• ကွန်ဖြူးရှပ်ပြောခဲ့ဖူးတဲ့ စကားရှိတယ်။ စာရိတ္တကောင်းတဲ့သူဟာ စိုးရိမ်ကြောင့်ကြမှု ကင်းတယ်။ ပညာရှိတဲ့သူက တွေဝေခြင်းကင်းတယ်။ ရဲရင့်တဲ့သူက ကြောက်ရွံ့ခြင်းကင်းတယ်တဲ့။ စကားလုံးအတွဲ အစပ်ကလေးက သိပ်လှတာပဲ။

• စာရိတ္တဆိုတာ တနည်းအားဖြင့် ကိုယ်ကျင့်။ ကိုယ်ကျင့်တရား။ ကိုယ်ကျင့်ထားတဲ့တရား။ ကိုယ်ကျင့်ထားတဲ့ဓမ္မ။ ကိုယ်ကျင့်တရားဆိုတာ ကိုယ်ကျင့်ထားတဲ့ ဓမ္မကို ခေါ်တာ။ ကိုယ်ကျင့်ထားတဲ့ အဓမ္မကို ခေါ်တာ မဟုတ်ဘူး။ အဓမ္မဆိုတာ မတရားတာကို ခေါ်တယ်။ ကိုယ်ကျင့်ကောင်းတဲ့သူတွေ၊ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူတွေနဲ့ တွေ့ဆုံရရင် သိပ်သိသာတာ တစ်ခု တွေ့ရတယ်။ သူတို့ မျက်နှာ တွေက ပြုံးနေတယ်။ ရယ်နေတယ်၊ ကြည်နေတယ်၊ တောက်နေတယ်။ နှစ်လိုဖွယ်ဖြစ်နေတယ်။ သူတို့ မျက်နှာမှာ ဖြောင့်တာကို မြင့်ရတယ်။ ကြည်တာကို မြင်ရတယ်။ မှိုင်းနေတာကို မမြင်ရဘူး။ တွန့်နေတာကို မမြင်ရဘူး။ မဲနေတာကို မြင်ရဘူး။ မျက်လုံးတွေက အစ…. ကြည်နေတယ်။ ရွှင်နေတယ်။ တောက်နေတယ်။ မျက်လုံးမှာက ဖြောင့်တဲ့စိတ်ကို မြင်ရတယ်။ ဒီလိုလူတွေနဲ့ ပေါင်းရ သင်းရ၊ တွေ့ရ ဆုံရတာ သိပ်ပျော်စရာကောင်းတယ်။ သိပ်ပြီးစိတ်ချမ်းသာစရာကောင်းတယ်။

• ကိုယ့်ကျင့်အားဖြင့် မဖြောင့်တဲ့သူ၊ ကောက်နေတဲ့သူရဲ့ မျက်နှာဟာ သိပ်သိသာတယ်။ မဲနေတယ်၊ မှောင်နေတယ်၊ မှိုင်းနေတယ်၊ ထိုင်းနေတယ်၊ ရယ်ပေမယ့် နှစ်လိုဖွယ် မဖြစ်ဘူး။ ပြုံးပေမယ့် ဖြောင့်မနေ ဘူး။

• ကိုယ့်နဘေးက မိတ်ဆွေတွေမှာ၊ ရိုးတဲ့သူ၊ ဖြောင့်တဲ့သူ၊ ကြည်နေတဲ့သူတွေ ရှိနေတာ သိပ်ကံကောင်းတာပဲ။ သူတို့ဟာ နေမှုထိုင်မှုအားဖြင့် ချို့တဲ့လိမ့်မယ်။ ဒါပေမယ့် သူတို့မှာ စိုးရိမ်ခြင်း ကင်းနေတာကို တွေ့ရတယ်။ သူတို့နဲ့ တွေ့ဖြစ်ဆုံဖြစ်ရင် သူတို့စိတ်မှာ ကြောင့်ကြခြင်းကင်းနေတာကို ခံစားရတယ်။ ဒီလိုလူတွေဟာ စိတ်ဖြောင့်ဖြောင့်နဲ့ လူတွေကို ပေါင်းနိုင်သင်းနိုင်တယ်၊ စိတ်ကြည်ကြည် နဲ့ စကားပြောဆိုနိုင်တယ်။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ဆက်ဆံရင် ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်တယ်။ လွတ် လွတ်လပ်လပ် ပြောနိုင်ဆိုနိုင်ကြတယ်။

• စိတ်အားဖြင့် ကောက်နေတဲ့သူတွေကတော့ အဲသည်လို မဟုတ်ဘူး။ ကိုယ်ကျင့်အားဖြင့် မဖြောင့်တဲ့သူ ကတော့ အဲသည်လို မဟုတ်ဘူး။ မျက်နှာကလည်း မှုန်နေတယ်၊ ကုပ်နေတယ်။ စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်း မရှိဘူး။ ဆက်ဆံရေးမှာလည်း လွတ်လွတ်လပ်လပ် မရှိဘူး။ အထာတစ်ခု ရှိနေသလိုပဲ။ တစ်ခုခုကို စိုးရိမ်နေ၊ ကြောင့်ကြနေတဲ့ ပုံစံပဲ။ ဒီလိုလူတွေနဲ့ မေးထူးခေါ်ပြောသာ ပြောနိုင် တယ်။ စိတ်အားဖြင့်၊ ကိုယ်အားဖြင့် ရင်းရင်းနှီးနှီးပေါင်းလို့ မရဘူး။ ကိုယ်ကျင့်အားဖြင့် ဖြောင့်မတ်ခြင်းဟာ ရတနာတစ်ပါးပါ့လားလို့ ပိုပိုသိလာတယ်။

• အသက်ကြီးလာလေလေ၊ လူ့လောကထဲ တိုးဝင်လာရလေလေ။ ပိုတော်တဲ့သူထက် ပိုရိုးသားတဲ့သူ၊ ပိုဖြောင့်မတ်တဲ့သူကို ပိုပြီး ပေါင်းချင်စိတ်ဖြစ်လာတယ်။ လူတစ်ယောက် မတော်ရင် နေပါစေ….၊ မရိုးရင် မဖြောင့်ရင်တော့ ပေါင်းလို့ သင်းလို့ မရဘူး။ အသက်ကြီးလာလေလေ၊ ရိုးတဲ့သူ ဖြောင့်တဲ့သူကို ပိုချစ်လာ လေလေပဲ။ ဒါ ကျနော် မှန်တယ် လို့ ထင်တယ်။

• တချို့လူတွေဟာ ပညာတတ်တယ်။ ဒါပေမယ့် တွေဝေတယ်။ ဘာ့ကြောင့်လဲ။ မကျက်တကျက် ပေါင်မုန့် ဖြစ်လို့လည်းဖြစ်လိမ့်မယ်။ သို့မဟုတ်ရင် အကျိုးစီးပွားရဲ့ တုပ်နှောင်ခြင်း ခံရလို့လည်းဖြစ်မယ်။ ပညာ တတ်ပေမယ့် အကျိုးစီးပွားနဲ့ တုပ်နှောင်ခြင်း ခံရရင် မလွတ်လပ်တော့ဘူး။ မရဲရင့်တော့ဘူး။ သတ္တိမရှိ တော့ဘူး။ ကြောက်တတ်လာတယ်။ တွေဝေလာတယ်။

• စဉ်းစားတာနဲ့ တွေဝေတာက တူတော့ မတူဘူး။ မရိုးတဲ့သူ၊ မဖြောင့်တဲ့သူဟာ ကြောက်လည်း ကြောက် နေတတ်တယ်။ စိုးရိမ်ပူပန်နေရတာလည်းဖြစ်နေတယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ၊ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် မပေါင်းနိုင်ဘူး။ စိတ်အားဖြင့် ချို့တဲ့နေတဲ့လူတွေလို့ ပြောလို့ရမယ်။

မင်းသေ့
ညနေ ၆ း ၀၀
ဇန်နဝါရီလ (၅) ရက် ၊ ၂၀၂၀။

Previous post ▄ စာပေသက်တမ်း
Next post • ယဉ်ကျေးမှုတံခါးတွေ ဖွင့်ဖို့။