• မပြုံးတဲ့ ပိုဆန် (ဖွံ့ဖြိုးရေးဇာတ်ကြောင်းများ)
• ဒေါက်တာ မြင့်ဇော်
• သာလာယံ စာအုပ်တိုက်၊ ၂၀၂၀ ၊ ပထမအကြိမ်။

ပိုဆန်ကို ဇာတ်ကောင်ထားပြီး၊ နိဒါန်းအစမှာ ရိုးရှင်းစွာ ရှင်းလင်းတယ်။ သဘာဝနဲ့ ဖွံ့ဖြိုးရေးအကြားက အဆက် အစပ်ဟာ စာဆန်ဆန်၊ ပညာရှင်ဆန်ဆန် စကားလုံးတွေ ကြားမှာ၊ ပျောက်ဆုံး ပုံပျက်နေတာ ကြာပြီ။ ဖွံ့ဖြိုးရေး အမည်ခံပြီး သဘာဝကို သတ်တဲ့သူတွေကို တွေ့လိုက်ရတယ်။ ကျနော့်ရဲ့ ရှေးရိုးဟောင်း ဖွံ့ဖြိုးရေး အမြင်ဟာ ပိုဆန် ဖွံ့ဖြိုးရေး ဇာတ်ကြောင်းကို နားလည်ရတာကြောင့် ကောင်းကောင်း နားလည်သဘောပေါက်ရတယ်။ အဟောင်းဟာ ပျောက်သွားတယ်။ အသစ်ဟာ ပေါ်လာတယ်။ တကယ်တော့ အသစ် မဟုတ်ပါဘူး။ ဟိုးယခင်က ရေပန်း မစား၊ လူကြိုက် မများခဲ့တဲ့ ရှုထောင့်ကို ဒေါက်တာမြင့်ဇော်က ပြန်ဖော်ထားခြင်းဖြစ်တယ်။ အရင်းရှင် စနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ် ထောင့်ကနေ ကြည့်တဲ့ ဖွံ့ဖြိုးရေးထောင့်က တစ်မျိုး။ သဘာဝကို မလွန်ဆန်ဘဲ၊ သဘာဝကို မပျက်စီးစေဘဲ၊ သဘာဝကို မပျက်ယွင်းစေဘဲ၊ ဖွံ့ဖြိုးရေး အမှန်ကို နားလည်စေဖို့ ပိုဆန်ကို ဇာတ် ကောင်ထားပြီး ဒေါက်တာမြင့်ဇော်က ရှင်းပြပါတယ်။ ကျနော် ယူဆထားတဲ့ ဖွံ့ဖြိုးရေး အမြင်ဟာ ပြောင်းသွား တယ်။ ကျနော် နားလည်ထားတဲ့ ဖွံ့ဖြိုးရေးအမြင်ကို ဖောက်ထွက်မြင်စေလိုက်တယ်။ ကျေးဇူးတင်ပါတယ်…. ဒေါက်တာမြင့်ဇော်…..။

စာအုပ်ကောက်ချက်။

လာဒတ်ကျဆုံးခန်းက ကောက်နုတ်ချက် တချို့….

• ဆယ်နှစ်လောက်အတွင်းမှာ ယုံကြည်မှုအပြည့်နဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ် နိမ့်ကျတယ်လို့ ထင်တဲ့ စိတ် အခြေအနေကို ရောက်သွားတယ်။ ခေတ်မီဖို့ လိုတယ်၊ အမီလိုက်ဖို့ လိုတယ်ဆိုတဲ့ ဒရောသောပါးဖြစ်မှုနဲ့ ကိုယ့်ယဉ်ကျေးမှုကို အထင်သေးစိတ်တွေ လွှမ်းမိုးသွားတာ မြင်ရတယ်။ ဒီလိုမျိုး ကိုယ်တွေ နိမ့်ကျတယ်။ ခေတ်မီတိုးတက်အောင် လုပ်ဖို့ လိုတယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာဖိအားဟာ အစဉ်အလာ ယဉ်ကျေးမှုတွေ ပျက်စီးရတဲ့ အကြောင်းရင်းတွေထဲက တစ်ခု။ (ကောက်ချက်နံပါတ် – ၁)

• ကျေးလက်ဌာနေတွေရဲ့ စိတ်ထဲကို ရောက်လာလေ့ရှိတာက သိမ်ငယ်စိတ်ပါ။ အဲဒီရဲ့နောက်မှာ ခေတ်မီ တယ် ထင်ရမယ့် ဝတ်စားဆင်ယင်မှုတွေ၊ နေထိုင်မှုပုံစံတွေ လိုက်လုပ်လာကြပါတယ်။ ….နေ့စဉ် နေ့တိုင်း ရှင်သန်ဖို့အတွက် ရေမြေသဘာဝနဲ့ မိသားစု အသိုင်းအဝိုင်းကို ပိုလိုအပ်ပါတယ်။ စားစရာ၊ ဝတ်စရာ၊ အသုံးအဆောင်ပစ္စည်းတွေကို သဘာဝပတ်ဝန်းကျင်ကနေ ဖြစ်စေ၊ အချင်းချင်း ကူညီဖလှယ် ကြတာတွေကနေ ဖြစ်စေရလေ့ရှိပါတယ်။ ပြင်ပလူ့အဖွဲ့အစည်းတွေမှာတော့ အကြောင်းကိစ္စအားလုံး ကို ငွေကြေးနဲ့ပဲ ဖလှယ်ယူကြရပါတယ်။ (ကောက်ချက်နံပါတ် – ၂)

• အလုပ်လုပ်ရတာနဲ့ ပတ်သက်ရင်လည်း လယ်ထဲယာထဲ လုပ်ကြရတာက ပင်ပန်းတယ်။ ဂုဏ်ငယ်တယ်။ စားပွဲနဲ့ ကုလားထိုင်နဲ့ လုပ်ရတဲ့အလုပ်မှ တင့်တယ်တယ်လို့ ထင်လာကြပါတယ်။ အလုပ်တိုင်းမှာ ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုပမာဏအမျိုးမျိုး ရှိပါလိမ့်မယ်။ ပြဿနာက ကိုယ်လုပ်နေရတဲ့အလုပ်က ဂုဏ်ငယ် တယ်လို့ ထင်လာတဲ့အခါ ဘဝကို ဂုဏ်ယူပျော်ရွှင်စေဖို့ ခက်လာစေတာပါ။ (ကောက်ချက်နံပါတ် – ၃)

• အစဉ်အလာ လူ့အဖွဲ့အစည်းမှာတော့ ကလေးကနေ အဘိုးအဘွားအထိ သက်ဆိုင်ရာ နိုင်နင်းတဲ့ အလုပ် လုပ်ကြရတာပဲ။ ဘယ်သူကမှ မှီခို မဟုတ်ဘူး။ ဘယ်သူကမှ အလုပ်လက်မဲ့ မဟုတ်ဘူး။ အားလုံးမှာ သိက္ခာရှိတယ်။ မသိမ်ငယ်ဘူး (ကောက်ချက်နံပါတ် – ၄)

• ပိုလျှံအောင် လုပ်နိုင်တဲ့ လူတွေမှာ လိုအပ်တယ်ဆိုတာတွေ များလာတယ်။ လျှပ်စစ်မီးရှိဖို့ လိုတယ်။ လျှပ်စစ်မီးရှိပြီးရင် ရုပ်မြင်သံကြားရှိဖို့ လိုတယ်။ မီဒီယာတွေမှာ တွေ့နေသမျှကလည်း ဒါရှိဖို့ လိုတယ်ဆို တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေချည်းပဲ။ ဒေသထွက် သီးစုံဖျော်ရည်ထက် ဝယ်သောက်ရတဲ့ အချိုရည်ကမှ ပိုဂုဏ်ရှိသလို ဖြစ်လာတယ်။ ရပ်ရွာရဲ့ ရိုသေလေးစားပုံကလည်း ပြောင်းလာတယ်။ သီလ၊ သမာဓိ၊ ပညာ အသက်အရွယ်ဆိုတာထက် ပစ္စည်းဥစ္စာရှိတဲ့သူက ထိပ်ဆုံးရောက်တယ်။ ဟိုတုန်းကတော့ အားလုံး အတူတူဆိုတဲ့စိတ်နဲ့ ဖိအား မရှိကြပေမယ့် အခုတော့ ဝယ်နိုင်ဝတ်နိုင် သုံးနိုင်မှ လူရာဝင်မယ် ဆိုတဲ့ ဖိအားအောက်မှာ နေကြတယ်။ (ကောက်ချက်နံပါတ် – ၅)

• စီမံကိန်းတွေနဲ့ ဖွံ့ဖြိုးရေးဆိုတာကြီး ရောက်မလာခင်က လူတွေ ပိုပျော်ကြတယ်…. (ကောက်ချက်နံပါတ် – ၆)

• ကိုယ့်မှာ ရှိနေတာ ဂုဏ်ငယ်တယ် ထင်အောင် အစိုးရတွေ၊ ဗျူရိုကရက်တွေ၊ စီးပွားရေးအကျိုးစီးပွားတွေ မီဒီယာတွေက လုပ်ပါတယ်။ (ကောက်ချက်နံပါတ် – ၇)

• ဖွံ့ဖြိုးရေးဆိုပြီး ဖျက်ဆီးရေး ဖြစ်နေတာကို လက်ခံနေကြရမှာလား…. (ကောက်ချက်နံပါတ် – ၈)

ကျေးရွာတစ်ရွာရဲ့ ဖွံ့ဖြိုးရေးဆိုတာကို ဘယ်လို ရှုမြင်မလဲ။ မြို့တစ်မြို့ရဲ့ ဖွံ့ဖြိုးရေးကို ဘယ်လို ရှုမြင်မလဲ။ တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးရေးဆိုတာ ဘာကို ပြောတာလဲ။ ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ရုပ်ဝါဒီဆန်ဆန် ရှုမြင်တဲ့ အရင်းရှင်စနစ်နဲ့ ဈေးကွက်စနစ်က ချဲ့ထွင်လိုက်တဲ့ ကမ္ဘာ့စနစ်တစ်ခု ရှိနေပါတယ်။ တစ်ခုမက ရှိနေပါတယ်။ တတိယနိုင်ငံတွေမှာ၊ ဆင်းရဲမွဲတေပြီး ချို့တဲ့တဲ့ အခြေအနေတွေ ရှိပါတယ်။ ဆင်းရဲတဲ့ လူ့အဖွဲ့ အစည်းနဲ့ လူ့အလွှာတွေ မြောက်မြားစွာ ရှိနေပါတယ်။ ဒါပေမယ့် ဆင်းရဲတွင်းကနေ လွတ်ဖို့၊ ဆင်းရဲခြင်းလွတ် ကင်းအောင် ဘယ်လို ကုစားမလဲဆိုတဲ့ ဖွံ့ဖြိုးရေး အမြင်တွေဟာ မှန်သလိုလိုနဲ့ မှားနေတာတွေ အများအပြားကို ဖော်ထုတ်တဲ့ စာအုပ်ဖြစ်ပါတယ်။

မပြုံးတဲ့ ပိုဆန်။ ပိုဆန် ပြုံးသလား….။ ပိုဆန် ပြုံးတယ် မပြုံးဘူးဆိုတာကို ဘယ်လို ထောင့်ကနေ ကြည့်ပြီး သတ်မှတ်မှာလဲ။ ကျနော်တို့ ကြည့်နေကျ ထောင့်မှာ ပိုဆန် မပြုံးဘူးလား……။

နီကိုဘား ကျွန်းသားများ၏ခရီးမှ ကောက်နုတ်ချက် တချို့…..

• အရက်စွဲနေပြီးဖြစ်တဲ့ လူတွေကတော့ ငွေမရှိတော့ ချက်အရက်တွေ ပြောင်းသောက်ကြပေါ့။ အဲဒီက ချက်အရက်တွေက မြေဩဇာတို့၊ ဘက်ထရီ အက်ဆစ်တို့နဲ့ လုပ်ထားကြတာ။ ဆူနာမီမှာ သေတာထက် တောအရက်သောက်လို့ သေတာ ပိုများတယ် (ကောက်ချက်နံပါတ် – ၁)

• မူလကျွန်းမှာထက် စာရင် ရုပ်ဝတ္ထု ဝယ်ယူသုံးစွဲမှုက ၆ ဆ တက်တယ်။ လောင်စာသုံးစွဲမှုက အဆ ၂၀ တက်တယ်။ ဒါပေမယ့် အဲဒါ တိုးတက်မှုလား။ ရုပ်ဝတ္ထုက လိုအပ်ချက်ဖြစ်သွားတဲ့အခါ တပ်မက်မှု အသစ်တွေ ပေါ်လာတဲ့အခါ ဒါတွေ ဖြည့်ဖို့ ငွေလိုလာတော့တယ်။ (ကောက်ချက်နံပါတ် – ၂)

• ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာတေ့ ဒီကွန်ဂိုဒေသကို တရုတ်တွေ ရောက်လာပြီး အခြေအနေတွေ ပိုဆိုးသွား တယ်။ လမ်းဖောက်ဖို့ ရာချီတဲ့ တရုတ်တွေ ရောက်လာတယ်။ တရုတ်တွေ ဆောက်တဲ့ လမ်းပေါ်ကနေ ဆင်စွယ်နဲ့ တောကောင်တွေ အကြီးအကျယ် ထုတ်ကြတယ်။ (ကောက်ချက်နံပါတ် – ၃)

• အပေါ်စီးကလာတဲ့ ငါသိ၊ ငါတတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဝင်ဖျက်သွားတယ်။ လူမျိုးစုတွေရဲ့ သက်ရှိတောဟာ ရောင်းကုန်အဖြစ် အသွင်ပြောင်းခံရတယ်။ …. ဖွံ့ဖြိုးရေး၊ ထိန်းသိမ်းရေး ကျွမ်းကျင်သူဆိုတဲ့လူတွေက ကမ္ဘာ့စီးပွားရေးစနစ်ကြီးထဲက လာတဲ့သူတွေဗျ။ ကမ္ဘာ့စီးပွားရေးစနစ်ကို ကိုယ်စားပြုကြသူတွေ။ ကမ္ဘာ့စီးပွားရေးစနစ်ဆိုတာက သဘာဝကို အရာဝတ္ထု ဖြစ်အောင် လုပ်မယ်။ ရောင်းကုန်အဖြစ် အသွင်ပြောင်းမယ်။ ဆုံးဖြတ်ချက်ကို အီလစ်တွေကပဲ ချမယ်ဆို တာမျိုးပဲ။ (ကောက်ချက်နံပါတ် – ၄)

ကျနော်တို့ နားလည်ထားတဲ့ ဖွံ့ဖြိုးရေးသဘောတရားတွေကို အရင်းရှင်စနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်က မွေး ထုတ်လိုက်တဲ့ ပညာတတ်တွေက ပို့ချထားတာဖြစ်ပါတယ်။ မီဒီယာတွေက လှုံ့ဆော်တယ်။ အစိုးရတွေက ဖွံ့ဖြိုးရေးအမည်ခံ ဘတ်ဂျတ်တွေနဲ့ ဒေသတွင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တယ်။ ဖွံ့ဖြိုးရေးနဲ့ အမည်ခံပြီး တွဲပါလာတာက ပျက်ဆီးယိုယွင်းမှုတွေ။ ကျေးတောရွာတွေမှာ၊ ယိုယွင်းမှုတွေ မြင်လာရတာကိုက ဖွံ့ဖြိုးမှုလို့ ပြောင်းလဲသတ်မှတ်ကုန်ကြပြီ။ လျှပ်စစ်မီးရဖို့၊ ဓာတ်မီးတိုင်တွေ သွယ်တန်းတယ်။ သွယ်တန်းရာ ရွာလမ်းမ တစ်လျှောက်မှာ ဟိုးယခင်က သစ်ကြီးဝါးကြီးတွေနဲ့ အုပ်မိုးထားလို့။ အခုတော့ ပြောင်တလင်းခါ။ မန်ကျည်းပင် အိုကြီးတွေ ရွာလမ်းတစ်လျှောက် မရှိကြတော့ဘူး။ ကုက္ကိုပင် ထီးထီးကြီးက ရွာလမ်းမကို မိုးမထားနိုင်တော့ဘူး။ နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ တမာပင်တန်း မရှိတော့ဘူး။ မြေဆီကို ကုပ်ယူ၊ ထိန်းသိမ်းပေးထားတဲ့ မယ်ဇယ်ပင် ကြီးတွေ မရှိကြတော့ဘူး။ ရွာလမ်းမှာတော့ ဓာတ်မီးတိုင်တွေ ထီးထီးကြီး မင်းမူလို့။ ညမှာဆိုရင် ကျေးတောရွာ ဟာ လရောင်ကို မမျှော်တော့ဘူး။ သူတို့ဟာ လမ်းမီးတွေနဲ့ ထိန်ထိန်လင်းလို့။ ဒါဟာ ဖွံ့ဖြိုးရေးလား…..။

လက်ဇက်ကားနဲ့ သံလွင်ပင်….။ ဂလိုဘယ်လိုက်ဇေးရှင်းကို ဝိဂြိုလ်ပြုလို့ ဖြစ်တည်လာတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် တွေ။ ဖွံ့ဖြိုးရေးကို လိုချင်ရင် သဘာဝပတ်ဝန်းကျင်ကို စတေးရမယ်တဲ့။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ကို စတေးနိုင်ရင် ဖွံ့ဖြိုးရေးနဲ့ တိုးတက်ရေးကို ရမတဲ့….။ လိုချင်သလား….။ ယူမှာလား။

ရေအားလျှပ်စစ်နဲ့ ဆည်ရေသောက် စပါးစိုက်ခင်းတွေ ဖြစ်ဖို့ ဆည်ကြီးဆောက်တဲ့အခါ၊ တို့ရွာလေးဟာ ဆည်ရဲ့ ရေအောက်ထဲမှာ။ ဒီဆည်ကြီးရဲ့ အလယ်တည့်တည့်က တို့ရွာဟောင်းလေးပေါ့….။

သဘာဝဟာ မျှခြေစနစ်နဲ့ တည်ဆောက်ထားပါတယ်။ ဂေဟစနစ်ပျက်ယွင်းတဲ့အခါမှာ၊ လူကို ဒုက္ခပေးတဲ့ အရာတွေ တစ်ခုပြီး တစ်ခု ပေါ်လာတယ်။ ဒါဟာ ကပ်ဘေးရဲ့ အစ။ ကပ်ဘေးရဲ့ သက်ရောက်မှု။ ဘယ်လို ကပ်ဘေးတွေက လူသားတံတိုင်းတွေကို ဖြိုချမလဲ….။

ကိုတာရဲ့ ဒေသန္တရအခြေခံဝါဒက အခုလို…..။

• ဆင်းရဲခြင်းလျော့ကျရန်၊ ဆင်းရဲသားများသည် သူတို့ ကိုယ်ပိုင်အမြင်များကို ပြောနိုင်သော နေရာများ ဖန်တီးပေးရမည်။ ကျွမ်းကျင်သူ အိတ်စပက်ဟူသည် ဒေါက်တာဘွဲ့ရသူများနှင့် စပယ်ရှယ်လစ်များသာ မဟုတ်ဘဲ၊ ကိုယ်တွေ့ကိုယ်ကြုံ အတွေ့အကြုံရှိသူများနှင့် ခြုံငုံနားလည်သူများလည်း ပါသင့်သည်။

• ရိုးရာဘောဂဗေဒကတော့ မြေနဲ့ ရပ်ရွာအသိုက်အဝန်းအပေါ် အခြေခံတာပဲ။ ခေတ်ဘောဂဗေဒကတော့ ရုပ်ကြွင်းလောင်စာဆီနဲ့ နည်းပညာအပေါ် အခြေခံတယ်။

• ဒေသန္တရ အခြေခံဝါဒက တစ်ခုတည်းသော စီးပွားရေးကိုပဲ လုပ်ကိုင်ခြင်း မဟုတ်ဘူး။ ဒေသန္တရစီးပွား ရေးများကို တည်ဆောက်ခြင်းဖြစ်တာကြောင့်၊ ဂေဟဗေဒ ယဉ်ကျေးမှု အမယ်စုံနဲ့ လိုက်လျောအောင် စီးပွားရေးစနစ်ကို ပြောင်းလဲခြင်းသာလျှင် ဖြစ်တယ်။ အဲသည်လို လုပ်နိုင်ဖို့ဟာ ဂလိုဘယ်ရှုထောင့်က ကြည့်ခြင်း ဂလိုဘယ်ပူးပေါင်းဆောင်ရွက်ခြင်းလိုတယ်လို့ ဘောဂဗေဒသစ်က သိတယ်။ နိုင်ငံတကာနဲ့ ပြတ်တောက်အောင်နေလို့ မဟောပါ။

ဒေါက်တာမြင့်ဇော် လက်တို့လို့၊ ကိုတာတွေကို ပြန်ဖတ်ဖြစ်ခဲ့တယ်။ ဂျူးတွေကို ပြန်ဖတ်ဖြစ်ခဲ့တယ်။ အထူးသဖြင့် ဂျူးရဲ့ အစိမ်းရောင် အမွေအနှစ်၊ ကျွန်မချစ်သောကမ္ဘာမြေ၊ ကျွန်မချစ်သော မြို့တစ်မြို့၊ ကျွန်မချစ်သောနိုင်ငံ။ ပြီးတော့ မြသန်းတင့်ရဲ့ ကင်းဒမ်းဝါ့ဒ်ရဲ့ စာအုပ် တစ်ပိုင်းတစ်စ။ ဧရာဝတီသို့ အပြန်။

မြန်မာပြည်ဟာ ဆင်းရဲတဲ့နိုင်ငံဖြစ်တာကြောင့် တိုးတက်မှုနဲ့ ဖွံ့ဖြိုးမှုဆီကို သွားရမယ်လို့ အမြဲတမ်း လောဆော် ခဲ့ကြတယ်။ ဖွံ့ဖြိုးမှုနဲ့ သဘာဝဂေဟစနစ်အကြားက မျှခြေကို ထိန်းဖို့ ဘယ်သူတွေ မြောက်မြောက်မြားမြား ဆော်ဩခဲ့ကြသလဲ…..။

မောင်မြင့်ဇော် (ဒေါက်တာမြင့်ဇော်)

မောင်မြင့်ဇော်ဟာ အမြင်သစ်၊ အတွေးအခေါ်သစ်တွေကို ရိုးရိုးရှင်းရှင်း ယူဆောင်လာတဲ့ မြန်မာပြည်ရဲ့ လတ်လတ်ဆတ်ဆတ် ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးအားဖြင့် ရိုးတယ်။ ဧရာဝတီတိုင်း၊ သာပေါင်းမြို့ ဇာတိ။ လူက အသားညိုညို။ ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင်။ မျက်နှာမှာ အမြဲ အပြုံး ရိပ်သမ်းနေတဲ့ တည်တည်ငြိမ်ငြိမ် မျက်နှာထား။ စကားပြောရင် ခပ်ယဉ်ယဉ် ပြောဆို သုံးနှုန်းတတ်တယ်။ ဒေါက်တာမြင့်ဇော်ရဲ့ ပို့ချချက်တွေမှာ၊ သူဟာ စကားကို မယုတ်မလွန် ပြောတတ်သူ။ ချင့်ချင့်ချိန်ချိန် ပြောတတ် သူ။ စဉ်းစားစရာတွေကို သိမ်သိမ်မွေ့မွေ့ တင်ပြသူ။ သူ့တင်ပြချက်တွေ အတော်တော်များများက အသစ်တွေ။ အသစ် အသစ် တွေ့ရှိချက်တွေနဲ့ အမြင်သစ်တွေကို ရှာကြံနေတဲ့ ကျနော့် အဖို့၊ ဒေါက်တာမြင့်ဇော် စာတွေဟာ လေ့လာစရာ ကွင်းပြင် ဖြစ်ခဲ့တယ်။

ဒေါက်တာမြင့်ဇော်ရဲ့ စာအုပ်စာရင်း

၁။ မြန်မာ့လူ့ဘောင်အပြောင်းအလဲအတွက် အရေးကြီးတဲ့ စကားလုံး (၁၀၀) (၂၀၁၂)
၂။ ပြည်သူ့ဘဝတရားမျှတမှုအတွက် အရေးကြီးတဲ့ စကားလုံး (၁၀၀) (၂၀၁၃)
၃။ ငြိမ်းချမ်းခြင်းဆီ ခြေလှမ်းများ (၂၀၁၃)
၄။ ငြိမ်းချမ်းရေးအတွက် ဒီဇိုင်း (၂၀၁၅)
၅။ ရပ်ရွာပိုင် အများဆိုင်စနစ်ဆိုသည်မှာ (နွဲ့ကေခိုင်နှင့်တွဲဖက်၍ ရေးသား) (၂၀၁၅)
၆။ ငြိမ်းချမ်းရေးအတွက် အနုပညာ၊ အတွေးအမြင်၊ လှုပ်ရှားမှု (၂၀၁၅)
၇။ ငြိမ်းချမ်းရေးနှင့် ပြည်သူ့လူ့အဖွဲ့အစည်းများ (၂၀၁၆)
၈။ သုတေသနအားဖြင့် ပြောဆိုရန် လိုအပ်လာသဖြင့် တင်ပြခြင်း – မြစ်ဆုံရေကာတာ (၂၀၁၆)
၉။ သုတေသနအားဖြင့် ထပ်မံပြောဆိုရန် လိုအပ်လာသဖြင့် တင်ပြခြင်း
၁၀။ ခေတ်သစ်တရုတ်ပြည်နှင့် ပိုးလမ်းမဆိုင်ရာမှတ်ချက်များ (၂၀၁၉)
၁၁။ မြန်မာပြည်အတွက် စဉ်းစားရွေးချယ်စရာများ (၂၀၁၉)
၁၂။ သမိုင်းဖြစ်ရပ်ဆိုးများ လေ့လာရေး စာစဉ် (၂၀၁၉)
o အမှောင်သို့ သွားရာလမ်းများ
o လူသတ်ကွင်းများ၊ ဘိုပါ့နာ့
o သာမန်လူများ
o အမှောင်ထဲမှာ သိခဲ့သည်များ
o အလုံပိတ်ထားတဲ့ ရထားတွဲနံရံမှာ ခဲတံနဲ့ ရေးတဲ့ကဗျာ
o ဂျီနိုဆိုက်
၁၃။ ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ (၂၀၂၀)
၁၄။ ကိုဗစ်နောက်ကြောင်းပြန် (ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း) (၂၀၂၀)
၁၅။ လူတိုင်းအတွက် ငြိမ်းချမ်းရေးအသိအမြင် (၂၀၂၀)
၁၆။ လူတိုင်းအတွက် ငြိမ်းချမ်းရေးစိတ်ပညာ (၂၀၂၀)
၁၇။ မပြုံးတဲ့ ပိုဆန် (ဖွံ့ဖြိုးရေးဇာတ်ကြောင်းများ) (၂၀၂၀)

ဒေါက်တာမြင့်ဇော်ဟာ၊ ဩစတေးလျ အမျိုးသားတက္ကသိုလ်ကနေ သယံဇာတစီမံခန့်ခွဲမှု ဘာသာရပ်နဲ့ ပါရဂူဘွဲ့ရခဲ့တယ်။ ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်ကနေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဘာသာရပ်နဲ့ မဟာဘွဲ့ရရှိခဲ့တယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများမှာ ပါဝင်ခဲ့တယ်။ ကယ်လီဖိုးနီးယား ဘာကလေမှာ ဧည့်ပညာရှင်အနေနဲ့ သွားရောက်ခဲ့တယ်။ ဒေါက်တာမြင့်ဇော်ဟာ ပညာရှင် တစ်ယောက်အနေနဲ့ လူထုကို ရိုးရိုးရှင်းရှင်း အပိုအလို မရှိ နားဝင်အောင် ရေးသား ဟောပြောနေသူဖြစ်ပါတယ်။ ဒေါက်တာမြင့်ဇော်ရဲ့ ရေးသားချက်တွေကို လေ့လာကြည့်ရင် အပိုဆာဒါးတွေ မပါဘူးဆိုတာ တွေ့ရလိမ့်မယ်။ ဒါဟာ ထူးခြားချက်ဖြစ်တယ်။ ဝေ့ဝိုက်နေတာမျိုးလည်း မရှိဘူး။ စကားပလ္လင်ခံပြီး ဝေ့ဝိုက်နေတာမျိုး မတွေ့ရဘူး။ သမားဂုဏ်ပြ ရေးသားချက်မျိုး၊ သမားစွမ်းပြရေးသားတာမျိုး။ စာကြွားတွေ အမြောက်အမြား ထည့်ထားတာမျိုး မတွေ့ရဘူး။ ပြောဖို့ လိုတာကို ဝေ့လည်ကြောင်ပတ် မဟုတ်ဘဲ ပြောနေ၊ ရေးနေသူဖြစ်လို့ ဒေါက်တာမြင့်ဇော် ဟာ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွင်း ပေါ်ထွက်လာတဲ့ လူထုအတွက် ပညာတတ် တစ်ယောက်လို့ သတ်မှတ်ချင်ပါတယ်။

ဒါဟာ ကျနော် ပြောချင်၊ ညွှန်းချင်တဲ့ တကယ့် ပညာရှင် စာရေးဆရာ ဖြစ်ပါတယ်။

မင်းသေ့
ည ၁၀ း ၄၃
၂၆ ၊ ဧပြီ ။ ၂၀၂၁

Previous post • စစ်သား စစ်ဗိုလ်
Next post ဗကပ နိဂုံး