မြန်မာပြည်အသွင်းကူးပြောင်းရေးနဲ့ပတ်သက်ပြီး ရေတို၊ ရေရှည်အကဲဖြတ်ရမယ့်ကိစ္စတွေ ရှိပါတယ်။ တိုင်းပြည် အုပ်ချုပ်ခြင်းအလုပ်ဆိုတာဟာ လတ်တလောအကျိုးအတွက် ကြည့်ပြီး လုပ်ရတာတွေ ရှိတယ်။ ထိုနည်းလည်း ကောင်း၊ ရေရှည်မြော်မြင်ပြီး လုပ်ရတာတွေလည်း ရှိပါတယ်။

ရေတို / ရေရှည်သဘော

အခုရေတွင်းတူး အခုရေကြည်သောက် ဖြစ်ချင်လို့ မရတဲ့ ကိစ္စတွေလည်း ရှိတယ်။ နှစ်ရှည်ပင်စိုက်သလို၊ စိုက်ထားပျိုးထားပြီး လေးငါးဆယ်နှစ်လောက်ကြာမှာ အသီးအပွင့် စ,ပြလာမယ့်ကိစ္စတွေလည်း ရှိနေပြန်တယ်။ တချို့သော ကိစ္စရပ်တွေဟာလည်း ဘူးပင်၊ ခရမ်းပင် စိုက်သလို လပိုင်းလောက်နဲ့ အကျိုးအားဖြင့် သိသိသာသာဖြစ်တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် များသော အားဖြင့် တိုင်းပြည်နဲ့ ပတ်သက်တဲ့အလုပ်၊ အများနဲ့ပတ်သက်တဲ့အလုပ်၊ နိုင်ငံနဲ့ ပတ်သက်တဲ့အလုပ်၊ လူ့အဖွဲ့ အစည်းကြီးတစ်ခုလုံးနဲ့ပတ်သက်တဲ့အလုပ် တွေကတော့ ချက်ချင်းလက်ငင်းအကျိုးရလဒ် မပြနိုင်တာများပါတယ်။ သို့ပေမယ့် ဉာဏ်နဲ့ ကြည့်သူကတော့ မြင်နိုင်ပါလိမ့်မယ်။ အကျိုးစီးပွားကိုချည်း ဗဟိုပြုကြည့်တဲ့သူကတော့ အမြင်နုပ်နေပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ တိုင်းပြည်မင်းလုပ်အုပ်ချုပ်တဲ့သူဟာ လတ်တလောအကျိုးဆက်တွေကိုလည်း ပစ်ပယ်လို့ မရသလို၊ နောင်လာမယ့် ဖြစ်နိုင်ချေတွေကိုလည်း လျစ်လျှူရှုလို့ မရပါဘူး။ ရေတို၊ ရေရှည်ဆိုတာဟာ မျှခြေညှိ ပြီး အချိုးချ လုပ်ဆောင်ရမယ့်ကိစ္စဖြစ်ပါတယ်။ အရေးပေါ်ကိစ္စရပ်တွေဟာ ဘာလဲ။ အရေးကြီးကိစ္စရပ်တွေဟာ ဘာလဲ။ အရေးပေါ်လည်းဖြစ်တယ်၊ အရေးလည်း ကြီးတယ်ဆိုတဲ့ ကိစ္စရပ်တွေဟာ ဘာလဲ။ အရေးပေါ်လည်း မဟုတ်၊ အရေးလည်းမကြီးဘူးဆိုတဲ့ အကြောင်းရပ်တွေလည်း ရှိနေပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းနဲ့ပတ် သက်တာတွေ တော်တော်များများမှာ အရေးမပါဘူးဆိုတာကတော့၊ အင်မတန် နည်းပါးပါတယ်။ ကိစ္စရပ်တော် တော်များများဟာ အသေးအဖွဲပင်ဖြစ်စေအုံးတော့။ အရေးကြီးနေတာချည်းပါပဲ။ ထည့်တွက်စဉ်းစားရမယ့် အရာချည်း ဖြစ်ပါတယ်။

ဦးစားပေး ဘယ်အထိုင်ပေါ်ရွေး

ဒါပေမယ့် အရေးကြီးတာတွေကို အားလုံး တစ်ပြိုင်နက်တည်း ပြုံလုပ်ဖို့ ခက်တယ်။ ဒါ့ကြောင့် priority ထားရ တယ်။ ဦးစားပေး သတ်မှတ်ရတယ်။ ဘယ်လိုအရာတွေဟာ ဦးစားပေးအနေနဲ့ လုပ်ရမှာလဲ။ ပြည်သူ့ရေးရာ မူဝါဒတွေကို စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ ဦးစားပေး ရွေးချယ်ရတဲ့ ပေါ်လစီတွေ ရှိပါတယ်။ အသွင်ကူးပြောင်း ရေးအစိုးရတွေဟာ ဘယ်လိုအခြေခံမူတွေအပေါ်မှာ တည်ပြီးတော့ ဦးစားပေးတွေကို သတ်မှတ်ရွေးချယ်တာ လဲ။ ဘယ်လို နှုန်းစံတန်ဖိုးတွေအပေါ်မှာ ထိုင်ပြီးတော့ ဦးစားပေးလုပ်ငန်းစဉ်တွေ ရွေးချယ်တာဖြစ်ပါသလဲ။ ဒါတွေကို မြင်ကွင်းကျယ်ကျယ်မှာ ထောင့်စုံစုံနဲ့ မျက်လုံးပြူးပြဲကြည့်ကြဖို့ဖြစ်ပါတယ်။ ဒါတွေဟာ အထူးအလေးပြုလေ့လာရမယ့်ကိစ္စရပ်တွေဖြစ်ပါတယ်။

နိုင်ငံရေးအရ မဲဆွယ်လို့ကောင်းတဲ့ ကိစ္စရပ်တွေ ရှိပါတယ်။ တိုင်းပြည်အတွက် ရေရှည်သဘော အကျိုးဖြစ်ထွန်း ပေမယ့်၊ လူထုအာရုံမကျတဲ့ ကိစ္စရပ်တွေ ရှိနေပါတယ်။ လူ့သည်းခြေကြိုက်တွေကို ပြောပြီး မဲဆွယ်တာတွေက တော့ ဒီမိုကရေစီဝန်းကျင်မှာ မဆန်းတော့ပါဘူး။ ဒီလို ဝန်းကျင်မှာပဲ ပေါ်ပြူလစ်ဝါဒဟာ ဖြစ်ထွန်းလာတတ်တာ သဘာဝပဲ မဟုတ်လား။

နိုင်ငံရေးသမား အကျင့်

နိုင်ငံရေးသမားဟာ မဲရချင်ဇောနဲ့ လူထုနောက်မှီးဆွဲဖြစ်သွားတတ်တဲ့ အန္တရာယ်ရှိပါတယ်။ လူထုနောက်မှီးဆွဲ ဖြစ်တာကိုပဲ နိုင်ငံရေးထောက်ခံမှု ရတယ်လို့ ထင်နေတဲ့ နိုင်ငံရေးသမားတွေလည်း အပုံအပင်ရှိနေပါတယ်။ ဘယ်အရာက အဓိကလဲ၊ ဘယ်အရာက သာမညလဲဆိုတာကို မသိတာလည်းဖြစ်နိုင်ပါတယ်။ သိလျက်နဲ့ အတ္တ ဗဟိုပြုလုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်၊ နိုင်ငံရေးသမားဆိုတာကတော့ အများအပေါ် လူပေါ်လူဇော်လုပ်ရတာကို ခံတွင်းလိုက် နှစ်ခြိုက်တတ်တာ ထုံးစံပါပဲ။

လူထုရှေ့မှာ ဘယ်လိုပဲ “လူထုရဲ့ကျွန်” အဖြစ် ကျနော့်ကို တာဝန်ပေးပါလို့ ပြောနေစေကာမူ၊ စိတ်ထဲမှာတော့ လူထုကို လွှမ်းမိုးချုပ်ကိုင်ချင်တဲ့ အာဏာရှင်စိတ် ကိန်းဝပ်နေတတ်တာ ထုံးစံပါပဲ။ ဒါ့ကြောင့်လည်း နိုင်ငံရေး ကို လေ့လာတဲ့အခါ၊ လူ့စိတ်ပညာကို ထည့်သွင်းလေ့လာရတယ်။ လူ့စိတ်သဘာဝကို ကောင်းကောင်းနားလည် အောင် လေ့လာသင်ကြားကြရတယ်။ ဒါမှလည်း နိုင်ငံရေးကို ကောင်းကောင်း မှန်းဆ ဆန်းစစ်နိုင်လိမ့်မယ်။ လူ့စိတ်သဘာဝတွေဟာ ဆန်းကြယ်လိုက်တာ။ လူ့စိတ်သဘောတွေဟာ ခန့်မှန်းရခက်လိုက်တာ။

ဒီမိုကရေစီဟာ အခြားသောစနစ်မျိုးတွေထက် အားသာချက်တွေ အများကြီး ရှိနေပါတယ်။ အဲသည့်ထဲက တစ်ခုကတော့၊ ဒီမိုကရေစီဟာ ခေါင်းဆောင်အပြောင်းအလဲကို လုပ်နိုင်တာပဲဖြစ်ပါတယ်။ ထိုနည်းလည်း ကောင်းပဲ၊ ခေါင်းဆောင်ကို ကန့်သတ်နိုင်ခြင်းပဲဖြစ်ပါတယ်။ လူ့စိတ်သဘာဝအရ ဘယ်လောက်ပဲ အာဏာရှင် ကို ဆန့်ကျင်နေတယ်လို့ ဆိုနေစေကာမူ၊ ရာဇပလ္လင် ဖင်မြဲချင်တဲ့စိတ်ကတော့ လူတိုင်းလိုလို ရှိနေတာချည်းပါ ပဲ။

ပူးတတ် ကူးတတ်သော

သူရဲကောင်းဟာ အင်မတန် ဆိုးရွားကြမ်းတမ်းရက်စက်တဲ့ မိစ္ဆာသဘက်ကို ပူးထွေး၊ လုံးထွေ သတ်ပုတ်ရင်း နဲ့ မိစ္ဆာသဘက် ကြမ်းတမ်းသလို သူလည်း လိုက်ပါ ပြုမူ သတ်ပုတ်ရလေ့ရှိပါတယ်။ ဒါ့ကြောင့်ပဲ နောက်ဆုံးမှာ သူရဲကောင်းဟာ မိစ္ဆာကို ကောင်းစွာ အနိုင်ရလိုက်တယ်။ ဒါပေမယ့် ဒါဟာ မပြီးသေးပါဘူး။ မိစ္ဆာနဲ့ ပူးထွေး လုံးထွေး သတ်ပုတ်နေစဉ်အတွင်း မိစ္ဆာနဲ့ သူရဲကောင်းဟာ အပြန်အလှန်သတ်ပုတ်ကြရင်း၊ မိစ္ဆာသဘက်ရဲ့ အမူအကျင့်တွေဟာ သူရဲကောင်းဆီမှာ မသိလိုက် မသိဘာသာ ကူးစက်သွားတတ်ပါသေးတယ်။ အင်အားကြီး မားတဲ့ မိစ္ဆာကို သတ်ဖြတ်နှိမ်နင်းနိုင်ဖို့၊ သူရဲကောင်းကလည်း ထိုက်တန်တဲ့ အင်အားကို သုံးစွဲရတာပါပဲ။ မိစ္ဆာက ကြမ်းတမ်းသလို သူရဲကောင်းဟာလည်း လိုက် ကြမ်းတမ်းရတယ်။ ဒီနည်းနဲ့ သူရဲကောင်းဟာ မိစ္ဆာရဲ့ လေ့ကျင့်သင်ကြားပေးခြင်း ခံရတာကို သူကိုယ်တိုင်တောင် မသိလိုက်ရဘူး။ ဒီလိုနဲ့ ဘယ်သူဟာ မိစ္ဆာလဲ၊ ဘယ်သူဟာ သူရဲကောင်းလဲဆိုတာကို ဝေခွဲရခက်သွားတဲ့ ဖြစ်စဉ်မျိုးတွေလည်း ကြုံတတ်ပါတယ်။

အကင်းပါးဖို့

လူ့သဘာဝ ဆိုတာကတော့ ဖောက်ပြန် ပြောင်းလဲတတ်တဲ့သဘောရှိလို့၊ နိုင်ငံရေးမှာ ဘယ်သူ့ကိုမှ အလုံးစုံ ယုံမှတ်လို့ ပုံအပ်လိုက်ရတာမျိုး မဖြစ်နိုင်ပါ။ ဖြစ်လို့ မရပါ။ ဒါပေမယ့် ဘယ်လိုပဲ ဆင်ခြင်တုံတရားက ဦးစီးတယ် ပဲ ပြောပြော နှလုံးသားဟာ အမြဲတမ်း အားကြီးနေတတ်ပါတယ်။ လူဟာ အပြစ်မမြင်ချစ်ခင်တတ်တဲ့အလေ့ သဘောရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးမှာ အခြေအနေအရသာ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းကို လုပ်ရပါ တယ်။ ပြည်သူဟာ လည်လည်ဝယ်ဝယ်ဖြစ်ဖို့ လိုပါတယ်။ ပြည်သူဟာ အကင်းပါးဖို့ လိုပါတယ်။ ဉာဏ်မျက်စိနဲ့ ကြည့်ဖို့ လိုပါတယ်။ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး နိုင်ငံရေးအရ ထောက်ခံမှု၊ ကန့်ကွက်မှုကို ပြုဖို့ လိုပါတယ်။ အမြဲတမ်း တစ်သက်လုံး ထောက်ခံရမယ်၊ အမြဲတမ်း တစ်သက်လုံး ကန့်ကွက်ရမယ်လို့ တရားသေ ဆုပ်ကိုင်ထားရင် ကိုယ်မွေးတဲ့ မျောက်ကပဲ ကိုယ့်ကို ပြန်ခြောက်ပါလိမ့်မယ်။

ဒီမိုကရေစီ

• ဒီမိုကရေစီဆိုတာ ခေါင်းဆောင်ကို ကန့်သတ်ပြီး၊ ခေါင်းဆောင်မှုကို ချဲ့ထွင်တာဖြစ်ပါတယ်။
• ဒီမိုကရေစီဆိုတာ အစိုးရရဲ့အခန်းကဏ္ဍကို ကန့်သတ်ပြီး၊ လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍကို ချဲ့ထွင်တာဖြစ် ပါတယ်။
• ဒီမိုကရေစီဆိုတာ နိုင်ငံတော်ရဲ့လုပ်ပိုင်ခွင့်ကို စည်းမျဉ်းမူဘောင် ဥပဒေနဲ့ ထိန်းကျောင်းပြီး နိုင်ငံသား တွေရဲ့ လွတ်လပ်ခွင့် ကို အခြေခံဥပဒေအားဖြင့် အာမခံချက်ပေးခိုင်းတာဖြစ်ပါတယ်။
• ဒါဟာ ဒီမိုကရေစီကျင့်ထုံး၊ ဒီမိုကရေစီ အနှစ်သာရ ဖြစ်ပါတယ်။

• ဒီမိုကရေစီဘောင်ကို ချဲ့၍၊ အာဏာရှင်ဘောင်ကို ချုံ့နိုင်ကြပါစေ…
• လူ့ယဉ်ကျေးဘောင်ကို ချဲ့၍၊ လူမိုက်လူရမ်းကားဘောင်ကို ချုံ့နိုင်ကြပါစေ….
• မသူတော်တရားဘေး၊ မသူတော်အများဘေးမှ ကင်းလွတ်နိုင်ကြပါစေ….
• တုတ်၊ ဓား၊ လက်နက် ဘောင်ထဲမှ လွတ်မြောက်နိုင်ကြပါစေ….။
• ဒီမိုကရေစီလူ့ဘောင်တည်ဆောက်ရေး အောင်မြင်ပါစေ။
• အာဏာရှင်ဇာစ်မြစ် အမြစ်ပြတ်ပါစေ။

မင်းသေ့
ညနေ ၅ း ၄၅
၂၉ ၊ အောက်တိုဘာ၊ ၂၀၂၀။
ရန်ကုန်မြို့။

Previous post ▄ စစ်စီးပွားရေးနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုထောင်ချောက်
Next post ယုံကြည်မှုလိုအပ်ချက်