(၁) တိုင်းပြည်အတွက် တပ်မတော် ဖြစ်ရမှာ ဖြစ်ပါတယ်။ တပ်မတော်သည် တိုင်းပြည်အတွက် ဖြစ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ပြောင်းပြန်ဖြစ်နေပါတယ်။ တပ်မတော်ဟာ၊ တိုင်းပြည်ကို စစ်တပ်အကျိုးစီးပွားအတွက် အသုံးချခဲ့ပါတယ်။ အသုံးချနေပါတယ်။ အသုံးချလည်း ချပါလိမ့်အုံးမယ်။ စစ်ဗိုလ် စစ်သားတွေရဲ့ စိတ်ထဲမှာ….


• ငါတို့ဟာ တိုင်းပြည်ရဲ့ကယ်တင်ရှင်တွေ ဖြစ်တယ်၊ • ငါတို့က တိုင်းပြည်ကို ချစ်တယ်၊ • နိုင်ငံရေးသမားတွေက အသုံးမကျဘူး၊• နိုင်ငံရေးသမားတွေဟာ တိုင်းပြည်ကို ချစ်ချင်ဟန်ဆောင်ပြီး သူတို့အာဏာရဖို့အတွက်ပဲ လုံးပန်းနေကြတာ၊ • ဒီလို နိုင်ငံရေးသမားတွေ အာဏာလုပြီး တိုင်းပြည်က အစိတ်စိတ်အမွှာမွှာ ပြိုကွဲတော့ မလို အချိန်မှာ၊ ငါတို့က သမိုင်းပေးတာဝန်အရ ၊ တိုင်းပြည်ကို ကယ်တင်ခဲ့ရတယ်…၊ • တိုင်းပြည် ချောက်ထဲကျရန် လက်နှစ်လုံးအလိုမှာ ငါတို့ဟာ တိုင်းပြည်ကို ကယ်တင်ခဲ့ရတယ်၊ • မြန်မာပြည်လွတ်လပ်ရေးဟာလည်း ငါတို့ လက်နက်ကိုင်တိုက်လို့ လွတ်လပ်ရေးရလာတာ၊ • လွတ်လပ်ရေးဆိုတဲ့သဘောကလည်း တိုက်ယူမှ စစ်မှန်တာ၊ သမိုင်းအဆက်ဆက်ကို ကြည့်ရင် တပ်မတော်ဟာ တိုင်းပြည်အတွက် အနစ်နာခံခဲ့တယ်၊ • တပ်မတော်ဟာ ပေးဆပ်မှုအများဆုံး ဖြစ်တယ်။

(၂) ဒီလို အတွေးအခေါ် အယူအဆ အတွေးအမြင်တွေဟာ စစ်တပ်ထဲမှာ ကိန်းအောင်းနေတယ်။ အထူးသဖြင့် တပ်အတွင်းက ဗိုလ်ချုပ်ကြီးတွေ၊ တပ်တွင်းခေါင်းဆောင်ပိုင်းမှာ ကြီးစိုးနေတယ်။ ဒီအယူအဆမျိုးကို တပ်မတော်ရဲ့ သင်တန်းကျောင်းနဲ့ စစ်တက္ကသိုလ်တွေမှာ ရိုက်သွင်း သင်ကြားစေခဲ့တယ်။ တပ်တွင်း အတွေးအခေါ်တွေဟာ၊ မြန်မာ့သမိုင်းကြောင်းအပေါ် ဤသို့ ဤပုံ ယူဆလက်ခံထားလေ့ရှိပါတယ်။

(၃) ဒီလိုယူဆချက်မျိုးတွေကြောင့်လည်း၊ ငါတို့ဟာ တိုင်းပြည်ရဲ့သယံဇာတတွေကို စားသုံးနိုင်တယ်၊ အသုံးချနိုင်တယ်၊ တိုင်းပြည်အကျိုးကို ရှေ့ရှုပြီးတော့၊ တိုင်းပြည်ကို ငါတို့ပဲ တည်ဆောက်ရမယ်၊ ငါတို့ပဲ တည်ဆောက်နိုင်မယ်လို့ ထင်နေကြတာများတယ်။ နိုင်ငံရေးသမားတွေဟာ တိုင်းပြည်ကို တိုင်းတစ်ပါးကိုပဲ ရောင်းစားဖို့ လုပ်နေတဲ့ နိုင်ငံခြားလက်ဝေခံတွေ ဖြစ်တယ်…. လို့ ယူဆကြတယ်။ အထူးသဖြင့် မြန်မာပြည်တွင်းက ဒီမိုကရက်တစ်နိုင်ငံရေးသမား အုပ်စုတွေကို အနောက်နိုင်ငံတွေရဲ့ လက်ဝေခံ၊ အနောက်နိုင်ငံတွေရဲ့ လက်ကိုင်တုတ်လို့ မြင်တယ်။ ဒါပေမယ့်၊ မြန်မာစစ်တပ်ကိုယ်တိုင်က အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံကြီးတွေရဲ့ လက်ဝေခံ၊ လက်ကိုင်တုတ်ဖြစ်နေတာကို မေ့ချင်ယောင်ဆောင်နေကြတယ်။

(၄) တိုင်းပြည်ရဲ့ ကယ်တင်ရှင်တွေ အဖြစ် သူတို့ကိုယ် သူတို့ မြင်နေ၊ ယူဆနေကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ဟာ တိုင်းပြည်ရဲ့ ကျေးဇူးရှင်ကြီးတွေအဖြစ် ကိုယ့်ကိုယ်ကို မှတ်ထင်နေကြတယ်။ ကမ္ဘာကြီးဟာ ကိုယ့်ကိုယ်ကို သိပ်အရေးပါ၊ အရာရောက်ချင်လွန်းတဲ့ လူတွေကြောင့် ဒုက္ခရောက်နေတယ်ဆိုတာ သိပ်မှန်တာပဲ။ အခုလည်း မြန်မာပြည်မှာ၊ ကိုယ့်ကိုယ်ကို သိပ်ကို အရေးပါ အရာရောက်ချင်လွန်းတဲ့ စစ်ဗိုလ်ချုပ်တွေကြောင့် ဒုက္ခ အခါခါ ရောက်နေကြရတယ်။

(၅) စစ်ဗိုလ်ချုပ်တွေရဲ့စိတ်ထဲမှာ မှတ်ယူထားတဲ့ ငါတို့ဟာ တိုင်းပြည်ရဲ့ ကယ်တင်ရှင်…ဆိုတဲ့ အယူအဆကြောင့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဟာ ကွဲအက်နေတယ်။ ပြည်သူလူထုနဲ့ တပ်မတော်ဟာ သွေးကွဲနေတယ်၊ လူထုနဲ့ တပ်မတော်ဟာ ဝေးကွာနေတယ်၊ စစ်တပ်ဟာ တိုင်းပြည်အပေါ် ကျေးဇူးရှိလို့၊ စစ်တပ် ကောင်းမယ်ထင်တဲ့အရာတွေကို လုပ်တာ တရားတယ်၊ ဘယ်လိုသော ပေးဆပ်မှုတွေ တိုင်းပြည်မှာ ရှိရှိ၊ ငါတို့ဟာ ရှေ့တန်းမှာ အသက်ကို စွန့်ပြီး သေရဲတဲ့ သူတွေဖြစ်တယ်၊ တိုင်းပြည်အတွက် အသက်ကို စွန့်ထားသူတွေ ဖြစ်တယ်၊ ဒါ့ကြောင့် တိုင်းပြည်တွင်းမှာ ငါတို့ ဘာလုပ်လုပ်မှန်တယ်၊ အကယ်၍ မှားခဲ့ရင်တောင် ဒါဟာ စေတနာအမှားသာ ဖြစ်မယ်၊ ငါတို့က တိုင်းပြည်တိုးတက်အောင်၊ တိုင်းပြည်စည်းလုံးအောင် လုပ်နေတာ…ဆိုတဲ့သဘောထားအမြင်တွေဟာ တပ်တွင်း စစ်ဗိုလ်ချုပ်တွေမှာ အကြီးအကျယ် အမြစ်စွဲ ကိန်းအောင်းနေတာ ဖြစ်ပါတယ်။

(၆) ဒီလို တပ်တွင်းက ယုတ္တိမှား အတွေးအခေါ်တွေဟာ ဒင်းကြမ်းပြည့်နေပါတယ်။ ဒါတွေကို မပြုပြင် မပြောင်းလဲနိုင်သေးသရွေ့၊ မြန်မာပြည်ဟာ စစ်အာဏာသိမ်းမှု အဆိုးကျော့သံသရာထဲက ထွက်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။

မင်းသေ့

၂၇ ၊ ၅ ၊ ၂၀၂၁။

Previous post မြန်မာတွေ အမှတ်သည်းခြေရှိတယ်ဆိုတာ တကယ်ရော ဟုတ်ရဲ့လား
Next post ▄ တွေ့ဆုံဆွေးနွေးရေး…. မမျှော်လင့်နိုင်သေး