကလည်း၊ အပ်လို စူးရှရှတွေ ဆိုတော့၊ နှစ်ဖက်က မျှခြေပျက်နေတယ်။

သူ့အိုးသူ့ဆန် တော်ရုံကောင်းတယ်။ တချို့လည်းလည်း၊ အိုးရွဲ့လို့ စလောင်းရွဲ့နဲ့ ဖုံးတာ လို့ ဆိုချင်ကြပြန်တယ်။

ဘာပဲ ပြောပြော၊ နယ်ပယ် အသီးသီးမှာ၊ လိုအပ်ချက်တွေ ရှိနေကြတာပါပဲ။
ဒီမိုကရေစီကို သွားရာလမ်းက၊ သူများကိုလည်း လက်ညှိုုးထိုး ထောက်ပြဖို့ လိုတယ်။ ကိုယ့်ကိုယ်ကိုလည်း ပြန်ထိုးပြီး၊ မေးခွန်းထုတ်နေဖို့ လိုတယ်။

ဆရာတော် ရှင်ဆေကိန္ဒက သူ့ရဲ့ ဓမ္မစာစုထဲမှာ ရေးထားတယ်။
ယုံကြည်ထိုက်တဲ့သူရဲ့ စကားကိုမှ နားထောင်ကြတာ….တဲ့။
ကိုယ့်စကားနားထောင်စေချင်ရင်၊ လေးစားထိုက်အောင် နေပေါ့…. တဲ့။

ကျနော်တို့ နိုင်ငံမှာ၊ နိုင်ငံရေးသမားကလည်း လောက်လောက်လားလား။သတင်းစာဆရာကလည်း၊ ထက်ထက်ရှရှ။ ပရော်ဖက်ရှင်နယ် ကျကျ ဖြစ်ကြရင် ကောင်းမှာပဲ။

ကျနော်ကိုယ်တိုင်က၊ နိုင်ငံရေးလုပ်တယ်။ သို့ပေမယ့် နိုင်ငံရေးသမား မဟုတ်ဘူး။ ပါတီဝင် မဟုတ်ဘူး။ စာသင်တဲ့ အလုပ်ကို၊ လုပ်နေပေမယ့်၊ ကျောင်းဆရာ စစ်စစ်လည်း မဟုတ်ဘူး။ စာရေးတယ်။ စာရေးဆရာ မဟုတ်ဘူး။ ဂျာနယ် ၊ မဂ္ဂဇင်း အချို့မှာ စာရေးပေမယ့်၊ သတင်းစာဆရာ မဟုတ်ဘူး။ ဟိုမရောက်၊ ဒီမရောက်လို့ ပြောချင်ပြော၊ ကျနော်ကတော့၊ ကျနော် လျှောက်တဲ့ခရီးတွေကို ရောက်အောင်သွားခဲ့တာချည်းပဲ။ ဒီတော့ နှစ်ဖက်စလုံးက၊ အားနည်းချက်တွေကိုလည်း မြင်တယ်။ အားသာချက်တွေကိုလည်း တွေ့မိတယ်။

ကိုယ်စီကိုယ်စီမှာ၊ ကိုယ့်တာကိုယ် မလုံတာတွေ ရှိတယ်။ ပေါ့ပေါ့လျော့လျော့ လုပ်လိုက်ကြတာတွေ ရှိတယ်။ လူသားဆိုတော့၊ အပြစ်မကင်းဘူး။ သို့ပေမယ့်၊ လူသားဆိုတာ ဖောက်ပြန်တတ်တဲ့ အမျိုး မဟုတ်လား။ ဘယ် မဏ္ဍိုင်ကို မဆို၊ ထိန်းကျောင်းတဲ့ mechanism ကို၊ စီရင်ဖန်တီးပေးရမှာ မဟုတ်လား။

ဒီလိုမှ မဟုတ်ရင်၊ တစ်ခုကို တစ်ခု ထိန်းကျောင်းတဲ့ အားတွေ လျော့ကြရင်ဖြင့်…
ယခင်လို… အရင်လို….
နေမြဲ၊ စားမြဲ၊ လုပ်မြဲ၊ ခိုးမြဲ၊ ဝှက်မြဲ၊ လိမ်မြဲ၊ ရေသာခိုမြဲ၊ အချောင်လိုက်မြဲ…..
အ,မြဲ….၊ တုံးမြဲ….
ဆင်ခြင်ပေးမြဲ…..။

မင်းသေ့
ညနေ ၅ း ၁၁
၁၉ ၊ အောက်တိုဘာ ၊ ၂၁၀၇

Previous post စာရေးတတ်ချင်လား
Next post စာအုပ်သစ်