စာရေးတတ်ချင်လား….
တင်ပါး ကော်သုတ်ထား။
ဖင်မြဲပါလို့ ပြောတာ။

စာရေးတဲ့ အလုပ်မှ၊ မဟုတ်ဘူး။ ဘယ်အလုပ်ကို လုပ်လုပ် ဖင်မမြဲရင် မရဘူး။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘာမှ လောက်လောက်လားလားဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။

လူတွေက၊ စာရေးတတ်ချင်တယ်လို့၊ တစ်ဖွဖွ ပြောကြတယ်။ ဒါ့ပေမယ့်၊ မှတ်စုစာအုပ်မှာ မှတ်စု ၁၀ မျက်နှာထုတ်ကြည့်ပါလို့ ပြောရင်၊ မလုပ်နိုင်ကြဘူး။ မှတ်စု ထုတ်တာကို၊ ကျနော် တစ်နှစ် မက၊ ၇ နှစ်၊ ၈ နှစ်လောက်ထိ၊ တရပ်စပ် လုပ်ခဲ့တယ်။ အခုနောက်ပိုင်းမှ၊ အတော် ပါးသွားခဲ့တယ်။ ဒါတောင်၊ ကိုယ့်ကိုယ်ကို မကျေနပ်။ အားမရ။
ကျောင်းသားဘဝတုန်းကလို၊ မှတ်စုတွေ နေ့စဉ် အချိန်တိုင်း၊ ထိုင် ထုတ်နေချင်သေးတယ်။ မှတ်စုတွေ နာနာထုတ်ခဲ့လို့၊
• စာရေးတဲ့နေရာ၊
• စာသင်တဲ့နေရာ၊
• ဟောပြောတဲ့နေရာတွေမှာ၊
တော်တော် အထောက်အကူ ပြုခဲ့တယ်။

• ဘာအရာကို လုပ်လုပ်၊ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ မရဘူး။
• စာကို ပြောက်ကျား လျှောက်ဖတ်နေလို့လည်း မရဘူး။
• တစ်ခုခုကို ခြေခြေမြစ်မြစ် နားလည်အောင် လုပ်ရတယ်။
• တစ်ခုမကကိုလည်း ခြေခြေမြစ်မြစ် နားလည်အောင် လုပ်ထားရတယ်။ လုပ်နေရတယ်။

ကိုယ်လေ့လာတဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ် ပက်သက်တဲ့ အကြောင်းတွေကို၊ နယ်ချဲ့ရတယ်။ ဘာသာရပ်တစ်ခုတည်းမှာ၊ ကျောက်ချနေလို့မရဘူး။

စာစဖတ်တဲ့အခါမှာ၊ ယေဘုယျအားလုံးသိအောင်၊ ဟိုတစ်စ၊ ဒီတစ်စ ဖတ်ကြရပေမယ့်၊ စာသင်သူ၊ စာရေးနေသူဟာ၊ တစ်ခုတည်းကို အထူးပြုလို့ကို မရဘူး။ တစ်ခုခုမှာ၊ အထူးပြုထားပြီး တော်တော်များများမှာ ယေဘုယျ သိထားရမယ်။ နားလည်ထားရမယ်။

စာရေးရင်လည်း၊ မူပျောက်လို့ မရဘူး။ စတိုင်ကို အမျိုးမျိုးချဲ့ထွင်ပြီး ရေးနိုင်ပါတယ်။ သို့ပေမယ့်၊ မူမခိုင်ရင် စာရေးတဲ့သူက အောက်ကြေးဆန်နိုင်ပါတယ်။

• စာဖတ်တဲ့အခါမှာ၊ ဘာစိတ်နဲ့ ဖတ်တယ် ဆိုတာ အရေးကြီးတယ်။
• စာရေးတဲ့ အခါမှာ၊ ဘယ်ခံယူချက်နဲ့ ရေးတယ် ဆိုတာ အရေးကြီးတယ်။
• ဟောပြောတဲ့အခါမှာ၊ ဘယ်ရည်ရွယ်ချက်နဲ့ ပြောတယ်ဆိုတာ အရေးကြီးတယ်။

o စာကို မရေးရ မနေနိုင်လို့ ရေးတဲ့သူတွေ ရှိတယ်။
o စာရေးသူတွေကို အထင်ကြီးလို့ လိုက်ရေးတဲ့သူတွေလည်း ရှိတယ်။
o ကိုယ့်ကို ဆရာကြီးအထင်ခံချင်လို့၊ စာရေးတဲ့သူတွေလည်း ရှိတယ်။
o သူတတ်ကြောင်း ပြချင်လို့ ရေးတဲ့သူတွေလည်း ရှိတယ်။
o ကိုယ်နားလည်ထားတာကို၊ မျှဝေတဲ့သူတွေလည်း ရှိတယ်။
o နည်းနည်းသိပြီး၊ များများ ပြောချင်လို့ ရေးကြတာလည်း တွေ့ရတယ်။
o ဩဝါဒပေးချင်လို့၊ ရေးတဲ့သူတွေလည်း ရှိတယ်။
o စာရေးတာဟာ၊ ဂုဏ်သိက္ခာတစ်ရပ်လို့ ယူဆပြီး၊ တန်ဖိုးတစ်ခု တည်ဆောက်ဖို့ ရေးနေတဲ့သူတွေလည်း ရှိတယ်။
o မှတ်တမ်းတစ်စုံတစ်ရာကျန်ခဲ့စေချင်လို့ ရေးကြတာလည်း ရှိတယ်။
o ဒီ့ထက်မက၊ အများကြီး ရှိနိုင်ပါသေးတယ်။

ကျနော်ကတော့၊ ရေးချင်လို့ကို ရေးတယ်။ မရေးချင်တဲ့ တစ်နေ့ မရေးတော့ဘူး။ မဖတ်ချင်တဲ့တစ်နေ့ မဖတ်တော့ဘူး။ ကိုယ့် စိတ်အနေအထားအတိုင်းသာ၊ ပြုမူချင်တယ်။

စာကို လွတ်လွတ်လပ်လပ် ဖြန့်ကျက်ထားပြီး ရေးရတာ ကောင်းပါတယ်။ အစွဲနဲ့ ရေးရတာ မလွတ်လပ်ဘူး။
အသိအမှတ်ပြုခံချင်လို့ ရေးရတာလည်း မကောင်းပါဘူး။ ဖော်လှန်ဖားပြီး ရေးတာ သာလို့ မကောင်းသေး။
သားချော့တေးလည်း မကောင်းပါဘူး။ အကျိုးစီးပွားနဲ့ ယှဉ်ပြီး ရေးရင်လည်း ဆိုးလှပါတယ်။

စာရေးတဲ့သူဆိုပြီး၊ လူ့အသိုင်းအဝိုင်းက သိသွားလို့ ကိုယ့်စီးပွားရေး အကျိုးအမြတ်ကို ပိုမိုမြတ်စွန်းလာစေ ချင်တဲ့ ရည်ရွယ်ချက်နဲ့ စာအုပ်တွေ ထုတ်ဖို့ ရည်ရွယ်ရင် ပိုပြီးတောင် မရိုးသားသေး။ စာကို ရိုးသားစွာ မဖန်တီးရင်၊ လူ့အသိုင်းအဝိုင်းရဲ့ ရာဇဝတ်မှု သင့်ပါတယ်။

သူက စာအုပ်တွေ အများကြီးရေးတယ်လေလို့၊ အပြောခံရဖို့၊ ကိုယ်ထုတ်တဲ့စာအုပ်ကို စာလုံးတွေ အကြီးကြီး၊
စာကြောင်းတွေ အကျဲကြီး လုပ်ပြီး၊ စာမျက်နှာ ၁၀၀ ကျော်လောက်နဲ့ စာအုပ်တစ်အုပ် လို့ အထင်ခံရတာ၊ နုံ့နဲလွန်းပါတယ်။

စာအုပ်ဆိုတာ၊
လောက်လောက်လားလား ရှိမှ ကောင်းတယ်။
အမှန်ဆို၊ စာရေးဆရာဈေးကျတယ်။

မက္ခီယာဗယ်လီက စာအုပ် အများကြီး မရေးခဲ့ပါဘူး။ သူ့ရဲ့ နာမည်ကျော်ကျမ်းကလည်း၊ ခပ်ပါးပါးမျှသာပါပဲ။ ဒါပေမယ့်၊ ကိုယ်ပိုင်အမြင်၊ ယူဆချက်တွေနဲ့ စီရင်ရေးသားခဲ့လို့ ခပ်ပါးပါးပေမယ့် ကျမ်းအရာမြောက်တယ်။ စာနည်းနည်းပေမယ့်၊ ဂန္တဝင်မြောက်တယ်။

ကိုယ့်အယူအဆလည်း မဟုတ်။ နိုင်ငံခြားစာအုပ်တွေက နိဒါန်းလောက်ကို မြန်မာလို အကျဉ်းရေးလောက်ရုံနဲ့ စာအုပ်တွေ အများကြီး ခွဲထုတ်ကြတာ၊ အင်မတန် ရွံ့စရာကောင်းလှပါတယ်။ ရှက်တတ်ရင်၊ ကိုယ့်မျက်နှာကို ကိုယ် သနပ်ခါး ပဲကြားလိမ်းပြီး၊ ချိုမိုင်မိုင်သာ ကပြလိုက်ပါတော့။

မင်းသေ့
ညနေ ၇ း ၀၄
၂၉ ၊ ဇန်နဝါရီလ၊ ၂၀၁၈
တောင်ကြီးမြို့။

Previous post စာရေးဆရာနှင့် ခံစားမှု
Next post သတင်းစာဆရာ နှင့် နိုင်ငံရေးသမား