မြန်မာ့နွေဦးစစ်တမ်း (မြန်မာ့အသွင်ကူးပြောင်းရေးသမိုင်းအကျဉ်း) တင်ပြပုံနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြချင်ပါ တယ်။

• လူ
• အဖွဲ့အစည်း
• ဖြစ်ရပ်

လူ၊ အဖွဲ့အစည်းနဲ့ ဖြစ်ရပ် ဆိုတဲ့ အချက် (၃) ချက်ဟာ ဒီစာအုပ် တစ်အုပ်လုံးရဲ့ အခြေခံယူနစ် သုံးခုဖြစ်ပါ တယ်။

လူ။ ။ သမိုင်းဖြစ်စဉ်ကိုလေ့လာရင် လူ့အပြုအမူတွေရဲ့မှတ်တမ်းကို တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် လူအများ အပေါ်မှာ ဩဇာလွှမ်းမိုးခဲ့တဲ့လူတွေ၊ လူအများအပေါ်မှာ ဦးစီးခေါင်းဆောင်လုပ်ခဲ့တဲ့လူတွေ၊ လူအများအပေါ်မှာ သွန်သင်ပဲ့ပြင်လမ်းညွှန်နိုင်တဲ့လူတွေ….။ ဒီလိုလူတွေရဲ့ ဘဝမှတ်တမ်းတွေကို တွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် လူတွေကို မှတ်တမ်းပြုရေးသားတင်ပြပါတယ်။ လူတွေထဲမှာ ခေါင်းဆောင်တွေကို ရွေးပြီး တင်ပြပါတယ်။ ခေါင်း ဆောင်တွေထဲမှာ အထင်ကရဖြစ်တဲ့၊ စွန့်ဦးတီထွင်ဖြစ်တဲ့၊ ဩဇာလွှမ်းမိုးမှုကြီးမားခဲ့တဲ့၊ တုံ့ပြန်သက်ရောက်မှု များစွာ ရှိခဲ့ဖူးတဲ့ လူတွေကို ရွေးထုတ်တင်ပြပါတယ်။ မြန်မာ့နွေဦးစစ်တမ်းပါ ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်တွေဟာ အကုန်အစင်မဖြစ်နိုင်ပါ။ ကျန်ရှိနေသေးတာများ များစွာ ရှိနေပါတယ်။ ဒါပေမယ့် ဖြစ်စဉ်ဖြစ်ရပ်တွေကို ဆက်စပ် နားလည်ဖို့အတွက် ဦးစီးခေါင်းဆောင်ခဲ့တဲ့လူတွေအကြောင်းကို နားလည်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ဒီစာအုပ်မှာ လူသားရုပ်ပုံလွှာတွေကို ယှဉ်တွဲလေ့လာရမှာဖြစ်ပါတယ်။

အဖွဲ့အစည်း။ ။ အဖွဲ့အစည်းလို့ ပြောတဲ့အခါမှာ အမျိုးမျိုးသော အဖွဲ့အစည်းတွေ အားလုံး အကျုံးဝင်ပါ တယ်။ ပါတီ၊ လက်နက်ကိုင်တပ်၊ သမဂ္ဂ၊ အစည်းအရုံး၊ အသင်းအဖွဲ့ စသည်ဖြင့် ပါဝင်ပါလိမ့်မယ်။ နိုင်ငံရေးဆို တာ အစုအဖွဲ့နဲ့ ပါဝင်ပတ်သက်လုပ်ဆောင်ရတဲ့ကိစ္စတွေဖြစ်ပါတယ်။ သမိုင်းဆိုတာ လူအများရဲ့မှတ်တမ်းဖြစ် ပါတယ်။ လူထုရဲ့မှတ်တမ်းဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ မှတ်တမ်းဖြစ်ပါတယ်။ သမိုင်းဟာ အများကိစ္စဖြစ် တာကြောင့် အများဆိုင်ရာဖြစ်စဉ်တွေမှာ အများစုဖွဲ့ထားတဲ့ အစုအဖွဲ့၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့တွေရဲ့ အခန်းကဏ္ဍဟာ ကြီးမားစွာ ပါဝင်နေပါတယ်။ ဒါ့ကြောင့် မြန်မာ့နွေဦးစစ်တမ်းမှာ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်နဲ့ သက်ရောက်မှုတွေကို ရေးသားတင်ပြထားပါတယ်။ သတိထား ကြည့်မြင် လေ့လာစေချင်ပါတယ်။

ဖြစ်ရပ်။ ။ လူတွေကြောင့်၊ အဖွဲ့အစည်းတွေကြောင့် ဖြစ်ရပ်တွေ ပေါ်လာပါတယ်။ ဖြစ်ရပ်တွေဆိုတာ လှုပ်ရှား မှုတွေ၊ တော်လှန်ရေးတွေ၊ တည်ဆောက်ရေးတွေ၊ စစ်ပွဲတွေ၊ တိုးတက်မှုတွေ၊ ကျရှုံးမှုတွေ၊ အောင်မြင်မှုတွေ၊ မအောင်မြင်မှုတွေ၊ နိုင်ငံရေးအပြောင်းအလဲတွေ၊ စီးပွားရေးအချိုးအကွေ့တွေ၊ လူတွေရဲ့ လူမှုစီးပွားဘဝတွေ အပေါ် သက်ရောက်မှုဖြစ်ရပ်တွေ …. စသည်ဖြင့် ပါဝင်ပါတယ်။ ဒါ့ကြောင့် မြန်မာ့နွေဦးစစ်တမ်းမှာ ဖြစ်ရပ်တွေ အကြောင်းကို လူတွေနဲ့ အဖွဲ့အစည်းတွေနဲ့ ယှဉ်ပြီး လေ့လာဖို့ဖြစ်ပါတယ်။

လူ – အဖွဲ့အစည်း ။ ။ ဘယ်လိုလူတွေဟာ ဘယ်လိုအဖွဲ့အစည်းမျိုးတွေကို ထူထောင်ခဲ့သလဲ။ ဘယ်လို လူတွေဟာ ဘယ်လို ပါတီတွေ၊ ဘယ်လို အသင်းအဖွဲ့တွေ၊ ဘယ်လိုအဖွဲ့အစည်းတွေကို ဦးဆောင်ခဲ့သလဲ။ အဖွဲ့အစည်းတွေမှာ သူတို့ ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်မှု ပုံစံဟာ ဘယ်လိုမျိုးလဲ။ သူတို့ဟာ ဘယ်လို လူတွေ လဲ။ အဖွဲ့အစည်းတွေဟာ ဘယ်လိုအဖွဲ့အစည်းတွေလဲ။

လူ – ဖြစ်ရပ်။ ။ ဘယ်လိုလူတွေဟာ ဘယ်လိုဖြစ်ရပ်တွေမှာ ပါဝင်ခဲ့သလဲ။ ဘယ်လိုလူတွေကြောင့် ဘယ်လိုဖြစ်ရပ်မျိုးတွေဖြစ်ခဲ့သလဲ။ ဘယ်လိုဖြစ်ရပ်မျိုးတွေဟာ ဘယ်လိုလူ၊ ဘယ်လိုခေါင်းဆောင်မျိုးတွေကို မွေးဖွားသန့်စင်ပေးလိုက်သလဲ။ ဘယ်လိုလူတွေဟာ ဘယ်လိုဖြစ်ရပ်တွေအပေါ်မှာ ဩဇာလွှမ်းမိုးနိုင်ခဲ့သလဲ။ ဖြစ်လိုဖြစ်ရပ်မျိုးတွေလဲ။ ဘယ်လို လူပုဂ္ဂိုလ်မျိုးတွေ ပါဝင်ခဲ့သလဲ။ သူတို့ကရော ဘယ်သူတွေလဲ။

အဖွဲ့အစည်း – ဖြစ်ရပ်။ ။ သမိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ အဖွဲ့အစည်း၊ ပါတီ၊ အသင်းအဖွဲ့တွေရဲ့ ဦးတည် ချက်နဲ့ ရည်ရွယ်ချက်တွေဟာ ဘာတွေလဲ။ ဘယ်လိုရည်မှန်းချက်၊ ပန်းတိုင်မျိုးတွေကို ရောက်ချင်လို့ အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး လှုပ်ရှားခဲ့ကြတာလဲ။ ဘယ်လိုဖြစ်ရပ်မျိုးတွေမှာ ဘယ်လိုအဖွဲ့အစည်းမျိုုးတွေက ဦးဆောင်ခဲ့သလဲ။ အဲသည်ဖြစ်ရပ်တွေမှာရော အဖွဲ့အစည်းတွေရဲ့ဖြစ်တည်လှုပ်ရှားမှုတွေဟာ ဘယ်လောက် ထိ သက်ရောက်ခဲ့သလဲ၊ ဘယ်လောက်ထိ ကျေးဇူးပြုခဲ့သလဲ။

နည်းနာ (လမ်းစဉ်)။ ။ ခေါင်းဆောင်တွေ၊ လူတွေဟာ အဖွဲ့အစည်းတွေကို ခေါင်းဆောင်မှုပေးတဲ့အခါ ဘယ်လိုလမ်းစဉ်တွေကို ချမှတ်ပြီး ဦးဆောင်ခဲ့ပါသလဲ။ အဖွဲ့အစည်းတွေမှာ သူတို့ သုံးတဲ့ နည်းနာတွေဟာ ဘယ်လိုနည်းနာမျိုးတွေဖြစ်ပါသလဲ။ ဒါကို လေ့လာပြီး သမိုင်းကို အကဲဖြတ်ဆန်းစစ်နိုင်ပါလိမ့်မယ်။

ဒဿနတွန်းအား။ ။ သမိုင်းဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ တွန်းအားတစ်ခုရှိနေတတ်ပါတယ်။ လူ့အဖွဲ့ အစည်းထဲမှာ ဖြစ်တည်နေတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တွန်းအား၊ သို့မဟုတ် အတွေးအခေါ် ဒဿနပိုင်းဆိုင်ရာ တွန်းအား…. စသည်ဖြင့် ရှိနေတတ်ပါတယ်။ ဘယ်လိုဖြစ်ရပ်တွေဟာ ဘယ် ဒဿနတွန်းအားကြောင့် ဖြစ်ပျက်ခဲ့ ရတာလဲ။ ဒီဒဿနတွန်းအားတွေကိုလည်း ဘယ်လိုလူတွေက ဖန်တီးပုံဖော် စီရင်ခဲ့ကြတာလဲ။

ပန်းတိုင်။ ။ လူ့အဖွဲ့အစည်းထဲမှာဖြစ်တည်နေတဲ့ အကြောင်းတရားတွေကြောင့် လူတွေ ပေါက်ဖွား၊ အဖွဲ့အစည်းတွေ ပေါ်ပေါက်၊ ဖြစ်ရပ်တွေဖြစ်ပေါ်ခဲ့ကြပါတယ်။ အဲသည့်ဖြစ်ရပ်တွေရဲ့ အဓိက ဦးတည်ချက် ပန်းတိုင်ဟာ ဘာဖြစ်ပါသလဲ။ လူမှုတော်လှန်ရေးတစ်ခုဖြစ်ဖြစ်၊ လူမှုလှုပ်ရှားမှုတစ်ခုဖြစ်ဖြစ်၊ လူမှုပြုပြင်ရေးတစ် ခုဖြစ်ဖြစ်၊ ဝံသာနုလှုပ်ရှားမှုတစ်ခုဖြစ်ဖြစ်၊ အမျိုးသားရေးလှုပ်ရှားမှုတစ်ခုဖြစ်ဖြစ်၊ နိုင်ငံရေးအပြောင်းအလဲတစ်ခု ဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းတွင်းကဖြစ်ရပ်တစ်ခုဖြစ်ဖြစ်၊ စစ်ပွဲတစ်ခုဖြစ်ဖြစ်၊ အရေးတော်ပုံတစ်ခုဖြစ်ဖြစ်၊ တော် လှန်ရေးတစ်ခုဖြစ်ဖြစ်၊ စစ်ပွဲတစ်ခုဖြစ်ဖြစ်…. စတဲ့ဖြစ်ရပ်တွေရဲ့ ပန်းတိုင်ဟာ ဘာဖြစ်ပါသလဲ။ ဒါကို နားလည် ရင် သမိုင်းကို ဆန်းစစ်အကဲဖြတ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

ရေးသားနေဆဲ “မြန်မာ့နွေဦးစစ်တမ်း” စာအုပ်မှ /
စာအုပ်ရေးသားတင်ပြသည့် နည်းနာရှင်းလင်းချက် အပိုင်း။

မင်းသေ့
နိုဝင်ဘာ၊ ၂၀၂၀။

Previous post ▄ မင်းကိုနိုင် (၁၉၆၂ – )
Next post ▄ အိမ်ဖြည့်