စာတွေကို အပျော်ဖတ်လို့ရပါတယ်။
စာတွေကို၊ ရည်ရွယ်ချက်နဲ့ ဖတ်လို့ ရပါတယ်။
စာတွေကို၊ ပညာရပ်ဆိုင်ရာ လေ့လာသလို၊ ဖတ်နိုင်တယ်။
ကိုယ့်အသက်မွေးဝမ်းကျောင်းအတွက်၊ အထောက်အကူဖြစ်ဖို့လည်း ဖတ်လို့ရတယ်။

ကျနော်တို့ ဘဝမှာ၊ အချိန်များများ မရပါဘူး။ အချိန်တွေက၊ တိုတောင်းလွန်းတယ်။ အဲ့တော့၊ ကိုယ့်အချိန် တွေကို ဘာအတွက် အသုံးပြုမလဲဆိုတာ၊ ရွေးရမယ်။ ကိုယ်ဖတ်တဲ့ စာအုပ်တွေကိုလည်း ရွေးရမယ်။ ကိုယ်ဖတ် တဲ့ စာရေးဆရာကိုလည်း ရွေးရမယ်။ ကိုယ်လေ့လာတဲ့ အကြောင်းအရာတွေကိုလည်း ရွေးရမယ်။

စာကိုရွေးဖတ်။

စာ,စဖတ်တဲ့ အချိန်မှာ၊ ကိုယ်ကြိုက်တဲ့အကြောင်းအရာ ပေါင်းစုံကို၊ ဖတ်ရင် ကောင်းပေမယ့်၊ စာဖတ်သက် ရင့် လာတာနဲ့အမျှ၊ ကိုယ်ဖတ်သင့်တဲ့ စာအုပ်တွေကို ပိုပြီး ရွေးသင့်တယ်။ ကိုယ်ဘာကြိုက်နှစ်သက်တယ်ဆိုတာကို လည်း ရှင်းရှင်းလင်းလင်းတွေ့ရှိပြီး ဖြစ်ရမယ်။ အသက်သေဆုံးတဲ့အထိ၊ ကိုယ်ကြိုက်သမျှတွေ ဖတ်ရင်း ကုန် ဆုံးသွာရင်လည်း မကောင်းဘူးလား…ဆိုတော့။ ကောင်းပါတယ်။ ဘာမှ မဖတ်တာထက် စာရင်၊ ပိုကောင်းတာ ပေါ့။ သို့ပေမယ့်၊ ကိုယ်ဖတ်တဲ့အကျင့်ဟာ၊ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အပေါ်ယံဖတ်တဲ့ ပုံစံလားဆိုတာ အကဲခတ်ရ မယ်။

စာအုပ်ကို အပေါ်ယံ အဆင်တန်ဆာအနေနဲ့ဖတ်ရင်၊ စာဆိပ်သင့်နိုင်တယ်။ အဲ့လိုနဲ့ စာအုပ် တကားကားဖြစ်နေ ရင်၊ လူ့ချဉ်ဖတ် ဖြစ်နိုင်တယ်။ ကျနော်က၊ စာဖတ်စမှာ၊ စာတောထဲ မျက်စိလည်ခဲ့ဖူးတယ်။ မျက်စိလည်တော့ ကောင်းတယ်။ ဖိုးသူတော် မျက်စိလည်ရင်၊ ဆန်ရတယ်..လေ။ ထိုနည်းလည်းကောင်းပဲ၊ စာတောထဲမှာ မျက်စိ လည်တော့၊ ဘယ်စာရေးဆရာက ဘယ်အထာ၊ ဘာသဘောဆိုတာကို ကောင်းကောင်းနားလည်တယ်။ အကုန် မဟုတ်ရင်တောင်၊ သူ့အရေးအသားနဲ့ သူ့ပုံစံကို ကြည့်ပြီး ဘယ်ဒီဂရီလောက်ဆိုတာကို ညွှန်းကိန်းထုတ်နိုင်တဲ့ အဆင့်ကိုရလာတယ်။

ဖတ်ပုံ

စာတွေကို အပျော်ဖတ်လို့ရပါတယ်။
စာတွေကို၊ ရည်ရွယ်ချက်နဲ့ ဖတ်လို့ ရပါတယ်။
စာတွေကို၊ ပညာရပ်ဆိုင်ရာ လေ့လာသလို၊ ဖတ်နိုင်တယ်။
ကိုယ့်အသက်မွေးဝမ်းကျောင်းအတွက်၊ အထောက်အကူဖြစ်ဖို့လည်း ဖတ်လို့ရတယ်။

စာပေါ့စာသွမ်းတွေလောက်၊ ဖတ်ရတာ စိတ်ပျက်စရာ ကောာင်းတာ မရှိဘူး။ စာကို၊ ရေးဖို့ ပြောဖို့ သက်သက် ဖတ်တဲ့ သူတွေလည်း ရှိတယ်။ ဘာထူးထွေသော ရည်ရွယ်ချက်မှ မရှိဘဲ၊ ဖတ်ချင်လို့ကို ဖတ်နေတဲ့ သူတွေ လည်း ဒုနှင့် ဒေး။

စာသမားများ

စာအုပ် စုသူတွေ မျိုးစုံရှိတယ်။ စာအုပ်တွေ ကြည့်ပြီး၊ စိတ်အာဟာရ ရနေသူတွေလည်း ရှိတယ်။ သူတို့က၊ စာအုပ်တွေမြင်ရင်ကို မနေနိုင်တာ။ စာသိုက်ထဲက၊ တစ်ခုခုကို ရတနာ ရှာသလို ရှာနေတဲ့ သူတွေကလည်း၊ စာဖတ်သမားတွေထဲမှာ အင်မတန် ချစ်စရာကောင်းတယ်။ စာအုပ်တွေ ချစ်တတ်တာ ကောင်းတယ်။ စာအုပ် ချစ်တတ်သူတွေကို ချစ်တတ်တာလည်း ကောင်းတယ်။ စာအုပ်ကို ချစ်ဖို့ ကြိုးစားနေတာလည်း ကောင်းတယ်။ စာရွက်တွေက၊ ရင်ခုန်စရာ ကောင်းလွန်းလို့၊ အမြဲတမ်းလိုလို စာရွက်တွေ လှန်ဖို့ ကြိုးစားနေကြတယ်။ စာဟာ၊ လူ့တွေရဲ့ နက်နဲမှုကို ဆွဲခေါ်သွားတဲ့၊ လမ်းညွှန်မြေပုံဖြစ်တယ်။

စာသမားတွေက၊ စရိုက်ပေါင်းစုံတယ်။ စာသမားမှန်ရင်၊ ဂေါက်တောက်တောက်နိုင်မြဲ။ သူတို့က၊ စကားလုံးတွေ နဲ့ ကခုန်ဖို့၊ ကြိုးစားကြတဲ့ သတ္တဝါဖြစ်တယ်။ လူ့အသိုင်းအဝန်းထဲမှာ၊ စကားလုံး အဆန်းအသစ်တွေ စသုံးတတ် တာ၊ စာသမားတွေ ဖြစ်ပါတယ်။ စကားလုံးတွေရဲ့ အနက်ကို၊ တိတိကျကျ ကောက်တဲ့သူတွေကလည်း စာသမားတွေပဲဖြစ်တယ်။ စာသမားတွေမှာ၊ အိုင်ဒီယာ အဆန်းတွေ ရှိတယ်။ သူတကာနဲ့ မတူတဲ့ထောင့်ကနေ သူတို့ အမြဲ တွေးတယ်။ ကိုးလို့ကန့်လန့် အကြောင်းအရာတွေလည်း ထွက်လာတတ်သေးတယ်။ စာသမားတွေ ဆီကနေ၊ အဆန်းတကျယ်တွေကို တွေ့နိုင်တယ်။ သူတို့က၊ လေးနက်သလို၊ ပေါ့ပေါ့ပါးပါးလည်း ရှိကြတယ်။ အသေးအမွှားတွေကို၊ ကျော်နိုင်ကြတယ်။

ဤသို့ ဤပုံ

နှစ်လိုဖွယ်ကောင်းတဲ့ အပြုအမူကို၊ စာသမားတွေဆီက တွေ့နိုင်တယ်။ တခြား စာသမားတွေကိုလည်း၊ ဘုဂလန့်တွေ့ရသေးတာပဲ။ စာဖတ်သူမှန်ရင်၊ လေကြောရှည်ကြတယ်။ သူတို့ဟာ၊ စကားတွေကို စတင်းဂန်းနဲ့ ပစ်သလို တရပ်စပ် ပြောနိုင်ကြတယ်။ ပြောရင်းနဲ့လည်း သူတို့ ကိုယ်တိုင် ပြောစရာတွေ ရ,ရနေတယ်။

ချစ်စရာ၊ နှစ်လိုဖွယ်ဖြစ်တဲ့ စာသမားတွေကတော့၊ လူနားဝင်အောင် ပြောတတ်ကြတဲ့ သူတွေပါပဲ။ အမြဲဓာတ် ပြားဟောင်းကြီး ဖွင့်တတ်တဲ့၊ အပေါ်ယံ စာဖတ်သမားတွေကိုတော့၊ လူတွေက ကြောက်ကြတယ်။ သူနဲ့ စကား လက်ဆုံပြောဖို့၊ တွန့်ဆုတ်ကြတယ်။

စာသမား တစ်ချို့ရဲ့ ခံစားချက်တွေက၊ နူးညံ့တယ်။ အတွင်းဓာတ်ကလည်း နူးညံ့လှတယ်။ သို့ပေမယ့်၊ အပြု အမူအားဖြင့် ခက်ထန် မာကြောတဲ့ သူတွေ ရှိတယ်။ စ,စတွေ့ချင်းမှာ၊ သူတို့က “လူရိုက်ပေါက်တွေလုပ်တတ်ပါ တယ်”။ သို့ပေမယ့်၊ သေချာပေါင်းကြည့်ရင်၊ ထန်းလျက်ခဲလို ချိုတာတွေ့ရပါတယ်။ စာသမားတော်တော်များ များမှာ၊ အတွင်းဓာတ်ပြုခြင်း၊ နုခြင်းကို တွေ့ရနိုင်တယ်။

ဘဝမှာ၊ ဖြစ်ဖြစ်မြောက်မြောက် မဖြစ်တဲ့ စာသမားတွေလည်း ရှိပါတယ်။ သူတို့ကိုယ်တွင်းမှာ၊ ချွင်းချက် အမူ အကျင့်တွေက တားဆီးထားတာ ဖြစ်နိုင်ပါတယ်။ စာသမားမှန်ရင်၊ စာအုပ်ကို ဖတ်ရုံနဲ့တင် မရဘူး။ စာရေးဆရာ ကိုပါ ဖတ်ရမယ်။ ထိုနည်းလည်းကောင်း၊ လောကကို ဖတ်ရမယ်။ လက်တွေ့ အရှိတရားကို မြင်အောင် ဖတ်ရ မယ်။ နောက်ဆုံးအရေးအကြီးဆုံးက၊ ကိုယ့်စိတ်ကို ကိုယ် ဖတ်ရမယ်။ ကိုယ့်စိတ်ကို အမှန်ကန်ဆုံး ဖတ်နိုင်တဲ့ သူက၊ လူ့တန်ဖိုး အမြင့်ဆုံးကို တည်ဆောက်နိုင်တာပဲ။

စာကြည့်တိုက်ကို သုံးတဲ့စာသမားထက်၊ ကိုယ်ပိုင် ဝယ်စုတဲ့ စာသမားက ပိုကောင်းတယ်။ စာဖတ်ဖြစ်ရင်၊ အကောင်းဆုံး။ စာကောင်းတွေကို ကျေကျလည်လည် ဖတ်ကြရင်၊ စာသမားက အောက်သက်ကျေတယ်။ အောက်သက်ကျေတဲ့ စာသမားတစ်ယောက်က၊ ပြောတဲ့အပြောတွေက၊ မှတ်စရာပါတယ်။ တွေးစရာပါတယ်။ လုပ်တဲ့ အလုပ်တွေက၊ သေသပ်တယ်။ ပိရိတယ်။ စေတနာပါတယ်။ လာဘ်မြင်ပြီး၊ လုပ်ထားတာတွေလည်း တွေ့ရတယ်။ သူ့အပြုအမူဟာ၊ လူမှုပေါင်းသင်းဆက်ဆံရေးမှာ နှစ်လိုဖွယ်ဖြစ်ပါတယ်။ ခင်မင်စရာလည်း ကောင်းတယ်။ လူ့အထာကို သိတယ်။ လူ့အကဲကို ခတ်တတ်တယ်။ ဒါ့ကြောင့်၊ အရိပ်သုံးပါး နားလည်သူ စာရင်းမှာ၊ စာသမားစစ်စစ်တွေက ဝင်တယ်။

စာအုပ်တွေ

အလေနက်တော စာအုပ်တွေက၊ လူ့အချိန်ကို တိုက်စားကုန်တယ်။ စာအုပ်ရေးရင် အကောင်ဖြစ်တယ်လို့ ယူဆတဲ့သူတွေ ရေးတဲ့ စာတွေ မဖတ်နဲ့။ သူတို့တတွေက၊ လူ့အသိုင်းအဝိုင်းကို အကျိုးပြုဖို့ထက်၊ သူတို့ အမှတ်အသားကို တည်ဆောက်ရင်းသာ ကုန်ဆုံးကြတာ။ အဲ့တော့၊ သူတို့ စာတွေလိုက်ဖတ်တဲ့သူကလည်း၊ မျှော်လင့်ချက်တစ်ခုနဲ့ ဖတ်ပေမယ့်၊ အချိန်တွေက တဖြည်းဖြည်းနဲ့ တိုက်စားမှန်းမသိ တိုက်စားကုန်တယ်။ စာ ဆိုတာကို တွေးပြီးလည်း ရေးကြပါတယ်။ တွေးပြီးရေးတာထက် တွေ့ပြီး ရေးတာ ကောင်းတယ်။ တချို့က တွေးကြပေမယ့်၊ ကိုယ့်အတွေးကို ကိုယ်မတွေ့ကြဘူး။ အဲ့ဒီလိုမျိုးစာက၊ စာတန်ဖိုး မမြင့်တတ်ဘူး။

စာရေးသူတွေဟာ၊ ထင်မြင်ချက်တွေထက်၊ တွေ့ရှိချက်တွေကို ပိုပြီးရေးသင့်တယ်။ Opinion ထက်၊ Finding တွေ ဆိုရင် စာဖတ်သမားတွေအတွက် ပိုတန်ဖိုးဖြစ်တာပေါ့။ ထင်မြင်ချက်တွေကလည်း ကောင်းပါတယ်။ လေ့ လာချက်တွေ၊ နက်နက်နဲနဲကနေ ထွက်လာတဲ့ ထင်မြင်ယူဆချက်တွေက ပိုကောင်းပါတယ်။ စိတ်ထဲမှာ၊ ထင်တာ မြင်တာကို စွတ်ရေးတာဟာ၊ စိတ်ကူးယဉ် ဝတ္ထု၊ အပျင်းပြေဖတ် သက်သက်တွေပဲ ကောင်းပါတယ်။

ရွေး၊ ရွေးရွေး

စာရေးသူတွေက၊ စာဖတ်သူတွေရဲ့ ဘဝကိုယ်ပိုင်အချိန်တွေကို ခိုးမယူချင်စမ်းပါနဲ့။ အဲ့ဒါ မကောင်းဘူး။ ဒါဟာ ရာဇဝတ်မှုပဲ။ သို့ပေမယ့်၊ လူမှုတရားခွင်မှာ၊ ပြစ်ဒဏ်ကြီးကြီးသင့်တဲ့ ပြစ်မှုပါပဲ။ သို့သော်ငြားလည်း၊ လူတိုင်းက လွတ်လပ်ခွင့် ရှိတယ်။ ကိုယ့်ရွေးချယ်ခွင့်နဲ့ ကိုယ် ရှိတယ်။ ဒါ့ကြောင့်၊ တတ်နိုင်သမျှ၊ အချိန်တိုတိုလေးအတွင်း မှာ အကောင်းဆုံးတွေကို ရွေးကြ။

“အကောင်းတွေ လုပ်ရင်း၊ အကောင်းတွေ စုလာကာ၊ အကောင်းဆုံးတွေ ဖြစ်လာကြတယ်။”
“အကောင်းတွေ ရွေးရင်း၊ အကောင်းတွေ စုလာကာ၊ အကောင်းဆုံးတွေ ဖြစ်လာကြတယ်။”
ကိုယ့်ရွေးချယ်မှုက၊ ကိုယ့်ဘဝပဲ။
ကိုယ့်ရွေးချယ်မှုက၊ ကိုယ့်ဘဝကို ပြဌာန်းတာပဲ။
ရွေးချယ်မှုသည်ပင် ဘဝ။
ဘဝသည် ရွေးချယ်မှု။
ကိုယ်ရွေးချယ်တာကို ကိုယ်ရတာ။

ရွေးချယ်နိုင်စွမ်းရှိခြင်းသည်ပင်၊ ပါဝါ။ စွမ်းအား။
စွမ်းအား ရှိသူတွေသာ ရွေးချယ်နိုင်တယ်။
ပါဝါမရှိတဲ့သူ၊ စွမ်းအား မရှိတဲ့သူက မရွေးနိုင်ဘူး။ ဘာကို ရွေးရမှန်းလည်း မသိဘူး။ ဘယ်အရာက၊ ပိုကောင်း သလဲဆိုတာလည်း ခွဲခြားနိုင်စွမ်း မရှိဘူး။

အဲ့တော့၊ စာကို ရွေး။ စာရေးဆရာကို ရွေး။ ဖတ်တဲ့ အကြောင်းအရာကို ရွေး။ စာအုပ်ကို ရွေး။
ရွေးနိုင်စွမ်းလည်း ရှိကြပါစေ။

မင်းသေ့
ည ၉ း ၁၉
၂၆ ၊ ဖေဖော်ဝါရီ၊ ၂၀၁၈။
မန္တလေးမြို့။

Previous post များများဖတ်ဖို့ထက် နာနာဖတ်ဖို့
Next post စာရေးဆရာနှင့် ခံစားမှု