• (၁) မြန်မာစစ်ဗိုလ်တွေရဲ့ အကျင့်က၊ ရှေ့လူလုပ်သွားခဲ့တာတွေကို နောက်ကလူက ပြန်ပြန်ဖျက်တတ်တဲ့ အကျင့် စွဲမြဲနေပါတယ်။ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်မှာ တည်ဆောက်ခဲ့သမျှ ရေခံမြေခံကောင်းတွေကို ဗိုလ်နေဝင်းလည်း ၆၂ မှာ အာဏာသိမ်းပြီးရော၊ အားလုံးဖျက်စီးလိုက်တယ်။ ပါလီမန် ဒီမိုကရေစီခေတ်မှာ တည်ဆောက်ခဲ့တဲ့ ဈေးကွက်စနစ်ရဲ့ ရေခံမြေခံကောင်းတွေဟာ၊ အားလုံး ဘူးသီးနုနု အမွှေးသပ်ပစ်လိုက်သလို။ တော်လှန်ရေးကောင်စီလက်ထက် ခေတ်ပြောင်းတော်လှန်ရေးလို့ ကြွေးကြော်ပြီး ပြည်သူပိုင်တွေ သိမ်းပစ်လိုက်တယ်။ ဈေးကွက်စီးပွားရေးစနစ်နဲ့ ရေခံမြေခံကောင်းတွေ အညွှန့်ကျိုးသွားတယ်။ အညွန့်ကျိုးသွားရုံမက အမြစ်ကနေပါ ပြည်သူပိုင်သိမ်းလိုက်တော့၊ အမြစ်ကနေပါ ဆွဲနှုတ်ပစ်သလို ဖြစ်ခဲ့ရတယ်။ အညွှန့်အညှောင့်တွေဟာ နှစ်ပေါင်း ၅၀ ကျော်ကြာလာတဲ့အထိတောင် မထူထောင်နိုင်တဲ့ ဘဝ။ နိုင်ငံရေးမှာ ဒိုင်ယာလော့ခ်အခင်းအကျင်းနဲ့ ပါလီမန်စနစ်ဟာ မြန်မာစစ်ဗိုလ်တွေရဲ့ကောင်းမှုနဲ့ ပျက်သုဉ်းခြင်းမလှ ပျက်သုဉ်းသွားခဲ့တယ်။


•(၂) မြန်မာစစ်ဗိုလ်တွေရဲ့ အကျင့်ဟာ၊ ဖျက်လို ဖျက်စီးလုပ်တတ်တဲ့ အကျင့် စွဲမြဲနေပါတယ်။ အထူးသဖြင့် စစ်ဘက်အဖွဲ့အစည်းဆိုတာလည်း၊ constructive power ထက် destructive power ကို အမြဲဗဟိုပြုတဲ့ အဖွဲ့ မဟုတ်လား။ တည်ဆောက်ရေးစွမ်းအားထက်၊ အဖျက်စွမ်းအားကို ပိုပြီး သုံးရတဲ့ အဖွဲ့အစည်းမျိုးဖြစ်တာကြောင့်၊ စစ်တပ်အုပ်ချုပ်တဲ့နိုင်ငံရေးခေတ်ကာလမှာ တည်ဆောက်ရေးထက် ဖြိုဖျက်ရေးလုပ်ငန်းစဉ်တွေကိုပဲ အားစိုက်လုပ်ဆောင်ခဲ့တာကို အတိတ်ဖြစ်ရပ်တွေက သက်သေခံနေပါတယ်။ ဒါ့ကြောင့် စစ်တပ်ဟာ တည်ဆောက်ရေးလုပ်ငန်းတွေမှာထက် ဖျက်ဆီးရေးလုပ်ငန်းတွေမှာ ပိုပြီး အရေးပါ အရာရောက်နေတာ တွေ့ရပါတယ်။ စစ်အစိုးရတွေ အာဏာသိမ်းလိုက်တိုင်း၊ ရှေ့ရှေ့က တည်ဆောက်ခဲ့တဲ့ အရာတွေကို သူတို့အာဏာစက်တည်မြဲဖို့ အမြဲတမ်း ဖျက်စီးခဲ့တာကို တွေ့နိုင်ပါတယ်။

•(၃) ဒါတွေဟာ၊ အရပ်ဘက်နိုင်ငံရေးသမားတွေနဲ့ လူထုက တည်ဆောက်ခဲ့တဲ့ အရာတွေကိုတင် ဖျက်စီးခဲ့တာလားဆိုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် သူတို့ ရှေ့က စီနီယာ ဗိုလ်ချုပ်ကြီးတွေ ကောင်းနိုးရာရာ လုပ်ဆောင်ခဲ့တဲ့ အရာတွေကိုလည်း နောက်က ဂျူနီယာ စစ်ဗိုလ်တွေဟာ ဖျက်စီးခဲ့တာဖြစ်ပါတယ်။ နအဖခေတ်တွေမှာ၊ ပြည်နယ်နဲ့ တိုင်းတွေကို တိုင်းမှူးတွေ၊ ပြည်နယ်မှူးတွေနဲ့ အုပ်ချုပ်စဉ်ကာလတွေမှာ၊ ရှေ့က တိုင်းမှူး လုပ်သွားခဲ့တာတွေကို နောက်တိုင်းမှူး အလှည့်ရောက်ရင် ဖျက်စီးပစ်တာတွေ ရှိခဲ့ပါတယ်။ စစ်ဗိုလ်တွေဟာ သူတို့စိတ်ထဲ မထင်ရင် မထင်သလို ဖျက်လိုဖျက်စီးတွေ လုပ်တတ်ကြပါတယ်။ အထူးသဖြင့် စစ်ဗိုလ်အများစုဟာ မနာလို ဝန်တိုစိတ် သိပ်အားကြီးတာတွေ့ရပါတယ်။ တပ်မတော်သားအချင်းချင်းဖြစ်တဲ့ သူတို့ စီနီယာ၊ ဂျူနီယာ စစ်ဗိုလ်အချင်းချင်းမှာတောင် ဒီလို စိတ်မျိုးတွေ သိပ်အားကြီးတာတွေ့ရပါတယ်။ နောက်ထပ် ဥပမာတွေ ရှိပါသေးတယ်။

•(၄) ဗိုလ်ချုပ်ထွန်းကြည်။ ဗိုလ်ချုပ်ထွန်းကြည်ဟာ ၁၉၈၈ အရေးအခင်းကာလမှာ မန္တလေးတိုင်း၊ တိုင်းမှူး။ နောက်တော့ ကုန်သွယ်ရေးဝန်ကြီး အဖြစ် ပြောင်းခံလိုက်ရပြီး စစ်ဘက်မှာ သူ့ဩဇာ မရှိအောင် အရပ်ဘက်ကို ပ,ထုတ်ခြင်း ခံရသူ။ ၁၉၉၇ ရောက်တော့၊ ကုန်သွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်သန်းရွှေက အနားပေးလိုက်ပြီး ဘာရာထူး အာဏာမှ မရှိတဲ့ နိုင်ငံတော်အကြံပေးအဖွဲ့ဝင် အဖြစ် ခန့်ထားကြောင်း ပြောပြီး ဖြုတ်ပစ်လိုက်တယ်။ နားလှည့် ပါးရိုက် လုပ်လိုက်တဲ့သဘော။ ခံရသူမှာတော့ စပ်ဖျင်းဖျင်းနဲ့။ တကယ်တော့ ဗိုလ်ထွန်းကြည်ဆိုတာ ဗိုလ်သန်းရွှေတို့ရဲ့ ဗိုလ်နေဝင်းခေတ်မှာ မတိမ်းမယိမ်းတွေ။ ဒါပေမယ့် ဗိုလ်သန်းရွှေက တပ်ကြပ်ကြီး စာရေးကနေ ထိပ်ပိုင်းရောက်လာတဲ့သူ။ ဗိုလ်ထွန်းကြည်ဆိုတာ စစ်တက္ကသိုလ်ဆင်း ပညာတတ်။ ဗိုလ်ထွန်းကြည်လို ကိုယ်စွမ်းကိုယ်စနဲ့ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း၊ ဒေါင့်မကျိုး၊ စွတ်လုပ်တတ်သူ တစ်ယောက်ကို ရုတ်တရက် ဖယ်ရှားဖို့ မလွယ်။ ဒါ့ကြောင့် တစ်ဆင့်ချင်းစီ ဖြုတ်တယ်။ နောက်ဆုံး အဖြုတ်ခံရတဲ့ ၁၉၉၇ ခုနှစ်က၊ ထောက်လှမ်းရေးမှာ ဗိုလ်ခင်ညွှန့် တန်ခိုးထွားနေတဲ့ အချိန်။ ဗိုလ်ခင်ညွှန့်ကို ပင့်တင်ပေးပြီး ဗိုလ်သန်းရွှေက သူနဲ့ တစ်တန်းထဲအတူ ရှိခဲ့တဲ့ လူတွေထဲက အထင်ကရ လူကို အပြုတ်ဖြုတ်လိုက်တဲ့သဘော။

•(၅) တပ်ထိပ်ပိုင်းခေါင်းဆောင် စစ်ဗိုလ်ချုပ်တွေဟာ တပ်ထိပ်ပိုင်းမှာ သူတို့ အာဏာစက်ကြီးမားလာစေဖို့၊ သူတို့နဲ့ ပလဲပနံမသင့်တဲ့ level တူ စစ်ဗိုလ်ချုပ်တွေကို နည်းအမျိုးမျိုးနဲ့ ပ,ထုတ်တတ်ကြတယ်။ သူတို့ဟာ သူတို့နဲ့ မတိမ်းမယိမ်း စစ်ဗိုလ်ချုပ်တွေကို ကန့်ထားတတ်ကြပြီး၊ သူတို့အောက်က ဂျူနီယာ စစ်ဗိုလ်တွေကို ပင့်တင်ပေးပြီး သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဩဇာကို ချဲ့ထွင်တတ်ကြတယ်။ အကယ်၍ ကိုယ်မွေးခဲ့တဲ့ အငယ် (ဂျူနီယာ) စစ်ဗိုလ်တွေထဲက ကိုယ့်ကို ကာပြန်မယ်ဆိုတဲ့ အရိပ်အရောင်တွေ့ရင်လည်း ဘာကိုမှ မထောက်ထား၊ ပြတ်ပြတ်သားသား ဖြုတ်ထုတ်သတ် လုပ်တတ်ကြတာ စစ်ဗိုလ်တွေရဲ့ ထုံးစံလို ဖြစ်နေပါပြီ။ ဗိုလ်နေဝင်းဟာ ဗိုလ်ချုပ်ကျော်ဇောကို ဘယ်လို ပ,ထုတ်ခဲ့သလဲ။ ဗိုလ်သန်းရွှေဟာ ဗိုလ်ထွန်းကြည်ကို ဘယ်လို ပ,ထုတ်ခဲ့သလဲ။ ဗိုလ်သန်းရွှေဟာ ဗိုလ်ခင်ညွှန့်ကို ဘယ်လို ပ,ထုတ်ခဲ့သလဲ။ ဦးသိန်းစိန် (ဗိုလ်သိန်းစိန်) ဟာ သူရရွှေမန်း ကို ဘယ်လို ပ,ထုတ်ခဲ့သလဲ။ ကာချုပ် ဗိုလ်မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေး နီးကပ်ခဲ့တဲ့ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေကို ဘယ်လို ပ,ထုတ်ခဲ့သလဲ။

•(၆) စစ်ဗိုလ်ချုပ်တွေ အချင်းချင်း အာဏာ လွန်ဆွဲပွဲတွေမှာ၊ ဦးတဲ့သူက ဦးတဲ့သူကို ဆော်တာ ရှိသလို၊ ပညာသားပါပါ ပ,ထုတ်တာတွေလည်း ရှိတယ်။ တိခနဲ ဖြုတ်လို့ရသူကိုတော့ တိခနဲ ဖြတ်ချလိုက်ပြီး၊ တဖြည်းဖြည်းချင်း ပ,ထုတ်မှ ရသူကိုတော့ တပ်တွင်း ဩဇာလွှမ်းမိုးမှု နည်းအောင် တဖြည်းဖြည်း ပ,ထုတ်တတ်ကြတယ်။ ဒါဟာ စစ်ဗိုလ်ချုပ်တွေ လုပ်တတ်တဲ့ အကျင့်။ စစ်ဗိုလ်တွေဟာ မနာလို၊ ဝန်တိုစိတ်အားကြီးတာကိုလည်း တွေ့ရတယ်။ ရှေ့က သူတို့ မကြည်ညိုတဲ့ စီနီယာ ဗိုလ်ချုပ်တွေ လုပ်သွားခဲ့တာကို သူတို့ နေရာတွေရတဲ့အခါ၊ ဖျက်လို ဖျက်စီးတွေ လုပ်တတ်တာတွေ့ရတယ်။ စစ်ဗိုလ်တွေဟာ အရပ်သားနိုင်ငံရေးသမားတွေနဲ့ လူထုက တည်ဆောက်ခဲ့တဲ့ အရာတွေကိုတင် ဖျက်လို ဖျက်စီး လုပ်တတ်ကြတာ မဟုတ်ဘူး။ တပ်တွင်းက သူတို့ စစ်ဗိုလ်အချင်းချင်း လုပ်ခဲ့တဲ့အရာတွေကိုလည်း ဖျက်လို ဖျက်စီး လုပ်တတ်ကြတယ်။ အထူးသဖြင့် …. ရှေ့က စီနီယာ စစ်ဗိုလ်ချုပ်တွေ ကောင်းနိုးရာရာ လုပ်ခဲ့တဲ့အရာတွေကို ဖျက်လိုဖျက်စီး လုပ်ခဲ့တဲ့ သာဓကတွေ အများကြီး တွေ့နိုင်ပါတယ်။ စစ်ဗိုလ်တွေရဲ့ စိတ်ထဲမှာ ၊ ကျူပင်ခုတ်ရင် ကျူငုတ်ပါ မကျန်စေရ…ဆိုတဲ့ စိတ်ကြီး စွဲမြဲနေဟန် ရှိပါတယ်။

•(၇) ဗိုလ်ထွန်းကြည် ပြုတ်သွားတော့၊ သူလုပ်ခဲ့တဲ့အလုပ်တွေကို ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ခင်ညွှန့်က ဖျက်လို ဖျက်စီး လုပ်ခဲ့တာပါပဲ။ ဗိုလ်ခင်ညွှန့် ပြုတ်သွားတော့လည်း ဗိုလ်ခင်ညွှန့်နောက် တက်လာတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ်တွေက ဗိုလ်ခင်ညွှန့်ရဲ့ ဘုရား ပုထိုးတွေမှာ လှူထားတဲ့ ကမ္ဗည်းမှတ်တမ်း၊ ဓာတ်ပုံ မှတ်တမ်းကအစ ဖျက်စီးရေးလုပ်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေကို အပြည့်အစုံ သိချင်ရင် ဗိုလ်ထွန်းကြည် (မုံရွာ)နဲ့ ဗိုလ်ခင်ညွှန့်တို့ ကိုယ်တိုင် ရေးသားထုတ်ဝေထားတဲ့ စာအုပ်တွေမှာ ရှာဖတ်။ နောက်ဆုံး…. စစ်ဗိုလ်တွေဟာ ဘယ်လောက်တောင် သဘောထားသေးသိမ်သလဲဆိုရင်၊ သူတို့မကြည်ဖြူတဲ့ ရှေ့က စီနီယာ စစ်ဗိုလ်တွေ ဦးဆောင်တည်ထောင်ခဲ့တဲ့ အများအကျိုးပြု ပရဟိတအသင်းအဖွဲ့တွေကိုတောင်၊ ဖျက်လို ဖျက်စီး လုပ်ခဲ့ကြောင်း တွေ့နိုင်ပါတယ်။ သူတို့ တပ်ထဲက စစ်ဗိုလ်အချင်းချင်းတောင် ဒီလို စိတ်ဓာတ်မျိုးတွေနဲ့ မနာလို မရှုစိမ့် ၊ မစ္ဆိရိယစိတ် အားကြီးနေရင် သူတို့ မလိုမုန်းထားတဲ့ အရပ်သားနိုင်ငံရေးသမားနဲ့ လူထုအပေါ် ဘယ်လောက်အထိ အငြိုးတကြီးနဲ့ ဖျက်လို ဖျက်စီးတွေ လုပ်အုံးမယ် ဆိုတာ တွေးမဆုံးနိုင်ကြောင်း….. ရေးသားတင်ပြလိုက်ရပါတယ်။

မင်းသေ့

၂၉ ၊ ၅ ၊ ၂၀၂၁။

Previous post ဗကပ နိဂုံး
Next post တော်လှန်ရေးအရွေ့