• Discovery of India by Nehru

• အိန္ဒိယကို တွေ့ရှိခြင်း၊ ဘိုးလှိုင် (ဘာသာပြန်)

• မုံရွေး စာပေ၊ ၂၀၀၉ ၊ ပထမအကြိမ်။

• ၂၀၁၀ ခုနှစ် အမျိုးသားစာပေ (ဘာသာပြန်) ပထမဆုရ စာအုပ်။

အိန္ဒိယရဲ့ အဓိပတိ၊ ပထမဦးဆုံး ဝန်ကြီးချုပ် နေရူးရဲ့ ကိုယ်တိုင်ရေး စာအုပ်။ အိန္ဒိယအကြောင်း စာအုပ်ကို နေရူးက၊ သူ ထောင်ကျစဉ်တုန်းက ရေးခဲ့တာ။ နေရူးက၊ အာမက်နာဂါရဲတိုက် အကျဉ်းထောင်အတွင်းမှာ ရေးခဲ့ တာလို့ ဆိုတယ်။ ၁၉၄၄ ခု၊ ဧပြီလကနေ စက်တင်ဘာလာ အထိ (၅) လလောက် ကြာအောင်ရေးခဲ့တယ်။ နေရူး က ထောင်ထဲမှာ ရှိနေတုန်း အိန္ဒိယကို ရှာဖွေတွေ့ရှိခြင်း (Discovery of India) ကို ရေးခဲ့တာဖြစ်ခြင်းကြောင့်၊ စာအုပ်စာတမ်း စုံစုံလင်လင် မရနိုင်ခဲ့ဘူးလို့ ပြောတယ်။ အထူးသဖြင့် ထောင်ထဲမှာ နေရူးနဲ့ အတူတူ အကျဉ်းကျ နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဆွေးနွေး၊ မေးမြန်းပြီး အိန္ဒိယရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုအခြင်းအရာတွေကို နေရူး ရေးသားခဲ့တယ်။ နေရူးဟာ ထောင်ထဲမှာ လေ့လာသင်ယူခွင့်ရတယ်ဆိုတဲ့ သဘော။ သူနဲ့ အတူ ထောင်သွင်းအကျဉ်းချခံရတဲ့သူတွေထဲမှာ၊ တကယ့် မဟာပညာရှိ တတ်သိသူတွေ ပါခဲ့တယ်။ သူတို့ဟာ အိန္ဒိယ ရဲ့ အနယ်နယ်အရပ်ရပ်ကနေ လာတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ သူတို့ဟာ အလွှာစုံက လာတဲ့သူတွေ။ သူတို့ဟာ ဘဝအတွေ့အကြုံတွေ စုံလင်သူတွေ။ သူတို့ဟာ နိုင်ငံရေးနယ်ပယ်တင်မကဘူး၊ အိန္ဒိယပညာရှိလောကကို နည်းအဖုံဖုံနဲ့ ကိုယ်စားပြုတဲ့သူတွေ။ ရိုးရာအသိပညာ၊ ခေတ်ပေါ် အသိပညာနဲ့ အိန္ဒိယရဲ့ လက်ရှိဖြစ်ရပ်တွေကို နားလည်တတ်ကျွမ်းသူတွေ။ ဒီလိုလူတွေနဲ့ သူဆုံတွေ့ရတာ အခွင့်ထူးတစ်ရပ်ပဲလို့ နေရူးက ပြောတယ်။ ထောင်ကထွက်လာအပြီး၊ စာမူကို ပုံနှိပ်ထုတ်ဝေဖို့ နေရူးကြိုးစားတော့၊ စာမူကို ပြန်ပြင်ဖို့၊ ပြန်ဖြည့်စွက်ဖို့၊ ခေတ်နောက်ကျနေတဲ့ အချက်အလက်တွေကို ပြန်တည်း ဖြတ်ဖို့ သူတွေးခဲ့တယ်။ ဒါပေမယ့် မလုပ်ခဲ့ဘူး။ တောင်တွင်းဘဝက အပြင်လောကနဲ့ မတူဘူးလို့ နေရူးက အမှာစာမှာ ဝန်ခံတယ်။ ဒါ့ကြောင့် ထောင်ထဲမှာ ရေးခဲ့တဲ့ မူရင်းအတိုင်း ထုတ်ဝေဖို့ သူ လုပ်ခဲ့တယ်။

အိန္ဒိယကို ရှာဖွေတွေ့ရှိခြင်းစာအုပ်ဟာ အိန္ဒိယရဲ့ အထွေ ထွေသော သမိုင်းဖြစ်ရပ်တွေကို စုစည်းရေးသားထားတဲ့စာအုပ်ဖြစ်တယ်။ အိန္ဒိယရဲ့ ရှုပ်ထွေးများမြှောင်လှတဲ့ ယဉ်ကျေးမှုသမိုင်းနဲ့ နိုင်ငံရေးသမိုင်းတွေကို ထည့်သွင်းရေးသားထားတဲ့စာအုပ်ဖြစ်တယ်။ အထူးသဖြင့် အိန္ဒိယလူ့အဖွဲ့အစည်းရဲ့ ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းလို့ ပြောနိုင်တယ်။ ဒီအထဲမှာ ယဉ်ကျေးမှုအကြောင်းပါတယ်၊ စာပေအကြောင်းပါတယ်၊ ပဒေသရာဇ်အင်ပါယာတွေ အကြောင်းပါတယ်၊ အသွေးအရောင်စုံလင်တဲ့ အိန္ဒိယလူ့အဖွဲ့အစည်းရဲ့ စရိုက်သကန်တွေကို ဖတ်ရပါတယ်။ အိန္ဒိယလူ့အဖွဲ့အစည်းထဲမှာ ထူးခြားခဲ့တဲ့ လူပုဂ္ဂိုလ်တွေအကြောင်း ဖတ်ရတယ်။ အိန္ဒိယရဲ့ မဇ္ဈိမဒေသအမွေ ဖြစ်တဲ့ ဗုဒ္ဓပွင့်ထွန်းခဲ့ခြင်းတန်ဖိုးနဲ့ အိန္ဒိယလူ့အဖွဲ့အစည်းတွင်းက လူမျိုးအချင်းချင်း ပဋိပက္ခဇာတ်တွေ။ အယူသီးမှု ရှေးရိုးစွဲမှုတွေကြောင့်ဖြစ်တည်လာတဲ့ လူမှုကျင့်ထုံးတွေ။ လူမှုပြုပြင်ရေးတွေနဲ့ လူမှုတော်လှန်ရေးတွေအကြောင်း စုံစုံလင်လင်ဖတ်ရတယ်။

ကျနော့် အနေနဲ့ နေရူး ရေးသားတဲ့ အိန္ဒိယနိုင်ငံရေးသမိုင်းနဲ့ပတ်သက်ပြီး နားလည်နိုင်ပေမယ့်၊ ဘာသာအယူဝါဒ၊ ယဉ်ကျေးမှုသမိုင်းတွေကိုတော့ နားလည်ဖို့ ခက်ခဲခဲ့တယ်။ ဒါပေမယ့် ဒီစာအုပ်ကို ဖတ်ရင်း၊ အိန္ဒိယနဲ့ နီးနီးကပ်ကပ် ပိုရှိလာတယ်။ နေရူးရေးတဲ့ အိန္ဒိယကို ရှာဖွေတွေ့ရှိခြင်းစာအုပ်ကိုဖတ်မိပြီး၊ မြန်မာပြည်ကို ရှာဖွေတွေ့ရှိခြင်း စာအုပ်ကိုတောင် ရေးချင်စိတ် ပေါက်သွားတယ်။ နေရူးအတွက် ထောင်ထဲမှာ နေထိုင်ခဲ့ရခြင်းဟာ အဟောသိကံ မဖြစ်ခဲ့ဘူး။ နေရူးဟာ အကျိုး ဖြစ်ထွန်းအောင် နေထိုင်သွားနိုင်ခဲ့သူဖြစ်တယ်။ ဒါ့ကြောင့်လည်း အိန္ဒိယရဲ့ လွတ်လပ်ရေး၊ အမျိုးသားရေး ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တာဖြစ်တယ်။

▄ မြန်မာတို့အတွက် အိန္ဒိယဟာ အရေးကြီးသလား…

မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံကြီး နှစ်နိုင်ငံရှိတယ်။ အဲဒါက အိန္ဒိယနဲ့ တရုတ်။ အိန္ဒိယဟာ အခုဆိုရင် လူဦးရေသန်းပေါင်း ၁၂၀၀ ကျော် ရှိနေပြီ။ တရုတ်ဟာဆိုရင် အခု လူဦးရေသန်းပေါင်း ၁၄၀၀ နီးပါး ရှိနေပြီ။ အိန္ဒိယနဲ့ မြန်မာ ဆက်စပ်ဒေသဖြစ်တဲ့ နယ်နိမိတ်ထိစပ်တဲ့ နိုင်ငံက ဘင်္ဂလားဒေ့ရှ်။ ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင် နိုင်ငံ။ အိန္ဒိယနိုင်ငံ မြေပုံကနေ ခွဲထွက်ပြီး အစ္စလာမ်မစ်နိုင်ငံအဖြစ် ထူထောင်ခဲ့တဲ့ နိုင်ငံ။ မြန်မာနိုင်ငံထက် လူဦးရေ သုံးဆ လောက်များတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေက လူဦးရေ သန်း ၁၅၀ ကျော် ရှိတယ်။ မြန်မာက သန်း ၅၀ ကျော်လောက်ပဲ ရှိတယ်။

မြန်မာပြည်ဟာ လူဦးရေနိုင်ငံရေးကို သေချာဂရုတစိုက်ထားပြီး လေ့လာ ဆည်းပူးရကောင်းမှန်းမသိရင်၊ အနာဂတ်မှာ လူမြိုသွားလိမ့်မယ်။ မြန်မာတွေဟာ ပေါ့ပေါ့တန်တန် နေလွန်းအား ကြီးတယ်။ ပြီးတော့ တကယ့်ပညာရပ်တွေကို အရေးကြီးတယ်လို့ မထင်ဘူး။ ဒါက မြန်မာကျဆုံးခန်းကို ရောက် လာမှာပဲ။ မြန်မာပြည်ဟာ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်နိုင်ဘူး။ အကြောင်းကတော့ အာဏာလုနေရင်း မပြီးစီးနိုင်ဖြစ်နေတာ။ အချင်းချင်း တစ်ယောက်ကို တစ်ယောက်၊ ဖယ်ဖို့ … တော်လှန်ဖို့ ကြိုးစားနေတာနဲ့ မြန်မာပြည်မှာ တကယ့်အရေးကြီးကိစ္စတွေကို လုပ်ဖို့အတွက် အချိန်မရှိဘူး ဖြစ်နေတယ်။

မြန်မာပြည်မှာ၊ ရေးရာအလိုက် ဒေသအလိုက် ကျွမ်းကျင်တတ်မြောက်သူတွေ သိပ်လိုတယ်။ တရုတ်ရေးရာ ကျွမ်းကျင်သူ၊ အိန္ဒိယရေးရာ ကျွမ်းကျင်သူ၊ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ၊ ဥရောပအရေး ကျွမ်းကျင်သူ၊ အမေရိကန်အရေးကျွမ်းကျင်သူ… စသည်ဖြင့် ရှိဖို့ လိုနေပါတယ်။ မြန်မာ့အရေးကျွမ်းကျင်သူလို့ ပြောတဲ့ နိုင်ငံခြားသားပညာရှင်တော်တော်များများကို တွေ့ဖူးပါတယ်။ ကိုယ့်နိုင်ငံထဲကလည်း မြန်မာလူမျိုးထဲက မြန်မာ့အရေးကျွမ်းကျင်သူတွေ ဘယ်သူတွေ ရှိမလဲလို့ ကြည့်ခဲ့ဖူးတယ်။ နိုင်ငံရေးသမားဟောင်းကြီးတချို့နဲ့ နိုင်ငံရေးစာပေရေးတဲ့ စာရေးဆရာတချို့ကို မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူလို့ နာမည်တပ်ခေါ်ဝေါ်ကြတာတွေ တွေ့ရတယ်။ လူလတ်ပိုင်းတွေထဲကတော့ ဒီ့နောက်ပိုင်းမှာ ဟားဗတ်ပြန်၊ အောက်(စ)ဖို့ပြန်၊ ချီးဗနီးပြန်တွေတွေ့ရလို့ ဝမ်းသာတယ်။ ဒီ့ထက် ကျေးဇူးပြုနိုင်ဖို့ပဲ မျှော်လင့်တယ်။ လူငယ်ပိုင်းမှာလည်း ပညာရှင် ပေါက်စတွေကို တွေ့လာရပါတယ်။ ဒါဟာ ဝမ်းသာစရာပါ။

ကိုယ့်နိုင်ငံအရေးကို ကိုယ့်နိုင်ငံထဲက ပေါက်ပေါက် မြောက်မြောက် ပြောနိုင်ဆိုနိုင်သူတွေ ရှိသင့်နေတာကြာပြီ။ ဒါပေမယ့် ပညာရှင်အဆင့် ပေါက်မြောက်နိုင်ဖို့ အတွက် သုတေသနလုပ်ဖို့၊ ရေးသားဖြန့်ချိဖို့တွေတော့ အတော်လိုနေသေးတယ်။ ပြောတာကတော့ တော်တော် များများ ပြောတတ်ကြပါတယ်။ တကယ့်လက်တွေ့ ရေးသားဖို့၊ သုတေသနလုပ်ပြုစုစီရင်ဖို့ကျတော့ အားထုတ်မှု လိုအပ်နေသေးတယ်။ မြန်မာတွေဟာ ကိုယ့်မြန်မာအရေးတွေချည်းပဲ သိနားလည်နေရမှာ မဟုတ်ပါဘူး။ ကမ္ဘာကြီး အကြောင်းကို နှံ့စပ်နေရမှာ။ အဲသည့်နေရာမှာလည်း သာမန်ယေဘုယျအသိထက် ကျော်လွန်တဲ့ အထူးပြု ကျွမ်းကျင်သူတွေ လိုအပ်တယ်လေ။

အထူးသဖြင့် ကိုယ့်နိုင်ငံနဲ့ ထိစပ်နေတဲ့နိုင်ငံတွေရဲ့ ပေါ်လစီတွေက မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ကြီးမားတယ်။ ဒါ့ကြောင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ အရေးအရာတွေ၊ ၎င်းအစိုးရတွေရဲ့ လုပ်ရပ်နဲ့ ပြုမူချက်တွေ၊ သူတို့တွေရဲ့ ပေါ်လစီ တိမ်းယိမ်းမှုတွေကို မြန်မာလူထုအတွက် အမြဲ အသိအမြင်ဖွင့်ပေးနေတဲ့ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ လိုတယ်။ ဒီလို အမြဲတမ်း လုပ်ပေးနေတဲ့ နိုင်ငံရေးလေ့လာသူတွေ သိပ်မတွေ့ရဘူး။ ကြိုကြားကြိုကြား စိတ်ထင်မှ ထရေး၊ ထပြောတာမျိုး တွေနဲ့ အလုပ်မဖြစ်တော့ဘူးလို့ မြင်တယ်။ ပြောခွင့်ဆိုခွင့်ပလက်ဖောင်းဟာ မြန်မာပြည်မှာ ကျန်သင့်သလောက် ကျန်နေသေးပါတယ်။ တတ်နိုင်သရွေ့ ရေးရာအလိုက် ကျွမ်းကျင်သူတွေ၊ ဒေသအလိုက် ကျွမ်းကျင်သူတွေ မွေးဖွားနိုင်ဖို့ လိုပါတယ်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နေရူး ရေးခဲ့သလို၊ အိန္ဒိယကို တွေ့ရှိခြင်း…ဆိုတဲ့ စာအုပ်မျိုး တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဒီလို နိုင်ငံကြီးတွေ အကြောင်း အထူးပြုကျွမ်းကျင်အဆင့်ရောက်အောင် လေ့လာချင်တဲ့ လူငယ်မျိုးဆက်သစ်တွေ ပေါ်ထွန်းဖို့အတွက် တွန်းအားပေးနိုင်တယ်လို့ ထင်တယ်။ ဒီလို အမြော်အမြင်ရှိရှိ ဘာသာပြန်ပေးတဲ့ ဒေါက်တာတင်လှိုင် (ခေါ်) စာရေးဆရာ ဘိုးလှိုင်ကိုလည်း အထူးကျေးဇူးတင် ထိုက်တယ်။

▄ ဘိုးလှိုင်

အိန္ဒိယလေ့လာရေး။ တရုတ်ရေးရာ လေ့လာရေးတို့ကို မြန်မာတွေက တစိုက်မတ်မတ် လုပ်သင့်နေပြီ။ နေရူးရေးတဲ့ အိန္ဒိယကို ရှာဖွေတွေ့ရှိခြင်းဆိုတဲ့စာအုပ်ကို ဘိုးလှိုင်က ဘာသာပြန်ထားတယ်။ ဘိုးလှိုင်ဆိုတာ မင်းတုန်းမင်းခေတ်က ယောမင်းကြီး ဦးဘိုးလှိုင် မဟုတ်ဘူး။ အမည်ရင်းက ဒေါက်တာ တင်လှိုင်။ ရူပပေဒကို တက္ကသိုလ်မှာ သင်တဲ့ ကျောင်းဆရာ။

ဘိုးလှိုင်ကို ၁၉၄၁ ခုနှစ် ဧပြီ ၁၃ မှာ မွေးတယ်။ အရာတော်မြို့ နယ်၊ သခွတ်ပင်လည်ရွာ ဇာတိ။ တောသား။ ဘုန်းကြီးကျောင်းသား။ မန္တလေး ဒိုင်အိုစီဇင် သံတဲကျောင်းထွက် တစ်ယောက်။ ဘိုးလှိုင်က တက္ကသိုလ်အဝန်းအဝိုင်းထဲက ထွက်တဲ့ စာရေးဆရာ၊ ဘာသာပြန်ဆရာ။ အထူးသဖြင့် မြန်မာပြည်မှာ လူရေးသူရေးနည်းတဲ့ ရူပဗေဒသိပ္ပံစာပေတွေကို ရေးသားတဲ့သူ။ မြန်မာပြည်မှာ ဘိုးလှိုင်ရေးတဲ့အကြောင်းအရာမျိုး လူရေးသိပ်နည်းတယ်။ ရေးရင်လည်း သိပ်ရေရေလည်လည် ရှိတာ မဟုတ်။ ဘိုးလှိုင်ကတော့ တကယ့် ရူပဗေဒပညာရှင်တစ်ယောက်။ ၁၉၇၂ ခုနှစ်မှာ ကိုလံဘိုစီမံကိန်း စကောလားရှစ်ရပြီး လန်ဒန်တက္ကသိုလ်မှာ နျူကလီးယားရူပဗေဒ ဘာသာရပ်ကို သင်ကြားခွင့်ရခဲ့တဲ့သူ။ လန်ဒန်တက္ကသိုလ်ကနေပဲ မဟာသိပ္ပံဘွဲ့ကို ရပြီး၊ ပါရဂူဘွဲ့ကိုပါ ထပ်မံရရှိတယ်။ နောက်တော့ မန္တလေးတက္ကသိုလ်၊ မကွေး ကောလိပ်၊ မော်လမြိုင်တက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်တို့မှာ ရူပဗေဒသင်တဲ့ တက္ကသိုလ်ကျောင်းဆရာ ဘဝနဲ့ နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူ။ နောက်တော့ အနုမြူစွမ်းအင်ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် အဖြစ်ကနေ အနားယူ။

စာပေနယ်က မဟုတ်ပေမယ့်၊ မြန်မာစာပေနယ်ပယ်အတွက် တက္ကသိုလ်အဝန်းအဝိုင်း ကနေ စာအုပ်တွေ မြောက်မြားစွာ ကျေးဇူးပြု ရေးသားခဲ့သူ။ မြန်မာပြည်ရဲ့ သိပ္ပံနဲ့ ရူပဗေဒ အကြောင်းတွေကို မြန်မာစာပေထဲရောက်အောင် ရေးသားနိုင်ခဲ့သူ။ စာရေးဆရာ ကိုတာရဲ့ မုံရွေးပုံနှိပ်တိုက်ကနေ ဘိုးလှိုင်ရဲ့ စာအုပ်အတော်များများထွက်တယ်။ မြန်မာပြည်မှာ သိပ္ပံနဲ့ ရူပဗေဒအကြောင်းကို စာပေအနေနဲ့ ရေးသားနိုင်တဲ့ သူ ရှားတယ်လေ။ အဲသည့်အထဲမှာ ဘိုးလှိုင်က ရှားရှားပါးပါး မျိုးစိတ်။

အခုတော့ ဘိုးလှိုင် (ဒေါက်တာတင်လှိုင်) က သီတဂူဆရာတော်ကြီး ဦးစီးတဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ၊ စာသင်ပေးနေတဲ့ ကျောင်းဆရာ ဖြစ်နေပြီ။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာ ပညာရေးအကြံပေး။ ဘိုးလှိုင်ဟာ နေရူးရေးတဲ့ လျှပ်တစ်ပြက်ကမ္ဘာ့သမိုင်း စာအုပ်ကြီးကို အတွဲ (၃) တွဲခွဲပြီး ဘာသာပြန်ပြီးပြီ။ စာမျက်နှာအားဖြင့် ထောင်နဲ့ ချီ။ ဒီလို ကမ္ဘာ့ဂန္တဝင်စာအုပ်ကြီးကို အပြည့်အစုံ ဘာသာပြန်နိုင်ခဲ့တဲ့ ဆရာ ဘိုးလှိုင် (ဒေါက်တာတင်လှိုင်) ကို ဦးခိုက်ပါ၏။ ဦးညွှတ်ပါ၏။

▄ တကယ့် စာအုပ်

ဘိုးလှိုင် ဘာသာပြန်တဲ့ အိန္ဒိယကို ရှာဖွေတွေ့ရှိခြင်း စာအုပ်ဟာ မူရင်းကို ချုံ့ထားတဲ့ စာအုပ်ဖြစ်တယ်။ သည်စာအုပ်ကို ဘိုးလှိုင်က တချိန်က သူ မန္တလေးတက္ကသိုလ် ကျောင်းဆရာပေါက်စဘဝက၊ သူ့ဆရာ အာလီ အာမက် ကျေးဇူးနဲ့ ဖတ်ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ မြန်မာစာပေအတွက် ကျေးဇူးပြုရာ အကြောင်းတရား စတင်ခဲ့တယ်။ မြန်မာစာပေလောကမှာ၊ နေရူးရဲ့ အိန္ဒိယကို ရှာဖွေတွေ့ရှိခြင်းစာအုပ် ဘာသာပြန်ရှိခြင်းဟာ ဂုဏ်ယူထိုက်တယ်။ ဂုဏ်ယူရမယ်။ ဂုဏ်ယူရကောင်းမှန်းသိတဲ့ မြန်မာတွေ မြောက်မြားစွာ ရှိသင့်တယ်။ ဒီလိုစာအုပ်မျိုးကို ခေတ်သစ် မှာ၊ ဘာသာပြန်နိုင်မယ့်သူတွေ ထပ်ရှိပါအုံးမလား။ ကျနော်ကတော့ မျှော်လင့်တယ်။

ကျနော်ဟာ စာအုပ်အတော်များများကို စုဆောင်းဖြစ်ပါတယ်။ အထူးသဖြင့်၊ စာရေးဆရာအလိုက် စီးရီးလိုက် စုဖြစ်တယ်။ အကြောင်းအရာအလိုက်လည်း စုဖြစ်တယ်။ ဒေသရေးရာအလိုက် စုဆောင်းဖြစ်တယ်။ ဘိုးလှိုင်ရဲ့ အိန္ဒိယကို ရှာဖွေတွေ့ရှိခြင်း စာအုပ်ဟာ၊ ကျနော် စုဆောင်းဖူးသမျှ အိန္ဒိယအကြောင်း စာအုပ်တွေထဲမှာ၊ အစုံလင်ဆုံးနဲ့ သေချာ ကျကျနန ဘာသာပြန်ထားနိုင်ဆုံး စာအုပ်တစ်အုပ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီလို စာအုပ်မျိုးကို မြန်မာပြည် လူငယ်စာဖတ်သမားတွေ ဖတ်ရကောင်းမှန်း သိကြရဲ့လားလို့ စိုးရိမ်မိတယ်။ လက်တို့မယ့်သူ ရှိရင်တော့ ဖတ်မိကြမှာပါ။ တွေ့မိရင်တော့ ဖတ်မိကြမှာပါ။

ကျနော့် တွေ့ရှိချက်ကတော့၊ ဒီလိုစာအုပ်မျိုးတွေဟာ မြန်မာပြည်မှာ သိပ်ပြီး ရောင်းစွံလောက်တဲ့ စာအုပ်မျိုးထဲမှာတော့ မပါဘူး။ အရောင်းထိုင်းတဲ့ စာရင်းမှာ ရှိနေတယ်။ ပြီးတော့ ပထမအကြိမ်က လွဲလို့ ဒုတိယအကြိမ်၊ တတိယ အကြိမ်အဖြစ် မြောက်မြောက်မြားမြား ပြန်လည်ရိုက်နှိပ်ရလောက်အောင် (demand) ဝယ်လိုအားရှိမယ် မထင်ဘူး။ တကယ့်စာဖတ်သမားနဲ့ အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသားတွေလောက်သာ နှစ်ခြိုက်နိုင်လောက်မယ့် စာအုပ်မျိုးဖြစ်တယ်။ ဒါဟာ မြန်မာပြည်ရဲ့ ရှေ့အလားအလာကို ပြနေတဲ့ ညွှန်တံတစ်ခုဖြစ်ပါတယ်။ မြန်မာ အတွက် ဝမ်းသာစရာလား…. ဝမ်းနည်းစရာလား…..။

မြန်မာပြည်ရဲ့ အနာဂတ်ရေးအတွက် အိမ်နီးချင်းနိုင်ငံကြီးတွေရဲ့ အကြောင်းကို ဂဃနဏ သိနားလည်တဲ့ ကျွမ်းကျင်အဆင့် အထူးပြုတွေ လိုအပ်ပါတယ်။ နိုင်ငံတော်ယန္တရားအတွက်လည်းကောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းအတွက်လည်းကောင်း လိုအပ်ပါတယ်။ ပညာရပ်ဆိုင်ရာနဲ့ နှီးနွှယ်ပြီး လိုအပ်သလို၊ ပေါ်လစီဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ လူဦးရေးဆိုင်ရာ နားလည်တတ်သိသူတွေ လိုအပ်ပါတယ်။

ဆရာ ပါရဂူ ကွယ်လွန်သွားခဲ့တုန်းက နှမြောလိုက်တာ။ တို့နိုင်ငံအတွက် အိန္ဒိယနဲ့ ဟိန္ဒူယဉ်ကျေးမှုစာပေတွေကို မြန်မာဘာသာပြန် ပြန်လည်ရေးသားပေးမယ့်သူ ကွယ်ပျောက်သွားပြီလို့ တွေးမိပြီး၊ ယူကျုံးမရဖြစ်မိတယ်။ အခုလည်း ဆရာ ပါရဂူ ကွယ်လွန်ပြီးနောက်ပိုင်း အိန္ဒိယနဲ့ ဟိန္ဒူယဉ်ကျေးမှုတွေ၊ ဗုဒ္ဓယဉ်ကျေးမှုစာပေတွေကို အစဉ်တစိုက်ဘာသာပြန်ပေးသူ၊ ရေးသားနေသူ ပေါ်ထွက်မလာတော့ဘူးလေ။ ဒါဟာ ကျနော်တို့ နိုင်ငံရဲ့ အရှုံးပေါ့။ အခုလည်း ဆရာ ဘိုးလှိုင်ရဲ့ အားထုတ်မှုနဲ့ စေတနာ။ ထို့နောက် သူ့ရဲ့ ကျွမ်းကျင်မှု ပညာနဲ့ ဘာသာပြန် ကျစ်လစ်သိပ်သည်းမှုတွေကို မက်မောမိပါတယ်။ တို့မျိုးဆက်တွေထဲမှာလည်း ဘိုးလှိုင်လိုလူ နောက်တစ်ယောက်ပေါ်လာကောင်းပါရဲ့လို့ တွေးမိတယ်။ အခုတော့ ဆရာ ဘိုးလှိုင် သက်ရှိထင်ရှားရှိနေပါသေးတယ်။ နောက်ထပ် စာအုပ်ကောင်းတွေ မျှော်လင့်မိပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကိုယ်ခံအားကို နိုင်နိုင်ဖြည့်တင်းနိုင်မှ ကျနော်တို့ အသက်ရှုပေါက်ချောင်နိုင်လိမ့်မယ် ထင်ပါတယ်။

မင်းသေ့
ညနေ ၅ း ၄၀
၇ ၊ မေလ၊ ၂၀၂၁ ခုနှစ်

Previous post ဦးဝိစာရ (သို့မဟုတ်) အာဏာဖီဆန်ရေး၏ သင်္ကေတ၊ တော်လှန်သော သတ္တိရှေ့ဆောင်
Next post လူ့စရိုက်အခြေခံသဘောတရား