ယုတ်မာမှုတွေကို စောင့်ကြည့်မယ်။

• ယုတ်မာမှုကို စောင့်ကြည့်ကြ….
• မိုက်ရိုင်းမှုကို စောင့်ကြည့်ကြ……

• ယုတ်မာမှုတွေကို စောင့်ကြည့်ရမယ်။
• ဘာလို့လဲဆိုတော့ ငါတို့ ကလေးတွေကို သွန်သင်ဖို့၊ ငါတို့ မျိုးဆက်ကို သွန်သင်ဖို့၊ ငါတို့တတွေလို မညံ့ကြဖို့။

• မိုက်ရိုင်းမှုတွေကို စောင့်ကြည့်ရမယ်။
• ယုတ်မာမှုတွေကို မှတ်တမ်းတင်ရမယ်။
• ဘာလို့လဲဆိုတော့ ငါတို့ မျိုးဆက်ကို သွန်သင်ဖို့။
• ငါတို့ကလေးတွေကို ပြန်ပြောပြဖို့။
• ယုတ်မာမှုတွေကို မချစ်တတ်ဖို့။
• ငါတို့ကလေးတွေကို မိုက်ရိုင်းမှုတွေ မကူးစက်စေဖို့။

• ဘယ်လို ယုတ်မာကြသလဲဆိုတာကို ငါတို့ စောင့်ကြည့်မယ်။
• ငါတို့ မှတ်တမ်းတင်မယ်။

• ငါ့စောင့်နေတဲ့ ငါတို့လည်း အယုတ်မာခံရနိုင်တယ်။
• အမှောင်ခေတ်ကို ရောက်ပြီ။
• အလင်း မရှိတော့။
• အလင်းဟာ ပျောက်ခြင်းမလှ ပျောက်ဆုံးပြီ။
• သန်းခေါင်ဟာ ဉာဉ့်နက်သထက် နက်လာပြီ။

• ယုတ်မာမှုတွေဟာ ကုသိုလ်တရားတွေ ဖြစ်ကြောင်း ငါ့ကလေးတွေ၊ ငါတို့ မျိုးဆက်တွေ နားဝင်သွားမှာ သိပ်ကြောက်တာပဲ။

• ငါတို့ သားသမီးတွေ အမှားကို အမှန်ထင်သွားမှာ သိပ်ကြောက်တာပဲ။

• ငါတို့ တူတွေ တူမတွေ ယုတ်မာခြင်းဓာတ်ခံတွေ ကူးစက်သွားမှာ ငါ သိပ်စိုးရိမ်တာပဲ။

• ငါ့ညီတွေ ငါ့ညီမတွေ သူတော်ကောင်းတရားကို မမြတ်နိုးတော့မှာ ငါ သိပ်ကြောက်တာပဲ။

• ငါ သိပ်ကြောက်တာပဲ။
• ငါ သိပ်ကြောက်တာပဲ။

• ဒီစာတွေ ရေးနေရင်း ငါ သိပ်ကြောက်လာတယ်။
• ငါ သိပ်ကြောက်လာတယ်။
• ငါ သိပ်ကြောက်တာပဲ။

• အကြောက်တရားဟာ ငါ့ ကိုယ်ထဲကို စီးဝင်နေပြီ။
• ထိတ်လန့်မှုဟာ ငါ့ ကိုယ်ထဲကို စီးဝင်နေပြီ။
• စိုးရိမ်မှုဟာ ငါ့ စိတ်ထဲမှာ ကိန်းအောင်းနေပြီ။
• မယုံကြည်မှုဟာ ငါ့သွေးသားထဲ နှစ်ဝင်နေပြီ။
• သံသယဟာ ငါ့ ခန္ဓာမှာ လည်ပတ်နေပြီ။
• ငါ ဘယ်လိုလုပ်ရမလဲ။
• ငါ ဘယ်လိုလုပ်ရမလဲ။

• ယုတ်မာမှုကို ငါ စောင့်ကြည့်မယ်။ မင်းလည်း စောင့်ကြည့် သူငယ်ချင်း။ ယုတ်မာမှုကို စောင့်ကြည့်ရင်းနဲ့ မင်း မယုတ်မာချင်နဲ့။ ငါလည်း မယုတ်မာချင်ဘူး။ ယုတ်မာမှုဟာ ကူးစက်တတ်တယ်။ တောမီးက လောင်နေပြီ။ တောကြောင်က လက်သည်းဝှက်ထားပြီ။ ငါ့တို့ ဉာဏ်ဟာ တုံ့နေသေးတယ်၊ နှေးနေသေးတယ်၊ ဉာဏ်မျက်စိဟာ ဝေဝါးနေသေးတယ်။ ငါတို့ဟာ ယုတ်မာမှုကို တော်လှန်ရာမှာ အသိ၊ သတိ၊ ဉာဏ်သတ္တိ လိုပြီ။

• ငါ့မှာ မိသားစု ရှိတယ်။
• ငါ့သားသမီးတွေနဲ့ ခွဲခွာရမှာ ငါကြောက်တယ် သူငယ်ချင်း။
• ငါ တိုက်ပိတ်ခံရမှာ ကြောက်တယ် သူငယ်ချင်း။
• ငါ့ကို စစ်ကြောရေးက နှိပ်စက်မှာ ငါ ကြောက်တယ် သူငယ်ချင်း။
• ငါ စစ်ဖိနပ်ကို ကြောက်တယ် သူငယ်ချင်း…..။

• ဒါပေမယ့် ငါ့ကလေးတွေ၊ ငါ့တူ ငါ့တူမတွေ၊ ငါ့မျိုးဆက်တွေ ယုတ်မာသွားကြမှာ ငါ ပိုကြောက်တယ် သူငယ်ချင်း…..

• ငါ ကြောက်တယ်။
• ငါ ကြောက်တယ်။
• ငါ တကယ်ကြောက်နေတယ်။

မင်းသေ့

ဖေဖော်ဝါရီ (၄) ရက် ၊ ၂၀၂၁။
စစ်အာဏာသိမ်းမှု (၄) ရက်မြောက်နေ့။

Previous post သူခိုးတွေ သူခိုးတွေ
Next post ဒေါ်အောင်ဆန်းစုကြည် (၁၉၄၅ – )

4 thoughts on “ယုတ်မာမှုတွေကို စောင့်ကြည့်မယ်။

  1. Just started CPP at 60. Retired 5 years ago and delaying another 5 years would result in 10 years of zero contributions to go along with several years with no contributions while going to school. Abagail Huey Doi

  2. Good post. I learn something totally new and challenging on websites I stumbleupon on a daily basis. Anni Bev Cato

Comments are closed.