အင်တာနက်၊ အွန်လိုင်းကြောင့် လူမှုလှုပ်ရှားမှုတွေဟာ ခပ်သွက်သွက်နဲ့ ခပ်စိပ်စိပ်ဖြစ်လာတာတွေ့ရတယ်။ သွက်လာသလို၊ စိပ်လာသလို အပျံ့ကျယ်မှုနှုန်းကလည်း မြင့်လာတယ်။ များလာတယ်။ ကျယ်လာတယ်။ ရိုက်ခတ်မှုဟာ လူ့အဖွဲ့အစည်းတွင်းက မွတ်သိပ်မှုအခံ အားပြင်းနေရင် သက်ရောက်မှု အားကြီးတယ်။ ကမ်ပိန်း တွေ၊ လှုံ့ဆော်မှုတွေ၊ နှိုးဆော်မှုတွေဟာ ခေတ်သစ်မှာ တော်လှန်ရေးပုံစံနဲ့ ဦးတည်သွားတတ်တယ်။ ဒါပေမယ့် ခေတ်ရဲ့သဘောအတိုင်း ဖြစ်လွယ်ပျက်လွယ်များတယ်။ ကမ်ပိန်းတစ်ခုချင်းစီဟာ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေ တယ်။ လူမှုလှုပ်ရှားမှုဆီကို ဦးမတည်နိုင်တာများတယ်။ တော်လှန်ရေးအသွင်ကို ဦးမတည်နိုင်ကြတာများတယ်။

အကြောင်းကတော့ …. မဟာဗျူဟာ အချိတ်အဆက်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ စုစည်းရခက်လာရခြင်းတွေ ပါတယ်။ ထိုနည်းလည်းကောင်းပဲ…. ခေတ်က စုံလာတာ၊ မြန်လာတာ၊ ဖြစ်တာပျက်တာ လျင်မြန်လာခြင်း အပြင် ရွေးချယ်မှုလည်း ခပ်များများရှိလာတော့၊ တစ်ပွဲထိုး လှုပ်ရှားမှုတွေပဲ တွေ့နေရတယ်။ ခေတ်ရဲ့သဘောကြောင့်၊ အားလုံးနဲ့သက်ဆိုင်တဲ့ ဘုံတူညီချက်၊ ဘုံပြဿနာကို ရှာဖို့ခက်လာတာလည်း ပါတယ်။ လူ့အဖွဲ့အစည်းဟာ ကိုယ့်ဖြစ်တည်မှုနဲ့ ကိုယ်။ ကိုယ့် ရေခံမြေခံနဲ့ ကိုယ်။ ကိုယ့်ပြဿနာနဲ့ ကိုယ်။ ကိုယ့်ဖြစ်စဉ်နဲ့ ကိုယ်။ ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ်။ ဒါ့ကြောင့် တော်လှန်ရေးတွေဟာ ကမ္ဘာလုံးသဘောဆောင်မှုအားနည်းရင် နေရာကွက်ကွက်လေးမှာပဲဖြစ်တည်တတ်ပါတယ်။ ပြီးတော့ ပေါ်ပြီး ပျောက်သွားတယ်။ ဒီလိုနဲ့ လှုပ်ရှားမှုတွေဟာ ကိုယ့်သဘောကိုယ်ဆောင်လာတယ်။ ကိုယ့်ကိစ္စကိုယ်ရှင်းရတဲ့သဘောဖြစ်လာတယ်။ အင်တာနေရှင်နယ်လိုက်ဇေးရှင်းလုပ်တဲ့ ကမ်ပိန်းတွေဟာ နိုင်ငံရေးကို လွန်ပြီးဖြစ်တည်လာတယ်။

စစ်အေးခေတ် မတိုင်မီနဲ့ စစ်အေးခေတ်ကာလအတွင်းမှာတော့ နိုင်ငံတကာသဘောဆောင်တဲ့ လှုပ်ရှားမှုတွေ ဟာ ခပ်များများရှိတယ်။ အတွေးအခေါ်အားဖြင့်၊ အယူအဆအားဖြင့်၊ အိုင်ဒီယော်လိုဂျီအားဖြင့် တော်လှန်လှုပ်ရှားတဲ့ ဖြစ်စဉ်တွေ ရှိတယ်။ စစ်အေးခေတ်လွန်ကာလတွေမှာတော့၊ အသွေးအရောင်စုံတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ ဒေသတွင်းမှာ ကိုယ့်သဘောနဲ့ ကိုယ် ပြုမူကြတဲ့ ကမ်ပိန်းတွေ ပေါများလာတယ်။ ရှေးယခင်ကလို အိုင်ဒီယော်လိုဂျီ ခေါင်းကိုင်ပဲ့ကိုင်ရှင်တွေကပဲ ဦးဆောင်တဲ့ ကမ်ပိန်းတွေ မဟုတ်တော့ဘူး။ လှုပ်ရှားမှုတွေဟာ လူထုသဘောဆောင်လာပြီ။ လူသန်ကြီးတွေ ဦးဆောင်တဲ့ ကမ်ပိန်းတွေထက် အောက်ခြေ လူသားယူနစ်တွေကပဲ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေဖြစ်လာတယ်။ လူ့အဖွဲ့အစည်းဟာ ပိုလှုပ်လာနိုင်တဲ့ အခင်း အကျင်းကို ရလာတယ်။ လူတစ်ဦးချင်းစီဘာ လူးသာလွန့်သာ ရှိလာတယ်။ ဒါဟာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ပါသလို၊ အင်တာနက် အွန်လိုင်းရဲ့ အကျိုးကျေးဇူးနဲ့ နယ်စပ်မျဉ်းတွေကို ထိုးဖောက်ပြီး ကမ္ဘာအနှံ့အသိခြေဆန့်နိုင်ခြင်းကြောင့်လည်းဖြစ်တယ်။

တကယ်တော့ ကမ်ပိန်းဆိုတာ လှုံ့ဆော်မှုတစ်ခုသာဖြစ်ပါတယ်။ လူမှုလှုပ်ရှားမှုတစ်ခု၊ နိုင်ငံရေးလှုပ်ရှားမှုတစ်ခု တစ်နည်း လူမှုအရွေ့တစ်ခု၊ နိုင်ငံရေးအရွေ့တစ်ခုကို ဦးတည်တဲ့ တော်လှန်ရေးရဲ့ အကိုင်းအခက်တစ်ခုပဲဖြစ်ပါ တယ်။ ကမ်ပိန်းတွေက အရွေ့တွေကို တွန်းချင်တယ်။ အရွေ့တွေကို လိုလားတယ်။ တစ်ဦးချင်းဘဝတွေကို အကျယ်ပြန့်ဆုံး သက်ရောက်စေဖို့အတွက် လူ့အဖွဲ့အစည်းအတွင်းမှာ လှုံ့ဆော်မှုတွေနဲ့ လူတွေ နားလည်လက် ခံလာအောင် နှိုးဆော်စည်းရုံးခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် ကမ်ပိန်းဆိုတာ တော်လှန်ရေးရဲ့ အစိတ်အပိုင်း တစ်ရပ်ပဲ။ အရွေ့တစ်ခုရဲ့ စတင်ခြင်းပဲ။ လှုပ်ရှားမှုကို လိုလားခြင်းပဲ။ အပြောင်းအလဲကို စတင်လိုက်ခြင်းပဲ။

လူမှုအရွေ့တွေ ဖြစ်ဖို့၊ နိုင်ငံရေးအရွေ့တွေ ဖြစ်ဖို့၊ လူ့အဖွဲ့အစည်းပြုပြင်ပြောင်းလဲဖို့အတွက် ကမ်ပိန်းတွေကို ကြိုဆိုရပါမယ်။ လူ့အဖွဲ့အစည်းရဲ့ သွင်ပြင်လက္ခဏာတွေနဲ့ ဖြစ်တည်မှုကို ကောင်းကောင်းနားလည်သဘော ပေါက်ရင်၊ ကမ်ပိန်းတွေ အောင်မြင်တတ်ပါတယ်။ တခါတရံလည်း ကမ်ပိန်းတွေဟာ ကမ္ဘာကြီးရဲ့ တစ်ခြားတစ်ဖက်က လိပ်ပြာတောင်ပံခပ်မှုဟာ အခြားကမ္ဘာတစ်ခြမ်းမှာ၊ လေပွေမုန်တိုင်းကြီးတစ်ခုဖြစ်လောက် အောင် သက်ရောက်မှု ရှိနိုင်တယ်။ ဒီခေတ်မှာ ပိုဆန်းကြယ်တာပေါ့။ လုပ်ရပ်တိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိလာပြီလေ။ ဘာပဲပြောပြော… ပွင့်လင်းလွတ်လပ်လာတဲ့ခေတ်ကို ကြိုတယ်။ ပွင့်လင်းလွတ်လပ်ခြင်းကြောင့်ပဲ တိုးတက်လာလိမ့်မယ်လို့ ယုံကြည်တယ်။ ကမ်ပိန်းတွေရဲ့နောက်ကွယ်မှာ ဒဿနတွန်းအားတစ်ခုခုရှိနေတတ် တယ်။ လူ့အဖွဲ့အစည်းရဲ့ အခြေခံရင်းမြစ်ပြဿနာနဲ့ ဒဿနတွန်းအားရဲ့ စနစ်တကျစုဖွဲ့လှုပ်ရှားမှုတို့တွေ့ဆုံ တဲ့အခါ လူမှုအပြောင်းအလဲတွေ ဖြစ်တတ်တယ်။

မင်းသေ့
နေ့လယ် ၁ း ၂၅
ဇန်နဝါရီ (၂) ရက်၊ ၂၀၂၀။
မန္တလေး၊ ပုသိမ်ကြီးအိမ်။

Previous post ▄ ရူးခွင့် ထူးခွင့်
Next post ▄ စာပေသက်တမ်း