ယုံကြည်တာနဲ့ပတ်သက်ပြီး ကျနော် ပြောချင်တဲ့အချက် (၃) ချက်ရှိပါတယ်။

နံပါတ် (၁) လေ့လာသင်ယူမှုအပေါ်မှာ ယုံကြည်တာ။
နံပါတ် (၂) အလုပ်လုပ်ခြင်းအပေါ်မှာ ယုံကြည်တာ။
နံပါတ် (၃) စေတနာ အကျိုးပေးတယ်ဆိုတာကို ယုံကြည်တာ။

အထူးသဖြင့်၊ လူတစ်ယောက်ဟာ လူရယ်လို့ဖြစ်လာရင် လူချင်းတူတူ သူချင်းမျှမျှ နေနိုင်ဖို့၊ လူသူတော်ကောင်း တွေကြားထဲမှာ လူတောတိုးနိုင်ဖို့၊ ဘဝမှာတည်ငြိမ်တည့်မတ်စွာ နေနိုင်ဖို့ ဒီအချက် သုံးချက်က အရေးကြီးတယ် လို့ ခံယူခဲ့တယ်။ ဒါ့ကြောင့် ကျနော် ကိုယ်တိုင် ဘဝမှာ ကြိုးစားလုပ်ဆောင်ခဲ့တယ်။ ဒီကြိုးစားမှုဟာ ဘဝမှာ အဟောသိကံမဖြစ်ခဲ့ဖူးလို့ ယူဆတယ်။

လေ့လာသင်ယူခြင်း

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ဘဝအကျိုးပေးချို့တဲ့နေပါစေ….၊ သူဟာ လေ့လာခြင်း၊ သင်ယူခြင်း၊ စူးစမ်းခြင်း၊ အကြားအမြင်များအောင် လုပ်ခြင်း၊ အမှုမဲ့အမှတ်မဲ့မနေဘဲ မျက်စိကိုဖွင့် နားကိုစွင့်ပြီး သတိထား လေ့လာဆည်းပူးတတ်ခြင်းဆိုတဲ့ အမူအကျင့်တွေ ရှိရင်၊ သူ့ဘဝဟာ အခြေခိုင်တယ်။ တည်ငြိမ်တယ်။ လူချင်း တူတူ သူချင်းမျှမျှ နေထိုင်နိုင်တယ်။ သူ့ပတ်ဝန်းကျင်မှာ ထိုက်သင့်တဲ့အဆင့်အတန်းမှာ နေရာပေးခြင်းခံရ တယ်။ ထိုသူဟာ အတန်းပညာအားဖြင့် မတတ်မြောက်စေအုံးတော့ အခြေခံစားဝတ်နေရေးမှာလည်း အမြဲတမ်း ပူပင်ကြောင့်ကြနေရတဲ့ အခြေအနေမျိုးကနေ လွတ်မြောက်နိုင်သူဖြစ်နိုင်တယ်…. ဆိုတာကို ကျနော်ယူဆ လက်ခံပါတယ်။

တနည်းအားဖြင့်…. လူတစ်ယောက်ဟာ သူ့ကိုယ်သူနဲ့ ပတ်ဝန်းကျင်အပေါ်မှာ လေ့လာစူးစမ်းသင်ယူတတ်တဲ့ အလေ့အကျင့်လေး ရှိနေရင်၊ စွဲမြဲနေရင် ဒီလိုလူဟာ ဘယ်တော့မှ မဆင်းရဲဘူးလို့ ကျနော် ယုံကြည်ပါတယ်။ ဒီအယူအဆမှန်သလားဆိုတာကို ကျနော်ကိုယ်တိုင် လေ့လာကြည့်ခဲ့ဖူးပါတယ်။ စာအုပ်တွေထဲက တကယ့်ဘဝ ထဲက လူသားတွေအကြောင်း ရေးသားချက်တွေကို လေ့လာဖတ်ရှုကြည့်တယ်။ လက်တွေ့လောကထဲမှာလည်း ဘယ်လိုလူတွေဟာ ဘယ်လိုအမူအကျင့်မျိုးတွေ ရှိလို့၊ အတန်းပညာအားဖြင့် မတတ်မြောက်ပေမယ့် လူလူသူ သူ နေနိုင်ကြတယ်၊ လူတန်းစေ့ နေနိုင်ကြတယ်ဆိုတာကို စူးစမ်းကြည့်ပါတယ်။ သိပ်ဆင်းရဲမွဲတေလွန်းတဲ့ လူ တွေကိုလည်း အနီးကပ်လေ့လာခဲ့ဖူးပါတယ်။ ဒီလိုလူတွေဟာ ဘာ့ကြောင့် ဆင်းရဲမွဲတေရသလဲဆိုတာကို စူးစမ်း ကြည့်ပါတယ်။ အဲသည့်အထဲမှာ လူတစ်ဦးချင်းစီနဲ့ ဆိုင်တဲ့ အမူအကျင့်တွေကို လေ့လာမိပါတယ်။ လူ့ အမူအကျင့်တွေထဲမှာ ဖာသိဖာသာနေပြီး အမှုမဲ့အမှတ်မဲ့နဲ့ ခပ်ပေါ့ပေါ့ စရိုက်တွေရှိနေရင် ဘယ်လောက်ပတ် ဝန်ကျင်ကောင်းကောင်း အဲသည်လိုလူဟာ လူရောင်သူရောင် မပြောင်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

လေ့လာသင်ယူတတ်တဲ့သူဟာ အခြေအနေအားဖြင့် ချို့ငဲ့လို့ ခေတ်မီပညာရပ်တွေကို မသင်ယူနိုင်ပေမယ့်၊ သူ့ ဘဝမှာ အသိအားဖြင့် မချို့တဲ့ဘူးဆိုတာ တွေ့ရပါတယ်။ သူဟာ လေ့လာတတ်၊ သင်ယူတတ်၊ ကောင်းတာ လေးတွေကို အတုခိုးပြီး လုပ်ဆောင်တတ်လို့ တဖြည်းဖြည်းနဲ့ ဘဝဟာ အဆင်ပြေလာပါတယ်။ နေပျော်လာပါ တယ်။ ဘဝအဆင့်တစ်ခုကို မြင့်လာပါတယ်။ ဖာသိဖာသာနေတတ်တဲ့လူကတော့၊ ဘယ်အရာကို အလေး အနက်မထားပါ။ ခပ်ပေါ့ပေါ့ပါပဲ။ တွေ့သမျှ မြင်သမျှ တိုင်းကိုလည်း အမှုမဲ့ အမှတ်မဲ့ပါပဲ။ ကျော်သွားတတ်ပါ တယ်။ ဒီတော့ သူ့ဘဝကလည်း ဘာမှ ဖြစ်ဖြစ်မြောက်မြောက် တိုးတက်လာတာ မတွေ့ရပါဘူး။

လူတွေဟာ အရာကိစ္စတိုင်းကို အလေးအနက်ထား လေ့လာသင်ယူရမယ်လို့ မဆိုချင်ပါဘူး။ ဒါပေမယ့် ဘဝရပ် တည်မှုအတွက်၊ ချို့တဲ့တဲ့ ဘဝကနေ ရုန်းထွက်လွတ်မြောက်ဖို့အတွက်၊ ကြီးပွားရာ ကြီးပွားကြောင်း နည်းလမ်း ကောင်းတွေကို မပြတ် ရှာဖွေ သင်ယူလေ့လာနေတတ်တဲ့ အကျင့်လေးရှိရင်တော့၊ ဆင်းရဲတွင်းက လွတ်ပါ တယ်။

အလုပ်လုပ်ခြင်

အေးသည်၊ ပူသည်၊ မိုးချုပ်သည်နှင့် စောသည်၊ ဆာသည်၊ ပြည့်အင့်သည်….။ ကျနော်တို့ ငယ်ငယ်တုန်းက ပျင်းရိခြင်း (၆)ပါးဆိုတာကို သင်ခဲ့ဖူးပါတယ်။ အေးတယ်၊ ပူတယ်၊ မိုးချုပ်သွားပြီ၊ စောသေးတယ်၊ ဗိုက်ဆာနေလို့၊ ဗိုက်လေးနေလို့…. စတဲ့ စကားတွေဟာ ဆင်ခြေဆင်လက် စကားတွေ ဖြစ်ပါတယ်။ “ဆင်ခြေ ပေးတဲ့ ပါးစပ်၊ ထမင်းငတ်တတ်တယ်” ဆိုတဲ့ စကား ရှိတယ် မဟုတ်လား။ ပညာလိုသော် မပျင်းနဲ့၊ ဥစ္စာလို သော် မငြင်းနဲ့…တဲ့။ ဆိုရိုးက ဒီလိုရှိပြန်ရော။ ဘူးတစ်လုံးဆောင် အိုတောင် မဆင်းရဲတဲ့။ ကျနော်ကတော့ ဘူးတစ်လုံးဆောင် အိုတောင် မဆင်းရဲဆိုတာကို မယုံကြည်ဘူး။ မြန်မာတွေဟာ ဘာပဲဖြစ်ဖြစ် ၊ မသိဘူး၊ မရှိဘူး၊ မလုပ်ဘူး…. ဆိုတာပဲ များနေတယ်။ ဒါဟာ ဆင်းရဲခြင်း အကြောင်းမှာ ထိပ်ဆုံးကပါတယ်။

အလုပ်လုပ်ရင် အကျိုးပေးတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ်၊ ထိုင်ပြီး ခွေအိပ်နေ တာထက်စာရင် တစ်ခုခုကို လုပ်နေရင်တော့ တစ်ခုခုရမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာမှ မလုပ်ရင် တော့ ဘာမှ မရပါဘူး။ အလုပ်လုပ်ဖို့ လိုပါတယ်။ အလုပ်လုပ်ချင်စိတ်ရှိဖို့ လိုပါတယ်။ ဟိုအကြောင်းပြ၊ ဒီအကြောင်း ပြ နဲ့ ဆင်ခြေပေးနေတတ်တဲ့အကျင့်ဟာ မွဲဆေးဖြစ်ပါတယ်။ အလုပ်လုပ်တဲ့သူဟာ ဝီရိယအကျိုးခံစားရပါတယ်။ အလုပ်မှာ ဉာဏ်နဲ့ ပညာပေါင်းထည့်နိုင်ရင် ပိုပြီး အကျိုးပေးဖြစ်ထွန်းပါတယ်။ အလုပ်လုပ်ရင် လုပ်အား စိုက်ထုတ်ရပါတယ်။ လူဟာ ကိုယ်လုပ်တဲ့ လုပ်အားအကျိုးကိုတော့ ခံစားရစမြဲဖြစ်ပါတယ်။

လူ့ပတ်ဝန်းကျင်ထဲကို လေ့လာကြည့်တဲ့အခါ၊ ဘဝအကျိုးပေး ကံခေပေမယ့် အလုပ်မှာ မခိုမကပ် ဝီရိယထားပြီး အလုပ်လုပ်တတ်တဲ့သူတွေရဲ့ ဘဝဟာ ဆင်းရဲမွဲတေခြင်းက လွတ်မြောက်နေတာကို တွေ့ရပါတယ်။ လူတစ် ယောက်ဟာ အလုပ်လုပ်ခြင်းမှာ မပျင်းရပါဘူး။ အလုပ်လုပ်ရတာကို ပျင်းတဲ့ လူတွေဟာ လူ့အဖွဲ့အစည်းရဲ့ အပုပ်အဆွေးတွေပဲ။ အလုပ်ကို ချစ်တဲ့လူတွေကို အလုပ်က ပြန်ချစ်ပါတယ်။ အလုပ်လုပ်ခြင်းကြောင့် လူဟာ အလုပ်ရဲ့အကျိုးကတော့ ပေးပါတယ်။ အဟောသိကံမဖြစ်ပါဘူး။ လေဖမ်းဒန်းစီးပြီး ယောင်ဝါးလုပ်နေတဲ့ ယောင်ခြောက်ဆယ် ငပျင်းတွေထက်စာရင် အလုပ်တစ်ခုခုကို လုပ်နေတဲ့သူကတော့ ကြီးပွားရာ ကြီးပွား ကြောင်း ပလက်ဖောင်းကို တစ်နေ့နေ့မှာ နင်းတက်နိုင်မှာပဲလို့ ကျနော် ယုံကြည်တယ်။

စေတနာထားခြင်း

ဘယ်အလုပ်ကိုပဲ လုပ်လုပ်၊ ဘယ်အရာကိုပဲ ပြုမူပြုမူ စေတနာထားပြီးတော့ ပြုမူ လုပ်ကိုင်တတ်ခြင်းဟာ စေတနာအကျိုးပေးတယ်လို့ ကျနော် ယူဆတယ်။ တကယ့်လက်တွေ့ဘဝမှာလည်း ထိုနည်းလည်းကောင်း ပါပဲ။ လူတစ်ချို့ဟာ အတန်းပညာအားဖြင့် ချို့တဲ့လိမ့်မယ်၊ ဝန်းကျင်အားဖြင့် ချို့တဲ့လိမ့်မယ်။ ဒါပေမယ့် ဘာ လုပ်လုပ်၊ ဘာပြောပြော၊ ဘာပဲ ပြုမူပြုမူ စေတနာလေးထားပြီး၊ စေတနာလေးထည့်ပြီး ပြောတတ် လုပ်တတ် တော့ အဆင်ပြေကြတယ်။ ဘဝဟာ ပြောင်ပြောင်ရောင်ရောင်ဖြစ်တယ်။ လူလူသူသူဖြစ်တယ်။ ဘယ်နေရာ သွားသွား လူရာဝင်တယ်၊ လူတောတိုးတယ်။ နေရာပေး ဆက်ဆံခြင်း ခံရတယ်။ နောက်ဆုံး လူအုပ်ကြီးထဲ ရောက်နေအုံးတော့၊ စေတနာစိတ်နဲ့ ပြုမူ လုပ်ကိုင်တတ်တဲ့သူမှာ ကိုယ်ပိုင်အလင်းတစ်ခုခုတော့ ရှိနေတယ်။

စေတနာအတိုင်း အကျိုးပေးပါတယ်။

တချို့က သိတယ်၊ တတ်တယ်။ ဒါပေမယ့် အလုပ်လုပ်တဲ့အခါ စေတနာ မပါဘူး။ ဒီလိုလူရဲ့ဘဝဟာ တနည်း နည်းနဲ့ ယိုင်နဲ့နေတတ်ပါတယ်။ တချို့ အကြောင်းအကျိုးလေးသင့်လို့ နေရာကောင်းလေး ရထားတယ်။ ဒါပေမယ့် စေတနာမပါဘူး။ ဒီလိုလူဟာ အချိုးအကွေ့တစ်ခုမှာ အောက်ကို ထိုးဆိုက်ဆင်းတတ်ကြတာပါပဲ။ စေတနာဟာ အရေးကြီးပါတယ်။ တချို့က အကျိုးအမြတ်၊ အမြတ်အစွန်းတစ်ခုခုရမှ စေတနာထည့်ချင်ကြ တယ်။ နောက်ဆုံးမှာ ဒီလိုလူလည်း သူထားတဲ့စေတနာအကျိုးအတိုင်းပဲ ပြန်ခံရတာပါပဲ။ ငွေကြေးအားဖြင့် အကျိုးအမြတ် ရမှ စေတနာထည့်ပြီး လုပ်ပေးတယ်ဆိုတာ မသန့်စင်ပါဘူး။ အဲဒီ့မသန့်စင်မှုဟာ ကိုယ့်ဆီမှာ ကျန်ခဲ့ပါတယ်။ ငွေရနိုင်မှ ဒီအလုပ်အပေါ် စေတနာထားတယ်ဆိုတဲ့ လူဟာ တဖြည်းဖြည်းနဲ့ မွဲခြောက်သွားတာ တွေ့ရပါတယ်။ စေတနာဟာ အကျိုးပေးပါတယ်။

ကျနော်ကတော့ စေတနာကို ယုံတယ်။ စေတနာထားပြီး လုပ်ပေးရင် အဲသည့်စေတနာဟာ လက်ငင်းချက်ချင်း အကျိုးပြချင်မှပြမယ်။ ဒါပေမယ့် ကိုယ်ထားလိုက်တဲ့စေတနာက အဟောသိကံ ဖြစ်မသွားဘူး။ စေတနာ ကောင်း ကောင်းထားပြီး လုပ်ရင် စေတနာအကျိုးဟာ ပေးကို ပေးပါတယ်။ ဒါဟာ ကျနော့် ယုံကြည်ချက်ဖြစ်ပါ တယ်။

• အမှုမဲ့ အမှတ်မဲ့မနေဘဲ လေ့လာပါ။ သင်ယူပါ။ မျက်စိကိုဖွင့် နားကိုစွင့်ပါ။

• အလုပ်လုပ်ပါ။ ကိုယ်ချစ်တဲ့အလုပ်ကို လုပ်ပါ။ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ပါ။

• ဘာလုပ်လုပ်၊ ဘာပြောပြော စေတနာထားပါ။ စေတနာမှန်ရင် အကျိုးပေးပါတယ်။

ဒီအချက် (၃) ချက်ကတော့….
ကျနော်နားလည်ထားတဲ့ လူမွဲတို့၏ ထွက်ရပ်လမ်းပါပဲ။

မင်းသေ့
သန်းခေါင် ၁၂ နာရီတိတိ
၁၇ ၊ အောက်တိုဘာ၊ ၂၀၂၀။
ရန်ကုန်မြို့၊ ဘားလမ်းတိုက်ခန်း။

Previous post ဒီမိုကရေစီ လူ့ဘောင်သို့
Next post ▄ လူငယ်တစ်ယောက်၏ အလုပ်