ဆရာစံ လယ်သမားလက်နက်ကိုင်တော်လှန်မှု

• ၁၉၃၀ ခုနှစ်၊ ဒီဇင်ဘာလ။
• သာယာဝတီခရိုင် အခြေပြု။
• ဆရာစံဦးဆောင်သော လယ်သမား ဂဠုန်တပ်ဖွဲ့။
• လွတ်လပ်ရေးလှုပ်ရှားမှုအတွက်။
• လယ်သမား လက်နက်ကိုင် သူပုန်တပ်မကြီး။
• ဗြိတိသျှ အင်္ဂလိပ်ကို တော်လှန် ပုန်ကန် ထကြွ။

ဆရာစံ ဦးဆောင်တဲ့ လယ်သမားလက်နက်ကိုင်ပုန်ကန်မှုဟာ အင်္ဂလိပ်အစိုးရကို အတော်အတန် တုန်လှုပ်စေခဲ့ တယ်။ လက်နက်ကိုင် ပုန်ကန်မှုက ချို့ယွင်းချက်တွေ ရှိခဲ့လို့ အင်္ဂလိပ်ကို အောင်မြင်အောင် မတော်လှန် နိုင်ခဲ့ဘူး။ ချို့ယွင်းချက်တွေကတော့ ရှေးထုံးနည်း၊ ရှေးရိုးလမ်းစဉ်တွေအတိုင်း သွားခဲ့လို့ဖြစ်တယ်။ နိုင်ငံလုံးချီ လယ်သမားတပ်မကြီးအဖြစ် လက်နက်ကိုင် အုံကြွဖို့ ရည်ရွယ်ခဲ့ပေမယ့်၊ ခရီးဆုံးထိ မရောက်ခဲ့ဘူး။ ဒါပေမယ့် ဆရာစံရဲ့ လယ်သမားတော်လှန်ရေးဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် အထောက်အပံ့ကောင်းဖြစ်ခဲ့တယ်။ တစ်နိုင်ငံလုံးက လူထုကို တပ်လှန့်လိုက်သလိုဖြစ်ခဲ့တယ်။ ထိုနည်းလည်းကောင်း နိုင်ငံရေးအရ လှုပ်ဆော်သွေး ထိုးပေးနိုင်ခဲ့တဲ့ လှုပ်ရှားမှုဖြစ်ခဲ့တယ်။ လူထုဟာ ဆရာစံလယ်သမားတော်လှန်ရေးကြောင့် နိုင်ငံရေးအရ နိုးကြားရကောင်းမှန်းသိလာတယ်လို့ ယူဆရတယ်။

တကယ်တော့ ဆရာစံဟာ တိုင်းရင်းဆေးဆရာ တစ်ယောက်သာဖြစ်ပါတယ်။ နယ်လှည့် ဆေးကုရင်း၊ တောင် သူလယ်သမားတွေရဲ့ ခါးစည်းခံရတဲ့ နင်းပြားဘဝတွေကို စာနာလာတယ်။ ထို့နောက် နားလည်လာတယ်။ ထို့ နောက် မခံချင်စိတ်ဖြစ်လာတယ်။ ဒီလိုနဲ့ ဂျီစီဘီအေ ဦးဆောင်တဲ့ ဝံသာနုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဂျီစီဘီအေက လုပ်ဆောင်တဲ့ ဝံသာနုလှုပ်ရှားမှုတွေမှာ ပါဝင်ရပေမယ့်၊ ဆရာစံဟာ သိပ်အားမရဘူး။ အင်္ဂလိပ် ကို တော်လှန်တဲ့နေရာမှာ၊ ဒီနည်းဟာ ပျော့တယ်လို့ ထင်ခဲ့တယ်။ အနုနည်းဟာ မထိရောက်ဘူးလို့ ယူဆလာ တယ်။ ဒါ့ကြောင့် လူသူလက်နက်ကို စည်းရုံးစုဆောင်းပြီးတော့ ဓား ဓားချင်း ယှဉ်ရမယ်လို့ မှတ်ယူတယ်။ ဒီလို နဲ့ ဆရာစံဟာ နယ်လှည့်ဆေးကုရင်း သူ့အပေါ် လေးစားကြည်ညိုချစ်ခင်တဲ့ လယ်သမားတွေကို စတင်စည်းရုံး တယ်။ အချိန်ကာလတစ်ခုယူပြီးတော့ လယ်သမားတွေကို စည်းရုံးရေးလုပ်တယ်။ ဒီလိုနဲ့ သာယာဝတီခရိုင်ကို အခြေပြုပြီး လယ်သမားလက်နက်ကိုင် ပုန်ကန်မှုကြီး ဖြစ်ခဲ့တယ်။

ဆရာစံ ဦးဆောင်တဲ့ လယ်သမားလက်နက်ကိုင်တပ်အမည် ဂဠုန်တပ်ဖြစ်တယ်။ လယ်သမား လက်နက်ကိုင် တော်လှန်ရေးကို ၁၉၃၀ နှစ်ကုန်ပိုင်းမှာ စတင်ခဲ့တယ်။ ၁၉၃၁၊ ဩဂုတ်မှာ ဆရာစံ အဖမ်းခံရတယ်။ ပြီးတော့ ကြိုးပေး သေဒဏ်ကို အင်္ဂလိပ်က ပေးတယ်။ ဆရာစံ အဖမ်းခံရပေမယ့်၊ ၁၉၃၃ နှစ်လည်ပိုင်းလောက်အထိ ပြောက်ကျား လက်နက်ကိုင် ပုန်ကန်မှုတွေ ရှိနေခဲ့တယ်။

ကောက်ချက်

ဆရာစံဟာ သူ့ရဲ့ လယ်သမားသူပုန်တပ်ဖွဲ့ကို တုတ်ပီး၊ ဓားပီး၊ အဆောင်၊ လက်ဖွဲ့တွေနဲ့ ယုံကြည်မှုကို မြှင့်တင်ပေးခဲ့တယ်။ ဒါက ခေတ်မီလက်နက်တွေ သုံးနိုင်တဲ့ အင်္ဂလိပ်စစ်တပ်ကို မယှဉ်နိုင်တာ မဆန်းပါဘူး။ အင်္ဂလိပ်ကို ချော့ပြီး ဝံသာနုလှုပ်ရှားမှုတွေကို အနုနည်းနဲ့ လုပ်တာကို အားမလိုအားမရဖြစ်ပြီး၊ လက်နက်ကိုင်ချ မှရမယ်လို့ စိတ်ဓာတ်ပြင်းပြခဲ့တာကိုတော့ ချီးကျူးရမယ်။ လူသူစုဆောင်းတဲ့အခါမှာလည်း နယ်လှည့်ဆေးကုတဲ့ အခါ အများဆုံး ထိတွေ့တဲ့ တောင်သူလက်သမားတွေကို စည်းရုံးတာ လက်တွေ့ကျတယ်။ ဆရာစံရဲ့ စည်းရုံး ရေးကို ဖြစ်မြောက်အောင် အားပေးလိုက်တဲ့ နောက်ခံဖြစ်ရပ်တော့ ရှိတယ်။ အဲဒါက ပထမကမ္ဘာစစ် (၁၉၁၄) နောက်ပိုင်းဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်ပါတယ်။

ကောက်နုတ်ချက်။ ။

• အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ကြီးပွားရာကြီးပွားကြောင်း ဆောင်ရွက်လို့ အခုလို ကြုံတွေ့ရတာပဲ။ သုခလို့ မှတ်ပါတယ်။ ဖယ်ပေးကြ၊ ငါ့ဟာ ငါ တက်မယ်။

ဆရာစံ ကြိုးစင်ပေါ်တက်စဉ် ပြောသည့်စကား။
သာယာဝတီထောင်မှူးကလေးအဖြစ် ဆောင်ရွက်ခဲ့သော အငြိမ်းစားထောင်ပိုင်ဝန် ဦးစိန်၏ မျက်မြင်ကိုယ်တွေ့
ပြောပြချက်မှ /

ဆက်စပ်နားလည်မှု

ဆရာစံရဲ့လယ်သမားတပ်ဖွဲ့တော်လှန်ရေးကိစ္စကိုလေ့လာပြီး၊ မြန်မာပြည်ရဲ့ နိုင်ငံရေးဓလေ့ကို သုံးသပ်ကြည့် မြင်နိုင်တယ်။ ဆရာစံဟာ လူမှုရေးအားဖြင့်၊ ဘာသာရေးအားဖြင့် ဝံသာနုလှုပ်ရှားမှုအပေါ်မှာအားမလို အားမရ ဖြစ်ခဲ့တယ်။ တနည်းအားဖြင့် နိုင်ငံရေးနည်းထက် လက်နက်ကိုင်နည်းက ပိုအရာရောက်လိမ့်မယ်လို့ ယူဆခဲ့ တယ်။ ကမ္ဘာ့စီးပွားပျက်ကပ်ဒဏ်ကြောင့် လယ်ခွန်၊ ယာခွန်၊ သီးစားခတွေတို အင်္ဂလိပ်အစိုးရက တိုးကောက် တော့၊ လယ်သမားတွေက မချိအောင်ခံရတယ်။ တစ်ဖက်မှလည်း ဆန်ဈေးတွေက ကျတော့၊ လယ်သမားတွေ က ဆင်းရဲတွင်းနက်တယ်။ ဒီတော့ တော်လှန်လိုစိတ်ရှိတဲ့ မျိုးချစ်ဗမာ တစ်ယောက်ဟာ၊ လက်နက်ကိုင်လမ်း စဉ်ကို ရွေးချယ်ဖို့စိတ်အားထက်သန်ခဲ့တယ်။ ဒီနည်းဟာ တော်လှန်ရေးနည်းနဲ့ ချက်ချင်းလက်ငင်း ကျွန်လက် အောက်ကနေ လွတ်နိုင်လိမ့်မယ်လို့ ယူဆခဲ့တယ်။ လက်နက်ကိုင်လမ်းစဉ်ကို အကောင်အထည်ဖော်ဖို့ စည်းရုံး ရေး အလုပ်တွေ လုပ်နေစဉ်မှာလည်း၊ ဆရာစံဟာ သူ့ကိုယ့်သူ “ဘုရင်လောင်းလျာ” လို့ ယူဆခဲ့ဟန်တူတယ်။ ဗမာ့နိုင်ငံရေးဓလေ့မှာလည်း “မင်းလောင်းမျှော်” တဲ့ ဝါဒက တည်ရှိနေဆဲဖြစ်တယ်။ ဆရာစံက တော်လှန်ရေး အတွက် စုဖွဲ့တဲ့နေရာမှာ၊ သူစုစည်းတဲ့ ဂဠုန်တပ်ဖွဲ့အတွင်း ယုံကြည်မှုတည်ဆောက်တာကိုလည်း လုပ်ခဲ့တယ်။ ယုံကြည်မှုတည်ဆောက်တဲ့နည်းကတော့ ရှေးရိုးထုံးဓလေ့တွေနဲ့ဖြစ်ပါတယ်။ ဖြစ်စဉ်တစ်ခုကို တင်ပြချင်တယ်။

• သာယာဝတီမြို့၊ အရှေ့ဘက် (၁၅) မိုင်ခန့်အကွာ။
• ပဲခူးရိုးမတောင်တန်းရှိ၊ အလံတောင်ဌာနချုပ်။
• အလံတောင်ကို ဗုဒ္ဓရာဇမြို့ဟု သတ်မှတ် မြို့ပန္နက်။
• မင်းမြှောက်တန်ဆာ ငါးပါး ဝတ်ဆင်။
• သုပဏ္ဏကဂဠုနရာဇ ဘွဲ့ခံ။
• ဘိသိက်ခံယူ။
• မြန်မာနက္ခတ်ကျမ်းအလိုအရ။
• ဂဠုနရာဇဟူသည် နဂါးကို သုတ်မည့် ဂဠုန်မင်းဟူ၍။

ရှေးခေတ်ဗမာတွေရဲ့ဓလေ့အရ ယုံကြည်ထားတဲ့ ဓလေ့ထုံးတမ်းအရ ယုံကြည်မှုတည်ဆောက်တဲ့ ကျင့်ထုံးကို သုံးပြီး ဆရာစံဟာ လယ်သမားတော်လှန်ပုန်ကန်မှုကို စုစည်းခဲ့တယ်။ ဒီဖြစ်ရပ်ကို ပုံဖျက်ခဲ့တဲ့ အင်္ဂလိပ်ကတော့၊ မင်းမြှောက်တန်ဆာနဲ့ ဘိသိက်ခံယူတဲ့ ဆရာစံကို “မင်းလောင်းရူးနှင့် ဓားပြတစ်စု” လို့ရေးသားဖော်ပြခဲ့ဖူးတယ်။

အိုးဝေညိုမြက ဆရာစံနဲ့ပတ်သက်ပြီး ၁၉၇၁ ခုနှစ်ထုတ် အိုးဝေဂျာနယ်မှာ ဆောင်းပါးတစ်ပုဒ်ရေးဖူးပါတယ်။ ဒီဆောင်းပါးမှာ ဆရာစံနဲ့ပတ်သက်ပြီး မှတ်ချက်ပေးထားပါတယ်။

• ဆရာစံရဲ့ နိုင်ငံရေးခံယူချက်ဟာ ဂျီစီဘီအေ အဖွဲ့ဝင် ဝံသာနုကြီး တစ်ဦးအနေနဲ့ “အမျိုး၊ ဘာသာ၊ သာသနာ” ကာကွယ်ရေးကလွဲရင် ဘာမျှ မသိပါဘူး။ ရွှေဘိုက ဦးအောင်ဇေယျတို့လို မျိုးချစ်ခေါင်း ဆောင်ကြီးသာ ဖြစ်ပါတယ်။ နိုင်ငံခြားပယောဂ ကင်းရှင်းစွာနှင့် မြန်မာ့နည်း မြန်မာ့ဟန် တော်လှန်ခဲ့ ခြင်းဖြစ်ပါတယ်။

အိုးဝေညိုမြ
အိုးဝေဂျာနယ်၊ အမှန် (၆၂)၊ ၁၉၇၁ မတ်လ။

Donald Smith ရေးသားတဲ့ Religion and Politics in Burma စာအုပ်ကို သမိုင်းဆရာ ဒေါက်တာအောင်ခင်က လေလှိုင်းထဲက စာအုပ်စင်ကဏ္ဍမှာ အသံလွှင့်ဆောင်းပါးအနေနဲ့ စာအုပ်ထုတ်ပါတယ်။ ဒီစာအုပ်မှာ ဆရာစံ တော်လှန်ရေးနဲ့ပတ်သက်ပြီး ဒေါ်နယ်စမစ်ရဲ့ အမြင်ယူဆချက်ကို တွေ့ရမှာဖြစ်ပါတယ်။

• ၁၉၃၀ နဲ့ ၁၉၃၁ အကြား ဖြစ်ပွားတဲ့ ဆရာစံသူပုန်ဟာ မြန်မာ့ရိုးရာ အစဉ်အလာ အမျိုးသားစိတ်ဓာတ် ကို အထင်အရှားပြသတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

• ဘုန်းတန်ခိုးရှိအောင် ဘာသာအယူဝါဒဆိုင်ရာ ဂါထာမန္တန်တွေကို ရွတ်ဖတ်ပြီး ရှင်ဘုရင်အဖြစ် ဘိသိက်ခံယူထားတဲ့ ဆရာစံဟာ အင်္ဂလိပ်ကိုလိုနီအစိုးရကို ဖြုတ်ချဖို့ တော်လှန်ပုန်ကန်တာပါ။ ဒီလို ရိုးရာအစဉ်အလာအရ လုပ်ကိုင်တာဟာ ဗမာတွေကို စိတ်ဓာတ်တက်ကြွစေပါတယ်။ နိုင်ငံခြား အဝတ် အထည် သပိတ်မှောက်တဲ့ လှုပ်ရှားမှုကို ဗမာတွေက ရေရှည် မလုပ်နိုင်ကြတာကြောင့် မင်းလောင်း ပေါ်တာမျိုးကို ပိုပြီး စိတ်ဝင်စားကြပါတယ်။ အဲသည့်အချိန်က တစ်ကမ္ဘာလုံး စီးပွားရေးကပ်ဆိုက်နေ တာမို့ မြန်မာ့ကျေးလက်မှာ ဆင်းရဲတွင်းနက်နေတဲ့အတွက် လယ်သမားသူပုန်ကို အားပေးသူတွေ များ ပါတယ်။ ဆရာစံဟာ ဘုန်းကြီးလူထွက် ဗိန္နောဆရာဖြစ်ပြီး ဦးစိုးသိမ်း ဂျီစီဘီအေ အဖွဲ့ဝင်ဟောင်း တစ်ဦးလည်းဖြစ်ပါတယ်။ ဆရာစံ သူပုန်တပ်ရဲ့ သင်္ကေတက ဂဠုန်အရုပ်ကို ခန္ဓာကိုယ်မှာ ဆေးနဲ့ ထိုး ထားတာကို ပီးဆေးလို့ ယုံကြည်ကြပါတယ်။

• ထိုးဆေးမှင်ကြောင် အဆောင်လက်ဖွဲ့နဲ့ ဓားလှံကိုင်ဆောင်တဲ့ ဆရာစံ ဂဠုန်တပ်ဟာ သေနတ်ကိုင်တဲ့ အင်္ဂလိပ်၊ အိန္ဒိယစစ်တပ်ကို မယှဉ်နိုင်ပါဘူး။ တိုက်ပွဲဖြစ်တော့မှ၊ ဆရာစံရဲ့ ပီးဆေးဟာ သေနတ် မပြီး မှန်း သိကြပါတယ်။ ဒါပေမယ့် ကျေးလက်အမျိုးသား အဖွဲ့တွေရဲ့ ထောက်ခံမှုကြောင့် သူပုန်ထသူများ လာတဲ့အတွက် တစ်နှစ်ခွဲလောက် လှုပ်ရှားနိုင်ပါတယ်။ ရိုးရာအစဉ်အလာဓလေ့အတိုင်း အင်္ဂလိပ် အာဏာကို တွန်းလှန်တဲ့ တော်လှန်ရေးဖြစ်တာမို့ လူထုရဲ့ မျှော်လင့်ချက်ရောင်ခြည်လို ဖြစ်ခဲ့ရတယ် လို့ Donald Smith ကဆိုပါတယ်။

ဒေါက်တာအောင်ခင်
လွတ်လပ်ချင်တဲ့စိတ်နှင့် လေလှိုင်းထဲက စာအုပ်စင်
Religion and Politics in Burma, Donald Eugene Smith
မြန်မာ့နိုင်ငံရေးနှင့် ဘာသာရေး အပိုင်း (၆)
၂၀၂၀၊ စာ – ၁၃၁ ။

ဆရာစံတော်လှန်ရေးနဲ့ပတ်သက်ပြီး ပြည်တွင်းရေးအတွင်းဝန်ကြီး မစ္စတာလိချ်ရဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြ တယ်။

(၁) အစိုးရကို ပုန်ကန်ခြားနားရန် လျှို့ဝှက်ကာ ဆရာစံက ကြံစည်ပြီးလျှင် အသင်းဖွဲ့၍ တိုက်ခိုက်ခြင်း ဖြစ်ရာ ၎င်းတို့ကို ဦးစိုးသိမ်း ဂျီစီဘီအေ နှင့် သံဃာ့သမဂ္ဂီအသင်းတို့မှ လူရော ရဟန်းပါ လျှို့ဝှက်စွာ ထောက်ခံအားပေးခြင်းကြောင့်လည်းကောင်း၊

(၂) ဂျီစီဘီအေ က ဘော်လံတီယာအပျော်တမ်းတပ်ဟု ဟန်ပြကာ ဆရာစံကြီးမှူး၍ ဂဠုန်အသင်းများ ဖွဲ့စည်းခြင်း၊

(၃) သာယာဝတီနယ်မှ လူများသည် ပင်ကိုကပင် တရားဥပဒေများကို တော်လှန်လိုသောစိတ်၊ အကြမ်း ဖက်၍ လုပ်လိုသောစိတ်၊ ဥပဒေစည်းကမ်းကို မရိုသေသောစိတ်ရှိသူများဖြစ်ကြခြင်း၊

(၄) နှစ်ပေါင်းများစွာ အစဉ်အဆက်က စ၍ အခွန်တော်များကို အထူး ရွံရှာစက်ဆုပ်ကြခြင်း၊

(၅) ဦးဥတ္တမကဲ့သို့သော သံဃာများပါသည့် သံဃာ့အဖွဲ့နှင့် ဂျီစီဘီအေ လူအဖွဲ့ခေါင်းဆောင်များက အစိုးရ အကြည်အညိုပျက်စေရန်နှင့် တရားဥပဒေများကို မရိုသေရန် ဟောပြောကြခြင်း၊

(၆) လူအများမှ ယုံကြည်လွယ်တတ်ခြင်းများကြောင့် ဆရာစံကဲ့သို့ ခေါင်းဆောင်တစ်ယောက်က ဓား၊ သေနတ် ပြီး ဆေးထိုးပေးခြင်း၊ ဆေး လက်ဖွဲ့ဆောင်ခြင်း စသည်တို့နှင့် ဆွယ်လျှင် အလွယ်တကူ နောက်လိုက်အဖြစ် လိုက်ကြခြင်းများကြောင့် ဖြစ်သည်….။

ဦးဘခိုင်
မြန်မာပြည်နိုင်ငံရေးရာဇဝင်
၂၀၁၉ ၊ စာ – ၈၉ ။

ဒီဖြစ်ရပ်တွေကို ကြည့်ရင်၊ ဆရာစံတော်လှန်ရေးကာလမှာ လူ့အဖွဲ့အစည်းအတွင်း ခေတ်သစ်နိုင်ငံရေးအမြင် တစ်ရပ် ရှိမနေသေးဘူးဆိုတာ သေချာတယ်။ ရှေးထုံးနည်းနဲ့ တတ်သိနားလည်သလောက် ခံချမယ်ဆိုပြီး တော်လှန်တာဖြစ်တယ်။ စနစ်ကျတဲ့ နိုင်ငံရေးစုဖွဲ့မှုသဏ္ဍာန် မရှိသေးဘူး။ မခံချင်စိတ်သာရှိတယ်။ ငုံ့မခံချင်စိတ် သာ ရှိတယ်။ လက်နက်ကိုင်ပြီး လူအင်အားများရင် နိုင်မယ်လို့ ယူဆခဲ့ဟန်တူတယ်။ ဗမာလယ်သမားတွေ ကလည်း ဒီတော်လှန်ရေးအောင်မြင်ခဲ့ရင် ဘုရင်အဖြစ် “ဆရာစံ” ကို တင်မြှောက်ပြီး ကိုယ့်ထီးကိုယ့်နန်းနဲ့ တိုင်းပြည်တည်ရမယ်လို့ မှတ်ယူခဲ့ကြလိမ့်မယ်။ ဒါကတော့ ဗမာ့နိုင်ငံရေးဓလေ့အတွက် လေ့လာစရာဖြစ်နိုင် လိမ့်မယ်။

ဆရာစံ လယ်သမားတော်လှန်ရေးက မအောင်မြင်ခဲ့ပေမယ့်၊ လူထုကို လှုံ့ဆော်ရာမှာ သက်ရောက်မှု ကြီးမား ခဲ့တယ်။ ဆရာစံရဲ့ လယ်သမားတော်လှန်ရေးအကြောင်းနဲ့ ဆရာစံကိုယ်တိုင်ရေးသားခဲ့တဲ့ ဆရာစံ အတ္ထုပ္ပတ္တိ ကို သူရိယသတင်းစာမှာ အစဉ်လိုက်ဖော်ပြခြင်းတွေနဲ့ လှုံ့ဆော်တဲ့အခါမှာ လူထုဟာ အမျိုးသားတော်လှန်ရေး လှုပ်ရှားမှုအပေါ်မှာ ပိုပြီး အာရုံကျလာတယ်။ တစ်ဖက်မှာလည်း ဆရာစံလယ်သမားတော်လှန်ရေး မအောင်မြင် ရခြင်းအကြောင်းတွေကို သင်ခန်းစာယူ၊ ဆင်ခြင်မိလာပြီး ခေတ်သစ်တော်လှန်ရေးနည်းနာတွေကို လေ့လာဖို့ သင်ခန်းစာကောင်းတွေ ရခဲ့တယ်။ ဝံသာနုလှုပ်ရှားမှုသမိုင်းမှာ၊ ဆရာစံရဲ့ လက်နက်ကိုင် သူပုန်ထမှုဟာ အထင် ကရဖြစ်ရပ်အနေနဲ့ ရှိခဲ့တယ်။ ဘာသာရေး၊ လူမှုရေးနည်းနဲ့ တော်လှန်ရေးလမ်းစဉ်တွေကို လူထုက မလိုလား တော့ကြောင်း၊ မစောင့်နိုင်၊ မအောင့်နိုင်ကြောင်း ပြလိုက်တဲ့ ဖြစ်ရပ်ကြီးလည်းဖြစ်တယ်။ နောက်ထပ် ထူးခြား တာက ဆရာစံဟာ ဂျီစီဘီအေရဲ့ အနုနည်းနဲ့ လှုပ်ရှားတဲ့ ဝံသာနုလှုပ်ရှားမှုတွေကို ကျော်လွန်ပြီး လက်နက်ကိုင် တိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ဆရာစံရဲ့ လက်နက်ကိုင်သူပုန်တပ်ကို နံဘေးကနေ လှုံ့ဆော်ပေးတဲ့ သံဃာ့ အဖွဲ့အစည်းနဲ့ ဘုန်းကြီးတွေလည်း ရှိခဲ့တယ်ဆိုတာ နားလည်ရတယ်။ ဒါဟာ တော်လှန်ရေးမှာ လူမှုရေးနဲ့ ဘာသာရေးတို့ရဲ့ ပေါင်းစပ်ပါဝင်မှုကို ပြသခြင်းဖြစ်တယ်။

ရေးသားနေဆဲ …. မြန်မာ့နွေဦးစစ်တမ်း စာအုပ်မှ /
မင်းသေ့
ဇန်နဝါရီ (၁၂) ၂၀၂၁။

Previous post အသံထွက် ဆောင်းပါးများ
Next post သူခိုးတွေ သူခိုးတွေ