ပါမောက္ခချုပ်ဆရာတော်ကြီး ဟောတဲ့တရား နားထောင်ဖြစ်တယ်။ အဲသည့်အထဲမှာ၊ လူ့ပြည်ဆိုတာ ဝီရိယဘုံ…တဲ့။ နောက် ရှိသေးတယ်။ လူ့ပြည်ဆိုတာ – နတ်ပြည်နဲ့ ငရဲပြည်ဆက်ထားတဲ့ ဘုံ…တဲ့။

• နတ်ပြည်နဲ့ ဆက်နေတာဖြစ်ခြင်းကြောင့် လူ့ဘုံမှာ ချမ်းသာသုခဆိုတာ ရှိတယ်။
• ငရဲပြည်နဲ့ ဆက်ထားတာ ဖြစ်ခြင်းကြောင့် လူ့ဘုံမှာ ဆင်းရဲဒုက္ခဆိုတာ ရှိတယ်။
• လူ့ဘုံဆိုတာ ဆင်းရဲချမ်းသာ ရောထွေးနေတဲ့ ဘုံပဲ။

တခါတရံ ချမ်းချမ်းသာသာ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာ ပျော်ပျော်ရွှင်ရွှင်နေရမယ်။ တခါတရံ ဆင်းဆင်းရဲရဲ ပူပူပင်ပင် ကြောင့်ကြောင့်ကြကြ မငြိမ်းမချမ်း စိတ်ဆင်းရဲစွာ နေရမယ်။ ဒီနှစ်ခုဟာ ရောနေတာပဲ။

▣ ဒါပေမယ့် ….

• ဘယ်လိုလူဟာ ပိုပြီးတော့ ငြိမ်းချမ်းသလဲ၊ ချမ်းသာသလဲ၊ အေးချမ်းသလဲ။

• ဘယ်လိုလူ့အဖွဲ့အစည်းမျိုးဟာ ပိုပြီးတော့ အေးချမ်းသလဲ၊ သာယာသလဲ၊ တိုးတက်သလဲ။

• ဘယ်လိုနိုင်ငံမျိုးဟာ ပိုပြီးတော့ စည်ပင်သလဲ၊ ဝပြောသလဲ၊ ဖွံ့ဖြိုးတိုးတက်သလဲ။

လူ့ဘုံဆိုတာ ဝီရိယဘုံ…တဲ့။

• ဝီရိယကို အကြီးအမှူးပြုပြီး ခွန်စိုက်အားစိုက် လုပ်တတ်ကိုင်တတ်တဲ့အလေ့အထရှိရင် အဲသည့်လူဟာ ကြီးပွားတယ်၊ ချမ်းသာတယ်၊ ပြောင်ရောင်တယ်၊ ဂုဏ်သိက္ခာရှိတယ်။ သူ့ဘဝဟာ နေပျော်စရာဖြစ်တယ်။

• လုံ့လဝီရိယကို ခေါင်းဆောင်ထားပြီး ကြိုးကြိုးကုတ်ကုတ် လုပ်ကိုင်တဲ့ဓလေ့ထွန်းကားတဲ့ လူ့အဖွဲ့အစည်းမျိုးဟာ ကြွယ်ဝတယ်၊ တိုးတက်တယ်၊ ဖွံ့ဖြိုးတယ်၊ ငြိမ်းချမ်းတယ်။

• ဇွဲလုံ့လဝီရိယကို အကြီးအမှူးပြုပြီး ကြိုးစားမယ်၊ အလကား မလိုချင်ဘူး၊ သူများဆီက ခေါင်းပုံမဖြတ်ဘူး၊ တန်ရာတန်ဖိုးပေးပြီး ယူမယ်၊ ထိုက်တန်တဲ့ ရင်းနှီးမြှုပ်နှံမှုကို ပြုပြီးတော့မှ ရရှိတာမျိုးသာလိုချင်တယ်…. စတဲ့ အယူဓလေ့ကိန်းအောင်းတဲ့ နိုင်ငံမျိုးဟာ ချမ်းသာတယ်၊ ဖွံ့ဖြိုးတယ်၊ စည်ပင်တယ်၊ သာယာဝပြောတယ်၊ ငြိမ်းချမ်းသာယာပြီး နေချင့်စဖွယ် တိုင်းပြည်မျိုးဖြစ်တယ်။

ဘယ်လိုဝန်းကျင်မျိုးမှာ မနေထိုက်သလဲ

• ပညာကိုလည်း အကြီးအမှူးမပြုတတ်သော
• လုံ့လဝီရိယကိုလည်း စိုက်ထုတ်ချင်စိတ်မရှိသော
• တစ်ဦးကိုတစ်ယောက် မနာလို ဝန်တို မစ္ဆိရိယစိတ်နဲ့ ချောက်တွန်းတတ်သော
• ဉာဏ်ကို ဝီရိယနဲ့ မထူ
• စည်းစိမ်ကို ဝီရိယနဲ့ မကူဘဲ
• အချောင်စားလူ့အဖွဲ့အစည်းမျိုး
• ခေါင်းပုံဖြတ်နေတဲ့ လူ့အဖွဲ့အစည်းမျိုး
• ဖြတ်စားလှီးစားလုပ်နေတဲ့ လူ့အဖွဲ့အစည်းမျိုး
• အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား လူ့အဖွဲ့အစည်းမျိုး
• လုံ့လ မစိုက်၊ ဝီရိယ မထုတ်၊ ဇွဲနပဲ မရှိဘဲ
• အမြဲတမ်း အပျက်တွေးတွေး
• အပျက်မြင်၊ ပျင်းရိသိမ်ဖျင်းလျက်
• လူတစ်ယောက် ဒုက္ခရောက်တာကို ပျော်ရွှင်နေတတ်သော လူ့အဖွဲ့အစည်းမျိုး
• လူ့အဖွဲ့အစည်းကောင်းကျိုးနဲ့ မိမိကောင်းကျိုးကို လုပ်ဖို့ရန် ပျက်ကွက်နေပြီး
• တပါးသူကို ထိုးနှက်ကဲ့ရဲ့ ဆဲဆိုဝေဖန်ခြင်းအလေ့အကျင့်ရှိသော လူ့အဖွဲ့အစည်းမျိုး

ဤသို့သော စရိုက်အလေ့ရှိသော ဝန်းကျင်မျိုး၊ လူ့အဖွဲ့အစည်းမျိုးမှာ မနေအပ်ဘူး။ ဤသို့သော ရပ်ရွာဝန်းကျင် တိုင်းနိုင်ငံမျိုးမှာ ရဟန်းသံဃာပင် ရှိစေအုံးတော့၊ ပစ္စန္တရစ်အရပ်လို့ ဆိုအပ်တယ်။ အဆိုးဆုံးကတော့၊ ဝီရိယ မစိုက်ချင်၊ ခွန်အားမစိုက်ထုတ်ချင်ဘဲ ခေါင်းပုံဖြတ်ပြီးတော့သော်လည်းကောင်း၊ ဖြတ်လမ်းနည်းအားဖြင့် သော်လည်းကောင်း ကြီးပွားချမ်းသာချင်၊ ရာထူးအာဏာလိုချင်သူတွေ စုဝေးရာအရပ်ဟာ လူ့ဘုံဖြစ်နေစေအုံးတော့၊ ငရဲတပိုင်းလူ့ဘုံသာဖြစ်တယ်။

▣ အိုးစားကွဲကုန်ပြီ

လက်ရှိ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေအားလုံးရဲ့ အကြောင်းရင်းမြစ်တွေထဲမှာ အဓိကအခြေခံပြဿနာကတော့ ၊ ထိုက်တန်တဲ့ရင်းနှီးမှု မရှိဘဲ လိုချင်တပ်မက်နေတဲ့လောဘစိတ်ပဲဖြစ်ပါတယ်။ စီးပွားရေးသမားဟာ မတော်လောဘနဲ့ စီးပွားရှာတဲ့အခါ တိုင်းပြည် ဒုက္ခရောက်တယ်။ အာဏာရှိတဲ့သူက စီးပွားရှာတဲ့အခါ ပိုလို့ ဆိုးလာတယ်။ စီးပွားရေးသမားဟာ လောဘနဲ့သာ စီးပွားရှာတယ်။ အာဏာရှိတဲ့သူ စီးပွားရှာတဲ့အခါ လောဘနဲ့ရော ရှာတယ်၊ ဒေါသနဲ့ရောရှာတယ်။ အဲသည့်အခါ တိုင်းပြည်လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ပါ အိုးစားကွဲကုန်တယ်။ လူထုအသက်ပါ စတေးရတော့တယ်။ ဒါဟာ မတော်လောဘနဲ့ အတင်း အဓမ္မ ရယူလိုမှုရဲ့ အကျိုးဆက်ပဲဖြစ်တယ်။

▣ ပျင်းရိသိမ်ဖျင်းသောစရိုက်ရှိသူတွေ

လူတွေဟာ ဝီရိယ မရှိဘူး။ လုံ့လ မစိုက်ချင်ဘူး။ ဇွဲနပဲနဲ့ ကြိုးစားပြီး မတည်ဆောက်ချင်ကြဘူး၊ မရင်းနှီးချင်ကြဘူး။ အလွယ်လိုချင်တယ်၊ အလကားလိုချင်တယ်၊ အချောင်လိုချင်တယ်။ ဒီတော့ ဖြတ်လမ်းနည်းကို သုံးတယ်။ တိုင်းပြည်အတွင်းမှာ အဓမ္မမှုတွေ ကြီးစိုးနေတာ ပျင်းရိသိမ်ဖျင်းသောစရိုက်ရှိသူတွေ များလို့ ဖြစ်တယ်။ ဒီနေရာမှာ ပျင်းတာ တစ်ခုတည်း မဟုတ်ဘူး။ ရိတာလည်း ပါတယ်။ ရိတယ်ဆိုတာ ရွဲပလဲ နေတာကို ပြောတာဖြစ်ပါတယ်။ ပျင်းလွန်းလို့ လူလုံးအောင် မလှတော့ဘူး။ ရွဲနေပြီဆိုတဲ့သူတွေ။ ဒီလိုလူတွေက သိမ်ဖျင်းတဲ့စရိုက်နဲ့ပါ ယှဉ်တွဲနေတော့၊ သူတို့ရဲ့ လုပ်ရပ်တွေဟာ သေးသိမ်တယ်၊ ညံ့ဖျင်းတယ်၊ အောက်တန်းကျတယ်။ သိမ်ဖျင်းသောစရိုက်ရှိသူတွေရဲ့ အပြုအမူတွေဟာ ငရဲလိုပဲ။ ညစ်ထေးလွန်းတယ်။

▣ ဖွတ်ကျော ပြာစု

ဒီလို ညစ်ထေးတဲ့လူ့အဖွဲ့အစည်းမှာ နေထိုင်ရတာဟာ၊ ငရဲလိုပဲ မည်းညစ်နေတဲ့အကုသိုလ်တွေနဲ့ လူထုဟာ နေ့စဉ် အသက်ရှင်ရတယ်။ နေ့တိုင်း အချိန်တိုင်း အကုသိုလ်နဲ့ အသက်ရှင်နေရမှတော့ အဲသည့်တိုင်းပြည် ပြောင်ရောင်ပါအုံးမလား၊ ကြီးပွားပါအုံးမလား၊ ငြိမ်းချမ်းသာယာပါအုံးမလား။ အမြဲအကုသိုလ်နဲ့ နေနေရတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း မုဒိတာ မပွားနိုင်ကြတော့ဘူး။ မြင်မြင်သမျှသာ မျက်စိဆံပင်မွှေးဆူးစရာ ဖြစ်လာတယ်။ မြင်ကွင်းထဲမှာ မျက်စိဆံပင်မွှေးဆူးတော့ သိမ်ဖျင်းတဲ့စရိုက်ရဲ့ တွန်းအားကြောင့်၊ ပက်ခနဲဆဲ ပက်ခနဲ ဝေဖန်၊ ပက်ခနဲ တုံ့ပြန်။ ဒီတော့ စေတနာနဲ့ လုပ်သူတွေ ရှိစေအုံးတော့။ စေတနာ ပျက်လာတယ်။ စေတနာယုတ်လာတယ်။ ဘာစေတနာမှ မထားတော့နဲ့ကွာ၊ သူ့သဘောသူ ဆောင်စေတော့၊ ထားခဲ့တော့ လို့ ပစ်ထားလိုက်ရင်လည်း သူတော်ကောင်းတရား မထွန်းကားလို့၊ တိုင်းပြည်ဟာ ဖွတ်သထက် ညစ်၊ ဖွတ်ကျော ပြာစု၊ နူရာ ဝဲစွဲ၊ လဲရာ သူခိုးထောင်း၊ မြွေပူရာ ကင်းမှောက် ဖြစ်ရော….။

ကဲ … ကောင်းကြသေးရဲ့လား။

ဘယ်အရာကိုမှ လုံ့လဝီရိယထား မလုပ်ဘဲ အလကားအချောင်လိုချင်စိတ် ကြီးစိုးနေသရွေ့ ၊ အဲသည့်တိုင်းပြည် အဲသည့်လူ့အဖွဲ့အစည်း၊ အဲသည့်လူတစ်ယောက်ဟာ ဘယ်တော့မှ မကြီးပွားဘူး၊ မပြောင်ရောင်ဘူး၊ မချမ်းသာဘူး၊ မငြိမ်းချမ်းဘူး။

ဝီရိယထားပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို ဇွဲနပဲနဲ့လုပ်မှ ဖြစ်မယ်။ တစ်ယောက်နဲ့ တစ်ယောက် ရန်တွေဖြစ်၊ စကားတွေများ၊ ဆဲဆိုဝေဖန်နေရုံနဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

မင်းသေ့
နေ့လယ် ၁၂း၄၀
၂၉၊ အောက်တိုဘာ၊ ၂၀၂၁။

Previous post ▣ ဖေ့ဘုတ်ခ် ဆိုတာ ပန်းခြံလား
Next post ▄ ဗမာလေ့လာရေး