• ဒီခေတ်က ကူးလူးဆက်ဆံမှု မြန်ဆန်တဲ့ခေတ်ပဲ။ ယဉ်ကျေးမှုပေါင်းစုံတယ်။ ဖလှယ်စရာတွေ အများကြီး ရှိတယ်။ ပေါင်းစည်းရမှာတွေ အများကြီးရှိတယ်။ လေ့လာစရာတွေ၊ သင်ယူစရာတွေ အများကြီးရှိတယ်။ တိုးတက်မှုအတွက်၊ ပြောင်းလဲမှုအတွက် ဒါတွေက အရေးကြီးတယ်။ ဒါတွေအတွက် အရေးအကြီးဆုံးက တံခါးတွေကို ဖွင့်ထားဖို့ပဲ။

• ယဉ်ကျေးမှုတွေ ကူးလူးခြင်းဟာ မင်္ဂလာဖြစ်တယ်။ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တန်ဖိုးထားခြင်းဟာ လည်း မင်္ဂလာဖြစ်တယ်။ ဒါပေမယ့်…. ကိုယ့်ယဉ်ကျေးမှုထဲမှာ၊ ယဉ်ကျေးမှုအမည်ခံထားတဲ့ မယဉ်ကျေးမှုတွေ ရှိတယ်။ ယဉ်ကျေးမှုအမည်ခံထားတဲ့ မိုက်ရိုင်းမှုတွေရှိတယ်။ မိုက်ရိုင်းမှုတွေကို ယဉ်ကျေးမှု အမည်ခံပြီးတော့ လူအများ ဟုတ်ယောင်ထင်အောင် လှည့်စားထားတဲ့ ဓလေ့၊ စရိုက်တွေ ရှိတယ်။ အဲဒါတွေကိုတော့ ဉာဏ်နဲ့ ကြည့်မှရမယ်။ အဲဒါတွေကို ဉာဏ်စစ်စစ်နဲ့ ကြည့်လို့ မရအောင်၊ ဝေဖန်ပိုင်းခြားစိစစ်စဉ်းစားမှု (critical thinking) နိမ့်တဲ့ ပညာရေးနဲ့ ပုံဖျက်ထားတော့၊ လူတွေဟာ မမြင်နိုင်ဘူး။ မသိနိုင်ဘူး။ သတိမထားမိဘူး။ တံခါးတွေ ဖွင့်ထားပါ။ မကြောက်ပါနဲ့။ ယဉ်ကျေးမှုတွေဟာ ကိုယ်ခံအားကောင်းရင် မပျောက်ပျက်ပါဘူး။ ကိုယ်ခံအား မကောင်းလို့သာ ပြင်ပအရာတွေကို ကြောက်နေတာ။

• ကျနော်တို့ မြန်မာတွေဟာ၊ ကိုယ့်ယဉ်ကျေးမှုကို ထိုးဖောက်အောင်လုပ်ဖို့ထက် မပျောက်ပျက်အောင် ထိန်းသိမ်းရင်းနဲ့ နိဂုံးချုပ်သွားကြတာများတယ်။ တကယ်တော့…. မပျောက်ပျက်အောင် ထိန်းသိမ်းခြင်း ဆိုတဲ့ prevention နဲ့ protection နဲ့တင် ရပ်နေရမှာ မဟုတ်ဘူး။ penetration နဲ့ propagation ဆိုတာအထိ သွားရမှာ။ တကယ်တော့ ကာကွယ်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးမှာတင် ရပ်နေကြတာများတယ်။ ဒီလိုဆိုရင်တော့ သေချာတယ်။ ထိန်းသိမ်းစောင့်ရှောက်ရေးကို လုံးပန်းရင်းနဲ့ လုံးပါးပါးမှာပဲ။ ဒါကို သေချာနားလည်သဘောပေါက်သင့်တယ်လို့ ထင်တယ်။

• ယဉ်ကျေးမှုကိစ္စကို စဉ်းစားတဲ့နေရာမှာ အမြင်ကျယ်ကျယ်နဲ့ သဘောထားကြီးကြီး ကြည့်မြင်ဖို့ သိပ်လိုအပ်တယ်။ အမြင်က ကျုံ့လို့ မရဘူး။ အမြင်က နုပ်လို့ မရဘူး။ မြန်မာတွေဟာ ယဉ်ကျေးမှုကိစ္စကို ကြည့်တဲ့နေရာမှာ သိပ်ပြီး နုပ်တာပဲ။ သိပ်ပြီး ကျုံ့တာပဲ။ ကျုံ့တာ၊ နုပ်တာ မကောင်းဘူး။ မြန်မာ့ယဉ်ကျေးမှုတွေကို ကြည့်လိုက်စမ်းပါ။ အားလုံးဟာ တံခါးတွေ ဖွင့်ပြီး ကြိုဆိုလို့ ပိုပြီး တိုးတက်လာတာ။ နဂိုမူရင်းအတိုင်း သူ့ချည်းသက်သက်ထားရင် ဒီလောက် ဖြစ်လာမယ် မထင်ဘူး။ စားသောက်မှု ပုံစံတွေ၊ ဝတ်စားနေထိုင်မှုပုံစံတွေ၊ သီချင်း ဂီတ နဲ့ ပန်းချီ အနုပညာတွေကို ကြည့်လိုက်။ အားလုံးဟာ ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံမှု၊ ယဉ်ကျေးမှုချင်း ပေါင်းစပ် စီးဝင်မှုကို ဟာမိုနီဖြစ်ဖြစ် လုပ်ထားနိုင်ကြလို့ တိုးတက်လာတာလို့ ပြောချင်တယ်။ စာပေကို ကြည့်မလား။ ဘာသာစကားကို ကြည့်မလား။ အားလုံးဟာ ယဉ်ကျေးမှုတွေကို ကူးလူးဆက်ဆံခွင့်ပေးပြီး အမျှော်အမြင်ရှိရှိ ရူးရူးသွပ်သွပ်နဲ့ ပေါင်းစပ်တီထွင်ထားကြလို့သာ မြန်မာ့ယဉ်ကျေးမှုဟာ ခေတ်နဲ့ အံဝင်နေတာ။ ခေတ်နဲ့ အံကိုက်နေတာ။ ခေတ်နဲ့ လိုက်ဖက်နေတာ။

• ကမ္ဘာကြီး ဘယ်လိုပဲ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်ဖြစ်၊ မြန်မာဟာ ပြတ်ကျန်မနေခဲ့ဘူး။ မြန်မာတွေရဲ့ နေထိုင်စားသောက်မှု ပုံစံနဲ့ အနုပညာ ဂီတတွေကို ကြည့်လိုက်။ ခေတ်နဲ့ အံဝင်တယ်။ ခေတ်နဲ့ လျော်ညီတယ်။ စာပေကလည်း ထိုးထွက် ဖောက်ထွက်တာပဲ။ ခေတ်ကို ကျော်ပြီး ကြည့်တဲ့ စာပေသမားတွေဟာ ယဉ်ကျေးမှုအနုပညာကို မပျောက်ပျက်အောင် ထိန်းသိမ်းရေးဆိုတဲ့ ကျဉ်းမြောင်းသော တရားသေ အမြင်တစ်ခုတည်းမှာတင် ကျောက်ချနေထိုင်နေတာ မဟုတ်ဘူး။ သူတို့ဟာ စွန့်ပြီး ဖန်တီးကြတယ်။ ဒါကို လက်ခံရမယ်။ ကြိုဆိုရမယ်။

• မြန်မာတွေဟာ သိပ်ပြီး သင်လွယ်တတ်လွယ်တယ်။ ဒီခေတ်က လူငယ်၊ ဆယ်ကျော်သက်တွေကို ကြည့်လိုက်။ ခေတ်က ပွင့်လင်းလာတော့၊ လေ့လာစရာတွေ သင်ယူစရာတွေကို လူကြီးမိဘတွေရဲ့ အကူအညီ အပံ့အပိုး မပါဘဲနဲ့တောင် သူတို့ဘာသာ သင်ယူတတ်မြောက်နေလိုက်ကြတာ။ အံ့မခန်းပါပဲ။ ဒါတွေဟာ သိပ်ပြီး ချီးကျူးဖို့ကောင်းတယ်။ ခေတ်က ပွင့်လင်းလာတဲ့အခါ၊ ခေတ်က လွတ်လပ်လာတဲ့အခါ၊ ခေတ်က အတားအဆီးတွေ အကန့်အသတ်တွေ မဲ့လာတဲ့အခါမှာ လေ့လာသင်ယူခွင့်နဲ့ လွတ်လပ်စွာ တွေးခေါ်စဉ်းစားခွင့်၊ လွတ်လပ်စွာ ဖန်တီးတီထွင်မှုတွေဟာ သူ့သဘောသူဆောင်ပြီး အလိုလို တိုးတက်လာတာပဲ။ အစိုးရကိုလည်း မှီခိုစရာ မလိုဘူး။ ဆရာ/ ဆရာမကိုလည်း မှီခိုစရာ မလိုတော့ဘူး။ လူကြီးမိဘတွေကိုလည်း နားပူးကပ်စရာ မလိုတော့ဘူး။ ဒါဟာ သိပ်ကောင်းတယ်။ တံခါးတွေကို ရဲရဲဖွင့်ဖို့ပဲ လိုတယ်။ တံခါးတွေကို ရဲရဲဖွင့်ရဲဖို့သာ လိုတယ်။ တခြား သိပ်မလိုဘူး။ လူ့ဗီဇဟာ သင်ယူတတ်မြောက်ခြင်းနဲ့ တီထွင်ခြင်းဆိုတာကို အလိုလို လုပ်ချင်စိတ် ပါလာပြီးသား။ လူ့အဖွဲ့အစည်းရဲ့ အားကို မြှင့်မှရမယ်။ လူ့အဖွဲ့အစည်းရဲ့ အင်အားကို ကောင်းအောင် လုပ်မှ ရမယ်။ နေရာတကာမှာ အစိုးရကိုပဲ မှီခိုနေခြင်းဟာ ရေသာခိုလူ့အဖွဲ့အစည်းကိုပဲ ရလိမ့်မယ်။

မင်းသေ့
နံနက် ၁၀ း ၀၈
ဇန်နဝါရီလ (၁၂) ရက်၊ ၂၀၂၁။

Previous post ▄ ရိုးတဲ့သူ ဖြောင့်တဲ့သူ
Next post အသံထွက် ဆောင်းပါးများ