▄ တွေ့ဆုံဆွေးနွေးရေး…. မမျှော်လင့်နိုင်သေး


• တော်လှန်တဲ့ နိုင်ငံရေးမှာ၊ တွေ့ဆုံဆွေးနွေးရေးနည်းနာနဲ့ အကျပ်အတည်းတွေကို ဖြေရှင်းတာက၊ အညင်သာဆုံးနဲ့ ပြည်သူ့အတွက် အထိနာမှု အနည်းဆုံးလမ်းကြောင်းဖြစ်ပါတယ်။ သို့ပေမယ့် မြန်မာပြည်တော်လှန်ရေးမှာ၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကို ရောက်ဖို့ ဘယ်လိုမှ မျှော်လင့်လို့ မရနိုင်သေးပါ။ ဘာ့ကြောင့်ဆိုတဲ့ အကြောင်းအချက်တွေကတော့ မြောက်မြားစွာ ရှိနေပါတယ်။ အကြောင်းရင်းတွေထဲမှာ လတ်တလော အကြောင်းနဲ့ နောက်ခံက အကြောင်းတရားတွေ ရှိနေပါတယ်။


▄ လတ်တလော အကြောင်း

• (၁) စစ်ကောင်စီဘက်က၊ စပြီး ဖွင့်လိုက်တဲ့ စစ်မျက်နှာဖြစ်တာမို့၊ စတိုက်သူဟာ နိုင်မယ်လို့ မှန်းပြီး တိုက်ပါတယ်။ တကယ့်တိုက်ပွဲတွင်းမှာ အကျပ်အတည်းတွေ ရှိနေပေမယ့်၊ ဆုံးဖြတ်ပြီးသား အစီအစဉ်ကို ပြီးမြောက်အောင် လုပ်ကို လုပ်ရမှာပဲ ဆိုတဲ့ သဘောရှိပါတယ်။ သေချာ၊ ကြိုတင် ရည်ရွယ်ပြီး အစီအစဉ်တကျ လုပ်ခဲ့တဲ့ အာဏာသိမ်းမှုဖြစ်တာကြောင့်၊ အာဏာသိမ်း စစ်ကောင်စီဟာ အစကနဦးမှာ၊ အာဏာဖီဆန်ရေး အရှိန်အဟုန် မြင့်လာလိမ့်မယ်ဆိုတာ ကြိုတင် တွက်ဆထားပြီးဖြစ်ပါတယ်။

• (၂) သို့ပေမယ့် သမားရိုးကျ တော်လှန်ရေးလမ်းကြောင်း အတိုင်းပဲ အာဏာဖီဆန်လိမ့်မယ်လို့ ထင်ထားပါတယ်။ လက်တွေ့မှာ ထင်သလို ဖြစ်မလာတဲ့အခါ၊ အကျပ်အတည်းတွေ ဆိုက်ရောက်နေပါတယ်။ ဒါပေမယ့် စစ်ကောင်စီအတွက် လုံးဝပြိုလဲကျဆုံးသွားနိုင်တဲ့ အကျပ်အတည်းမျိုး မဟုတ်သေးတာကြောင့်၊ သူကိုယ်တိုင်က သူ့အာဂျင်ဒါအတိုင်း ဆက်လက်လုပ်ဆောင်ဖို့ပဲ စိတ်ဇောသန်နေပါတယ်။

• (၃) ပြီးတော့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေဟာ (၄) လနီးပါးလောက်ပဲ ရှိသေးတာမို့၊ ဒါဟာ အာဏာသိမ်း ဟန်းနီးမွန်းကာလအဝန်းအဝိုင်းထဲမှာပဲ ရှိနေသေးတာမို့၊ တပ်က သူစတဲ့ဇာတ်ကို သူ အရှုံးမပေးချင်ပါဘူး။ စေ့စပ်ဆွေးနွေးရေးဆိုတာမျိုး၊ မဲစာရင်းမှားယွင်းတွေကို ပြန်လည် ဖြေရှင်းပေးပါ…. ဆိုပြီး အထောက်အထား၊ အချက်အလက်နဲ့ လူသိရှင်ကြား သတင်းစာ ရှင်းလင်းပွဲတွေ အဖုံဖုံ လုပ်ခဲ့ပြီးပြီ။ ဒါကို ဘယ်လိုမှ မတုံ့ပြန် မဖြေရှင်းတဲ့အတွက် နောက်ဆုံးမှာ အာဏာမသိမ်းချင်ဘဲ၊ အခြေအနေကြောင့် သိမ်းလိုက်ရပါတယ်ဆိုတဲ့ ဇာတ်ညွှန်းမျိုးကို စစ်တပ်က ကိုင်ထားပါတယ်။


• (၄) ဒီတော့ သူ့ဘက်က လျော့ခဲ့ပြီးပြီ၊ အခုမှ စေ့စပ်ဆွေးနွေးရေး စကားကို သူက ဘယ်တော့မှ စပြီး မပြောဘူး၊ လုပ်စရာ ရှိတာ ဆက်လုပ်မယ်၊ စစ်တပ်ရဲ့ အာဂျင်ဒါ (တနည်း) လမ်းပြမြေပုံကိုလည်း ပြည်သူကို အစီရင်ခံပြီးပြီ။ ဒါ့ကြောင့် မစ်ရှင် အခြေပြု လုပ်ဆောင်တတ်တဲ့ စစ်တပ်လို အဖွဲ့အစည်းမျိုးဟာ၊ အာဏာသိမ်းသက်တမ်းတို ကာလအတွင်းမှာ၊ ဘယ်နည်းနဲ့မှ စေ့စပ်ဆွေးနွေးရေးအတွက် သူက စ လက်ကမ်းမှာမျိုး တွေ့နိုင်မှာ မဟုတ်ဘူး။ ဒါဟာ တပ်ဖက်က ကြားကောင်းအောင် ပြောလို့ရတဲ့ အထိုင်။

▄ ဒုတိယအထိုင်

• (၅) ကြားမကောင်းပေမယ့်၊ တကယ့်လက်တွေ့ ထိုင်ထားတဲ့ အထိုင်တစ်ခု ရှိသေးတယ်။ အဲဒါကတော့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ စီးပွားရေး အကျိုးစီးပွား၊ ကိုယ်ကျိုးစီးပွား။ စစ်တပ်အသိုင်းအဝိုင်းနဲ့ နှီးနွှယ်နေသေးတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ အကျိုးစီးပွားတွေကလည်း နောက်ကွယ်မှာ ရှိနေသေးတယ်။ နောက်ဆုံးကျမှ လာတာက၊ စစ်တပ်ထဲက တပ်မတော်သားတွေရဲ့ အကျိုးစီးပွား။ ဒါကို တပ်မတော်ရဲ့ အကျိုးစီးပွား လိုလို၊ အမျိုးသားအကျိုးစီးပွားအတွက် လုပ်ရတာလိုလို ပုံဖမ်းထားတယ်။ ဒါဟာ လက်တွေ့ထိုင်ထားတဲ့ အထိုင်။ ဒါ့ကြောင့် တပ်မတော်သားတွေရဲ့ အသက်ကို ဘယ်လောက် စတေးရ စတေးရ၊ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေနဲ့ တပ်အသိုင်းအဝိုင်းရဲ့ အကျိုးစီးပွားကို နည်းနည်းလေးမှ အပွန်းပဲ့မခံနိုင်တာမို့၊ ဇွတ်တိုးပြီး မိုက်အုံးမှာပဲ။ ဒါဟာ တကယ့်ဖြစ်ရပ်။

▄ လူထုဘက်က အထိုင်

• (၆) လူထုဘက်ကလည်း၊ ၂၀၂၁ အာဏာသိမ်းမှုဟာ အတင်း အဓမ္မလုပ်တယ်ဆိုတာ အထင်းသားကြီးပဲ။ ဒါဟာ နိုင်ငံရေးအဝေမတည့်မှု မဟုတ်တော့ဘူး။ သက်သက်မဲ့ ပြည်သူကို (ယီး) ထင်ကြောင်း ပြတာ။ ဒါ့ကြောင့် ပြည်သူကို စော်ကားလို့ ဒါဟာ လုံးဝ လက်သင့်မခံနိုင်ဘူး။ ဒါ့အပြင် ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်တွေ အားလုံး ဆုံးရှုံးရမယ့် အဖြစ်။ အာဏာသိမ်းတာဟာ၊ စစ်ကောင်စီ ပြောသလို တစ်နှစ်လောက်ပဲ ထိန်းတယ်ဆိုတာ လုံးဝ ယုံနိုင်စရာ မရှိဘူး။ ဒါ့ကြောင့် သူတို့ကို ပေးကို အုပ်ချုပ်လို့ မဖြစ်ဘူး။ အုပ်ချုပ်ခွင့်ကို မရစေရဆိုတဲ့ သဘောထားရှိတယ်။ ဒီတော်လှန်ရေးဟာ နောက်ဆုံးပဲ ဖြစ်ရမယ်ဆိုတဲ့ စိတ်လည်း ရှိနေကြတယ်။ ဒီတစ်ခါမှ အပြတ်အသတ်မနိုင်ရင် ဘယ်တော့မှ နိုင်နိုင်စရာ မရှိတော့ဘူး။ နှစ်ပေါင်း ဆယ်နဲ့ချီ စစ်ဖိနပ်အောက်မှာ နေရတော့မှာ။ ဒီတော့ အခုဟာ အခွင့်ကောင်းမို့ အမြစ်ကနေ လှန်မှ ရမယ်ဆိုတဲ့ ယူဆချက်အမြင်ရှိတယ်။

• (၇) နောက်တစ်ချက်က… ပြည်သူတွေဟာ ငြိမ်းချမ်းစွာ အာဖီဆန်နေတာကို၊ ရက်ရက်စက်စက် သတ်ဖြတ် ပစ်တယ်။ အပြစ်မဲ့ပြည်သူတွေ သေတာ ထောင်ဂဏန်းကပ်လာပြီ။ ဒါဟာ အညှိုးအတေးနဲ့ သတ်ဖြတ်ညင်းဆဲနေသလိုပဲ။ အဓိကရုဏ်းကို နှိမ်နင်းရင်းနဲ့ အတော်တဆ ကျည်ဆန်ထိမှန်သေဆုံးတာမျိုး မဟုတ်ဘူူး။ သက်သက်မဲ့ ရည်ရွယ်ချက်ရှိရှိ ပြည်သူကို သတ်ဖြတ်တာ။ ဒါ့ကြောင့် တမင်တကာ ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်တာမျိုးကို လက်မခံနိုင်ဘူး။ စစ်ကောင်စီကို စစ်ရာဇဝတ်ခုံရုံးတင်မှ ကျေနပ်မယ်ဆိုတာမျိုး။

• (၈) နောက်ပြီးတော့ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးဟာ ထင်မှတ်မထားနိုင်လောက်အောင်၊ ပြည်သူတွေရဲ့ စုစည်းညီညွှတ်မှုဟာ ကြီးမားတယ်။ အတိတ်သမိုင်းမှာ၊ ရှားရှားပါးပါး ပြည်သူ့ရဲ့ ညီညွှတ်မှုကြီးကို တွေ့ရတယ်။ ဒါ့ကြောင့် ဒီတော်လှန်ရေးမှာ အပြတ်အသတ်နိုင်မှ ဖြစ်မယ်၊ အီလည်လိုက်နေတဲ့ ရှေ့မတိုး နောက်မဆုတ် အခြေအနေမျိုး၊ အဖြစ်မခံနိုင်ဘူး။ ဒါ့ကြောင့် ပြည်သူတွေရဲ့ တခဲနက် ညီညွှတ်မှုကို အားသာချက်ယူပြီး တစ်ပြည်လုံး အုံကြွကြဖို့ လုပ်ဆောင်ခဲ့တယ်။ တကယ်လည်း တစ်ပြည်လုံးလိုလို အုံကြွ ဖီဆန်ခဲ့တယ်။

• (၉) လူမျိုးစုတိုင်းရင်းသားတွေနဲ့ ပြည်မက ဗမာအင်အားစုတွေမှာလည်း၊ ဘုံရန်သူကို တွေ့လိုက်သလို ဖြစ်သွားတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာ၊ လူမျိုးစုအားလုံးဟာ ဘုံတူညီချက်မှာ ခြေစုံရပ်မိလိုက်ကြတယ်။ ဗမာလူမျိုးစုတွေဘက်ကလည်း ဖက်ဒရယ်ဆိုတာကို လိုလိုလားလား ပြင်းပြင်းပြပြ ဖြစ်ကြောင်း ဝိသေသလက္ခဏာ အမြောက်အမြား ပြသလာကြတယ်။ ဖက်ဒရယ်ဒီမိုကရေစီကို အခုအချိန်မှ၊ အားလုံး တစ်ပြိုင်နက်တည်း မသွားဘူးဆိုရင်၊ နောက်ဆို ပေးသလောက် ကမ်းသလောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလောက်ပဲ ရမှာ။ ဖက်ဒရယ်ကို သွားကြစို့….ဆိုတဲ့ သဘောထားတွေ စုစည်းမိလာတယ်။

• (၁၀) နောက်တစ်ခုက ….. ငါတို့က လူသတ်ကောင်တွေနဲ့ ဘာမှ စေ့စပ်ညှိနှိုင်းနေစရာ မလိုဘူးဆိုတဲ့ အယူအဆ။ ခေတ်ကလည်း တိုးတက်လာလို့၊ ဆက်သွယ်ရေး နည်းပညာတွေရဲ့ အစွမ်း အပါအဝင်၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေကလည်း မြန်မာ့နွေဦးတော်လှန်ရေးကို နိုင်ငံတကာက အာရုံစိုက်အောင် ဖမ်းစားနိုင်ခဲ့တယ်။ ပြည်ပရောက် မြန်မာအင်အားစုတွေနဲ့ ပြည်ပက မြန်မာသံရုံး အရာရှိတွေကလည်း၊ ရွေးကောက်ခံကိုယ်စားလှယ်အဖွဲ့ကို သစ္စာခံတယ်။ ဦးကျော်မိုးထွန်းတို့လို သံအမတ်ကြီးတွေက၊ ကုလသမဂ္ဂစင်မြင့်ပေါ်မှာ၊ လူသိရှင်ကြား အရပ်သားအစိုးရကို ထောက်ခံပြီး၊ စစ်အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်တယ်။ တစ်နိုင်ငံလုံးက ကျန်းမာရေးဌာနနဲ့ ပညာရေးနယ်ပယ်က ဝန်ထမ်း တော်တော်များများဟာ ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ကြတယ်။ တပ်အတွင်းက ပြည်သူ့ဘက်တော်သား စစ်အရာရှိ၊ ဗိုလ်ကြီး ဗိုလ်မှူးတချို့က ပြည်သူ့ဘက်ကို ထွက်ရပ်ကြတယ်။

• (၁၁) စစ်ခေါင်းဆောင်တွေအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကလည်း ၁၉၈၈ နောက်ပိုင်း အခြေအနေကထက်စာရင် အခု မြန်မာ့နွေဦးတော်လှန်ရေးမှာ အလွန် မြန်ဆန်ကြတယ်။ ကမ္ဘာ့သတင်းမီဒီယာတွေကလည်း မြန်မာ့နွေဦးတော်လှန်ရေးသတင်းတွေကို နေ့စဉ်လိုလို ဖော်ပြရေးသားကြတယ်။ တပ်အတွင်းမှာတောင်၊ တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့လုပ်ရပ်အပေါ်မလိုလား၊ မလက်ခံတဲ့ စစ်ဗိုလ်အရာရှိတွေ တော်တော်များများ ရှိနေတယ်…. ဆိုတာမျိုး ကြားသိရတယ်။ လူမျိုးစုလက်နက်ကိုင်တွေရဲ့ လက်နက်ကိုင် ပုန်ကန်မှုတွေဟာ အံ့မခန်းတွေ့မြင်ကြရတယ်။

•(၁၂) စစ်ကောင်စီဘက်က အရူးမီးဝိုင်း အထိနာနေတာကြောင့် တော်လှန်ရေး အရှိန်အဟုန်ဟာ ဆက်ပြီး မြင့်မားလာခဲ့တယ်။ တပ်ပိုင်စီးပွားရေးနဲ့ ကုန်စည်တွေကို သပိတ်မှောက်မှုတွေကလည်း ထိရောက်တယ်။ နိုင်ငံတကာနဲ့ ချိတ်ဆက်လှုပ်ရှားနိုင်စွမ်းမြင့်တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ကိုလည်း ရွေးကောက်ခံနိုင်ငံရေးသမားတွေကလည်း ဖွဲ့စည်းထားနိုင်လိုက်ပြီ။ နိုင်ငံတကာမှာလည်း၊ ဘယ်နိုင်ငံကမှ အာဏာသိမ်း စစ်ကောင်စီကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုတာမျိုး၊ တရားဝင် ထွက်ပေါ်မလာသေးအောင် လုပ်နိုင်ခဲ့တယ်။

• (၁၃) ထိုနည်းလည်းကောင်း၊ ဒီမိုကရက်တစ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သက်ရှိထင်ရှား ရှိနေသေးသလို၊ သူ့အပေါ်မှာ အားကိုးယုံကြည်လေးစားတဲ့ လူထုတွေဟာလည်း မြန်မာနိုင်ငံတောကြိုအုံကြားအထိ စိမ့်ဝင်ပျံ့နှံ့နေတာမျိုးဖြစ်နေတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ကြည့်ရင်လည်း ၁၉၉၀ တုန်းကလို ရွေးကောက်ပွဲသာ အနိုင်ရတဲ့ နိုင်ငံရေးပါတီ (winning party) သက်သက် မဟုတ်တော့ဘူး။ အာဏာရပါတီ (ruling party) အဖြစ် နိုင်ငံတော်ကို တရားဝင် အုပ်ချုပ်မှု (၅) နှစ်ရထားပြီးတဲ့ နိုင်ငံရေးပါတီဖြစ်နေတာ ဖြစ်တယ်။ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အပြတ်အသတ် ထောက်ခံမဲရတာကြောင့် ပြည်သူတွေရဲ့ စစ်အာဏာရှင်အပေါ် အာဏာဖီဆန်မှုနဲ့ တော်လှန်ရေး အပေါ် ယုံကြည်ချက်ဟာ အံ့မခန်း တိုးတက်နေခဲ့တယ်။

• ဒါတွေဟာ ယေဘုယျအားဖြင့် ကြည့်ရင်၊ ပြည်သူ့ဘက်က အသာစီးရနေတဲ့ အခင်းအကျင်းတွေ ဖြစ်သလို၊ ပြည်သူဟာ စစ်ကောင်စီနဲ့ ဘယ်တော့မှ စေ့စပ်ညှိနှိုင်းရေးမလုပ်ဘူး၊ လူသတ်ကောင်တွေနဲ့ ဘယ်တော့မှ လက်ဆွဲ မနှုတ်ဆက်ဘူး…. ဆိုတဲ့ အမြင်အယူအဆတွေဟာ၊ အထက်က တင်ပြခဲ့သလို အကြောင်းအချက်တွေကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း၊ စေ့စပ်ညှိနှိုင်းရေးကို အခုအချိန်မှာ၊ ပြည်သူက လုံးဝ မျက်နှာမူ မထားရတဲ့ အကြောင်းရင်းတွေလည်း ဖြစ်ပါတယ်။

• နှစ်ဖက်စလုံးက မာနတွေ ကြီးနေတယ်။ အဲသည့် မာနတွေကို ထောက်ပံ့ထားတဲ့ အကြောင်းရင်းတွေကလည်း ရှိနေပြန်တယ်။

• နိုင်ငံရေးအားဖြင့် အစဉ်အလာဘယ်လောက်ပဲ ရှိတဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးပရောဟိတ်တွေပဲ ဖြစ်ဖြစ် ပြည်သူဟာ စေ့စပ်ညှိနှိုင်းရေး အသံထွက်လာတာနဲ့ မလိုလား၊ ကန့်ကွက်၊ ဆန့်ကျင်တာဟာ ဒီလို လက်တလော အကြောင်းရင်းတွေကြောင့် ဖြစ်ကြောင်း နားလည်နိုင်ပါတယ်။

▄ နောက်ခံ အကြောင်းရင်း

• (၁၄) နောက်ထပ် နောက်ခံ အကြောင်းရင်းကတော့၊ (၁) သမိုင်းဖြတ်သန်းမှု အတွေ့အကြုံနဲ့ (၂) မြန်မာ့နိုင်ငံရေးဓလေ့ကြောင့်ပဲဖြစ်ပါတယ်။

• (၁၅) မြန်မာတွေရဲ့ သမိုင်းဖြတ်သန်းမှု အတွေ့အကြုံမှာ၊ စစ်တပ်အပေါ် နာကျည်းချက်တွေ ရှိခဲ့သလို၊ စစ်တပ်ရဲ့ မှားယွင်းတဲ့ခေါင်းဆောင်မှုကြောင့် ချွတ်ခြုံကျရတဲ့ ဘဝတွေ။ သေကြေ ညင်းဆဲခံရတဲ့ ဘဝတွေ အမြောက်အမြား ရှိခဲ့ပြီးဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း၊ တပ်က ဘယ်တော့မှ ကတိမတည်ခဲ့ဘူးဆိုတဲ့ ယုံကြည်မှုပျက်ယွင်းမှုတွေဟာလည်း မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ကြီးစိုးနေဆဲဖြစ်ပါတယ်။ ဒါဟာ နောက်ကွယ်အကြောင်းရင်းတွေထဲက အဓိက အချက်တွေ ဖြစ်ပါတယ်။

•(၁၆) နောက်တစ်ချက်က မြန်မာ့နိုင်ငံရေးဓလေ့ပဲဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးဓလေ့မှာ၊ စစ်ဓလေ့ကဲတာ။ အစွန်းရောက် အယူအဆ ဖြစ်ထွန်းတာ၊ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အပေါ်မှာ တမ်းတစွဲမက်တတ်တာ (တနည်း) စားပွဲဝိုင်းနိုင်ငံရေးထက် လက်နက်နဲ့ ဖြေရှင်းတဲ့ ရရင်ရ၊ မရရင် ချ….ဆိုတဲ့ အယူအဆမျိုးတွေ ကိန်းအောင်းနေတာကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ထိုနည်းလည်းကောင်း လက်ဝဲအစွဲအားကြီးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ရန်-ငါ စည်း ပြတ်အောင် ကြည့်တဲ့ဓလေ့ ထွန်းကားနေတာကြောင့်လည်း လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ၊ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းဟာ ၂၀၂၁ ခုနှစ် တစ်နှစ်လုံးအတွင်းမှာ မျှော်လင့်လို့ မရနိုင်သေးတဲ့ကိစ္စ ဖြစ်ပါကြောင်း…. တင်ပြလိုက်ရပါတယ်။

စကားချပ် – စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းထဲကို မရောက်နိုင်သေးတဲ့ နောက်ထပ် အကြောင်းတရားတွေလည်း ကျန်ရှိနေပါလိမ့်အုံးမယ်။ ကျနော် ရေးသားချက်မှာ ဖြည့်စွက်လို့ရတဲ့ ကွက်လပ်တွေ ကျန်နေနိုင်ပါသေးတယ်။ စာဖတ်သူများ ဖြည့်စွက် စဉ်းစားကြပါ ခင်ဗျား….။

မင်းသေ့

၂၆ ၊ ၅ ၊ ၂၀၂၁။

Previous post ▄ တိုင်းပြည်သည် တပ်မတော်အတွက်လား
Next post ပြည်သူတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ဘာ့ကြောင့် ရွေးချယ်လိုက်ရသလဲ