• စာပေ၊ အနုပညာမှာ အသက်ရှည်မှုနှုန်း ရှိတယ်လို့ ထင်ပါတယ်။ စာအုပ်တွေကို ကြည့်လိုက်ပါ။ သီချင်း ဂီတတွေကို ကြည့်လိုက်ပါ။ တခြားသော အနုပညာရပ်တွေလည်း အလားတူပဲဖြစ်မယ်လို့ ထင်ပါတယ်။ လူတွေနဲ့ အမြဲတမ်းလိုလို ထိတွေ့နီးစပ်နေတာကတော့၊ ဂီတနဲ့ စာပေလို့ ကျနော် ထင်ပါတယ်။

• သီချင်းဂီတလို့ပဲ ဆိုဆို၊ စာအုပ်စာပေလို့ပဲဆိုဆို…. ရာသီပေါ်တွေလည်း ရှိသလို၊ ရာသီကို လွန်ရင် ပျောက်ကွယ်ငုပ်လျှိုးသွားကြတာလည်း ရှိတယ်။ တစ်နှစ်၊ နှစ်နှစ်လောက်တော့ ရေပန်းစားပေမယ့် နောက်ပိုင်းမှာ တိမ်ကော နှစ်မြုပ်သွားတာတွေလည်း ရှိတယ်။ အဲသည့်အထဲက အနည်းစုကတော့ အမြဲတမ်းလိုလို ရှင်သန်နေတယ်။ သီချင်းတစ်ပုဒ်ကို ဖန်တီးတဲ့ သီချင်းရေးဆရာ တစ်ယောက် သေဆုံးသွားစေအုံးတော့…. အဲသည့်သီချင်းက အမြဲတမ်းလိုလို ခေတ်တိုင်းမှာ ရှင်ကျန်နေရစ်တာတွေ တွေ့ရတယ်။ စာအုပ်ရေးခဲ့တဲ့ စာရေးဆရာ (သို့မဟုတ်) စာရေးသူ တစ်ယောက် သေဆုံးသွားစေ အုံးတော့ …. အဲသည့် စာအုပ်ဟာ အမြဲတမ်းလိုလို ခေတ်တိုင်းမှာ ရှင်ကျန်ရစ်နေတာတွေ့ရတယ်။ ဒါတွေဟာ ဘာ့ကြောင့်လဲ။ အထူးသဖြင့် …. စာပေကို ပြောချင်ပါတယ်။

• စာရေးဆရာတစ်ယောက် သေဆုံးကွယ်လွန်သွားတာ ကြာပြီ။ ဒါပေမယ့် ဘာ့ကြောင့် သူ့စာအုပ်တွေက် ဆက်လက် ရိုက်နှိပ်ထုတ်ဝေနေရတာလဲ။ စာရေးဆရာ တစ်ယောက် အိုမင်းနေပြီ။ သူက စာတွေ သိပ်မရေးနိုင်တော့သလောက်ပဲ။ ဒါပေမယ့် သူ ဟိုးယခင်အစ ကနဦးကတည်းက ရေးခဲ့တဲ့ စာတစ်အုပ် ဟာ အထပ်ထပ် အခါခါ ရိုက်နှိပ်နေရဆဲပဲ။ ဒါဟာ ဘာ့ကြောင့်လဲ။ စာအုပ်တစ်အုပ်။ ထွက်ခဲ့တာ နှစ်ပေါင်း များစွာ ရှိနေပြီ။ ဒါပေမယ့် ထပ်ခါတလဲလဲ ထပ်ဖန်တလဲလဲ အခါခါ ရိုက်နှိပ်နေရဆဲပဲ။ ဘာ့ကြောင့်လဲ။ စာအုပ်တစ်အုပ်ဟာ ရသဝတ္တုတစ်အုပ်ဖြစ်ကောင်းဖြစ်မယ်။ သမိုင်းစာအုပ်တစ်အုပ်ဖြစ် ချင်ဖြစ်မယ်။ သဘောတရားရေး စာအုပ်ဖြစ်ချင်ဖြစ်မယ်။ စတိုရီတစ်အုပ်ဖြစ်ချင်ဖြစ်မယ်။ သရော်စာအုပ် တစ်အုပ်ဖြစ်ချင်ဖြစ်မယ်။ အမျိုးမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီစာအုပ်က ဘာလို့ အမြဲတမ်း ရိုက်နှိပ်နေရတာလဲ။ အကယ်၍ ဟာသစာအုပ်တစ်အုပ်ဖြစ်စေအုံးတော့၊ ဒီစာအုပ်ဟာ ဘာ့ကြောင့် သက်တမ်း ရှည်ကြာ အသက်ရှင်နေရသလဲ။ ပထမအကြိမ် ထုတ်ဝေပြီး နောက်ပိုင်း ရပ်မသွားဘဲနဲ့ ဘာလို့ ထပ်ခါတလဲလဲ ဆက်လက်ရိုက်နှိပ်နေရတာလဲ။ သူ့မှာ တစ်ခုခုတော့ ရှိပုံရတယ်။ အဲဒါဟာ ဘာဖြစ်နိုင်သလဲ။

• အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အဲသည့်အထဲက ဖြစ်နိုင်ချေ အများဆုံးနဲ့ ဖြစ်နေမှုအများဆုံး အချက်ကို ကျနော် ပြောချင်တယ်။ အဲဒါကတော့ ဒဿနဖြစ်ပါတယ်။ အတွေးအခေါ်ဖြစ်ပါတယ်။ စာပေဖြစ်ဖြစ်၊ ဂီတ အနုပညာဖြစ်ဖြစ်။ အဲသည့်အထဲမှာ အတွေးအခေါ် ပေါင်းထည့်နိုင်တဲ့အခါ အဲသည့် စာပေ ဂီတ အနုပညာဟာ သိပ်ပြီး သက်တမ်းရှည်တယ်။ လူ့အဖွဲ့အစည်းရဲ့ နက်နဲသော အတွေးအခေါ် ဒဿန တစ်ခုခု၊ သို့မဟုတ် တစ်ခုထက် ပိုသော အတွေးအခေါ်ကို သိမ်မွေ့စွာ ထည့်သွင်းမြုပ်နှံပြီး ဖန်တီးနိုင်တဲ့ စာပေ ဂီတ အနုပညာ ဟာ လူ့အဖွဲ့အစည်းထဲမှာ နှစ်ပေါင်းရှည်ကြာစွာ သက်တမ်း ရှည်တယ်။ အသက်ရှည်တယ်။

• ဒီနေရာမှာ စဉ်းစားဖို့က (၃) ချက်လောက်ရှိပါတယ်။ နံပါတ် တစ် – ဒဿနကို ထည့်သွင်းမြုပ်နှံတဲ့ ပုံစံ။ နံပါတ် နှစ် – သက်ဝင်ခံစားမှု။ နံပါတ် သုံး – ခေတ်၊ လူ့အဖွဲ့အစည်းနဲ့ လူ့သဘော၊ သဘာဝကို ဘယ်လောက် ထင်ဟပ်နိုင်သလဲဆိုတာ။ ဒီသုံးချက်လို့ ကျနော် ထင်တယ်။

• ဒဿနကို ထည့်သွင်းမြုပ်နှံတဲ့ ပုံစံ။ စာပေမှာဖြစ်ဖြစ်၊ သီချင်းဂီတမှာ ဖြစ်ဖြစ်… ဖန်တီးသူ မြုပ်နှံထားတဲ့ ဒဿနဟာ သိမ်မွေ့ဖို့ လိုတယ်။ အတောင့်လိုက်မဖြစ်စေရဘူး။ ဟာမိုနီဖြစ်ဖို့ လိုတယ်။ တမင်တကာ ထိုးထည့်ပေါင်းထည့်ထားတာမျိုး မဖြစ်ရဘူး။ ဒါက ပထမအရေးကြီးတဲ့ အချက်လို့ ကျနော် ထင်တယ်။ နောက်တစ်ခုက သက်ဝင်ခံစားမှု။

• သက်ဝင်ခံစားမှု လို့ ပြောတဲ့နေရာမှာ ဖန်တီးသူရဲ့ စိတ်ဝိညာဉ်နဲ့ နှလုံးသားဗီဇ အရည်အသွေးဟာ သိပ် အရေးကြီးတယ်လို့ ထင်တယ်။ ဒါကတော့ ဗီဇနဲ့ အလေ့အကျင့်ကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ထား တာ။ ဗီဇကို ရူးသွပ်စွာ လေ့ကျင့်ခြင်းနဲ့ ပေါင်းစပ်ထားတာ။ ရှိပြီးသား ဗီဇကို ပြင်းထန်နက်နဲသော တစိုက်မတ်မတ် လေ့ကျင့်ပျိုးထောင်ထားတဲ့ လူတစ်ယောက်ရဲ့ သက်ဝင်ခံစားမှုဟာ အင်မတန် ဩဇာတိက္ကမကြီးတယ်လို့ ကျနော် ထင်တယ်။ ဒါက ဒုတိယ အရေးကြီးတဲ့အချက်။

• နောက်တစ်ခုက ခေတ်နဲ့ လူ့အဖွဲ့အစည်း၊ လူ့သဘောသဘာဝကို ဘယ်လောက်ထင်ဟပ်နိုင်သလဲ.. ဆိုတဲ့ကိစ္စ။ ကိုယ်ဖန်တီးတဲ့ စာပေ အနုပညာဟာ ခေတ်နဲ့ လူ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှု သဘာဝကို မထပ်ဟပ်နိုင်ဘူးဆိုရင် သယ်လာဖို့ ခက်တယ်။ ခေတ်ကို မထင်ဟပ်တဲ့ စာပေ အနုပညာဟာ လူထု ကြားထဲကို တိုး မပေါက်ဘူး။ လူထုဟာ သူတို့ရဲ့ အဖြစ်သနှစ်ကို မထင်ဟပ်တဲ့ စာပေ အနုပညာကို မစွဲလမ်းတတ်ဘူး။ မနှစ်ခြိုက်တတ်ဘူး။ သဘောမတွေ့တတ်ဘူး။ ခေတ်နဲ့ လူ့အဖွဲ့အစည်းကို ထင်ဟပ် စေဖို့အတွက် စာပေ အနုပညာသမားဟာ လူထုကြားထဲ တိုးဝင်ရတယ်။ လူထုရဲ့ တကယ့် အဖြစ်သနှစ် တွေကို သိနားလည်ဖို့ကြိုးစားရတယ်။ သိနားလည်ရုံဆိုတာထက် ထပ်တူခံစားနားလည်ရပြန်တယ်။ ဒီလိုမှ ခေတ်နဲ့ လူ့အဖွဲ့အစည်းရဲ့ အရှိတရားကို နားလည်ပြီး ဖန်တီးမှုဟာ သဘာဝကျတယ်။

• လူ့သဘော သဘာဝကို ထည့်သွင်း ပေါင်းထည့်ခြင်းဆိုတာလည်း ထိုနည်းလည်းကောင်းပဲ။ လူ့သဘော သဘာဝဆိုတာ လူသားတွေ ဖြစ်တည်ရှင်သန်နေသရွေ့ တည်ရှိနေတာ။ ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်အချိန်မှာ မဆို ပျောက်ပျက်သွားတာမျိုး မဟုတ်ဘူး။ လူ့သဘော၊ လူ့စိတ်၊ လူ့သဘာဝဟာ လောကနိယာမ သဘောပဲ။ ဒီတော့ စာပေအနုပညာမှာ လူ့ဗီဇဓာတ်ခံတွေကို ထပ်ဟပ် ဖန်တီးတင်ပြနိုင်ခြင်း၊ ဖော်ညွှန်းနိုင်ခြင်းဟာ သိပ်အရေးကြီးတယ်။

• ဒီလို စာပေ အနုပညာတွေဟာ ပေါ်ပြီး ပျောက်သွားတာ မဟုတ်ဘူး။ ရှင်ကျန်ရစ်တယ်။ အမြဲတမ်းလိုလို ရှင်ကျန်ရစ်နေတယ်။ ခေတ်တိုင်း၊ ကာလတိုင်းမှာ ရှင်ကျန်ရစ်နိုင်တယ်။ စာအုပ်တွေ သက်တမ်းရှည်ကြ တာ ဒါ့ကြောင့် ဖြစ်လိမ့်မယ်။ စာပေထဲမှာ ဒဿနကို ပေါင်းထည့်နိုင်ခြင်း။ စာပေထဲမှာ သက်ဝင်ခံစားမှု ကို မြုပ်နှံနိုင်ခြင်းနဲ့ စာပေထဲမှာ ခေတ်ကို ထင်ဟပ်နိုင်စွမ်းရှိခြင်းဆိုတာတွေ ပါဝင်နေတယ်။ အဲသည့် အထဲမှာ အရေးအကြီးဆုံးကတော့ ဒဿနပဲဖြစ်ပါတယ်။ အတွေးအခေါ်ပဲဖြစ်ပါတယ်။ စာပေထဲမှာ ဒဿနကို မြှုပ်နှံဖန်တီးနိုင်ခြင်းဖြင့် တပွဲတိုး စာအုပ်တွေ နိဂုံးချုပ်နိုင်ကြပါစေ…..။

မင်းသေ့
ည ၁၁ း ၅၈
ဇန်နဝါရီ (၅) ရက်၊ ၂၀၂၀။
မန္တလေး၊ ပုသိမ်ကြီးအိမ်။

Previous post ▄ ကမ်ပိန်း (Campaign)
Next post ▄ ရိုးတဲ့သူ ဖြောင့်တဲ့သူ