ပုံပြင်တွေဟာ သမိုင်းမဟုတ်ပေမယ့်၊ သမိုင်းကို ခြေရာကောက်တဲ့နေရာမှာ အတော်အသုံးဝင်တဲ့အရာတွေ ဖြစ်ပါတယ်။ လူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ စတိုရီ (ပုံပြင်) တွေ ပြောပြီး၊ ကိုယ့်ပတ်ဝန်းကျင်အကြောင်းကို နားလည်အောင် လက်ဆင့်ကမ်းခဲ့ကြတယ်။ ပုံပြင်တွေဟာ လူ့အဖွဲ့အစည်းရဲ့ အတွင်းစိတ်ဓာတ်ခံကို ညွှန်ပြနေပါတယ်။ သမိုင်းကို လေ့လာတဲ့နေရာမှာ၊ အချက်အလက်မှတ်တမ်းတွေကိုချည်းပဲ မလေ့လာဘဲ၊ အတိတ်သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့လူ့အဖွဲ့အစည်းရဲ့ ဝိညာဉ်ကိုလည်း ရှာဖို့ လိုပါတယ်။ သမိုင်းကို လေ့လာတဲ့အခါ ကိုယ်လေ့လာတဲ့ဖြစ်ရပ်တွင်းက ဝိညာဉ်ဓာတ်ကို ရှာမတွေ့ရင် မပြည့်စုံပါဘူး။

လူ့အဖွဲ့အစည်းရဲ့သဘောဟာ အမြဲတမ်း ပြောင်းလဲနေပါတယ်။ အတိတ်နဲ့ ပစ္စုပ္ပန် မတူပါဘူး။ ပစ္စုပ္ပန်နဲ့ အနာဂတ်လည်း မတူနိုင်ပါဘူး။ သို့သော်လည်း ဓာတ်သဘောကိုတော့ အနာဂတ်အထိ သယ်လာနိုင်တဲ့သဘာဝရှိပါတယ်။ ဒါ့ကြောင့် သမိုင်းကိုလေ့လာတဲ့အခါမှာ၊ အကျင့်ကို သိအောင်၊ ဓလေ့ကို သိအောင်၊ စရိုက်ကို သိအောင်၊ ထုံးတမ်းအစဉ်အလာကို သိအောင်၊ မူလဗီဇကို သိအောင် နားလည်အောင် လုပ်ရပါတယ်။ ဒါမှသမိုင်းလေ့လာခြင်းမှာ ပိုလို့ ပေါက်မြောက်ပါတယ်။

▄ ပုံပြင်တွေ ပုံပြင်တွေ

ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ၊ ဆိုရိုးစကားတွေနဲ့ စကားပုံတွေကို ခြေရာကောက်ပြီး မှတ်တမ်းမတင်ထားတဲ့သမိုင်းဖြစ်ရပ်တွေကို ချည်းကပ်လေ့လာရပါတယ်။ ပုံပြင်နဲ့ ဒဏ္ဍာရီတွေဟာ ယုတ္တိနည်းအားဖြင့် ယထာဘူတကျတဲ့ စတိုရီအမျိုးအစားတွေ ဖြစ်ချင်ဖြစ်မယ်။ သဘာဝ မကျတာ၊ အလွန်အကျူးဖန်တီးထားတာ၊ သဘာဝနဲ့ မအပ်စပ်တာ — စတာတွေ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ပုံပြင်နဲ့ ဒဏ္ဍာရီတွေကို ယုတ္တိဗေဒနည်းအားဖြင့် မတိုင်းတာဘဲ သဘောအနက်၊ သဘာဝအနက်၊ စိတ်နေသဘောထား၊ ဓလေ့စရိုက်၊ စိတ်အခံ၊ ခံစားချက်၊ ဝိညာဉ် — စတဲ့အရာတွေ ပေါ်လွင်အောင် ကြည့်ဖို့ လိုပါတယ်။ ပုံပြင်နဲ့ ဒဏ္ဍာရီအဖြစ်အပျက်တွေက ညွှန်းဆိုထားတဲ့ နောက်ကွယ်က အညွှန်းခံဒဿနကို တွေ့အောင် ရှာဖို့ ဖြစ်ပါတယ်။

လူထုဦးလှ ရေးသားပြုစုထားတဲ့ တိုင်းရင်းသားရိုးရာပုံပြင်စု စာအုပ်တွေ အများအပြား ရှိပါတယ်။ အဲသည့်အထဲမှာ လူမျိုးတစ်မျိုးရဲ့ စိတ်နေသဘောထားကို အဲသည့်လူမျိုးတွေကနေ အခြေခံပြီး ပေါ်ထွက်လာတဲ့ ပုံပြင်တွေကို လေ့လာပြီး သိမြင်ခံစားလို့ ရပါတယ်။ ဦးလှရဲ့ အညာကျေးလက်ပုံပြင်များ စာအုပ်ကို ဖတ်မိတဲ့အခါ၊ ဗမာတွေရဲ့ အကျင့်စရိုက်တချို့ကို ပုံပြင်တွေထဲကနေ သိမြင်ရတယ်။ ဗမာ့စိတ်ထား၊ ဗမာ့စိတ်နေသဘောထားလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒါကို အနည်းငယ်တင်ပြလိုပါတယ်။

အညာကျေးလက်ဆိုတာ ပြည်မက ဗမာလူမျိုးအများစု နေထိုင်ရာ ဒေသကို ညွှန်းဆိုပါတယ်။ အညာသား၊ တောသား လို့ ခေါ်လေ့တယ်။ အညာ အကြေလို့ သုံးနှုန်းကြပြီး၊ အညာဒေသဟာ ပြည်မက ဗမာအများစုနေတဲ့ မြန်မာပြည် အထက်ပိုင်းကို ညွှန်းဆိုပါတယ်။ အကြေသား၊ အကြေဒေသဆိုတာကတော့ မြန်မာပြည် အောက်ပိုင်းမှာ နေထိုင်တဲ့သူတွေကို ညွှန်းပါတယ်။ အညာကျေးလက်ဒေသက ပုံပြင်တွေကို လေ့လာကြည့်ရင်း အထက်မြန်မာပြည်က ဗမာတွေမှာဘယ်လို စိတ်နေသဘောထားရှိသလဲဆိုတာကို အနည်းငယ် တွေ့မြင်ရပါတယ်။ ဗမာ့စိတ်ထားမှာတွေ့ရတဲ့ အခြေခံ စိတ်ထား (၄) ခုကို တင်ပြချင်ပါတယ်။

▄ ကြွားဝါတတ်မှု

ဗမာအတော်များများဟာ ကြွားတတ်ဝါတတ်တယ်။ ကြွားဝါခြင်းဆိုတာ အရှိထက် ပိုမိုလွန်ကဲစွာ ပြောတာ၊ အရှိတရားထက် ပိုမိုလွန်ကဲစွာ သူများတကာကို အထင်ရောက်စေတာ ဖြစ်ပါတယ်။ အထူးသဖြင့် တပါးသူရဲ့ အထင်ကြီးမှုကို ဗမာတွေက သိပ်ရချင်ကြတယ်။ သူတို့မှာ ရှိထားတဲ့ တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ပြောကြလေ့ရှိတယ်။ သူခိုးရွှေရ တပြပြ ဆိုတာ ဗမာစကားပုံထဲမှာ၊ ထင်ရှားပါတယ်။ ဗမာတွေဟာ ကြွားဝါတတ်တယ်။ သိုသိုသိပ်သိပ်နေလေ့ မရှိဘူး။ ဒါ့ကြောင့် လျှို့ဝှက်လုပ်ကိုင်ရမယ့်အရာတွေမှာ မအောင်မြင်တတ်တာတွေ့ရတယ်။ အမြီးသိမ်း မတတ်ဘူး၊ လက်စလက်န ချန်ထားတတ်တယ်ဆိုတာ နောက်ဆက်တွဲအကျင့်စရိုက်တွေ ဖြစ်ပါတယ်။

ကြွားတတ်လွန်းလို့ သူများတကာ မျက်စိဆံပင်မွှေး ဆူးတာ ခံရတယ်။ ကြွားတတ်လွန်းသူကို တွေ့တဲ့အခါ အမြင်ကပ်၊ မနှစ်မြို့တာလည်း ဗမာတွေရဲ့ အကျင့်ဖြစ်ပါတယ်။ ကြွားတတ်သူကို အခွင့်ကြုံရင် သိပ်လိုက်မယ်၊ နိပ်လိုက်မယ်ဆိုတဲ့အကျင့်လည်း ဗမာတွေမှာ ရှိပါတယ်။ ခေတ်စကားနဲ့ ဆိုရင် အချွန်နဲ့ မ တာ၊ အဆင်း ဘီးတပ်ပေးတဲ့အကျင့်လည်း နောက်ဆက်တွဲအနေနဲ့ ဗမာတွေရဲ့ အကျင့်မှာ တွေ့နိုင်တယ်။

▄ ရိုးတယ် – အတယ်

ရိုးလွန်းတော့ အတဲ့ဘက်ကို ရောက်သွားတာများပါတယ်။ ရိုးတယ် ဆိုတာ ဖြူစင်ခြင်းကို ညွှန်းဆိုပါတယ်။ အတယ်ဆိုတာကတော့ မပါးနပ်ဘူး၊ ပါးရည်နပ်ရည် မရှိဘူး၊ အကင်းမပါးဘူးဆိုတဲ့သဘောဖြစ်ပါတယ်။ တုံးတယ်ဆိုတဲ့သဘောကိုလည်း ပြပါတယ်။ ဗမာတွေ ရိုးတယ်ဆိုတာ ပွင့်လင်းလာတဲ့ ဒီနေ့ခေတ်အထိတွေ့ရတဲ့ စရိုက်သကန်ဖြစ်ပါတယ်။ လူရိုး – သင်္ချိုင်းမှာပဲ ရှိတယ်… ဆိုတဲ့စကားဟာ ဗမာတွေ ရိုးကြောင်းကို တန်ပြန်အံတုတဲ့ စကားဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ လူရိုးဆိုတာ ရှားသွားတယ်လို့ ထင်ရပေမယ့်၊ တကယ့် အောက်ခြေလူ့အဖွဲ့အစည်းအတွင်းမှာ ရိုးတဲ့ဓာတ်သတ္တိတွေကို ခပ်များများတွေ့နိုင်ပါသေးတယ်။ ဒါဟာ ဗမာတွေရဲ့ ဗီဇဓာတ်ခံ လက်ဆင့်ကမ်းအမွေလို့လည်း ပြောနိုင်တယ်။ ဗမာတွေရဲ့ လူမှုဓလေ့မှာ အတွေ့များတဲ့ ရိုးခြင်း – အခြင်း သရုပ်သကန်တွေ ဖြစ်ပါတယ်။

ရိုးခြင်းအခြင်းကို အပြုသဘောအားဖြင့် ကြည့်ရင် – ရိုးဖြောင့်တာ ဖြစ်ခြင်းကြောင့် ဗမာတွေဟာ သူတပါးဒုက္ခရောက်တာကို မကြည့်ဝံ့ဘူး။ ကိုယ့်ကြောင့် တပါးသူ ဒုက္ခရောက်တာကို အလိုမရှိဘူး။ သူများ ဒုက္ခရောက်အောင် မလုပ်ဘူး။ မယုတ်မာဘူး။ မကောက်ကျစ်ဘူးဆိုတဲ့ အကျင့်ကို တွေ့ရတယ်။ အပျက်သဘောအားဖြင့်တော့ ဗမာတွေ ရိုးလွန်းအလွန်းတဲ့အခါ သူများက အလွယ်တကူ အသုံးချခံရတာကို ကြုံကြရတယ်။ တခြားသူက ကိုယ့်အပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်တာကို ခံရတယ်။ ဒီလို သူများအသုံးချခံဖြစ်သွားရင် ဖြစ်ဖြစ်၊ သူများ ခေါင်းပုံဖြတ်ခံရတာဖြစ်ဖြစ် ကြုံရရင်လည်း ဗမာတွေရဲ့ နှလုံးသွင်းမှုဟာ – မကောင်းတာ လုပ်တဲ့သူ မကောင်းတာ အကျိုးပေးလိမ့်မယ်၊ သူ့ အားနဲ့ သူ သွားလိမ့်မယ်။ သူ့အကုသိုလ်နဲ့ သူ အကျိုးပေးလိမ့်မယ် လို့ ထင်မြင်ယူဆလေ့ရှိပြီး ခပ်အေးအေးသာ နေလေ့ရှိတယ်။ ပြန်လည် တုံ့ပြန်တာကို လုပ်ခဲတယ်။

▄ အရှက်အကြောက် အားကြီးတာ

ဗမာတွေရဲ့ ရိုးလွန်း ၊ အလွန်းခြင်းကို အရှက်အကြောက်ကြီးတာနဲ့ တွဲဖက်ပြီး တွေ့ရပါတယ်။ ရိုးခြင်း ဖြောင့်ခြင်း အရှက်အကြောက် အားကြီးတယ်ဆိုတာ ထင်ထင်ရှားရှားပြနိုင်တဲ့ စကားလုံးကတော့ – အားနာတယ်ဆိုတဲ့ စကားဖြစ်ပါတယ်။ ဗမာတွေဟာ အရှက်အကြောက်အားကြီးတာကြောင့် အလုပ်တစ်ခု လုပ်ရင် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်တယ်။ မဝံ့မရဲဖြစ်တယ်။ မရဲရင့်ဘူး။ မိမိကိုယ်ကို ယုံကြည်မှု မရှိဘူး။ ငါ့ကို တခြားသူက ဘယ်လို ထင်သွားမလဲဆိုတာကို အမြဲတမ်း စိုးရိမ်တယ်။ အဲသည်လို သူများရဲ့ အထင်အမြင်ကို ဂရုစိုက်လွန်းတဲ့အခါ ဘာကိုမှ ရဲရဲဝံ့ဝံ့ မလုပ်မကိုင်ရဲဘဲနဲ့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသလို၊ ကိုယ်စွမ်းကိုယ်စ မရှိသူတွေလို အထင်ခံရတယ်။

သူများတကာရဲ့ အထင်အမြင်ကို ဂရုစိုက်လွန်းတာ ဗမာတွေရဲ့ အကျင့်ဖြစ်ပါတယ်။ ဒီလို အများရဲ့ အထင်အမြင်တွေကပဲ လူတစ်ဦးရဲ့ ဘဝကို ပြဌာန်းစီရင်နိုင်တာတွေ့ရပါတယ်။ ဗမာအတော်များများကလည်း လူအများရဲ့ အထင်အမြင်ကို သိပ် မဆန့်ကျင်ရဲတာများတယ်။ အစဉ်အလာကို မချိုးမဖောက်ဘဲနဲ့ ရှေးထုံး၊ အများသဘောဆိုတာတွေကို လေးစားလိုက်နာကြတယ်။ ဗမာ့လူ့အဖွဲ့အစည်းထဲမှာ အသိုင်းအဝိုင်းစိတ်အခံ အားကြီးတယ်။ ရှေးထုံးကိုလည်း မပယ်နဲ့….. ဆိုတဲ့ စကားဟာ ဗမာတွေကို အစဉ်အလာ ရှေးထုံးပြဌာန်းချက်တွေကို မဖောက်ဖျက်ဖို့ သတိပေးနေပါတယ်။

ဗမာတွေဟာ မွေးဖွားတဲ့အချိန်ကနေ သေဆုံးတဲ့အချိန်အထိ အများသဘော၊ အများထင်မြင်ချက်ကို ကြည့်ပြီး အလိုက်အထိုက်နေထိုင်သွားကြတဲ့သူတွေသာ များတယ်။ ကိုယ့်ကို တပါးသူက တမျိုးထင်မှာကို ဗမာတွေ သိပ်စိုးရိမ်ကြောင့်ကြတယ်။ ဒီအကျင့်စရိုက်ကပဲ ဗမာတွေရဲ့ အရည်အချင်းတွေကို လူလူသူသူ မဖြစ်အောင် ထပ်မံထိန်းချုပ်ထားပါတယ်။ ဒါတွေကို ဗမာ့အောက်ခြေလူ့အဖွဲ့အစည်းမှာ အခုထက်ထိတွေ့နေပါသေးတယ်။

▄ ကံ၊ ကံ၏ အကျိုးကို ယုံတာ

ဗမာတွေရဲ့ ဓလေ့၊ အကျင့်စရိုက်မှာ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာ ယဉ်ကျေးမှုရဲ့ လွှမ်းမိုးပြုပြင်မှုတွေ အများဆုံးခံရပါတယ်။ ဒီအကျိုးဆက်ဟာ ကံ၊ ကံ၏ အကျိုးကို ယုံကြည်သက်ဝင်တယ်ဆိုတဲ့ အမြင်အယူအဆက ဗမာ့လူ့အဖွဲ့အစည်းထဲမှာကိန်းအောင်းနေပါတယ်။ ဒါဟာ ဆင်ခြင်တုံတရားနဲ့ သေချာနားလည်သဘောပေါက်ထားရင် ကံ၊ ကံ၏ အကျိုး ရှုထောင့်ဟာ အင်မတန် သဘာဝကျပါတယ်။ သို့သော်လည်း အသိဉာဏ်နုံ့နဲလွန်းတဲ့သူတွေအဖို့ ကံ၊ ကံ၏ အကျိုးဟာ ဆိုးပြစ်ကိုတောင် သက်ရောက်သလိုဖြစ်သွားပါတယ်။

ဒီနေရာမှာ ကံ ဆိုတာကို ဘယ်လို နားလည်သလဲဆိုတာနဲ့ ဆိုင်ပါလိမ့်မယ်။ ကံ ဆိုတဲ့ မူလအနက်ဟာ အလုပ် ဖြစ်ပါတယ်။ အလုပ်အပေါ်မှာ ယုံကြည်တာဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့အလုပ်က ကိုယ့်ကို အကျိုးပေးမယ်လို့ ယုံကြည်လက်ခံတာဖြစ်ပါတယ်။ ဒါပေမယ့် ကံဆိုတာကို မမြင်ရတဲ့ (intangible) အရာလို့ မှတ်ယူပြီး၊ မမြင်ရတဲ့ ကံအကျိုးပေးကို မျှော်လင့်ကိုးစားနေတတ်တဲ့ အကျင့်ကို ဗမာတွေဆီမှာ ခပ်များများတွေ့ရပါတယ်။ စေတနာသည် ကံ လို့ ယုံမှတ်ကြတယ်။ ငါတို့ ပြုသော စေတနာ အကျိုးပေးလိမ့်မယ်။ စေတနာမှန်ရင် အကျိုးပေးလိမ့်မယ်၊ စေတနာဆိုတာ အဟောသိကံ မဖြစ်ဘူး။ ဒီဘဝမှာ အကျိုးမပေးရင် နောင်ဘဝမှာ အကျိုးပေးလိမ့်မယ်။

ဒီဘဝ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ ဒီဘဝမှာ ကောင်းတာ မဖြစ်သေးခဲ့ရင်လည်း နောက်ဘဝမှာတော့ အကျိုးပေးလိမ့်မယ်လို့ ယုံကြည်လက်ခံထားကြတယ်။ ဗမာတွေထဲမှာ ကံ၊ ကံ၏ အကျိုးကို စစ်စစ်မှန်မှန် နားလည်သဘောပေါက်ထားတဲ့သူဟာ နည်းပါးတယ်။ တခါတရံ ဒီဘဝမှာ ကောင်းမှုတွေ လုပ်ပေမယ့် ကောင်းကျိုးတွေ မပေးတဲ့အခါမှာလည်း ရှေ့ဘဝက ငါတို့ ပြုခဲ့တဲ့မကောင်းမှု ကံတွေ ဒီဘဝမှာ လာအကျိုးပေးတာဖြစ်မယ်လို့ ယူဆပြီး လက်ရှိဘဝမှာကြုံနေတဲ့ ဖြစ်ရပ်ဆိုးတွေအောက်မှာ ခေါင်းငုံ့ခံလိုက်ကြတာများတယ်။

ဒါဟာ ကံ၊ ကံ၏ အကျိုးကို ယုံကြည်လက်ခံခြင်းကိစ္စ နဲ့ မဆိုင်ဘူး။ ကံ၊ ကံ၏ အကျိုးကို သေချာသဘောပေါက် နားမလည်ထားလို့ ပြုပြင်စီရင်တတ်တဲ့ သင်္ခါရသဘောကို နားမလည်တာသာဖြစ်တယ်။ သင်္ခါရဆိုရင် ဖြစ်ပြီးရင် ပျက်မယ်လို့သာ တွေးကြတာများတယ်။ သင်္ခါရရဲ့အနက်သဘောဟာ ပြုပြင်စီရင်တတ်တဲ့သဘောအစု ဖြစ်တယ် လို့ မမြင်ဘူး။ ဒီတော့ ဆိုးပြစ်တွေရဲ့ သက်ရောက်မှုအောက်မှာ၊ ကံအကျိုးပေးတွေပဲလို့ မှတ်ယူပြီး ခေါင်းငုံ့ခံနေကြတဲ့ ဗမာတွေ အများကြီး ရှိနေပါတယ်။

ဒါတွေဟာ ဗမာ့စရိုက်တွေထဲကနေ အနည်းငယ်ထုတ်နှုတ်တင်ပြတဲ့ စိတ်ထား၊ အကျင့်ဓာတ်ခံတချို့ဖြစ်ပါတယ်။

မင်းသေ့
ည ၈း၅၃
၂၇၊ အောက်တိုဘာ၊ ၂၀၂၁။

Previous post ▄ လူဖြစ်ခွင့်ပေးပါ
Next post ▣ လူမှုပြုပြင်ပြောင်းလဲရေးသမား ဦးလှ