(နိုင်ငံရေး နှင့် စာပေနယ်ပယ်)

• ၁၈၇၆ ၊ မတ်လ ၂၃ ရက်နေ့တွင် မွေးဖွား။
• ပြည်ခရိုင်၊ ရွှေတောင်မြို့ ဝါးလည်ရွာ ဇာတိ။
• အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်း ။
• မွေးချင်း (၅) ယောက်အနက် ဒုတိယမြောက်သား။
• အမည်ရင်း မောင်လွန်း။
• ကဗျာစာဆို
• စာရေးဆရာ
• ငြိမ်းချမ်းရေးတမန်တော်
• အမျိုးသားရေးခေါင်းဆောင်
• သူရိယသတင်းစာ အယ်ဒီတာ
• အမျိုးသားကောလိပ်၏ မြန်မာစာ နှင့် ရာဇဝင်ပါမောက္ခ
• တို့ဗမာအစည်းအရုံး၏ နာယက
• ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်မှာ ဗမာနိုင်ငံဆိုင်ရာ ဥက္ကဌ။
• ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့၊ ရန်ကုန် စမ်းချောင်းရပ်တွင် ကွယ်လွန်။

အမျိုးသားရေးခေါင်းဆောင်တွေအကြောင်းကို စဉ်းစားကြည့်လိုက်တဲ့အခါ၊ ပထမဆုံး ခေါင်းထဲ ပေါ်လာတာက တော့ သခင်ကိုယ်တော်မှိုင်း (ဦးလွန်း) ဖြစ်ပါတယ်။ စာပေအားဖြင့် အမျိုးသားရေးတာဝန်တွေကို ထမ်းရွက်ခဲ့ သလို၊ မျိုးချစ်တော်လှန်ရေးနိုင်ငံရေးသမားတွေအပေါ်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ၊ ကိုယ်ကျင့်ပိုင်းအရာမှာ ဩဇာလွှမ်းမိုးနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဦးလွန်း (ခေါ်) သခင်ကိုယ်တော်မှိုင်းနဲ့ပတ်သက်ပြီး ဖော်ပြဖို့ လိုတယ်။

ကောက်နုတ်ချက်။

• အမှန်ကို ဆိုရဦးမည်။ သီပေါဘုရင်နှင့် မိဖုရားတို့ ပါတော်မူစဉ် ၁၈၈၅ ခုနှစ် နိုဝင်ဘာလက အသက် ၉ နှစ်အရွယ်ရှိ “မောင်လွန်း” ဘဝတွင် မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သည်။ လူမှန်းသိတတ်စအရွယ်တွင် တို့ဘုရင်ကို ကုလားဖြူတွေ ဖမ်းသွားပါပေါ့လားဟု ဝိုးတဝါးအသိဖြင့် သိမြင်ခဲ့ဖူးသည်။ ထိုစဉ်က ဝိုးတဝါး ခံစားချက်သည် နောင်အခါ မစ္စတာမောင်မှိုင်းဘဝသို့ ရောက်လာခဲ့သောအခါ နိုင်ငံရေး မီးတောက်အဖြစ်သို့ ရောက်လာခဲ့ပြီ။ ပရိုဖက်ဆာ ဆရာလွန်း၏ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်နိုးကြား တက်ကြွချိန် ရောက်ခဲ့ပြီ။ ထိုအချိန်တွင် မစ္စတာမောင်မှိုင်းခေါ် ပရိုဖက်ဆာ ဆရာလွန်းသည် ဗြိတိသျှ နယ်ချဲ့အစိုးရကို စိန်ခေါ်လျက် “သခင်ကိုယ်တော် မှိုင်းရယ်လို့ လူတိုင်းခေါ်ကြစေ” ဟု ကြေညာခဲ့ခြင်း ပင် ဖြစ်တော့သည်။

တက္ကသိုလ်စိန်တင်၊ သခင်များနှင့်လွတ်လပ်ရေးကြိုးပမ်းမှုကြီး၊ ညောင်ရမ်းစာအုပ်တိုက်၊ ၂၀၀၉၊ စာ/၆၅၅။

သခင်ကိုယ်တော်မှိုင်းဟာ၊ ကဗျာ၊ ဋီကာအမျိုးမျိုးကို ရေးဖွဲ့ပြီး အမျိုးသားရေးစာတွေနဲ့ လူထုကို နှိုးဆော်ခဲ့ တယ်။ ဇာတိမာန်စာဆို ဦးလွန်း… ဆိုတဲ့ နာမည်ပညတ်ပြီး စာရေးဆရာ ဇော်ဂျီက ရေးခဲ့ဖူးတယ်။ ဇာတိသွေး၊ ဇာတိမာန် ထက်သန်အောင် စာပေအားဖြင့် လမ်းညွှန်သွန်သင် လှုံ့ဆော်ခဲ့တဲ့အမျိုးသားရေးစာဆို၊ နိုင်ငံရေး အကြီးအမှူးတစ်ယောက်လို့ ပြောရင်လည်း မလွဲနိုင်ဘူး။ သခင်ကိုယ်တော်မှိုင်းနဲ့ပတ်သက်ပြီး ဆရာဇော်ဂျီမှတ် ချက်ချပြီး ရေးသားဖူးတဲ့ ဆောင်းပါး တစ်ပုဒ်ထဲက ကောက်နုတ်တင်ပြချင်တာရှိတယ်။

ကောက်နုတ်ချက်။

• အိန္ဒိယလွတ်လပ်ရေးကို နေရူးသည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာမှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို တဂိုးက စည်းရုံးပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။

• တရုတ်ပြည်သစ် ထူထောင်ရေးကို မော်စီတုန်းသည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို လူရွှန်းက စည်းရုံးပေးနိုင်ခဲ့သောကြောင့်ဖြစ်သည်။

• ထိုနည်းတူစွာ မြန်မာနိုင်ငံလွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို သခင်ကိုယ်တော်မှိုင်းက စည်းရုံးပေး နိုင်ခဲ့သောကြောင့် ဖြစ်သည်ဟု ယူဆပါသတည်း…..။

ဇော်ဂျီ၊ ဇာတိမာန်စာဆို ဦးလွန်း ဆောင်းပါး (၁၉၆၃)

သခင်ကိုယ်တော်မှိုင်းနဲ့ပတ်သက်ရင်၊ ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့လူလို့ အများက နားလည်ကြတယ်။ ဒါကတော့ စစ်ပြီးခေတ်၊ လွတ်လပ်ရေးရပြီးခေတ်မှာ နိုင်ငံတကာငြိမ်းချမ်းရေးကိစ္စတွေကို မြန်မာကိုယ်စားပြုအနေနဲ့ ဦးဆောင်ခဲ့လို့ဖြစ်တယ်။ တစ်ဖက်မှာလည်း သခင်ကိုယ်တော်မှိုင်းဟာ ညီအစ်ကိုချင်း သတ်ဖြတ်နေကြတဲ့ ပြည်တွင်းစစ်ကို မနှစ်မြို့ဘူး။ သူ့တပည့်တွေ အချင်းချင်း ကွဲပြဲကြပြီး လက်နက်ကိုင်တိုက်နေကြတာကို တတ်နိုင်သမျှ တားဆီးတယ်။ ဒါပေမယ့်မြန်မာပြည်လွတ်လပ်ရေးရဖို့အတွက် လက်နက်ကိုင်တန် ကိုင်ရမယ်ဆို တဲ့ အယူအဆမျိုးကို သခင်ကိုယ်တော်မှိုင်း ရှိခဲ့ဖူးတယ်။ မြန်မာပြည်ရဲ့ လွတ်လပ်ရေးကလည်း လက်နက်ကိုင် တော်လှန်ရေးရ တိုက်ယူခဲ့တာကို အားလုံးသိပြီးဖြစ်လိမ့်မယ်။

ထိန်လင်းရဲ့ သမိုင်းမှတ်တမ်း၊ စာမှတ်တမ်းမှာ အခုလိုတွေ့ရတယ်။

• “ နိုင်ငံရေးလုပ်တာ ဥပုသ်စောင့်တာ မဟုတ်ဘူး။ ဥပုသ်သည်မှာ စိပ်ပုတီးပဲ ရှိတော့ သူခိုးဓားပြက အလွယ်တကူ ခိုးနိုင် တိုက်ယူနိုင်တယ်။ အမှန်က နိုင်ငံရေးလုပ်တာဟာ အာဏာရဖို့ပဲ မဟုတ်လား။ ဥပုသ်စောင့်တာမှ မဟုတ်တာပဲ။ ဒီတော့ တိုက်တန်တိုက် ၊ ခိုက်တန် ခိုက်၊ သတ်တန် သတ်ရတာမျိုး ကလား…..။”

သခင်ကိုယ်တော်မှိုင်း ပြောစကား။
သခင်ဘမောင် ပြန်လည်ပြောပြချက်။
ထိန်လင်း၊ သမိုင်းမှတ်တမ်း စာမှတ်တမ်း (၂၀၁၇) စာအုပ်မှ /

သခင်ကိုယ်တော်မှိုင်းဟာ ကိုယ်ရည်ကိုယ်သွေးအရ ထူးခြားချက်ရှိတယ်လို့ ပြောလို့ရပါတယ်။ အကြောင်းက တော့၊ သခင်ကိုယ်တော်မှိုင်းဟာ နိုင်ငံရေး၊ စာပေနဲ့ စာနယ်ဇင်းနယ်ပယ်၊ အနုပညာနယ်ပယ်ကလူတွေအပေါ် မှာ ပုဂ္ဂိုလ်ရေး ဩဇာလွှမ်းမိုးနိုင်ခဲ့လို့ဖြစ်ပါတယ်။ နိုင်ငံရေးဘက်နဲ့ စာပေနယ်တွေမှာ ဩဇာလွှမ်းမိုးနိုင်ဖို့ဟာ မလွယ်ကူပါ။ ဂိုဏ်းဂဏအကွဲအပြဲများတဲ့ မြန်မာပြည်မှာ အချင်းချင်းကွဲကြပေမယ့်၊ သခင်ကိုယ်တော်မှိုင်းနဲ့ ပတ်သက်ရင်တော့ နိုင်ငံရေးဂိုဏ်းဂဏ အသီးသီးက ဦးညွှတ်လေးစားခံရခြင်းပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စာပေ၊ စာနယ်ဇင်းနယ်ပယ်တွေမှာ သခင်ကိုယ်တော်မှိုင်းရဲ့ စာပေဩဇာအရှိန်ဟာ ကြီးမားခဲ့တယ်။ နိုင်ငံရေး အုပ်စု၊ စာပေ၊ စာနယ်ဇင်းအုပ်စုနဲ့ အနုပညာနယ်ပယ် အုပ်စုတွေဟာ သခင်ကိုယ်တော်မှိုင်းအပေါ်မှာ လေးစား တိမ်းညွှတ်မှုရှိကြတယ်။ ဒီနယ်ပယ်အုပ်စုတွေဆိုတာက လူ့အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းအလွှာ လူတန်းစားတွေလို့ ပြောလို့ ရပါတယ်။ ဒါ့ကြောင့် လူထုအပေါ်မှာပါ သခင်ကိုယ်တော်မှိုင်းက တစ်ခွင်တစ်ပြင်လုံး ဩဇာလွှမ်းမိုးနိုင် ခဲ့တဲ့ အမျိုးသားခေါင်းဆောင်လို့ သိမှတ်ကြတာဖြစ်ပါလိမ့်မယ်။ သခင်ကိုယ်တော်မှိုင်းကိုယ်တိုင်ကလည်း သမာသမတ်ကျမှု၊ တိုင်းပြည်ချစ်စိတ်အပေါ် စွဲမြဲမှု၊ စစ်မှန်တဲ့ ဝံသာနုစိတ်အရင်းခံမှုတွေဟာ သခင်ကိုယ်တော် မှိုင်းရဲ့ ပုဂ္ဂိုလ်ရေးဩဇာကို ပံ့ပိုးပေးခဲ့တာဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်ကတော့၊ ဗမာပီသခြင်း၊ မြန်မာပီသ ခြင်းပဲဖြစ်ပါတယ်။ ကိုလိုနီသူ့ကျွန်လက်အောက်မှာ၊ ပညာတတ်ဗမာတွေဟာ ကျွန်စော်နံလေ့ရှိပါတယ်။ အနောက်တိုင်းစော်နံလေ့ရှိပါတယ်။ အင်္ဂလိပ်စော်နံလေ့ရှိပါတယ်။ ဒါ့ကြောင့်လည်း သခင်ကိုယ်တော်မှိုင်းဟာ သူ့ခေတ် သူ့အခါမှာ ပိုထင်ပေါ်ခဲ့ဟန်တူပါတယ်။ အနောက်တိုင်းစော်၊ အင်္ဂလိပ်စော်၊ ကျွန်စော် ကင်းစင်မှုဟာ ရာနှုန်းပြည့်ရှိခဲ့တဲ့ လူပုဂ္ဂိုလ်တစ်ယောက်ကို အမျိုးသားရေး ခေတ်အထဆုံးအချိန်မှာ၊ ကြည်ညိုလေးစားကြတာ သဘာဝကျပါတယ်။

ကိုလိုနီခေတ်မှာ ဗမာပညာတတ်တွေဟာ ဘာ့ကြောင့် အင်္ဂလိပ်စော်နံကြသလဲ၊ ဘာ့ကြောင့် ကျွန်စော်နံကြ သလဲဆိုတာကို လေ့လာကြည့်ဖို့ လိုပါတယ်။ အကြောင်းကတော့၊ ပညာရေးမှာ အင်္ဂလိပ်ဇာတ်သွင်းခံရလို့ဖြစ် ပါတယ်။ အင်္ဂလိပ်စာတတ်ရင် အင်္ဂလိပ်ဘက် ပါသွားဖို့ နီးစပ်တယ်၊ အင်္ဂလိပ်ဘက်သား စစ်စစ် ဖြစ်မသွား တောင် ယိမ်းယိုင်တွေဝေနေဖို့များတယ်၊ အခုလို မြန်မာဘက်ကို တစ်သတ်မတ်တည်း ရပ်တည်နေနိုင်လိမ့်မယ် မဟုတ်ဘူးလို့၊ သခင်ကိုယ်တော်မှိုင်းအကြောင်း စာတမ်းမှာ၊ ဒေါက်တာသန်းထွန်းက မှတ်ချက်ပေးဖူးတယ်။ “အင်္ဂလိပ်စာတတ်ရင် အမျိုးသားစိတ်ခေါင်းပါးသွားတတ်တယ်” လို့ သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ခွေးဋီကာ (၁၉၂၅) မှာ ရေးဖူးကြောင်း ဒေါက်တာသန်းထွန်းက ထောက်ပြသွားတယ်။ ဒါဟာ ဘာသာစကားနဲ့ လူမျိုးရေး စိတ်ဓာတ်အကြား အမျိုးသားရေးစိတ်ဖြစ်တည်ပုံကို ဖော်ညွှန်းတဲ့ ထောက်ကွက်ဖြစ်ပါတယ်။ ဆက်လက်ပြီး တော့ ဒေါက်တာသန်းထွန်းက အင်္ဂလိပ်စာတတ်လူငယ်တွေဟာ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေဖြစ်လာပြီး အင်္ဂလိပ်စော်နံခဲ့ပုံကို သခင်ကိုယ်တော်မှိုင်း ရေးခဲ့ဖူးတဲ့ စာနဲ့ ထောက်ပြပြန်ပါ တယ်။

• သို့ ကြည်ဖြူမြတ်နိုးပြီး ကိုးစားလောက်သည်၊ အားထားလောက်သည်ဟု တိုင်းပြည်ခေါင်းဆောင်အရာ တွင် တင်မြှောက်လိုက်သောအခါ အချို့ခေါင်းဆောင်တို့မှာ ငါသည်ကား သာမညမဟုတ်၊ ဥက္ကဌတည်း ဟူသော သတင်းဟိတ်နှင့် အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်မြတ်၊ ပုဂ္ဂိုလ်ထူးဟု နတ်ရူးကို ဗုံနှင့် မြှောက်သကဲ့ သို့ ဂုဏ်မောက်လိုသော ယင်းစိတ်ဖြင့် အမျိုးသားချင်းတို့ အပေါ်မှာပင် နင်းနှိမ်ချိုးဖဲ့၍ အကျိုးမဲ့ ပြောဆို ရေးသား ဆဲရေးတိုင်းထွာ၍ မေတ္တာဓာတ်ကြီးဖြင့် ပတ်စည်းနှောင်ဖွဲ့ခြင်း မပြု၊ ကရုဏာကင်းဝေး၍ မလေးမစားပြုကုန်၏….. လို့ ရေးသားခဲ့ပါတယ်။

သခင်ကိုယ်တော်မှိုင်းဟာ ရှေ့ကနဦး အမျိုးသားရေးလှုပ်ရှားမှုတွေမှာ အင်္ဂလိပ်စာတတ်ရင် ကျွန်စော်နံတယ်လို့ ယူဆခဲ့ပေမယ့်၊ အမျိုးသားရေးဖြတ်သန်းမှု ရင့်ကျက်လာတာနဲ့အမျှ၊ ဘာသာစကားအပေါ်မှာ တည်ပြီး မျိုးချစ် စိတ်ထက်သန်ခြင်းကို ဖျောက်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ သိပ္ပံစာအုပ် တွေကို ဘာသာပြန်ကြဖို့… ဆော်ဩတိုက်တွန်းတာတွေ့ရပါတယ်။ ရှေ့ပိုင်းကာလတွေမှာ သခင်ကိုယ်တော် မှိုင်းရဲ့ မျိုးစိတ်စိတ်ဟာ အကြမ်းထည်သဘောဖြစ်ပေမယ့်၊ နောက်ပိုင်းမှာ ပိုသိမ်မွေ့လာတာကိုတွေ့ရပါတယ်။ aggressive type ကနေ constructive type ကိုပြောင်းလာတဲ့ မျိုးချစ်စိတ်ဖြစ်တယ်လို့ ယူဆလို့ရပါတယ်။

အမျိုးသားရေးလှုပ်ရှားမှုကာလတစ်လျှောက်မှာ၊ သခင်ကိုယ်တော်မှိုင်းဟာ ဟောပြောခြင်းအားဖြင့်သော်လည်း ကောင်း၊ ရေးသားခြင်းအားဖြင့်သော်လည်းကောင်း မဟာဗျူဟာ လွဲမှားမှုတွေ မဖြစ်ဖို့ သတိပေး၊ လမ်းပြ၊ လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း အမျိုးသားရေးစိတ်နိုးကြားလာအောင် ရေးသားလှုံ့ဆော်ရင်း၊ ခေါင်းဆောင်အမည်ခံ သစ္စာဖောက်တွေကို ဖယ်ရှားပြီး လူငယ်တွေ ခေါင်းဆောင်တက်လုပ်ဖို့ တိုက်တွန်း အားပေးပါတယ်။ အမျိုးသားရေးလှုပ်ရှားမှုကာလ အထွတ်အထိပ်တွေကို ကြည့်ရင် လူထုလှုပ်ရှားမှု၊ အမျိုးသား လှုပ်ရှားမှုဖြစ်ရပ်တွေဟာ လူကြီးတွေဆိုတာထက် လူငယ်မျိုးချစ်ပညာတတ်နိုင်ငံရေးသမားတွေ ဦးဆောင်တာ ကို အများဆုံးတွေ့ရပါတယ်။ ဒီအချက်ဟာ နောက်ကွယ်က တွန်းအားဘယ်လောက် အားကြီးသလဲဆိုတာကို ချင့်တွက်နိုင်မယ့်အချက်ဖြစ်ပါတယ်။

ဒေါက်တာသန်းထွန်းဟာ “မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထားအထွေထွေ” ဆိုတဲ့ စာတမ်းတစ်ခုကို ရေးသားခဲ့ပါတယ်။ ဒီစာတမ်းမှာ သခင်ကိုယ်တော်မှိုင်းရဲ့ အမျိုးသားစိတ်နိုးကြားအောင် လှုံ့ဆော်ခဲ့ပုံကို အမျိုး အစားခွဲပြထားပါတယ်။ သခင်ကိုယ်တော်မှိုင်းရေးသားခဲ့တဲ့ ဋီကာအရပ်ရပ်ကို ကောက်ယူပြီးတော့၊ ပုံစံမျိုးကွဲ ငါးမျိုးနဲ့ ရေးသားလှုံ့ဆော်တယ်လို့ မှတ်ချက်ချပါတယ်။

(၁) မြန်မာမှုတွေ ပြန်လည်ဆန်းသစ်ရေးရယ်
(၂) နိုင်ငံရေးအသိစိတ်ဓာတ် ရှင်သန်ရေးရယ်
(၃) အမျိုးသားပညာရေးရယ်
(၄) တိုင်းရင်းသား စီးပွား ဖူလုံရေးရယ်
(၅) တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးရယ်…
ဆိုတာတွေ ဖြစ်ပါတယ်။

သခင်ကိုယ်တော်မှိုင်းရဲ့ အမျိုးသားရေးနိုးကြားမှုအတွက် လှုံ့ဆော်ခဲ့တဲ့ နည်းနာတွေကို ကြည့်ရင် soft power ကို နိုင်နိုင်သုံးသွားတာတွေ့ရပါတယ်။ အနုနည်းအားဖြင့် နယ်ချဲ့ဆန့်ကျင်ရေးကို သွေးထိုးပေးနိုင်ခဲ့တာတွေ့ရ ပါတယ်။ လူ့အဖွဲ့အစည်းကို စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ နိုင်ငံရေးအားဖြင့် လွှမ်းမိုးပြီး လူမှုတော်လှန်ရေး အရွေ့တစ်ခုကို ဦးဆောင်နိုင်ခဲ့တာတွေ့ရပါတယ်။ သူ့ခေတ်သူ့အခါမှာတော့ သခင်ကိုယ်တော်မှိုင်းရဲ့ သဘော ထားနဲ့ ရပ်တည်ချက်၊ လုပ်ရပ်တွေဟာ မြန်မာအမျိုးသားရေးအတွက် အင်မတန် ထိရောက်တဲ့ သက်ရောက်မှု တွေ ရှိခဲ့ပါတယ်။

ဒါ့ကြောင့် သခင်ကိုယ်တော်မှိုင်းကို မြန်မာအမျိုးသားရေးခေါင်းဆောင်တွေထဲမှာ ထိပ်ဆုံးက ဖော်ပြထိုက်တယ် လို့ ယူဆပါတယ်။

မင်းသေ့
ရေးသားနေဆဲ – မြန်မာ့နွေဦးစစ်တမ်း စာအုပ်မှ /

Previous post ▄ တော်လှန်ရေးသတ္တဝါ
Next post ▄ သာသနာ့အာဇာနည်