• မြန်မာနိုင်ငံက နှစ်ဆယ်ရာစု အထူးခြားဆုံး ပုဂ္ဂိုလ် အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၊ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ၊ (တစ်ဘဝသံသရာ) အကျဉ်း

• ဒေါက်တာသန်းထွန်း (အကျဉ်းရေးသူ)

• နှစ်ကာလများ စာပေ၊ ၂၀၁၈ ၊ ဒုတိယအကြိမ်။

@@@

ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့ ခုလောက်ကြိုးကုတ် အားမထုတ်ဘူး။
ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှေးခါဘိုးဘ လက်ထက်ကလျှင်
ရသည့်တန်ဖိုး ထပ်မညှိုးဖို့ အားကြိုးမာန်တက် ငါ ဆောင်ရွက်သည်
ဆက်လက်တည်တံ့ပါစေသော်…..

@@@

ရှင်ဇနကာဘိဝံသရဲ့ ကျမ်းစာအုပ်တချို့ကို ကျနော် အညွှန်းရေးဖူးပါတယ်။ အနာဂတ်သာသနာ။ ဘုရားဥပဒေတော်ကြီး။ နောက်…. ဆရာတော့် ထေရုပ္ပတ္တိကို ဆရာတော်ဦးဃောသိတာ ဦးဆောင်ရေးသားတဲ့ စာအုပ်။ တစ်ဘဝ သာသနာ။ ရှင်ဇနကာဘိဝံသရဲ့ ကျမ်းစာအုပ်တချို့ကို ထပ်ပြီး အညွှန်းရေးချင်ပါသေးတယ်။ ရတနာ့ဂုဏ်ရည်။ ကိုယ်ကျင့်အဘိဓမ္မာ။ ဒုလ္လဘကထာ။ ဘာသာသွေး။ ဗုဒ္ဓဘာသာသင်ခန်းစာများ။ အခြေပြု မင်္ဂလသုတ်…. အစရှိသည်ဖြင့်။ မေမြို့မိုးကြည်က ရှင်ဇနကာဘိဝံသကို ၂၀ ရာစုရဲ့ ရှင်မဟာဗုဒ္ဓဃောသ လို့ သတ်မှတ်ပြီး၊ စာအုပ်တစ်အုပ်ရေးတာ ဖတ်ဖူးတယ်။ အခု သမိုင်းဆရာ ဒေါက်တာသန်းထွန်းက၊ မြန်မာနိုင်ငံက ၂၀ ရာစုရဲ့ အထူးခြားဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပြီး ပြန်လည်မှတ်တမ်းတင်တယ်။ ရှင်ဇနကာဘိဝံသကို သမိုင်းပညာရှင် ဆရာ ဒေါက်တာသန်းထွန်းဟာ ဘာ့ကြောင့် ၂၀ ရာစုရဲ့ အထူးခြားဆုံးပုဂ္ဂိုလ်စာရင်းမှာ ထည့်သွင်းရသတုံး…..။

▄ အကြောင်းရင်း နှစ်ချက်

အထူးသဖြင့် ဒီစာအုပ်ကို အဓိက အချက် (၂) ချက်ကြောင့် ကျနော် နှစ်နှစ်ခြိုက်ခြိုက် အညွှန်းရေးပါတယ်။

နံပါတ်တစ် – ရှင်ဇနကာဘိဝံသဟာ ကျနော့်ရဲ့ စံပြပုဂ္ဂိုလ်ဖြစ်လို့ပဲ။ ဆရာတော်ရေးသလို ကျမ်းစာပေါင်း မြောက်မြားစွာ ကျနော်ရေးချင်တယ်။ ဆရာတော်ကတော့ ဗုဒ္ဓရဲ့ ဟောပြောချက်၊ သွန်သင်ချက်နဲ့ လမ်းညွှန်ချက် တွေကို ပါဠိစာပေတွေကနေ မြန်မာလို ပြန်လည်ရေးသားတာမျိုး လုပ်တယ်။ ဆရာတော်ရေးတာကတော့ လောကုတ္တရာ။ ကျနော်ကတော့ လောကီရေးရာ ကျမ်းတွေ ရေးချင်တယ်။ ရှင်ဇနကာဘိဝံသဟာ ကျမ်းစာပေါင်း (၇၀) ကျော် ရေးသားခဲ့တယ်။ ဒါပေမယ့် ဒါဟာ ကျမ်းတွဲတွေအားလုံးပေါင်းလိုက်ရင် တချို့က ပ၊ ဒု၊ တ၊ စတု…. စသည်ဖြင့် အတွဲ သုံးလေးတွဲလောက်ထိ ရှိတယ်။ နောက်… ဟောတရားတွေကို စာအုပ်အဖြစ် ပြန်လည် ပုံနှိပ်ထုတ်ဝေတာ ရှိတယ်။ အခြေပြုပဌာန်းကျမ်းဆိုရင် ဟောတရားကို စာအုပ်အဖြစ် ပြန်ရိုက်နှိပ်ထားတာ။ ဒါတွေကို ထည့်သွင်းရေတွက်ရင် ကျမ်းစာအုပ်ပေါင်း ၈၀ ကျော်လောက်ထိ ရှိမယ် ထင်တယ်။ ရှင်ဇနကာဘိဝံသက ကျမ်းပြုပုဂ္ဂိုလ်တစ်ယောက်ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင် လူမှုသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံ၊ သမိုင်း၊ စာပေ စတဲ့ ကျမ်းတွေကို မြောက်မြောက်မြားမြား ရေးသားချင်တဲ့ ဆန္ဒ ပြင်းစွာ ရှိတယ်။ ဒါ့ကြောင့် ရှင်ဇနကာဘိဝံသကို ကျမ်းပြုပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ စံပြု လေးစား အားကျတယ်။ စာရေးခြင်း၊ စာသင်ခြင်းနဲ့ တက္ကသိုလ်ကဲ့သို့ သာသနာရေးသင်ကြားမှုစနစ်ကို စတင် ပြုပြင်ပြောင်းလဲခဲ့တဲ့သူဟာ ဆရာတော်ရှင်ဇနကာဘိဝံသဖြစ်ပါတယ်။ ကမ္ဘာစစ်အတွင်းမှာ၊ ကျမ်းစာရေး မပြတ်ဘဲ အလုပ်ကို မပြတ် ကြိုးကုတ်ပြီး လုပ်နိုင်ခဲ့သူ။ သာသနာအတွက် မွေးဖွားလာတဲ့သူ။ ကျမ်းစာရေးသားခြင်း အလုပ်တွေကို တစိုက်မတ်မတ် ဖြစ်ဖြစ်မြောက်မြောက် စနစ်တကျ စေတနာထားပြီး လုပ်ခဲ့တဲ့သူ ဖြစ်တာကြောင့်၊ ရှင်ဇနကာဘိဝံသဟာ သာသနာအာဇာနည် အဖြစ် သတ်မှတ်ရပါလိမ့်မယ်။

နံပါတ်နှစ် – ဒေါက်တာသန်းထွန်းကြောင့်ဖြစ်ပါတယ်။ ဒေါက်တာသန်းထွန်းဟာ သမိုင်းသုတေသီအဖြစ်၊ သမိုင်း ပါမောက္ခအဖြစ် အလုပ်ကို တစိုက်မတ်မတ် လုပ်ခဲ့သူဖြစ်တယ်။ သမိုင်းပညာရှင်ဖြစ်တယ်။ သမိုင်းပညာရှာဖြစ် တယ်။ သမိုင်းသုတေသနကို စနစ်တကျ စွဲစွဲမြဲမြဲ လုပ်ပြီး၊ သမိုင်းသုတေသန စာအုပ်တွေကို ရေးသားပုံနှိပ်ခဲ့သူ ဖြစ်တယ်။ သမိုင်းနဲ့ပတ်သက်ရင် မရှိသေးတာ၊ မသိသေးတာ၊ တိမ်မြုပ်နေတာ၊ ဖုံးကွယ်နေတာ၊ မှားယွင်းနေတာ၊ လွဲချော်နေတာတွေကို စိစိစစ်စစ် ဖော်ထုတ်သွားခဲ့သူဖြစ်တယ်။ မြန်မာစာပေအတွက်လည်း၊ အထောက်အပံ့ပေး တဲ့စာအုပ်တချို့ကို ဘာသာပြန်ခဲ့သူဖြစ်တယ်။ ဒေါက်တာသန်းထွန်းရဲ့ သမိုင်းစာအုပ် အားလုံးနီးပါးကို ကျနော် ဖတ်တယ်။ ရှင်ဇနကာဘိဝံသရဲ့ လူပုဂ္ဂိုလ်တွေအတွက် ရည်ညွှန်းရေးသားတဲ့ ကျမ်းစာ အားလုံးကို ကျနော် ဖတ်တယ်။ နှစ်ဦးစလုံးဟာ ကျနော့် စံပြတွေ ဖြစ်နေတယ်။ ဒါ့ကြောင့် ဒီစာအုပ်ကို အညွှန်း မဖြစ်မနေ ရေးတဲ့ စာရင်းမှာ ထည့်သွင်းလိုက်ရတာဖြစ်ပါတယ်။

▄ ဒေါက်တာသန်းထွန်းမှတ်ချက် တချို့

• သမိုင်းနည်းနဲ့ – ဒါက အကြောင်းရင်း၊ ဒါက အဖြစ်အပျက်၊ ဒါက ရလဒ်… ဆိုပြီး နည်းနည်းတန်တန် လိုသလောက်ပဲ ရေးပါတယ်။ မူရင်းစာမျက်နှာ ၅၄၂ မျက်နှာရှိတယ်ဆိုတော့ ကျမ်းလေးတယ်လို့ ပြောရမယ် ထင်တယ်။ အခု ချုံ့လိုက်တဲ့အခါ စာမျက်နှာ ၁၀၀ အတွင်းပဲ ရှိမယ်။ ဒီလို ချုံ့ပေမယ့် အရေးပါတဲ့ အကြောင်းအရာ တစ်ခုမှ မကျန်စေရပါဘူးလို့ အာမခံပါတယ်….။

• လောကဓံအတရားအတိုင်း ဆူကြုံနိမ့်မြင့် ကြုံတဲ့အခါ ကိုယ့်ကိုယ်ကို နှိမ့်ချလေ့ရှိတဲ့ အရှင်ဇနကာဘိဝံသ လို ဆရာတော်က မိမိဘယ်မှာ ဘယ်လို အရေးပေးခံရတယ်လို့ ဝင့်ဝင့်ဝါဝါ ပြောမယ် မထင်။ ဘယ်လို အခါမျိုးမှာ ဆုံးရှုံးနစ်နာတယ်ဆိုရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ သည်းခံမယ့်သဘောရှိတယ်။ ဆရာတော်ကို ဆန့်ကျင်သူ လူ၊ ရဟန်း၊ ပုဂ္ဂိုလ်တွေထဲမှာ တန်းခိုးအာဏာ ကြီးသူတွေလည်း ပါတယ်။ ရဟန်းတော်ချင်းလည်းဖြစ်မယ်။ ဒါပေမယ့် ဆရာတော်က သူတို့ဟာ ငါ့ ပါရမီဖြည့်ဖက်တွေလို့ သတ်မှတ်တယ်။

• ရှင်ဇနကာဘဝံသက ရန်သူကိုတောင် အားလုံး ရိုင်းစိုင်းကြတာမှ မဟုတ်ဘဲဆိုပြီး – ခင်မင်ရင်းနှီးတဲ့ ရန်သူ… လို့တောင် ခေါ်ချင်ပုံရတယ်။ သူတို့မှာလည်း လုံလောက်တဲ့ အကြောင်းရှိလို့သာ ငါ့ကို ပြောကြတာ ဖြစ်မယ်။ ငါက ခွင့်လွှတ်ဖို့ပဲ လိုတယ်လို့ ယူဆဟန်ရှိတယ်။

▄ သာသနာရေးအတွက်

စာရေးဆရာ မောင်ဇေယျာက ရှင်ကျော် (၁၀၀) စာအုပ်မှာ၊ ရှင်ဇနကာဘိဝံသကို – ဂိုဏ်းဂဏစိတ် နည်း၍ သာသနာစိတ် ပြင်းထန်တယ်….လို့ မှတ်ချက်ပေး ရေးသားပါတယ်။ ရှင်ဇနကာဘိဝံသဟာ လာဘ်လာဘကို မမျှော်။ ခုခံနိုင်တယ်။ တွန်းလှန်နိုင်တယ်။ သာသနာနဲ့ မအပ်စပ်ရင် ဘာကိုမှ မျက်နှာသာ မပေးတတ်ဘူး။ သာသနာကြီးပွားရာ ကြီးပွားကြောင်းတွေကို ဖြစ်ဖြစ်မြောက်မြောက် ပြတ်ပြတ်သားသား လုပ်နိုင်ဖို့ ဘယ်သူ မျက်နှာမှ မထောက်ထားဘဲ ပြောတတ်၊ ဟောတတ်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံတွင်းမှာ သာသနာရေးကိစ္စ ရပ်တွေကို ဘုန်းတော်ကြီး၊ သံဃာတော်ကြီးတွေ အကြားမှာ ဆွေးနွေးရင်လည်း၊ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ပြောဆို ဆွေးနွေးတယ်။ အမှန်ကို ပြောလွန်းတာကြောင့်၊ အများနဲ့ တစ်ယောက် ဖြစ်ခဲ့ရပေါင်းလည်း မနည်းဘူး။ ရှင်ဇနကာဘိဝံသဟာ ရွာပြင်ထုတ်ခံရသူတစ်ယောက်ဖြစ်တယ်လို့ မပြောသာပေမယ့်၊ သာသနာအတွက် ကျမ်း စာရေးသား ပုံနှိပ်ထုတ်ဝေတဲ့ကိစ္စတွေကို စနစ်တကျနဲ့ များများစားစား ကြိုးပမ်းမှုကြောင့်…. လူတချို့ ကဲ့ရဲ့လို့၊ တောင်မြို့ မဟာဂန္ဓာရုံကို ပြောင်းလာခဲ့တယ်လို့ ပြောရင် မမှားဘူး။ ဆရာတော်လုပ်တဲ့အလုပ်တွေကို၊ အမြင် ကျဉ်းမြောင်းစွာနဲ့ ကဲ့ရဲ့သူတွေ ရှိခဲ့တယ်။ အရိုက်အပုတ် အတိုက်အခိုက်ကြားထဲမှာပဲ၊ သာသနာ့အာဇာနည်ဟာ ငွားငွားစွင့်စွင့် မြင့်လာတယ်။

စာအုပ်တွေ အထုတ်များလို့၊ ပုံနှိပ်စက်ရှိမှ ကောင်းမယ်လို့ ယူဆပြီး ခြေနင်းပုံနှိပ်စက် အဟောင်းလေး တည်တာကို ကြည့်ပြီး၊ ချမ်းသာပြီး လူထွက်တော့မယ်လို့ ကဲ့ရဲ့ကြတယ်။ ပြုပြင်ရေးတွေကို ရေးလို့၊ ပြောလို့ ရှင်ဇနကာဘိဝံသကို ကွန်မြူနစ်လို့ ပြောခံရတယ်။ ဘာလိုပဲဖြစ်ဖြစ်၊ ဆရာတော် ရှင်ဇနကာဘိဝံသဟာ သူ့ အလုပ်ကို သူ တစိုက်မတ်မတ် ယုံကြည်မှုရှိရှိ နေ့စဉ် လုပ်ကိုင်နေခဲ့သူဖြစ်တယ်။ ယနေ့ သာသနာရေးနယ်မှာ ရှင်ဇနကာဘိဝံသရဲ့ ကျေးဇူးနဲ့ မကင်းတဲ့ ဓမ္မကထိက၊ စာသင် စာချ … ရှားပါးပါလိမ့်မယ်။ မဟာဂန္ဓာရုံဆရာ တော်ရဲ့ ကျေးဇူးဟာ မသေးဘူး။ သဂြိုဟ်ဘာသာဋီကာကို ရေးသားပြီးတဲ့အခါ ညောင်တုန်း ရွှေဟင်္သာတေရ ပထမစံကျောင်းဆရာတော်က ကျမ်းစာက လေးနက်ခံညားသလောက် ကျမ်းပြုပုဂ္ဂိုလ်က ငယ်နေတယ်လို့ မှတ်ချက် ပေးတယ်။ ကျောက်စာဝန်ကလည်း – အဂ္ဂမဟာပဏ္ဍိတဘွဲ့ ပေးထိုက်တယ်….. သို့ပေမယ့် ကျမ်းရေးသူက ငယ်နေသေးလို့ ခဏ ဆိုင်းပါအုံးလို့ မှတ်ချက်ပေးတယ်။ လွတ်လပ်ရေးရပြီးကာလနောက်ပိုင်းမှာ ရှင်ဇနကာဘိဝံသဟာ အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ရတော့တာပဲ။

▄ ရှင်ဇနကာဘိဝံသရေးခဲ့တဲ့ ကျမ်းစာတွေ

• ပါဠိသိက္ခာနှင့် သဒ္ဒါကျဉ်း (၁၉၅၆)
• အခြေပြု သဒ္ဒါတွဲဖက် (၁၉၅၄)
• အခြေပြု သဒ္ဒါ (၁၉၃၅)
• ကစ္စည်းဘာသာဋီကာ (၁၉၅၆)
• ရူပသိဒ္ဓိဘာသာဋီကာ (ပ ၁၉၅၆။ ဒု ၁၉၅၇)
• ဘေဒစိန္တာဘာသာဋီကာ (၁၉၆၁)
• ကစ္စာယနသာရဘာသာဋီကာ (၁၉၆၁)
• အလင်္ကာရဘာသာဋီကာ (၁၉၅၉)
• ကထာသလ္လာပသိက္ခာ (၁၉၇၉)
• ရုပ်ပုံရှင်ကျင့်ဝတ် (၁၉၅၂)
• ပါတိမောက်ဘာသာဋီကာ (၁၉၅၈)
• ကင်္ခါဘာသာဋီကာ (၁၉၆၃)
• ခုဒ္ဒသိက္ခာဘာသာဋီကာ (၁၉၇၀)
• ဘုရားဥပဒေတော်ကြီး (၁၉၅၇)
• ပါရာဇိကဏ်ဘာသာဋီကာ (ပ၊ ၁၉၆၀။ ဒု၊ ၁၉၆၁။ တ၊ ၁၉၆၁။ စ၊ ၁၉၆၂)
• ပါစိတ်ဘာသာဋီကာ (၁၉၆၄)
• မဟာဝါဘာသာဋီကာ (၁၉၆၅)
• စူဠဝဂ္ဂဘာသာဋီကာ (၁၉၇၂)
• ပရိဝါဘာသာဋီကာ (၁၉၇၂)
• သဂြုႋဟ်ပါဠိ (၁၉၅၉)
• အခြေပြု သင်္ဂြိုဟ် (၁၉၃၃)
• သင်္ဂြိုဟ်ဘာသာဋီကာ (၁၉၃၇)
• ဝီထိနှင့် သုံးချက်စု ဘာသာဋီကာ (၁၉၃၈)
• ဋီကာကျော် နိဿယ (၁၉၃၈)
• အဠသာလိနီဘာသာဋီကာ (ပ၊ ဒု၊ တ၊ စ၊ ၁၉၆၆)
• သမ္မောဟ ဝိနောဒနီ ဘာသာဋီကာ (ပ၊ ၁၉၇၄။ ဒု၊ ၁၉၇၇။ တ၊ ၁၉၇၉)
• ဓာတုကထာ အဋ္ဌကထာ ဘာသာဋီကာ (၁၉၈၀)
• ပုဂ္ဂလပညတ္တိ အဋ္ဌကထာ ဘာသာဋီကာ (၁၉၈၀)
• ကထာဝတ္ထု ဘာသာဋီကာ (ပ၊ ၁၉၈၀။ ဒု ၊ ၁၉၈၁)
• ယမက အဋ္ဌကထာ ဘာသာဋီကာ (၁၉၈၀)
• ပဋ္ဌာန အဋ္ဌကထာဘာသာဋီကာ (၁၉၈၀)
• ပဉ္စကရဏဘာသာဋီကာ သိမှတ်ဖွယ်အကြောင်း
• ပဋ္ဌာန အဋ္ဌကထာ ဘာသာဋီကာ
• အဘိဓမ္မာလမ်းညွှန်မှတ်ဖွယ်
• သီလက္ခန် ဘာသာဋီကာ (ပ၊ ၁၉၇၀။ ဒု၊ ၁၉၇၀။ တ၊ ၁၉၇၁။ စ၊ ၁၉၇၁)
• ဗြဟ္မဇာလသုတ် မြန်မာပြန် (၁၉၄၈)
• သာမညဖလသုတ် မြန်မာပြန် (၁၉၅၁)
• သုတ်မဟာဝါ ဘာသာဋီကာ (ပ၊ ၁၉၈၀။ ဒု၊ ၁၉၈၀။ တ၊ ၁၉၈၁)
• သုတ်ပါထေယျ ဘာသာဋီကာကျမ်း
• အဋ္ဌကထာ အခြေပြု (၁၉၇၈)
• ရတနာ့ဂုဏ်ရည် (၁၉၃၁)
• ကိုယ်ကျင့်အဘိဓမ္မာ (၁၉၃၂)
• အနာဂတ်သာသနာရေး (၁၉၄၈)
• ဗုဒ္ဓဘာသာသင်ခန်းစာ (၁၉၇၉)
• ဘာသာသွေး
• ဗုဒ္ဓဝင် အမေးအဖြေ
• ဗုဒ္ဓါနုဿတိ ဘာဝနာ
• အခြေပြု မင်္ဂလသုတ်
• ဘာသာရေးပြဿနာများ
• ဗုဒ္ဓဘာသာလက်စွဲ
• လူ့ချမ်းသာ
• စစ်တပ်တရားတော်
• ရုပ်စုံ ဗုဒ္ဓသာသနာဝင်
• သာသနာတော်ရေး လျှောက်ထားချက်
• ဩဝါဒကထာ
• ပထမပြန် ညွှန်ကြားချက်
• နောက်ဆုံးဆယ်လ မြတ် ဗုဒ္ဓ
• တစ်ဘဝ သံသရာ
• ဒုလ္လဘကထာ
• ဓမ္မစင်္ကြာ တရားတော် (၁၉၇၉)
• အနတ္တလက္ခဏသုတ် တရားတော် (၁၉၇၉)
• အခြေပြု ပဋ္ဌာန်းတရားတော် (၁၉၇၉)

ရှင်ဇနကာဘိဝံသရဲ့ ကျမ်းစာရင်းတွေထဲမှာ၊ အသံသွင်းထားတဲ့ ဩဝါဒတွေကို ပြန်လည်ပုံနှိပ်တာတွေ ရှိနေသေးတယ်။ ပုံနှိပ်ပြီး တရားတော်၊ ဩဝါဒတွေက တရားသုံးဖြာ ဆုံးမစာ။ သူတော်ကောင်းလက္ခဏာ။ ဝိုင်အမ်ဘီအေ ဩဝါဒတရားတော်။ သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ အဖြေများ။ ဂန္ဓာရုံ ဝတ်ရွတ်စဉ်…. စသည်ဖြင့်။ ဆရာတော် ဟောကြားတဲ့ အသံသွင်းတရားတော် အပုဒ်ရေတော်တော်များများ ရှိတယ်။ ဒါတွေဟာ ကျန်ရစ်ခဲ့တဲ့ တရားဟောကြားချက်၊ ရေးသားပြုစု မှတ်တမ်းတွေ ဖြစ်ပါတယ်။

▄ မဟာ ဂန္ဓာရုံ

မဟာဂန္ဓာရုံတိုက်ရဲ့ စည်းကမ်း (၁၀) ချက်ကို ကြည့်ပါ။ ကျောင်းတိုက်နေသူက ဒီစည်းကမ်း (၁၀) ချက်ကို လိုက်နာရတယ်။

၁။ စိတ်ကောင်းရှိရမယ်။
၂။ ဝိနည်း လေးစားရမယ်။
၃။ ကျန်းမာရေး ဂရုစိုက်ရမယ်။
၄။ သန့်ရှင်း ရမယ်။
၅။ အဝတ်အစား ဝတ်တတ် စားတတ်ရမယ်။
၆။ အနေအထိုက် တတ်ရမယ်။
၇။ အပြောအဆို တတ်ရမယ်။
၈။ အသွားအလာ တတ်ရမယ်။
၉။ စည်းကမ်း လိုက်နာရမယ်။
၁၀။ စာတတ်ရမယ်။

ဆိုလိုချင်တာက…. စိတ်ကောင်းရှိဖို့က ပထမ။ ဝိနည်းလေးစားဖို့က ဒုတိယ။ ကျန်းမာဖို့က တတိယ။ စာတတ်ဖို့က ဒသမ ဖြစ်ပါတယ်။ ဒါဆိုရင် ရှင်ဇနကာ တည်ထောင်တဲ့ ကျောင်းတိုက်ရဲ့ မူကို နားလည်လိမ့်မယ် လို့ ယူဆပါတယ်။ ဆရာတော်ဟာ ပရိယတ္တိသာသနာ (သင်ကြား၊ သင်ယူ၊ လေ့လာ၊ ဆည်းပူးတဲ့ သာသနာ) ကို အလေးထားပြီး တစ်သက်လုံး လုပ်ဆောင်ခဲ့ပေမယ့်၊ စိတ်ကောင်းမှ မရှိရင် ဘယ်လို သာသနာရေးအလုပ်ကမှ ရှေ့တန်းမရောက်နိုင်ဘူးလို့ ခံယူဟန်တူပါတယ်။ ထိုနည်းလည်းကောင်း ဝိနည်းလေးစားဖို့ကို ဒုတိယအနေနဲ့ ထားပါတယ်။ သာသနာရဲ့ အသက်ဟာ ဝိနည်းဖြစ်ပါတယ်။ ဝိနည်းကိုမှ နိုင်အောင် မထိန်းနိုင်ဘဲ သာသနာပြုတယ်၊ သံဃာ ဘုန်းကြီးဘဝမှာ နေထိုင်တယ်ဆိုရင် လူနဲ့ မခြားပါ။ ဒါ့ကြောင့် ထူးခြားပြီး သင်္ကန်း ပတ်ထားစရာ မလိုဘူးလို့ ယူဆဟန်တူပါတယ်။ ဒါ့ကြောင့် ဝိနည်းဟာ အထူးလေးစားရမယ့်နေရာမှာ ထားပါတယ်။ ဆရာတော်ကိုယ်တိုင်လည်း ဝိနည်းဓိုရ် တစ်ပါးဖြစ်ပါတယ်။ ဝိနည်းနဲ့ အပ်စပ်အောင် လုပ်ဆောင်ပေးတဲ့ ကပ္ပိယကိုလည်း၊ ကျောင်းတိုက်မှာ စနစ်တကျ တာဝန်ပေးထားပါတယ်။ သာသနာရေး စွမ်း ဆောင်ရွက်တွေ၊ သာသနာ့အလုပ်တွေကို နှစ်ပေါင်းများစွာ အချိန်ကာလ ကြာကြာထမ်းရွက်ဖို့အတွက်ဆိုရင် ကျန်းမာရပါမယ်။ ဒါ့ကြောင့် ကျန်းမာဖို့က တတိယဖြစ်ပါတယ်။ စာတတ်ဖို့က ဒသမ ဖြစ်ပါတယ်။ ဝိနည်းမှ မလေးစားဘဲ စာတတ်နေရင် ဘာလုပ်မှာလဲ။ စိတ်ကောင်းမှ မရှိဘဲ၊ စာတတ်နေရင် ဘာလုပ်မှာလဲ။ စာတတ်ခြင်းဟာ ဝိနည်းလေးစားခြင်းနဲ့ စိတ်ကောင်းရှိခြင်း ဒီနှစ်ခုနဲ့ ယှဉ်မှ၊ ကျေးဇူးပြုပါတယ်။ မိမိကိုယ်ကိုလည်း အကျိုးပြုတယ်။ သာသနာကိုလည်း ထောက်ပံ့နိုင်တယ်။ ဒီလိုမှ မဟုတ်ရင် အလကားပါ။

▄ မှတ်စုတချို့

• ဘုရားအစစ်ကို စေတီရုပ်ပွားတော်တွေက ကွယ်ထားတယ်။ တရားအစစ်ကို ဓမ္မကထိကတွေရဲ့ ဟောတရားတွေက ကွယ်ထားတယ်။ သံဃာအစစ်ကို ဘုန်းတော်ကြီးတွေက ကွယ်ထားတယ်။ (စာ – ၆၇)

• ဝိနည်းက ဗုဒ္ဓသာသနာရဲ့ အသက်ဖြစ်ပါတယ်။ လဇ္ဇီပုဂ္ဂိုလ်လိုတယ်။ လဇ္ဇီဆိုတာ ရှက်ခြင်း၊ စည်းကမ်း ပေါက်မှာကို ရှက်ရမယ်။ ရှေးကလိုပဲ သံဃာဆိုရင် သာသနာတိုးတက်အောင် ဆောင်ရွက်ဖို့ တာဝန်ရှိတယ်။ (စာ – ၆၇ – ၈)

• မြန်မာလူမျိုး ဗုဒ္ဓသာသနာဝင်တွေ ဆိုရင် အတော်ကလေး အသိဉာဏ်ရှိတဲ့လူတွေတောင် သီလနဲ့ ဘာဝနာ မသိသလိုနေကြတယ်။ ဒါနကျတော့ တလွဲတွေးပြီး အဖြုန်းသဘောမျိုးတွေ အများကြီး ပါနေတယ်။ (စာ – ၆၇)

• သီလမရှိတဲ့လူက သူဌေးဖြစ်ပါတယ်။ (ငါးပါးသီလ အပျက်ခံပြီး ငွေရှာတယ်) ဒါကို ငွေရှိလာတော့ အရမ်းလုပ်တယ်။ ဘုန်းကြီးတွေကလည်း အာပတ်သင့်မှာ မကြောက်ဘဲ လှူမယ့်သူကို မြှူဆွယ်တယ်။ ဝိနည်းတော်ကို ဂရုမစိုက်ကြဘူး။ အဲဒီတော့ ဘာဖြစ်သလဲ။ လယ်တီဆရာတော် ပြောသလို – အပါယ် ထိုထို ဥဒဟိုသည် နင်လို လူမိုက်သွားလမ်းတည်း…. ဖြစ်နေတယ်။ စာသင်သားတွေလည်း စာမေးပွဲ အောင်ချင်တယ်၊ ဆုရချင်တယ်ဆိုရင် လောဘဇောပဲ အပါယ်အကျိုးပေးမှာပေါ့။ (စာ – ၆၇)

• …ဒုက္ခတွေကြားက မသေမပျောက်၊ စာချ မပျက်၊ ကျမ်းရေးမပျက်၊ စာအုပ်ကုန်သည်လို့ အပြောခံရလည်း မမှု။ ငွေရှာနေတယ်၊ မကြာခင် လူထွက်တော့မှာလို့လည်း အပြောခံရတယ်။ အခု ဘုန်းကြီးနာမည်နဲ့ ကျမ်းသုံးဆယ့်နှစ်အုပ်ထွက်ပြီးပြီ။ အောင်မြင်ခြင်းဟာ လွယ်သလား။ (စာ – ၆၆)

• ဘုန်းကြီး ပခုက္ကူ စာသင်သားဘဝက ငတ်နေတာနဲ့ တခြားစီပါ။ အခု ဘုန်းကြီးက စာသင်သား ၅၀၀ ကို အာဟာရဖြစ်မယ့် အစာကို ဝဝလင်လင် နေ့တိုင်း ကျွေးနိုင်တယ်။ အဲဒါ ကံလား၊ မဟုတ်ဘူး။ ပယောဂ သမ္ပတ္တိ ခေါ်တယ်။ ဉာဏ်နဲ့ ဝီရိယပါမှ ကံလိုက်လာတယ်ဆိုတာ လက်တွေ့ပဲ။ မှတ်ထားပါ။ နောက် တစ်မျိုး ပြောတော့ လုပ်ယူရတယ်။ လက်ဖြစ်ပါပဲ။ ဘုန်းကြီး ဘဝကို ဘယ်လို ပျိုးထောင်တယ်ဆိုတာ ကြည့်ပါ။ (စာ – ၆၅)

• ဗုဒ္ဓမြတ်စွာနဲ့ အဂ္ဂ္ဂသာဝကတွေက မွေးနေ့ပွဲလုပ်တယ်လို့ မှတ်တမ်း မရှိပါ။ (စာ – ၆၁)

• သူတို့က ဘုန်းကြီးကို အကြောင်းပြုပြီး လှူစရာ မလို။ သူတို့ လုပ်ရမှာက သီလနဲ့ ဘာဝနာ။ (စာ – ၆၁)

• ဘုန်းကြီးဆိုရင် ၁၄ ဇန်နဝါရီ ၊ ၁၉၀၅ က ကိုရင် ပထမအကြိမ် ဝတ်ရတယ်။ ပွဲကြီးလမ်းကြီးကို လုပ်တယ်။ ကုန်လိုက်တဲ့ ပိုက်ဆံတွေ အများကြီး။ ဘာမှ အကျိုး မထင်ဘူး။ ဘုန်းကြီးက ငယ်သေးတော့ ကိုရင်ဝတ်တာ ဒါမျိုး မလုပ်ရဘူးလို့ နားမလည်ပါ။ နောက် ဒါမျိုးတွေကို ပြင်ပါလို့ – အနာဂတ်သာသနာ စာအုပ်ကို ရေးပါတယ်။…. လူတိုင်းလိုပဲ အစဉ်အဆက် လုပ်နေကျ မလုပ်ရရင် မကြိုက်ပါ။ ဒါကို အလို မလိုက်သင့်ဘူး။ ကိုးကွယ် ယုံကြည်မှုဆိုင်ရာကိစ္စ ပေါ်လာရင် မလုပ်တတ်၊ မကိုင်တတ်နဲ့ ဒါယကာ၊ ဒါယိကာမတွေ ဒုက္ခတွေ့ကြရော။ ဘုန်းကြီးတွေတောင် ပိဋကတ်ရဲ့ တချို့အပိုက်ကို နားမလည်ဘူး။ (စာ – ၂၁)

• အများပြည်သူ ကျွေးတဲ့ ဆွမ်းကို တို့စားနေရတယ်။ တို့က သီလ မြဲပါစေ။ သမာဓိ ခိုင်ပါစေ။ ပညာရင့်ပါစေ။ ဒါမှ စားထိုက်တယ်။ ဒီလိုမဟုတ်ရင် သေတဲ့အခါ တစ္ဆေ၊ ပြိတ္တာ ဖြစ်လိမ့်မယ်။ (စာ – ၇၂)

• စာချတန်းအောင်တယ်ဆိုပေမယ့် ကိုယ်တိုင် သဘောပေါက် နားလည်မထားရင် စာကျက်ရကျိုး မနပ်ဘူး။ တကယ်လည်း ဆရာ မလုပ်နိုင်ဘူး။ စာမေးပွဲအောင်ဖို့ပဲ စာကျက်ခဲ့လို့ ဖြစ်တယ်။ ဒီတော့ ပန်းတိုင်အဝင်မှားတယ် ခေါ်ရမှာ ဖြစ်တယ်။ ကုသိုလ် တစ်ပဲ၊ ငရဲ တစ်ပိဿာ ဖြစ်သွားမယ်။ (စာ – ၇၂)

• ဘယ်ဘုန်းကြီး ဖြစ်ဖြစ် သီလ မစင်ကြယ်ရင် ဘုန်းကြီးဘဝ နဲ့ ဘယ်မှာ ဆက်နေသင့်မလဲ။ လူထွက်တာ ပဲ ကောင်းတယ်။ လူဝတ်ကြောင်က ငါးပါးသီလပဲ ထိန်းရတယ်။ ရဟန်းက ထိန်းစရာ သိက္ခာပုဒ်တွေ အများကြီး ပိုတယ်။ အဲဒါ ပျက်ကွက်ရင် အပါယ်ရောက်မှာပါပဲ။ ရဟန်းအရေအတွက် များတိုင်း သာသနာထွန်းကား စည်ပင်တယ်လို့ မထင်နဲ့။ သာသနာဟာ သီလ၊ သမာဓိ၊ ပညာကို ထိန်းပြီး ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ အလေ့များမှ ထွန်းကားမှာ ဖြစ်ပါတယ်။ (စာ – ၇၅)

• အလုပ်မလုပ်နိုင်ရင် တစ်နေ့မှ အပိုမနေချင်ဘူး။ (စာ – ၇၉)

• ဝိနယဟာ ကြိုတင်စိတ်ကူးပြီး ပြုလုပ်ခဲ့တဲ့ ဥပဒေတွေ မဟုတ်ပါ။ ….. မလုပ်နဲ့လို့ တားမြစ်သလို လုပ်လိုက်လို့ တိုက်တွန်းတာလည်း ရှိပါတယ်။ ရဟန်းတွေအတွက် သိပ်အရေးပါသလို၊ ဒါယကာ ဒါယိကာမတွေလည်း သိဖို့ လိုတယ်။ ဒါမှ ကိုယ့်ကြောင့် ရဟန်းမှာ အာပတ်မသင့်အောင် ပေးလှူနိုင်မှာ ဖြစ်ပါတယ်။ ဝိနယဟာ ရဟန်းအဖွဲ့အစည်းကို အရှည်တည်မြဲအောင် ထိန်းသလို၊ ရဟန်းသံဃာက လည်း သာသနာကို တာရှည် တည်တံ့အောင် ထောက်ကူမှာ ဖြစ်တယ်။ ဒီလိုသွားမှ ဝိနည်း၊ ရဟန်း၊ သာသနာ တွဲပြီး သာသနာ ၅၀၀၀ နဲ့ ၅၀၀၀ အထက် တည်မယ်။ (စာ – ၉၃)

• မဇ္ဈိမဒေသမှာ အသောက၊ သီရိလင်္ကာမှာ ဒုဋ္ဌဂါမဏိတို့ ဆောင်ရွက်ပုံကို ပြန်ပြောပြပြီး ကျဆင်း ယိုယွင်းလာတဲ့ သံဃာတွေကို ထိထိရောက်ရောက် အရေးယူဖို့ စီမံကြပါလို့ တိုက်တွန်းတာဖြစ်ပါတယ်။ (စာ – ၁၀၁) အနာဂတ်သာသနာရေး ကျမ်းစာ အညွှန်း။

ဒီစာအုပ်မှာ ဘာ့ကြောင့် ကောက်နုတ်ချက် မှတ်စုတွေ ဒီလောက်များနေရသလဲ။ မူရင်းစာအုပ်က ဆရာတော် ရှင်ဇနကာဘိဝံသ ရဲ့ ကိုယ်တိုင်ရေးထေရုပ္ပတ္တိ။ အမည်က တစ်ဘဝ သံသရာ။ စာမျက်နှာ ၅၀၀ ကျော်။ အကျဉ်း ပြန်ရေးသူက ဒေါက်တာသန်းထွန်း။ သမိုင်းနည်းမှာ အကျဉ်းပြန်ရေးတဲ့နည်းဟာ သမိုင်းနည်းနာ တစ်ခုပဲ။ အကျဉ်းရေးတာ စာမျက်နှာ ၁၀၀ ကျော်ပဲ ရှိတယ်။ ဒါပေမယ့် အချက်အလက်အနှစ်ချုပ်အားလုံး စုံလင်တယ်။ ဆရာတော်ရဲ့ ကရုဏာနဲ့ သာသနာရေး ဝီရိယ လုံ့လကို ပေါ်လွင်စေတယ်။ ကျမ်းစာအုပ် လေးလေးကြီးကို မဖတ် နိုင်သေးရင်၊ အကျဉ်းကို ပြန်ဖတ်လို့ ရတယ်။ မြန်မာပြည်မှာ သာသနာရေး ပြုပြင်ချက်တွေ အပြင်၊ တိုင်းပြည် တည်ဆောက်ရေးအတွက် သာသနာဘက်က ဝန်ကို သံဃာတစ်ပါး ဘယ်လို ဝန်ဆောင်သလဲဆိုတာကို နားလည်ရမှာ ဖြစ်တယ်။ ဒါ့ကြောင့် ဒီစာအုပ်ဟာ၊ မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်ဖြစ်တယ်။ ကျနော် ကြိုက်လို့ ခဏ ခဏ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်တယ်။ ဖတ်ရင် လိုင်းတားတယ်။ ကွင်းစ ကွင်းပိတ်တွေ လုပ်တယ်။ ဘေးမျဉ်း တားတယ်။ ကြယ်ပွင့်ပြတယ်။ ကောက်နုတ်ချက်တွေ နံဘေးမှာ မှတ်ချက်တွေ ရေးတယ်။ ဒီလိုနဲ့ ဒီစာအုပ်ဟာ ပြီးစီးသွားတယ်။ အကျဉ်းပြန်ရေးသူ ဒေါက်တာသန်းထွန်းရဲ့ ကိုယ်ရေးအကျဉ်းကို လေ့လာကြည့်ပါ။

▄ ဒေါက်တာသန်းထွန်း (၁၉၂၃ – ၂၀၀၅)

• ၁၉၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ မွေးဖွား။
• ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်း ဇာတိ။
• အဖ ဦးဘိုးတွေ၊ အမိ ဒေါ်သင်။
• မွေးချင်း (၅) ယောက်အနက် ဒုတိယမြောက်သား။
• စစ်ပြီးစ ငါးသိုင်းချောင်း ဖဆပလအဖွဲ့ ဥက္ကဌ။
• ကွန်မြူနစ်ပါတီဝင်။
• ဗကသဥက္ကဌ။
• သမိုင်းနည်းပြ။
• သမိုင်းပါမောက္ခ။
• ကျောင်းသားဟစ်တိုင်သတင်းစာ အယ်ဒီတာ။
• တပ်မတော်မော်ကွန်းတိုက် သုတေသနအရာရှိချုပ်။
• အယ်ဒီတာချုပ်။
• ဧည့်ပါမောက္ခ။
• မြန်မာစာအဖွဲ့ဝင်။
• မြန်မာသမိုင်းကော်မရှင်အဖွဲ့ဝင်။
• သမိုင်းသုတေသီ။
• သမိုင်းပညာရှာ။
• သမိုင်းပညာရှင်။
• သမိုင်းစာအုပ်အမြောက်အမြားရေးသားခဲ့သူ။
• သမိုင်းသုတေသနပေါင်းမြောက်မြားစွာ လုပ်ဆောင်သွားခဲ့သူ။
• သုတေသနစာတမ်းပေါင်း များစွာ ရေးသားဖြန့်ချိသွားခဲ့သူ။
• မြန်မာသမိုင်း၏ အဓိပတိ။
• မြန်မာသမိုင်း၏ အဦးအမြတ်။
• မြန်မာသမိုင်း၏ ဂုဏ်ထူးဆောင်။
• မြန်မာသမိုင်း၏ ပြယုဂ်။

ဒေါက်တာသန်းထွန်းဟာ သမိုင်းဆရာ ဖြစ်တယ်။ သမိုင်းသုတေသီဖြစ်တယ်။ သမိုင်းပညာရှင်ဖြစ်တယ်။ ဒေါက်တာသန်းထွန်းရေးသားခဲ့တဲ့ စာအုပ်တွေ အများအပြား ရှိတယ်။ ရေးသားပြီးစီးတဲ့ သုတေသနစာတမ်းတွေ ဟာ ဒုနဲ့ ဒေး။ ဒေါက်တာသန်းထွန်းရေးသားခဲ့တဲ့ သမိုင်းအရေးအသားတွေနဲ့ ပတ်သက်ရင်…..

ဒေါက်တာသန်းထွန်းရေးသားတဲ့ စကားပြော အရေးအသားဟာ တိုတယ်၊ ပြတ်တယ်၊ ရှင်းတယ်၊ ချက်ကျလက်ကျ ရှိတယ်။ ကွန့်တာ မပါဘူး။ လေရှည်နေတာ မပါဘူး။ လိုရင်းကိုပဲ ဆိုတယ်။ ကောက်ချက်နဲ့ မှတ်ချက်တွေကို ပေးတဲ့နေရာမှာ ထိမိတယ်။ စကားပြောအရေးအသားဖြစ်လို့ အကြောင်းအရာနဲ့ လူထုဟာ ဝေးပေမယ့် အရေးအသားအားဖြင့် မဝေးကွာဘူး။ ဒါ့ကြောင့် အာရုံစိုက် လေ့လာရင် နားလည်လွယ်တယ်။ စကားပြောနဲ့ စာတမ်းတွေ၊ ကျမ်းတွေကို ရေးခဲ့တာ ဒေါက်တာသန်းထွန်းပဲ။ ဒေါက်တာသန်းထွန်းရဲ့ အရေးအသားဟာ စံပြုရတဲ့ အရေးအသားပုံစံပါပဲ။ သမိုင်းကိစ္စကို လူထုဆီကို ရေးသားတင်ပြတဲ့နေရာမှာ စကားပြောအရေးအသား နဲ့ တင်ပြချက်ဟာ သိပ်ပြီး တာသွားတယ်။ အကြောင်းအရာကို စိတ်မဝင်စားရင်တော့၊ ဖတ်ရခက်မှာပေါ့။ ဗဟုသုတနောက်ခံ မရှိရင်တော့ ဖတ်ရခက်မှာပေါ့။ ဒါပေမယ့် စိတ်ဝင်စားမှုလည်း ရှိမယ်၊ များပြားသော အကြားအမြင်လည်း ရှိမယ်ဆိုရင် ဒေါက်တာသန်းထွန်းစာတွေဟာ အနှစ်အသားတွေချည်းပါပဲ။ သမိုင်း စာအုပ်တစ်အုပ်အပေါ်မှာ လိုရင်းကောက်ချက်ချပြီး မှတ်ချက်ပေးနိုင်တဲ့ တိုတိုနဲ့ ထိမိတဲ့ ရှင်းလင်းချက် မျိုးကို ဒေါက်တာသန်းထွန်းစာတွေထဲမှာ ဖတ်ရတယ်။ ဒီလိုလုပ်နိုင်ဖို့ မလွယ်ပါ။ ပညာရပ်ဆိုင်ရာမှာ ကျွမ်းကျင်နှံ့စပ်ရုံနဲ့ မရဘူး။ သတ္တိ၊ ဗျတ္တိနဲ့ ဇ ရှိဖို့လည်း လိုတယ်။ ဒေါက်တာသန်းထွန်းဟာ သမိုင်းဆိုင်ရာ တွေ့ရှိချက်တွေကို ကောက်ချက်ချတဲ့နေရာမှာ အမြင်အားဖြင့် စူးရှထက်သန်လွန်းတယ်။ လက်လှမ်းမီသလောက် ထိတွေ့ဖြစ်တဲ့ သမိုင်းဆရာတွေထဲမှာ ဒေါက်တာသန်းထွန်းလောက် သမိုင်းဆိုင်ရာကျေးဇူးပြုမှုမျိုးကို လုပ်နိုင်ခဲ့တဲ့သူ မတွေ့ဖူးသေးဘူး။ သမိုင်း ဇ ထက်သန်ပြင်းထန်လွန်း သူ လို့ ပြောချင်တယ်။ နေခဲ့ရသမျှ အချိန်ကာလအတွင်းမှာ၊ သမိုင်းဆိုင်ရာ တူးဖော်တွေ့ရှိချက်တွေ ဖော်ထုတ်နိုင်ဆုံး ဖြစ်တယ်။ တွေ့ရှိချက်ကို စာပေအားဖြင့် ရေးသား မှတ်တမ်း တင်ပြီး၊ စိတ်ဝင်တစားဖတ်မယ့်သူ များများစားစား မရှိပေမယ့် လူထုထံ ပုံနှိပ်ဖြန့်ချိနိုင်ခဲ့တာဟာ ဒီနေ့ ခေတ်မျိုးဆက်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဒ်ပဲ။ ဒါပေမယ့် ဘယ်လိုပဲ အဖိုးမဖြတ်နိုင်ဘူးပဲ ဆိုဆို…. တန်ဖိုးသိမှ တန်ဖိုးရှိတယ် မဟုတ်လား။

ဒေါက်တာသန်းထွန်းဟာ ဒီလိုလူဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အခုစာအုပ်ဟာ၊ အဓိပတိ နှစ်ဦး ဆုံချက်ကျတဲ့ စာအုပ်ဖြစ်တယ်လို့ ပြောချင်တယ်။ ရှင်ဇနကာဘိဝံသကလည်း အကျော်၊ အဓိပတိ။ ဒေါက်တာသန်းထွန်း ကလည်း အမော်၊ အဓိပတိ။

တို့လူမျိုး သမိုင်းထဲက စံထားပုဂ္ဂိုလ်တွေ အကြောင်းကို မလေ့လာရင်၊ တို့မှာ အနာဂတ် မရှိနိုင်ဘူး။

မင်းသေ့
နေ့လယ် ၂ း ၂၁
၂၇ ဧပြီ ၂၀၂၁။

Previous post သခင်ကိုယ်တော်မှိုင်း (၁၈၇၆ – ၁၉၆၄)
Next post ▄ မဇ္ဈိမဒေသ လွတ်လပ်ရေး