• သူများတကာ မလုပ်နိုင်တာ လုပ်နိုင်ရင် တော်တယ်လို့ ခေါ်တယ်။ တော်တဲ့သူတွေ မလုပ်နိုင်တာကို လုပ်နိုင်ရင် ထူးချွန်တယ်လို့ခေါ်တယ်။ တော်ခြင်းနဲ့ ထူးချွန်ခြင်းဟာ ဒီလိုအနက်ကွဲပြားပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ တော်တဲ့လူတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် ထူးချွန်တဲ့သူ များများစားစားတော့ မရှိတတ်ဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက် ထူးပြီ၊ ချွန်ပြီဆိုရင် ပတ်ဝန်းကျင် ရဲ့ တုံ့ပြန်မှုတွေဟာ မတူတတ်ဘူး။ ဒါက လူမှုဓလေ့နဲ့ ဆိုင်တယ်။ လူ့အဖွဲ့အစည်းရဲ့ စရိုက်နဲ့ ဆိုင်တယ်။

• လူ့အဖွဲ့အစည်းထဲမှာ အများတကာနဲ့ မတူဘဲ ထူးပြီး ချွန်လာတဲ့လူတွေကို ဘယ်လို ပြုမူ၊ ဆက်ဆံ၊ တုံ့ပြန်ကြပါသလဲ။ အားပေးသလား။ ရှုံ့ချသလား။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဓလေ့က ဘယ်လိုလဲ။ မြန်မာတွေဟာ လူတကာနဲ့ မတူ ထူးချွန်လာတဲ့လူတစ်ယောက်ကို ဘယ်လို တုံ့ပြန်၊ ပြုမူ၊ ဆက်ဆံသလဲ။

• ရူးမှ ထူးတယ်လို့ ပြောကြတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ တစ်စုံတစ်ခုကို ရူးသွပ်စွာ လုပ်နေတဲ့ လူတွေ ကို ဘယ်လို အားပေးသလဲ။ ဘယ်လို ချီးမြှောက်သလဲ။ ဘယ်လို ရှုံ့ချသလဲ။ ဘယ်လို ပြုမူသလဲ။ ဘယ်လို ဆက်ဆံသလဲ။ ဘယ်လို သဘောထားသလဲ။

• မြန်မာ့လူ့အသိုင်းအဝိုင်းထဲမှာ ထူးပြီး ချွန်လာတဲ့လူတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလိုလူတွေဟာ လူ့အဖွဲ့ အစည်းနဲ့ သူ့ပတ်ဝန်းကျင်ရဲ့ အားပေးကူညီမှုနဲ့ ထူးပြီး ချွန်လာတဲ့သူဟာ ရှားပါတယ်။ ထူးချင်ရင် ၊ ချွန်ချင်ရင် လူ့အဖွဲ့အစည်းကို အံတုပြီး တော်လှန်ခါမှသာ ထူးနိုင်ပါတယ်။ ချွန်နိုင်ပါတယ်။ ပတ်ဝန်းကျင် ကို သိပ်ပြီး ဂရုစိုက်နေရင် မထူးနိုင်ဘူး။ မချွန်နိုင်ဘူး။ မြန်မာ့ဓလေ့မှာ ရူးတဲ့သူကို အားပေး ချီးမြှောက် တယ်ဆိုတာထက် ရှုံ့ချတာက ပိုပါတယ်။ ကဲ့ရဲ့တာက ပိုပါတယ်။ ထူးချင်တဲ့ ချွန်ချင်တဲ့ ဗီဇတွေဟာ ရှုံ့ချ ကဲ့ရဲ့ခြင်းတွေရဲ့အောက်မှာ သင်းသတ်ခံလိုက်ကြရတယ်။ မြန်မာတွေဟာ သူများတကာထက် ထူးပြီး လုပ်တဲ့လူတွေတွေ့ရင် မြင်ရင် အားပေးတယ်ဆိုတာထက် ရှုံ့ချတာက ပိုတယ်။ ရိုက်ချလိုက်တာများ တယ်။ ဖျက်လိုဖျက်စီး လုပ်လိုက်တာများတယ်။ ကဖျက်ယဖျက် လုပ်လိုက်တာများတယ်။ အပျက်ပဲ ပြောကြတာများတယ်။ ဒီလိုဒဏ်တွေကို မခံနိုင်တဲ့လူ၊ မတော်လှန်နိုင်တဲ့လူကတော့ သူတို့ရဲ့ ထူးချွန်တဲ့ ဗီဇတွေကို သူတို့ကိုယ်တိုင်ပဲ သဂြုႋလ်ပစ်လိုက်ကြတာများတယ်။ ဒီလိုနဲ့ သေဆုံးသွားကြတဲ့ ကိုယ်စွမ်း ကိုယ်စတွေဟာ မြန်မာပြည်မှာ တစ်ပုံကြီး။

• တစ်စုံတရာကို ရူးရူးသွပ်သွပ် လုပ်နေတဲ့လူတစ်ယောက် ကိုယ့်မျက်စိရှေ့မှာ ရှိလာပြီဆိုရင် မြန်မာတွေရဲ့ အပျက်ပဲတွေးတဲ့စိတ်က သိပ်လွှမ်းမိုးတော့တာပဲ။ မြန်မာတွေဟာ သိပ်ပြီးတော့ အပျက်ကို တွေးလေ့ရှိတယ်။ အားပေးချီးမြှောက်တယ်ဆိုတဲ့စကားတွေဆိုတာထက် အကြံပေးသလိုလိုနဲ့ ဖျက်လို ဖျက်စီး လုပ်ကြတာများတယ်။ လူတစ်ယောက် စွန့်စားပြီးလုပ်တာ၊ တီထွင်ပြီးလုပ်တာကို အပျက်ပဲပြော လေ့ရှိတယ်။ မကောင်းပဲ ပြောလေ့ရှိတယ်။ ပေါ်တင်ကြီး အပျက်ပြောလို့ မကောင်းဘူးဆိုရင် အကြံပေး သလိုလိုနဲ့ စိတ်ဓာတ်ယိုင်နဲ့သွားအောင် ဂျင်းထည့်တတ်ကြတယ်။ ဒါတွေကို လွန်ဆန်နိုင်တဲ့သူက အောင်မြင်တော့တာပဲ။ ဒါတွေကို လွန်ဆန်နိုင်တဲ့သူက ပေါက်မြောက်တော့တာပဲ။

• အဲ…. လူတစ်ယောက် တစ်စုံတရာကို ရူးသွပ်ပြီး စွန့်စားလုပ်ဆောင်လို့ အောင်မြင်တယ်ဆိုရင်လည်း မြန်မာတွေမှာ စိတ်တစ်ခု ထပ်ဖြစ်လာပြန်တယ်။ မနာလိုစိတ်၊ ဝန်တိုစိတ်။ မြန်မာတွေက ကိုယ့်ရှေ့မှာ လူတစ်ယောက် ပေါက်မြောက်သွားလို့ ဝမ်းသာတယ်ဆိုတာထက် လူတစ်ယောက် ကိုယ့်ရှေ့မှာ ကျရှုံး သွားလို့၊ ခွေးကျ ဝက်ကျ ကျသွားလို့၊ ဝမ်းသာတဲ့စိတ်က ပိုတယ်။ ဒါကလည်း မြန်မာမှ မဟုတ်ပါဘူး။ လူဆိုတဲ့သဘောက ဒီသဘောရှိတာပါပဲ။ ဒါပေမယ့် လူတွေထဲက လူတွေထဲမှာ မြန်မာတွေက ပိုတယ်လို့ဆိုချင်တယ်။ ငြင်းချင်ငြင်း။ အရှိတရားကိုတော့ လက်ခံရမှာပဲ။

• မြန်မာတွေရဲ့ အပျက်ပဲ တွေးတတ်တဲ့အကျင့်၊ ဖျက်လိုဖျက်စီးလုပ်တတ်တဲ့အကျင့်နဲ့ မနာလို ဝန်တိုစိတ်က လူ့အဖွဲ့အစည်းကို သင်းသတ်နေတော့တာပဲ။ ဒါ့ကြောင့် မြန်မာတွေထဲမှာ တော်တဲ့လူ တွေ အထိုက်အလျောက်ရှိပေမယ့် တော်တဲ့လူတွေထဲက ထူးချွန်တဲ့လူတွေကို ရှာရင် သိပ်မတွေ့တာပဲ။ နယ်ပယ်တော်တော်များများကို ကြည့်လိုက်ရင် ထူးချွန်တဲ့လူ သိပ်ရှားတယ်။ တစ်စုံတစ်ခုကို ရူးရူးသွပ်သွပ် လုပ်နေပြီး ပေါက်မြောက်နေတဲ့လူဟာ အထီးကျန်တာများတယ်။ လူတွေဟာ ဒီလိုလူမျိုး ကို ချွန်တွန်းလုပ်ချင်ကြတာများတယ်။ တခါတရံလည်း ရွာပြင်မှာ ထားချင်ကြတယ်။ မတတ်သာလို့ လက်ခံကြတာဖြစ်ကောင်းဖြစ်မယ်၊ မတော်တဆ ထူးတဲ့လူ ချွန်တဲ့လူတစ်ယောက် ခြေချော်လက်ချော် ဖြစ်သွားပြီဆိုရင် တော့…. “တွေ့လား…. ငါ ပြောသားပဲ….” ဆိုတာနဲ့ စပြီး စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ရအောင် လုပ်တော့တာပဲ။ မြန်မာတွေဟာ ကိုယ့်နဘေးက လူစိတ်ဒဏ်ရာတွေ ရပြီး မရှူနိုင် မကယ်နိုင်ဖြစ်အောင် အားပေးတဲ့နေရာမှာ သိပ်ကျွမ်းကျင်တာပဲ။ ဗီဇအရကို ကျွမ်းကျင်တယ်လို့ ပြောလို့ရမယ်။

• ကျနော်တို့ မြန်မာမိဘတွေမှာ မွေးမြူရမယ့် အကျင့်လေးတွေ ရှိတယ်။ ဖျက်စီးပစ်ရမယ့် အကျင့်တွေ လည်း ရှိတယ်။။ မိဘတွေမှ မဟုတ်ပါဘူး။ လူကြီးတွေအားလုံးလိုလို ပြင်ရမယ့် အကျင့်ပါ။ မြန်မာတွေဟာ မချီးမြှောက်တတ်ဘူး။ အားမပေးတတ်ဘူး။ အားပေးခြင်း၊ ချီးမြှောက်ခြင်းဆိုတာထက် ရှေ့ကနေ ကာဆီးကာဆီးလုပ်နေကြတာများတယ်။ ပြီးတော့ လူကြီးတွေဟာ သိပ်ကြောက်တတ်တယ်။ သိပ်စိုးရိမ်ချက်ကြီးတယ်။ ဒါ့ကြောင့်ပဲ ရူးရူးသွပ်သွပ်၊ စွန့်စွန့်စားစားလုပ်ပြီး ထူးချွန်လာမယ့် ကလေးတွေ က မထူးချွန်တော့ဘူး။ မပေါက်မြောက်တော့ဘူး။ စိုးရိမ်ချက်နဲ့ ကြောက်တဲ့စိတ်နဲ့ ရှေ့ကနေ ကာဆီးကာဆီးလုပ်တဲ့အခါမှာ ဗီဇအညှောင့် ထက်ထက်သန်သန်နဲ့ ငွားငွားစွင့်စွင့် တက်လာမယ့် မျိုးစေ့ တွေဟာ ရေနွေးပူလောင်းခံလိုက်ကြရတယ်။

• လူကြီး မိဘတွေကလည်း စိုးရိမ်တတ်၊ ကြောက်တတ်။ လူမှုဝန်းကျင်ကလည်း အပျက်စိတ်နဲ့ ဖျက်လို ဖျက်စီးစိတ်၊ ကဖျက်ယဖျက်လုပ်ချင်စိတ်၊ မနာလို ဝန်တိုစိတ်နဲ့ ဖိ။ ဒီလိုနဲ့ ထူးထူးချွန်ချွန်ဖြစ်မယ့် ရူးရူးသွပ်သွပ် လုပ်ချင်စိတ် ထက်သန်တဲ့ မျိုးဆက်သစ်တွေဟာ ဖိထောင်း ကြိတ်ချေ သင်းသတ်ခံရပြီး လူ့အဖွဲ့အစည်းထဲမှာ ပလူမွှေး ပလူတောင်အဆင့်နဲ့ပဲ ရှင်သန် ဖြစ်တည်နေကြရလေရဲ့…..။

မင်းသေ့
နံနက် ၁၀ း ၀၃
ဇန်နဝါရီ (၄) ရက်၊ ၂၀၂၁။
မန္တလေး၊ ပုသိမ်ကြီးအိမ်။

Previous post ▄ အိမ်ဖြည့်
Next post ▄ ကမ်ပိန်း (Campaign)