• သူခိုးတွေ ပြန်တက်လာပြီ။
• သူခိုးတွေ ပြန်တက်လာပြီ။

• ဒီတစ်ခါတော့၊ သူခိုးတွေတင် မဟုတ်။ သူဝှက်တွေလည်း ပါသည်။ သရဲ ၊ သဘက်တွေလည်း ပါသည်။ သူရဲထက် သဘက်က ပိုဆိုးသည်။ တစ္ဆေအခြောက်ခံရသော ဘဝမှ၊ သဘက်များ၏ ဂုတ်ချိုးစားခံရမည့် ကိန်း။

• သူခိုးနဲ့အတူ ဓားပြများလည်း ပါသည်။ လူမိုက်များလည်း ပါသည်။ သူခိုး၊ ဓားပြနှင့် လူမိုက်များသည် အုပ်စုလိုက်ဖြစ်သည်။ အုံလိုက်ကျင်းလိုက်ဖြစ်သည်။ ဂိုဏ်းနှင့်ဂဏနှင့်ဖြစ်သည်။ အပေါင်းနှင့် အဖော်နှင့် ဖြစ်သည်။ လူပျင်းရှိလာ၊ လူဖျင်းလာ။ အမှိုက်ရှိရာ ခွေးချေးလာ။ သူယုတ်မာများနှင့် ပညာမဲ့ အနုံ အဖျင်း များသည် အအုပ်နှင့် အသင်းနှင့်ဖြစ်သည်။ တပ်မကြီးဖြင့် ချီလာသည်။

• အိမ်ပေါ်၌ နေစရာ မရှိတော့။

• ပညာရှိသူတော်ကောင်းတွေ ကင်းဆိတ်သည့် အရပ်။
• လူမိုက်များ ကြီးစိုးသည့် အရပ်။
• ပစ္ဆန္တရစ် အရပ်။

• အိမ်ပေါ်သို့ သူခိုးနှင့်အတူ သူဝှက်များ တက်လာကြပြီ။
• တစ္ဆေ၊ သဘက်များနှင့်အတူ အ,ပမှီနေသော အအုပ်အသင်းများ။
• ပယောဂဝင်နေသော လူ့တိရိစ္ဆာန်များ။
• လူဆိုးများနှင့်အတူ လူမိုက်များ။
• လူမိုက်များနှင့်အတူ လူယုတ်မာများ။
• လူယုတ်မာများနှင့်အတူ ဖြတ်စားလှီးစားများ။
• ဖြတ်စားလှီးများနှင့်အတူ အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစားများ။

• ၎င်းအုပ်စုထဲတွင်၊ တနပ်စားဉာဏ်များ။
• ဘယ်သူသေသေ ငတေမာပြီးရော လူတန်းစားများ။
• ထိုလူတန်းစားများကို ဝိုင်းရံနေသော လူပိန်း လူဖျင်းများ၊ လူ့ငနဲသားများ။
• ထို့နောက် တောကြောင်များ။
• ထို့နောက် အပိန်အဖျင်းများ။

• ပညာရှိသူတော်ကောင်း ကဲ့ရဲ့သည့် အလုပ်များကို လုပ်ကုန်ကြပြီ။
လူမိုက်တို့ ချီးကျူးဂုဏ်ပြုသော အလုပ်များကို လုပ်ရဲကုန်ကြပြီ။
ဆင်ခြင်တုံတရားသည် ဆိတ်သုဉ်းလျက်….
အသိအလင်းသည် ကင်းဆိတ်လျက်…..
တိုးတိုးမှိန်မှိန်သာ မပွင့်တပွင့်။
မလင်းရဲ လင်းရဲ….

• မလုပ်ရဲတာ ဘာမှ မရှိသော သောက်ကျင့်များ ကြီးစိုးတော့မည်။
• ဤအရပ်သည် …. ကျိန်စာသင့်နေသော အရပ်။
• ဤအိမ်သည် …. ကျိန်စာတိုက်ခံရသော အိမ်။
• ဤသို့ မချင့်မရဲ အတွေးဝင်မိသည်။
• မနေရဲတော့။
• ဤအိမ်အရိပ်ကို မခိုရဲတော့။
• ဤအရပ်မှာ မပျော်မွှေ့တော့။
• ဤကား စွန့်ပစ်အပ်သော အရပ်ပင်လော…..။

• ရေကြည်ရာ မြက်နုရာကို ရှာကြံတတ်သော အကျင့်သည် မကောင်း။
• နေထိုင်သော အရပ်၌ ရေမကြည်လျှင် ကြည်အောင် လုပ်။
• မြက်မနုလျှင် နုအောင် လုပ်။
• ဤအလေ့အကျင့်သည်သာလျှင် လူဘောင်ကောင်းကျိုးစိတ်ဓာတ်ဖြစ်ပါသည်။
• သမိုင်းသည် ချားရဟတ်ကဲ့သို့ အစဉ်တစ်ပတ် လည်လေသည်လား….
• သို့တည်းမဟုတ်….. ကြမ္မာဂြိုလ်ဆိုး ဝင်ရောက်ခြင်းလား။
• ရှေးက အကြောင်းတရားလား….
• ပြုသူ အသစ် ဖြစ်သူ အဟောင်းလား….။
• လူ့အဖွဲ့အစည်း၏ ကံကြမ္မာကို လူ့အဖွဲ့အစည်းထဲက လူသားတွေက ပြဌာန်းစီရင်သည်။
• တိုင်းပြည်၏ ကံကြမ္မာကို တိုင်းပြည်ထဲက လူထုက ပြဌာန်းစီရင်သည်။
• လူထုထဲမှာ ဘယ်သူ ပါသလဲ။
• လူထုဟာ သူနဲ့ တန်တဲ့ အစိုးရကို ရသတဲ့။
• ငါတို့ဟာ သူခိုးသူဝှက်တွေနဲ့ တန်နေတုန်းလား။
• ငါတို့ ညံ့လိုက်လေခြင်း…..
• ငါတို့ ဖျင်းလိုက်လေခြင်း….
• ငါတို့ တုံးလိုက်လေခြင်း….
• ငါတို့ အ,လိုက်လေခြင်း….
• ငါတို့ မိုက်မဲလိုက်လေခြင်း…..
• တို့ခေတ်ကိုတော့ ရောက်ရမည်ပါ မလွဲပါတဲ့…..
• အခုတော့ တို့ခေတ် မဟုတ်တော့။
• သူခိုးသူဝှက်တွေ ခေတ်။
• လူမိုက်၊ လူရမ်းကား၊ လူယုတ်မာတွေ ခေတ်။
• ငါတို့ ညံ့လိုက်လေခြင်း….
• ငါတို့ ဖျင်းလိုက်လေခြင်း….
• ငါတို့ တုံးလိုက် အ လိုက်လေခြင်း…..
• ငါတို့ မျိုးဆက် ညံ့တာ သေချာပြီလား…..
• ငါတို့ ဖျင်းတာ သေချာပြီလား…..

မင်းသေ့
ည ၇ း ၅၉
ဖေဖော်ဝါရီ (၃) ရက်၊ ၂၀၂၁ ခုနှစ်။
စစ်အာဏာသိမ်းပြီး (၃) ရက်မြောက်နေ့။

Previous post ဆရာစံ လယ်သမားတော်လှန်ရေး
Next post ယုတ်မာမှုတွေကို စောင့်ကြည့်မယ်။