ပုံစာ – ကျနော် နေ့စဉ်ရေးတဲ့ဆောင်းပါးတွေကို စာရင်းသွင်းထားပုံ တစ်စိတ်တစ်ပိုင်း (၂၀၂၁ အောက်တိုဘာ နှစ်ပတ်အတွင်း) ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာတုန်းက ရန်ကုန် ပန်မြန်မာမှာ၊ ကျနော့်ရဲ့ စာအုပ်မိတ်ဆက်ပွဲလုပ်ပါတယ်။ စာဖတ်သမားသို့ ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ငါးအုပ်မြောက်ထုတ်ဝေတဲ့စာအုပ်ဖြစ်ပါတယ်။ အဲသည့်စာအုပ်မိတ်ဆက်ပွဲမှာ၊ ဒဿနိကဗေဒ ပါမောက္ခ ဒေါက်တာ ဆန်းထွန်း (စာရေးဆရာ – ဆန်းထွန်းသောင်) က ကျနော့်အတွက် အမှတ်တရစကား ပြောပေးပါတယ်။ အဲသည့်တုန်းက ဆရာကြီး ပြောပေးတဲ့စကားတစ်ခွန်းကို အမြဲ အမှတ်ရနေပါတယ်။ ဆရာကြီးက ကျနော်နဲ့ ပတ်သက်တဲ့အကြောင်းလေး တစ်ခု ပြောတယ်။

• “ကျနော်က ကိုမင်းသေ့စာတွေဖတ်မိပြီး သူနဲ့ အပြင်မှာတွေ့တော့ ကိုယ့်ဘာသာကို စိတ်ထဲက မှတ်ချက်ချမိတယ်။ ဒီလူက စာရေးဆရာသေလို့ ဝင်စားတာ ဖြစ်မယ်။ အဲ… အခု ဒီစာဖတ်သမားသို့ စာအုပ်ကို ဖတ်မိတော့ ဘာသွားတွေးမိလဲဆိုတော့… ဪ… တကယ်တော့ ကိုမင်းသေ့က စာရေးဆရာသေလို့ ဝင်စားရုံတင်မကဘူး၊ အသက်ရှင်နေသေးတဲ့စာရေးဆရာတွေလည်း သူ့ကို ဝင်စားနေတာပါ့လား” လို့ ဒေါက်တာဆန်းထွန်းက ပြောတယ်။

ဒီစကားလေးကို ဆရာကြီးက ကျနော့်အတွက် မှတ်ချက်ပေးတာ သိပ်သတိရနေတယ်။ သတိရတိုင်း စဉ်းစားမိတယ်။ ကျနော်လည်း ဆရာကြီး မှတ်ချက် မကြားမိတုန်းက၊ ငါ က အရင်ဘဝက စာရေးဆရာသေလို့ ဝင်စားတာလား…လို့ ကိုယ့်ဘာသာတွေးမိတယ်။ ဒါပေမယ့် ဆရာကြီး ပြောသလို၊ အသက်ရှင်နေသေး၊ အသက်ရှိနေသေးတဲ့စာရေးဆရာတွေက ဝင်စားတယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ အဲသည့်ဥပမာက ကျနော့်အတွက် ဆန်းနေတယ်။ နောက်တော့ စဉ်းစားရင်း စဉ်းစားရင် အဖြေကို သွားတွေ့တယ်။ ဘာလို့ ငါ့ကို ဒေါက်တာဆန်းထွန်းက အဲသည်လို မှတ်ချက်ပြုသလဲဆိုတာကို ကိုယ့်ဘာသာအဖြေထုတ်ကြည့်တယ်။ အဲဒါကတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ ဒဿနက လာတယ်လို့ ပြောလို့ ရနိုင်ပါတယ်။

▄ မင်းသုဝဏ် လမ်းညွှန်ချက်

• ကျနော် တက္ကသိုလ်ကျောင်းသားဘဝ ၊
• စာဂျပိုးပေါက်စ။
• စာအုပ်စာပေဖတ်ရှုခြင်းကို
• အလွန်အကျူးရူးသွပ်နေတဲ့အချိန်။
• စာတွေဖတ်ပြီး
• စာရေးဆရာတွေ ကို အားကျ။
• ချားဒစ်ကင်းတို့ ဂျော့ဘားနတ်ရှောတို့
• ဂျက်လန်ဒန်တို့ ဟဲမင်းဝေးတို့
• ပီမိုးနင်းတို့၊
• ဂျာနယ်ကျော်ဦးချစ်မောင်တို့ကို အားကျပြီးတော့
• ငတ်ချင်ငတ် ၊ ပြတ်ချင် ပြတ်
• စာရေးဆရာတော့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့
• စိတ်ဇောထက်သန်နေတဲ့အချိန်။
• ပြည်တွင်း ပြည်ပက
• စာရေးဆရာတွေရဲ့ ဘဝကို
• အပြန်ပြန်အလှန်လှန် သဲကြီးမဲကြီးလေ့လာနေတဲ့အချိန်။

ဆရာကြီး မင်းသုဝဏ်ရဲ့ လမ်းညွှန်ချက်ကလေးကို သွားတွေ့တယ်။ သိပ်ရိုးရှင်းပါတယ်။ လူတိုင်းလည်း ကြားဖူးတယ်။ စု – တု – ပြု …တဲ့။ စုတုပြု ဆိုတဲ့ စာရေးနည်း လမ်းညွှန်ချက်က မြန်မာ့ရေမြေရဲ့ သိပ်ကိုက်တယ်။ နိုင်ငံခြားတိုင်းပြည်တွေကတော့ – တု ဆိုတာကို ဖြုတ်ပစ်လိုက်ကြတာများတယ်။ ကျနော်တို့ မြန်မာ့ရေခံမြေခံမှာတော့၊ တုပခြင်း ဆိုတာကို အလေးထားတယ်။ တနည်းအားဖြင့် ကိုယ်ကြိုက်နှစ်သက်တဲ့၊ ကိုယ်သဘောကျတယ်၊ ကိုယ်နှစ်ခြိုက်တဲ့ စာရေးဆရာတွေရဲ့ ရေးဟန်ကို တုပပြီး ရေးကြည့်တယ်။ ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ ရဲ့ ဓမ္မစာစု တစ်ခုမှ ဖတ်ရဖူးတယ်။ အတုခိုးရင်းနဲ့ ကြာရင် အစစ်ဖြစ်တယ်…တဲ့။

▄ ကလောင်စမ်းတဲ့ကာလတွေ

ဒီနေရာမှာ စာရေးဆရာတိုင်းလိုလိုက သူတို့ကလောင်ကို စမ်းတဲ့ကာလတွေမှာ သူတို့သဘောကျတဲ့ စာရေးဆရာတွေရဲ့ ရေးဟန်ကို လိုက်လံတုပရေးသားတာမျိုး ခပ်များများ ရှိပါလိမ့်မယ်။ နောက်ပိုင်းကျမှ အရေးများလာရင်း ကလောင်သက်ရင့်လာတဲ့အခါ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စတိုင်လ်ရလာကြတာများပါတယ်။ ကျနော်လည်း စာရေးဆရာဖြစ်ချင်ဇောနဲ့ စုပါတယ်၊ တုပါတယ်၊ ပြုပါတယ်။ ကျနော် စုခဲ့တဲ့ မှတ်စုတွေ အမြောက်အမြား ရှိပါတယ်။ သေချာ မှတ်စုစာအုပ်ထဲမှာ လက်ရေးလှလှနဲ့ ကူးယူမှတ်စုထုတ်ပါတယ်။ ဒီလို စုဆောင်းမှုရဲ့ အကျိုးကျေးဇူးဟာ ကျနော့်ကို အတော်အထောက်အပံ့ပြုစေခဲ့ပါတယ်။ သဘောတရားတွေ၊ အယူအဆ ရှုဒေါင့်တွေဟာ ကျနော့် အသွေးအသားထဲကို စိမ့်ဝင်စေခဲ့ပြီး တဖြည်းဖြည်းနဲ့ ကျေးဇူးပြု သက်ရောက်လာတာကို တွေ့ရပါတယ်။ နောက် – ကျနော် အတုခိုးပြီး ရေးကြည့်ပါတယ်။

• ဆရာလူထုစိန်ဝင်းရဲ့ စာရေးဟန်ကို တုပပြီး ရေးကြည့်ပါတယ်။
• ဆရာ မောင်စူးစမ်းရဲ့ ဟန်ကို တုပပြီး ရေးကြည့်ပါတယ်။
• ဒေါက်တာသန်းထွန်းရဲ့ ဟန်ကို တုပပြီး ရေးကြည့်ပါတယ်။
• ဆရာ ကျော်ဝင်းရဲ့ ဟန်ကို တုပပြီး ရေးကြည့်ပါတယ်။
• ဆရာ ဒဂုန်တာရာရဲ့ ရေးဟန်ကို တုပပြီး ရေးကြည့်ပါတယ်။
• ဆရာ သင့်နော်ရဲ့ ရေးဟန်ကို တုပပြီး ရေးကြည့်ပါတယ်။
• လူထုဒေါ်အမာရဲ့ ရေးဟန်ကို တုပပြီး ရေးကြည့်ပါတယ်။
• သမိုင်းဆရာ ဒေါက်တာအောင်ခင်ရဲ့ ရေးဟန်ကို တုပပြီး ရေးကြည့်ပါတယ်။
• ဆရာ မြသန်းတင့်ရဲ့ ရေးဟန်ကို တုပပြီး ရေးကြည့်ပါတယ်။
• မဟာမြိုင်တောရဆရာတော်ဦးဇောတိကရဲ့ ရေးဟန်ကို တုပပြီး ရေးကြည့်ပါတယ်။
• ဆရာကိုတာရဲ့ ရေးဟန်ကို တုပပြီး ရေးကြည့်ပါတယ်။
• ဆရာဖေမြင့်ရဲ့ရေးဟန်ကို တုပပြီး ရေးကြည့်ပါတယ်။

ကျနော်သဘောကျတဲ့ စာရေးဆရာတော်တော်များများရဲ့ ရေးဟန်ကို အတုခိုးပြီး ရေးကြည့်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့လေကို မိအောင် ကြိုးစားရေးကြည့်ပါတယ်။ အတုခိုးရင်းနဲ့ ကိုယ်ပိုင်အစစ်ဖြစ်လာအောင် ကြိုးစားရတာပါပဲ။

▄ အဟောသိကံ မဖြစ်ခဲ့

ကျနော် တက္ကသိုလ်ကျောင်းသားဘဝနှောင်းပိုင်းမှာ၊ သူငယ်ချင်းတချို့က ကျနော့်စာကို အကဲဖြတ်ပေးပါတယ်။ ကျနော် သူတို့အမြင်ကို နားထောင်တယ်။ ဒီ့နောက်ပိုင်းလည်း ကျနော့် စာကို ဖတ်ဖြစ်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ အမြင်သဘောထားကို အမြဲတောင်းပါတယ်။ သူတို့က ကျနော့်ကို လေးလေးနက်နက် မှတ်ချက်ပေးကြပါတယ်။ ဒီလိုမှတ်ချက်တွေဟာ ကျနော့်ကို ကိုယ်ပိုင်အရေးအသားဟန် တစ်ခုဖြစ်လာအောင် အားထုတ်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒါပေမယ့် နဂိုမူလအစပိုင်းကာလတွေမှာ တုပပြီးရေးသားလေ့ကျင့်ခဲ့တဲ့ အကျိုးဆက်တွေဟာ အဟောသိကံ မဖြစ်ပါဘူး။

▄ ဂျာနယ်လစ်ဇင်နဲ့ သုတေသနရေးထုံး

အရေးအသားစတိုင်လ်တွေကို ကောင်းကောင်း ကြေညက်စေပါတယ်။ ဘယ်လိုအကြောင်းအရာမျိုးဟာ ဘယ်လို ရေးဟန်မျိုးနဲ့ သင့်တော်တယ်ဆိုတာ ကောင်းကောင်း နားလည်စေပါတယ်။ ကျနော်ဟာ ဂျာနယ်လစ်ဇင်အရေး အသားကိုလည်း လေ့လာဖူးပါတယ်။ သတင်းသမားတွေရဲ့ သတင်းတင်ပြပုံ စနစ်ဟာ ဘယ်လိုအရေးအသားပုံစံနဲ့ ဘယ်နည်းနာနဲ့ တင်ပြသလဲဆိုတာကို ၊ ဂျာနယ်လစ်ဇင်ဘာသာရပ်ကို လေ့လာရင်းနဲ့ ကျနော်တွေ့ခဲ့ပါတယ်။ ထိုနည်းလည်းကောင်း – သုတေသနရေးထုံးတွေကိုလည်း လေ့လာပါတယ်။

တက္ကသိုလ်အဝန်းအဝိုင်းနဲ့ သုတေသနအဖွဲ့အစည်းတွေမှာ – သုတေသနအစီရင်ခံစာ နဲ့ သုတေသနအခြေပြု စာတမ်း၊ ဆောင်းပါး အရေးအသားတွေကို လေ့လာဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အကယ်ဒမစ်အဝန်းအဝိုင်းမှာ၊ အကယ်ဒမစ်ရေးဟန်တွေ ရှိပါတယ်။ ဒါတွေဟာ စာရေးခြင်းမှာ အတော်အသုံးတည့်ခဲ့ပါတယ်။ အထူးသဖြင့် ရသစာရေးဆရာ မဟုတ်တဲ့ ကျနော့်အဖို့ ပိုလို့ အသုံးတည့်ခဲ့ပါတယ်။ နောက်ပိုင်း စာပေ၊ သမိုင်းနဲ့ လူမှုဗေဒကို ဇောင်းပေးလေ့လာတဲ့အခါ ရေးသားတင်ပြပုံတွေရဲ့ အရေးကြီးပုံကို ပိုလို့ သိနားလည်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ကြိုးစားရေးသားရင်း လက်က အလိုလို သိလာပါတယ်။ ဘယ်အကြောင်းအရာကို ဘယ်လို ရေးမယ်ဆိုတာ နားလည်လာပါတယ်။

▣ ဥပမာ –

• အတွေးအမြင် ဆောင်းပါးဆိုရင် ရေးဟန် တစ်မျိုး
• လူငယ်စိတ်ဓာတ်ခွန်အားဖြည့် ဆောင်းပါးဆိုရင် ရေးဟန် တစ်မျိုး
• ကိုယ့်ဘဝဇာတ်ကြောင်း အနည်းငယ်လှပ်ပြတဲ့ အက်ဆေးဆိုရင် ရေးဟန်တစ်မျိုး
• နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါး ဆိုရင် ရေးဟန် တစ်မျိုး
• သမိုင်းနောက်ခံဝေဖန်ချက် ဆောင်းပါးမျိုးဆိုရင် ရေးဟန် တစ်မျိုး
• လူမှုစရိုက်တွေကို ထိုးနှက်ဝေဖန်တဲ့ဆောင်းပါးဆိုရင် ရေးဟန် တစ်မျိုး
• စာပေဆောင်းပါးဆိုရင် ရေးဟန် တစ်မျိုး
• စာအုပ်အညွှန်းရေးမယ်ဆိုရင် ရေးဟန်တစ်မျိုး
• လူတွေအကြောင်း ရုပ်ပုံလွှာကိုရေးမယ်ဆိုရင် ရေးဟန်တစ်မျိုး

စသည်ဖြင့် ၊ ရေးဟန်တွေကို အကြောင်းအရာလိုက် ခွဲခြားနားလည်တဲ့ သဘောအနက်ကို ရလာပါတယ်။ ဒါပေမယ့် စာသမားပေသမား မဟုတ်ဘဲ သာမန်စာဖတ်သူဆိုရင်တော့ ဒီရေးဟန်တွေရဲ့ ကွဲလွဲချက်ကို သိပ်ပြီး သတိထားမိမယ် မထင်ပါ။ သေချာ ဂရုတစိုက်နဲ့ ဝါကျ ဖွဲ့ထုံး၊ စကားလုံးအသုံးအနှုန်း၊ ဆောင်းပါး ဖွဲ့စည်းပုံ၊ နိဒါန်းနဲ့ နိဂုံး – အစရှိတဲ့အရာတွေကို ဂရုတစိုက်ကြည့်မိရင်တော့ သိပါလိမ့်မယ်။ အကြောင်းအရာနဲ့ အရေးအသားဟာ တွဲဖက်တွေဖြစ်နေမှ ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ဒါက စာဖတ်သူတွေအတွက် သိပ်တော့ အရေးမကြီးပါ။ စာရေးသူတွေအဖို့တော့ အရေးကြီးမယ် ထင်ပါတယ်။

▄ တမင် ဇာချဲ့နေသလား

ဒီနေရာမှာ ပြောစရာ ရှိပါတယ်။ တကယ်တော့ စာရေးတယ်ဆိုတာ ရိုးရှင်းတယ်လေ။ ကိုယ်ပြောချင်တဲ့အရာကို နားပေါက်အောင် ပြောနိုင်ရင် ရပြီ မဟုတ်လား။ ဘာကို ဇာချဲ့နေတာလဲလို့ ဆိုချင် ဆိုနိုင်ပါတယ်။ သာမန်အားဖြင့် တွက်ဆရင်တော့ မှန်ပါတယ်။ စာရေးခြင်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တဲ့ကြားခံ မီဒီယံ တစ်ခုသာ ဖြစ်ပါတယ်။ နားလည်သဘောပေါက်စေရင် စာရေးခြင်းအလုပ် ပြီးမြောက်တာပါပဲ။ ဒီလောက်ပဲ တွေးရင် ဒီလောက်ပဲ မြင်ပါလိမ့်မယ်။

တကယ်တော့ လူတစ်ယောက်ကနေ လူအများကို ဆက်သွယ်ရခြင်း အလုပ်ဟာ စာရေးခြင်း အလုပ်ဖြစ်ပါတယ်။ စာရေးဆရာတစ်ယောက်ဟာ သူ့မိတ်ဆွေတစ်ယောက်နဲ့ စာရေးဆက်သွယ်တယ်ဆိုရင်တော့ အကြောင်း မဟုတ်ပါ။ သို့သော် စာရေးဆရာတစ်ယောက်က လူထုထဲက လူတန်းစားအလွှာ အသီးသီး၊ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီး၊ အဆင့်အတန်းအသီးသီး၊ စရိုက်အစုံစုံ၊ အသိအတွေ့အကြုံနောက်ခံ မတူတဲ့ လူရာချီ၊ လူထောင်ချီနဲ့ ဆက်သွယ်ပြောဆိုဖို့ ဆိုရင်တော့ အကြောင်း ဟုတ်လာပါပြီ။ စာရေးခြင်းအတတ်ရဲ့ နက်နဲခြင်းသဘောကို စပြီးတွေ့လာရပါပြီ။

အကြောင်းအရာအလိုက် ရေးဟန်ကို တိနိုင်ညှိနိုင်မှ ပိုလို့ ကျယ်ပြန့်စွာ၊ ပိုလို့နားလည်နိုင်စွမ်း ရှိစွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အကြောင်းအရာ အလိုက် ရေးဟန်တွေဟာ ကွဲပြားပါတယ်။ ရေးတဲ့သူကလည်း ကွဲပြားစွာ ရေးသားရပါမယ်။ ဒီနေရာမှာ ဘယ်လို ခြားနားစေမယ်၊ ဘယ်လောက် ခြားနားစေမယ်၊ မူလရေးဟန်နဲ့ ဘယ်ဘက်ကို ပိုတိမ်းပိုယိမ်းပြီး တင်ပြရမယ်၊ ဘယ်လို အသုံးအနှုန်းနဲ့ ဘယ်လို အချီအချကို လုပ်ရမယ်ဆိုတာကတော့ စာရေးဆရာ အလုပ်ဖြစ်လို့ ထပ်မပြောလိုပါ။

ဆိုလိုရင်းအနက်ကတော့ – အကြောင်းအရာ ကွဲပြားမှုအလိုက် ရေးဟန်ကွဲပြားတယ်၊ ကွဲပြားမှ ထိရောက်မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာမှာ စာရေးဆရာတစ်ယောက်ဟာ သူ့ရေးဟန်တွေကို မှိုလိုပေါက်ပြီး ဖွာလန်ကြဲ လုပ်ရမှာလားဆိုတော့ မဟုတ်ပါ။

• မြသန်းတင့်က စာပေါင်းစုံရေးခဲ့ပါတယ်။
• ဒါပေမယ့် မြသန်းတင့်ရေးဟန်ကို ကျနော်တို့ ကျက်မိပါတယ်။
• ပီမိုးနင်းဟာ စာပေါင်းစုံရေးပါတယ်။
• ဒါပေမယ့် ပီမိုးနင်းရေးဟန်ကို ကျနော်တို့ ကျက်မိပါတယ်။
• ရွှေဥဒေါင်းဟာ စာအမျိုးမျိုးရေးခဲ့ပါတယ်။
• ဒါပေမယ့် ရွှေဥဒေါင်းရဲ့ ရေးဟန်ကို ကျနော်တို့ ကျက်မိပါတယ်။
• လူထုဒေါ်အမာဟာ စာအမျိုးမျိုးရေးခဲ့ပါတယ်။
• ဒါပေမယ့် လူထုဒေါ်အမာရဲ့ ရေးဟန်ကို ကျနော်တို့ ကျက်မိပါတယ်။

ဒါဟာ ဘာလဲဆိုတော့ – ဆောင်းပါး၊ အက်ဆေး၊ ဘာသာပြန်၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ သမိုင်းအချက်အလက် စသည်ဖြင့် ဘယ်လိုပဲ ပြောင်းလဲရေးရေး၊ ကိုယ်ပိုင်ဟန်ကို တည်ဆောက်နိုင်တဲ့ စာရေးဆရာရဲ့ ဟန်ကို စာဖတ်သူ လူထုက သိပါတယ်။ နားလည်ပါတယ်။

▄ တူသလိုလိုနဲ့ မတူ

ဂျာနယ်လစ်ဇင်မှာ – သတင်းဆောင်းပါးနဲ့ သုံးသပ်ချက်ဆောင်းပါးတောင် အရေးအသားအားဖြင့် မတူပါဘူး။ ကွဲပြားပါတယ်။ ဆောင်းပါးနဲ့ အက်ဆေးဆိုရင် ပိုလို့တောင် ကွဲပြားသွားပြန်ပါတယ်။ အက်ဆေးနဲ့ ဝတ္ထုတိုကလည်း မတူပြန်ပါဘူး။ ဆောင်းပါးထဲမှာ – သဘောထားအမြင်ဆောင်းပါးနဲ့ သုတေသနအခြေပြုဆောင်းပါးတောင် ရေးသားတင်ပြပုံ မတူပါဘူး။ လူအကြောင်းရေးတာတောင်မှ၊ သမိုင်း အချက်အလက်ကို အခြေပြုပြီးရေးတဲ့ အတ္ထုပ္ပတ္တိနဲ့ ဝတ္ထုဆန်ဆန် အတ္ထုပ္ပတ္တိ မတူပါဘူး။ ကွဲပြားပါတယ်။ ထိုနည်းလည်းကောင်း အကြောင်းအရာ နယ်ပယ် မတူလို့ ရေးသားတင်ပြပုံ၊ ရေးဟန်တွေ မတူဘူးဆိုတာ နားလည်နိုင်ပါတယ်။

ဒေါက်တာဆန်းထွန်း (ဆန်းထွန်းသောင်) ဟာ ကျနော့်ကို ရှင်နေတဲ့စာရေးဆရာတွေလည်း ဝင်စားနေတဲ့သူ ပဲလို့ မှတ်ချက်ပေးတာ ဒါ့ကြောင့် ဖြစ်ပါလိမ့်မယ်။ ကျနော်ဟာ နိုင်ငံရေးဆောင်းပါး၊ စာပေဆောင်းပါး၊ အတွေးအမြင် ဆောင်းပါး၊ လူမှုဝေဖန်ချက်ဆောင်းပါး၊ အက်ဆေးနဲ့ ရုပ်ပုံလွှာတွေ၊ စာအုပ်အညွှန်းတွေ၊ သမိုင်းနောက်ခံဆောင်းပါးတွေကို ရေးသားတဲ့အခါမှာ ကျနော် ပြောင်းလဲသုံးစွဲတဲ့ရေးဟန်တွေကို ဆရာ ဒေါက်တာဆန်းထွန်းက ခံစားမိဟန်တူပါတယ်။ ဒါ့ကြောင့်လည်း ဒီလိုမှတ်ချက်မျိုးကို ပေးဟန်တူပါတယ်။

ဆရာဒေါက်တာဆန်းထွန်း (ဆန်းထွန်းသောင်) အား သတိရလျက် /

မင်းသေ့
နေ့လယ် ၁း၁၈
၂၆၊ အောက်တိုဘာ၊ ၂၀၂၁

Previous post ▄ ဗမာလေ့လာရေး
Next post ▄ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမယ်