▣ (မြန်မာ့လူမှုနိုင်ငံရေးဓလေ့)

ဒီနေရာမှာ ဝေါဟာရ စကာလုံး လေးလုံးကို တွေ့နိုင်တယ်။ (၁) မြန်မာ၊ (၂) လူမှု၊ (၃) နိုင်ငံရေး နဲ့ (၄) ဓလေ့။ ဒီစကားလုံးလေးလုံးကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ မြန်မာတွေရဲ့ လူမှုနိုင်ငံရေးဓလေ့ကို လေ့လာဖြစ်အောင် ဒေါက်တာမောင်မောင်ကြီးရဲ့ ဗမာ့နိုင်ငံရေးတန်ဖိုး (Burmese Political Value) ကျမ်းက စပြီး လှုပ်နိုးလိုက်တာဖြစ်ပါတယ်။ ဗမာ့နိုင်ငံရေးတန်ဖိုးတွေကို လေ့လာဖို့၊ ဆရာ ကျော်ဝင်းရဲ့ မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် စာအုပ်က တွန်းအားပေးခဲ့တယ်။ ထို့နောက် ဒေါက်တာအောင်ခင်ရဲ့ မြန်မာ့နိုင်ငံရေးအတွေးအခေါ် (ဒေါက်တာမောင်မောင်ကြီးရဲ့ စာအုပ်ကို ပြန်လည်အသံလွှင့်ဖော်ပြချက်) စာအုပ်ဖြစ်ပါတယ်။ ဒီ့နောက် နိုင်ငံခြားသားစာရေးဆရာတွေ ရေးတဲ့ စာအုပ်တွေ ရှာဖတ်ပါတယ်။ အင်္ဂလိပ်လို မဖတ်နိုင်တာတွေကို ဘာသာပြန်တွေ ရှာဖတ်ပါတယ်။ ဒါနဲ့တင် မပြီးသေးပါဘူး။ ပဒေသရာဇ်သမိုင်းရဲ့ ဓလေ့အခံနဲ့ ကျင့်ထုံးတွေကို လေ့လာဖြစ်ပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာဖို့အတွက်ဆိုရင် အကုန် အစုံဖတ်ရတဲ့သဘော ရှိပါတယ်။ ကျနော့် လေ့လာမှုဟာ နိုင်ငံရေးသမိုင်းကို ဇောင်းပေးလေ့လာနေရာကနေ၊ လူမှုရေးသမိုင်းနဲ့ယဉ်ကျေးမှုသမိုင်းဘက်ကို နွှယ်လာတာ သတိထားမိပါတယ်။ ရှေးဟောင်းသမိုင်းကို ပြန်လည် တူးဆွတဲ့အခါမှာ၊ အနုလက်ရာ ယဉ်ကျေးမှုတွေကနေ အဲသည့်ခေတ်က လူ့အဖွဲ့အစည်းရဲ့ စိတ်ဝိညာဉ်ကို တွေ့အောင် ရှာပါတယ်။

ဗမာတစ်ယောက်ဟာ ဗမာ့အကြောင်း သိအောင် လုပ်ရတာ မလွယ်ပါ။ မလွယ်ပေမယ့် ပျော်တယ်၊ ကျေနပ်ပါတယ်။ ဗမာတစ်ယောက်ဟာ ဗမာလေ့လာချက်ကို လုပ်နေပါတယ်။ ပညာရပ်တစ်ခုလို သေချာလေ့လာပြီး လုပ်ပါတယ်။ အဲသည့်ကနေ လူထုကို ဆောင်ပါးစရာ ရှိတဲ့ အသိအမြင်ဗဟုသုတ အတွေးအခေါ် ရှိလာပြီဆိုရင် ဆောင်းပါးတစ်ပုဒ်အနေနဲ့ ရေးသားတင်ပြပါတယ်။

ကျနော့်စာတွေကို ဖတ်ရင် တစ်ပုဒ်စ နှစ်ပုဒ်စ ဖတ်မိရုံနဲ့ အနက်သဘော ဆက်ထုံး ကြောင်းကျိုးဆက်ကြီးကို ရှာတွေ့မယ် မထင်ပါ။ စဉ်ဆက်မပြတ် အကြောင်းအရာအလိုက် ဆက်စပ်ဖတ်ရှုရင်တော့ စာဖတ်သူဟာ ဗမာလေ့လာချက်ကို စာရေးဆရာနဲ့ အတူ လုပ်ပြီးသားဖြစ်မယ်လို့ ယူဆပါတယ်။ ဗမာတွေ ကိုယ့်အကြောင်း ကိုယ်သိဖို့ လိုအပ်တယ်လို့ယူဆပြီး ဗမာ့လူမှုဓလေ့ဆောင်းပါးတွေ ရေးဖြစ်ပါတယ်။

ဖြစ်နိုင်ရင် ဗမာလူငယ်တွေ – ဗမာလေ့လာမှု (Burma Studies) ကို ပညာရပ်သဖွယ် စူးစိုက်လေ့လာဆည်းဖူးကြဖို့လည်း တိုက်တွန်းလိုပါတယ်။

နောက်ထပ် (မြန်မာ့) ဗမာ့လူမှုနိုင်ငံရေးဓလေ့တွေ အကြောင်းကို ဗမာ့လူမှုဓလေ့၊ ဗမာ့နိုင်ငံရေးဓလေ့တွေဆိုပြီး ခွဲခြားရေးသွားပါအုံးမယ်။

မင်းသေ့
၂၈ ၊ အောက်တိုဘာ၊ ၂၀၂၁။

Previous post ▄ အချောင်စားတွေ
Next post ▄ စု – တု – ပြု … မှသည်