တချို့စာတွေက၊ မျက်လုံးနဲ့ ဖတ်ရုံနဲ့ မရဘူး။
လက်နဲ့ ဖတ်မှရမယ်။
လက်နဲ့ ဖတ်တယ်ဆိုတာ၊
လိုင်းသား၊ မျဉ်းသား၊ ခရေပွင့်ပြ၊ မှတ်စုထုတ်၊
မှတ်ချက်ရေး… စတာတွေကို ပြောတာ ဖြစ်ပါတယ်။

စာအုပ်တွေ ဖတ်တဲ့နေရာမှာ၊ များများ ဖတ်ဖို့ထက်၊ နာနာဖတ်ဖို့ကိုပဲ တိုက်တွန်းချင်တယ်။ ဒါ… ကျနော့် စာဖတ်သက်တစ်လျှောက်လုံးမှာ၊ ကျနော် ရခဲ့တဲ့ နည်းပဲ။

များများဖတ်ဖို့လည်း မလိုဘူးလား ဆိုတော့။ လိုတယ်။ အထူးသဖြင့်၊ စာကို စဖတ်တဲ့သူတွေမှာ ပိုပြီးလိုတယ်။ တော်တော်များများကို တို့ထိကြည့်ထားမှ၊ စာအုပ်အထာကိုသိမယ်။ စာရေးသူတွေရဲ့ သဘော၊ အကြောင်း အရာတွေရဲ့ မူလအနက်ကို ဆက်စပ်မိမယ်။

စာကို နာနာဖတ်။

o တချို့စာတွေက၊ မျက်လုံးနဲ့ ဖတ်ရုံနဲ့ မရဘူး။
o လက်နဲ့ ဖတ်မှရမယ်။
o လက်နဲ့ ဖတ်တယ်ဆိုတာ၊
o လိုင်းသား၊ မျဉ်းသား၊ ခရေပွင့်ပြ၊ မှတ်စုထုတ်၊
o မှတ်ချက်ရေး… စတာတွေကို ပြောတာ ဖြစ်ပါတယ်။

တချို့စာအုပ်တွေက ညစ်အား တောင်းတယ်။ တော်ရုံအားထုတ်မှုနဲ့ ဖတ်လို့ မရဘူး။ အဲ့ဒီ့စာအုပ်ကို ဖတ်ဖို့၊ သူ့ရှေ့မှာ ကြိုတင်ပြီး ကျေလည်အောင် ဖတ်ထားရမယ့်၊ စာအုပ် သုံးလေးငါးအုပ် လောက်ရှိထားရမယ်။

စာတွေကို များများဖတ်တာ ကောင်းတယ်။ စာတွေကို နာနာ ဖတ်တာ ပိုကောင်းတယ်။ စာရေးဆရာတို့၊ နယ်ပယ်အကြောင်းအရာအလိုက်ဆိုတာတွေကို စီးရီးလိုက် ထားဖတ်ရင် အကောင်းဆုံးဖြစ်ပါတယ်။

o သိန်းဖေမြင့်ကို စီးရီးလိုက်ဖတ်မယ်။
o မြသန်းတင့်ကို စီးရီးလိုက် ဖတ်မယ်။
o မောင်စူးစမ်းကို စီးရီးလိုက်ဖတ်မယ်။
o သောင်းဝေဦးကို စီးရီးလိုက် ဖတ်မယ်။
o နေဇင်လတ်ကို စီးရီးလိုက် ဖတ်မယ်။
o ကျော်ဝင်းကို စီးရီးလိုက် ဖတ်မယ်။
o ဖေမြင့်ကို စီးရီးလိုက်ဖတ်မယ်။
o မောင်မောင်စိုးကို စီးရီးလိုက်ဖတ်မယ်။
o ဆန်းလွင်၊ ဦးရွှေအောင်၊ ဦးဇောတိက၊ ပါရဂူ အစရှိသဖြင့်၊
စီးရီးလိုက် ဖတ်ကြမယ်ဆိုရင်၊ စာရေးသူရဲ့ အာဘော်ကို အကောင်းဆုံး နှိုက်ထုတ်မိလိမ့်မယ်။

သူတို့ရဲ့သဘောထား၊ အမြင်တွေကိုလည်း၊ အုံလိုက်ကျင်းလိုက် စုခဲပြီး ဆက်စပ် ရလိမ့်မယ်။ ဒါက စာဖတ်ခြင်း မှာ အရေးကြီးတယ်။ အင်မတန်ကို အရေးကြီးပါတယ်။

ပညာရပ်ဆိုင်ရာတွေဆိုရင်လည်း ထိုနည်းလည်းကောင်းပဲ။ ပညာရပ်ဆိုင်ရာနဲ့ စာရေးသူတွေကို တွဲပြီးတောင် ဖတ်လို့ရသေးတယ်။ သမိုင်းကိုလေ့လာချင်ရင်၊ ဒေါက်တာသန်းထွန်းကို စီးရီးလိုက်ဖတ်မယ်။ အီကော်နောမစ် ကိုလေ့လာ ချင်ရင်၊ ဦးဟန်ထွန်းနဲ့ မောင်စူးစမ်းကို စီးရီးလိုက်ထားဖတ်မယ်။ အတွေးအခေါ် ဒဿနတွေ အတွက်၊ နန္ဒာသိန်းဇံတို့၊ ဒေါက်တာခင်မောင်ဝင်းတို့ကို အတွဲလိုက် ဝယ်ဖတ်တာမျိုး။ စာနယ်ဇင်းနယ်ပယ် အတွက်ဆိုရင်၊ လူထုစိန်ဝင်းကိုစီးရီးလိုက် ထားဖတ်တာမျိုး။

စစ်ဘက်ရေးရာမှာဆိုရင်၊ ပညာရှင် အစုံစုံရဲ့ စစ်ရေးလေ့လာချက်တွေကို ရေးသားပြုစုထားတဲ့၊ မြန်မာလို အင်္ဂလိပ်လို စာအုပ်တွေ အများကြီး ရှိတယ်။ ဘာသာပြန်တွေလည်း ရှိတယ်။ စစ်ဘက်က လူတွေ ရေးတဲ့ စာအုပ်တွေလည်း ကောင်းတယ်။ အခုနောက်ပိုင်း၊ ဦးခင်ညွှန့် စာအုပ်တွေလည်း စီးရီးလိုက်ဝယ် ဖတ်သင့်တယ်။ ဗိုလ်ထွန်းကြည် (မုံရွာ) တို့။တင့်ဆွေ (ဖျာပုံ) တို့။ အေးစန် တို့ စာအုပ်တွေလည်း ကောင်းတယ်။

မြတ်ထန် (ဗိုလ်မှူးကြီးဟောင်းတင်မောင်) ရေးတဲ့ စာတွေလည်း ကောင်းတယ်။ သောင်းဝေဦးရဲ့ တစ်ချို့စာအုပ်တွေလည်း လေ့လာထိုက်တာပါပဲ။ ဗလမင်းထင် ဘာသာပြန်တဲ့ ဟန်တင်တန်ရဲ့ The STATE & SOLDIER စာအုပ်လည်း ဖတ်သင့်တာပဲ။ နှစ်တွဲတောင် ရှိတယ်။ စစ်သားနဲ့ နိုင်ငံတော်ဆိုပြီး။ ဦးကြည်မောင်ရေးထားတဲ့ စာအုပ်လည်း ရှိတာပဲ။ သန်းစိုးနိုင်က၊ လာရီဒိုင်းမွန်းတို့ ရေးထားတာကို ဘာသာပြန်တဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး စာအုပ်လည်း ရှိတာပဲ။ CMR အတွက်၊ လေ့လာလို့ ကောင်းတဲ့စာအုပ်တွေ ရှိနေတာပဲ ။ ဖတ်ဖို့ပဲ လိုတယ်။

စစ်မှုရေးရာ နဲ့ ပက်သက်ပြီး ဒေါက်တာအောင်မျိုးလည်း ၊ စာအုပ်သေးသေးလေးတွေ အများကြီး ရေးထားတယ်။ စီးရီးလိုက် ဖတ်ကြဖို့ ကောင်းတယ်။

ကျနော်တို့က စာတော့ ဖတ်ကြတယ်။ သို့ပေမယ့် နာနာ မဖတ်ကြဘူး။ ပြီးတော့၊ စာကို ဆက်စပ် နားလည်အောင် မဖတ်ကြဘူး။ စီးရီးလိုက် ထားဖတ်တဲ့သူဆိုရင်၊ စာဖတ်သူ တစ်ထောင်မှာ တစ်ယောက် လောက်ပဲ ရှိမယ် ထင်တယ်။ ဒါက၊ စာသမားတစ်ယောက်ရဲ့ အတ္တထင်မြင်ချက်သာ ဖြစ်ပါတယ်။

မင်းသေ့
နံနက် ၁၀ နာရီခွဲ
၂၃၊ ဇန်နဝါရီ ၂၀၁၈
တောင်ကြီးမြို့။

Previous post စာသွင်း ၊ စာထုတ်
Book Worm Next post စာသမား