ဗမာမျိုးချစ်တွေနဲ့ပတ်သက်ပြီး၊ အတန်းကျောင်း သမိုင်းဖတ်စာမှာ ကျနော်တို့ သင်ခဲ့ရဖူးပါတယ်။ ပါတော်မူပြီးစ အချိန်နောက်ပိုင်းမှာ၊ သူ့နည်းသူ့ဟန်နဲ့ တော်လှန်ပုန်ကန်ကြတဲ့ တောင်ပေါ်၊ မြေပြန့်၊ မြေလတ်ဒေသအသီးသီး က ဒေသတွင်း သူရဲကောင်းသူပုန်တွေကို အတန်းကျောင်း သမိုင်းဖတ်စာမှာ ဂုဏ်ယူအတုယူစရာဖြစ်အောင် သင်ကြားခဲ့ကြရပါတယ်။ သမိုင်းဖတ်စာတွေ အပြင်၊ မျိုးချစ်စာပေ သမိုင်းစာအုပ်တွေထဲကနေ ကျနော်တို့ နားလည်လက်ခံထားတဲ့ မျိုးချစ်တွေကို စာရင်းချရေးကြည့်ပါ့မယ်။ ပါတော်မူပြီးခေတ်နောက်ပိုင်း တော်လှန် ပုန်ကန်ကြတဲ့ ဒေသတွင်း နယ်မြေအသီးသီးက မျိုးချစ်များ စာရင်းဖြစ်ပါတယ်။ အနည်းငယ် ကျန်ရှိခဲ့ရင်၊ ခွင့် လွှတ်နားလည်ကြပါကုန်။

တို့ဗမာအစည်းအရုံးသမိုင်းပေါင်းချုပ်မှာ၊ မှတ်တမ်းတင်ထားတဲ့ စာရင်းမှာ အခုလို တွေ့ရပါတယ်။

• ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၊
• ရှမ်းပြည်မှ လင်းပင်မင်းသား၊
• ကယားပြည်နယ်မှ စောလဖော်၊
• ချင်း တောင်နယ်မှ ဗိုလ်ဆွန်ပက်၊
• ပုဂံနယ်မှ ဗိုလ်ချို၊
• ပုပ္ပားမှ ဗိုလ်နက်ကျော်၊
• ပွင့်ဖြူလယ်ကိုင်းဘက်မှ ဗိုလ်ဥတ္တမ၊
• ဇီးပင်ကြီးမှ မြင်းစိုင်းမင်းသား၊
• တောင်တွင်းကြီးနတ်မောက်နယ်မှ ဗိုလ်မင်းရောင်၊
• ကျောက်ဆည်နယ်မှ ဗိုလ်သာကျန်၊
• မြင်းခြံနယ်မှ ဗိုလ်ဖိုးဆင်၊ ဗိုလ်ဖိုးဝင်း၊
• မန္တလေးမှ ဗိုလ်တိုး၊ ဗိုလ်ဇေယျ၊
• ကသာမိုးကောင်းဘက်မှ ဗိုလ်ဖိုးစော၊ ဗိုလ်ရွှေသာ၊
• ဗန်းမော်နယ်မှ စောရန်ပိုင်၊ စောရန်နိုင်၊
• သောင်းထွတ်နယ်မှ စောဖာကြီး၊ ရွှေဂျိုးဖြူမင်းသား၊
• ကချင်ပြည်နယ်မှ ဖုန်ကန်ဒူးဝါ၊ ဆမားဒူးဝါ၊ ဆိုင်ဆင်ဒူးဝါ။
• ဝနယ်မှ စောမဟာနော်ခမ်းဦး၊
• ပျဉ်းမနား ရမည်းသင်းဘက်မှ ဗိုလ်သာမှန်၊ ဗိုလ်လှိုင်၊ ဗိုလ်သဲ၊ ဗိုလ်လူကလေး

စတဲ့ စာရင်းတွေကို တွေ့ရပါတယ်။ ၁၈၈၆ မတ်လနောက်ပိုင်းက စပြီးတော့၊ ကိုလိုနီလက်အောက် ကျရောက်တာကို မခံနိုင်တဲ့ နယ်ပယ်အသီးသီးက ဒေသခေါင်းဆောင်၊ လူမျိုးစုခေါင်းဆောင်တွေဟာ ရရာလက်နက်နဲ့ ရရာလူသူစုဆောင်းပြီးတော့ လက်နက် ကိုင်ပုန်ကန်မှုကို လုပ်ခဲ့ပါတယ်။ အခက်အခဲ၊ အကျပ် အတည်းကာလရောက်မှသာ ဒေသတွင်း လူစွမ်းကောင်းတွေဟာ မှတ်တမ်းဝင် စာရင်းဝင် ဖြစ်သွားတယ်လို့ ယူဆလို့ ရနိုင်ပါတယ်။ ပဒေသရာဇ်ခေတ်တစ်လျှောက်လုံးမှာ၊ ဗမာဘုရင်ကို သစ္စာမခံရင် စာရင်းဝင်နိုင်မယ် မထင်ပါ။ သူ့ကျွန်လက်အောက်ကျရောက်တာကြောင့် တော်လှန်ပုန်ကန်ရင်း မျိုးချစ်ခေါင်းဆောင်တွေ စာရင်း ဝင်သွားတယ်လို့ မှတ်ယူနိုင်ပါတယ်။ ဗမာဘုရင် လက်အောက်မှာ၊ သစ္စာခံအနေနဲ့ နေထိုင်ရင်း ကိုယ့်ဒေသတွင်း ခေါင်းဆောင်တွေ အဖြစ် တည်ရှိနေတဲ့ ဒေသအကြီးအကဲ၊ လူမျိုးစုအကြီးအကဲတွေလို့ နားလည်နိုင်ပါတယ်။

ဒီနေရာမှာ၊ လေ့လာသုံးသပ်ဖို့က တို့ဗမာအစည်းအရုံးက ပြုစုတဲ့ သမိုင်းဖြစ်တာက တစ်ကြောင်း။ တို့ဗမာ အစည်းအရုံးရဲ့ မူ၊ အာဘော်ဖြစ်တဲ့ ဗမာဆိုတဲ့ အသုံးအပေါ်မှာ ဖွင့်ဆိုထားတဲ့ ယူဆချက်ကြောင့်သော်လည်း ကောင်း၊ ဗမာဆိုတာ လူမျိုးအားလုံးကို လွှမ်းခြုံခေါ်ဝေါ်တဲ့ သဘောလို့ နားလည်လို့ ရပါတယ်။ တို့ဗမာ အစည်းအရုံးဖြစ်ပေါ်လာဖို့ ကနဦးစ ပေါ်ပေါက်ခဲ့တဲ့ တို့ဗမာအစည်းအရုံး နိုင်ငံပြုစာစု အမှတ် (၁) မှာ အခုလို ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

ဗမာဟူသည်… (တို့ဗမာအစည်းအရုံးမူ)

တို့ဗမာအစည်းအရုံး ဟူရာ၌ တို့ဗမာပြည်ထဲ၌ရှိသော လူမျိုးအားလုံးကို ကိုယ်စားပြုသည့် အဓိပ္ပာယ်ဖော်ဆောင် ခြင်း အထိမ်းအမှတ်အဖြစ် “တို့ဗမာ” ဟု ခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။ မြန်မာဟူသော စကားမှာ မြန်သည်၊ မာသည် ဟူသော အဓိပ္ပာယ်ကို ဆောင်သော်လည်း နှာသံပါ၍ ဘောင်ကျဉ်းသည်။ အားနည်းသည်။ ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာ စသော ဗမာတိုင်းရင်းသားအားလုံးကို ခြုံ၍ ငုံမိစေရန် “ဗမာ” ဟူသော စကားလုံးကို ရွေးသည်။ အသံထွက် မာကျော၍ သုံးစွဲသည်။ တဖန် “ဘ”ကုန်း နှင့် “ဘမာ” ဟု မရေးဘဲ “ဗ” လချိုက်နှင့် ရေးခြင်းမှာလည်း “ဘ” သည် ရံဖန်ရံခါ “ဖ” သံထွက်သဖြင့် စိတ်မချ ရသောကြောင့် “ဗ” လချိုက်နှင့် “ဗမာ” ဟုရေးသည်။ (တို့ဗမာအစည်းအရုံးသမိုင်း (ပေါင်းချုပ်) ၊ စိတ်ကူးချိုချို၊ ၂၀၁၄၊ ဒု / ကြိမ် မူ၊ စာ – ၁၄၆ ။)

ဒီနေရာမှာ လေ့လာဖို့က၊ တို့ဗမာအစည်းအရုံးကို ဦးဆောင်တဲ့ ဗမာပညာတတ်မျိုးချစ်တစ်ယောက်ဖြစ်တဲ့ သခင် ဘသောင်းတို့လို လူမျိုးတွေဟာ နိုင်ငံရေးအရ သိမ်သိမ်မွေ့မွေ့နဲ့ အမြော်အမြင်ရှိရှိ လုပ်ဆောင်ခဲ့တာကိုတွေ့ရ ပါတယ်။ ဆိုလိုချင်တာက၊ ကိုလိုနီအစိုးရကို နိုင်ငံရေးနည်းနဲ့တော်လှန်ဖို့အတွက် နိုင်ငံရေးဘုံလက်ခံချက် တစ်ရပ် (တနည်း) politically construct လုပ်ရမယ့် အရာရှိတယ်လို့ယူဆခဲ့ဟန်တူပါတယ်။ ဒါ့ကြောင့် အသုံး အနှုန်းအားဖြင့် စိတ်ဝမ်းမကွဲပြားစေဖို့၊ ဝေါဟာရရှင်းလင်းချက်နဲ့ စတင်ပြီး တည်ဆောက်ခဲ့တယ်လို့ ယူဆပါ တယ်။ ဒီနေရာမှာ၊ တို့ဗမာအစည်းအရုံးက ဖွင့်ဆိုလိုက်တဲ့ “ဗမာ” ဆိုတဲ့ အခေါ်အဝေါ် အသုံးအနှုန်းအပေါ် ထင်ရှားတဲ့ ငြင်းဆိုချက်၊ ငြင်းပယ်ချက်အဖြစ် သမိုင်းမှတ်တမ်းတွေမှာ မတွေ့ရပါဘူး။ ရှိကောင်းရှိနိုင်ပေမယ့်၊ ထိုစဉ်အချိန်တုန်းက မှတ်တမ်းမှတ်ရာအားဖြင့် မတွေ့ခဲ့ပါဘူး။ လူမျိုးစုတွေအနေနဲ့လည်း ဗမာထဲမှာ တို့မပါဘူး လို့ အငြင်းပွားနေရမယ့်အချိန်မဟုတ်ဘူးလို့ ယူဆခဲ့ဟန်တူပါတယ်။ ပြီးတော့ သူ့ကျွန်လက်အောက်က လွတ်ဖို့ အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းစီရင်ခွင့် (တနည်း) လုံးဝ လွတ်လပ်ရေးရဖို့ထက် ပိုအရေးကြီးတဲ့ကိစ္စ မရှိဘူးလို့ ယူဆ ခဲ့ကြလို့လည်း၊ “ဗမာ” ဆိုတဲ့ ဝေါဟာရတစ္ဆေခြောက်ခြင်း မခံရတာလို့ ဆိုလိုလို့ ရနိုင်ပါတယ်။ ဒီလိုခေတ်လို အေးအေးဆေးဆေး အကျပ်အတည်းက လွတ်ချိန်၊ နိုင်ငံရေးပွင့်လင်းမှုလည်း ရခိုက်နဲ့ ဖက်ဒရယ်အရေး၊ လူမျိုး စုအရေး အာဂျင်ဒါ ပြန်လည်အသွင်းခံရတဲ့ အချိန်တွေရောက်တော့မှ၊ “ဗမာ” ဆိုတဲ့ အထဲမှာ တို့တတွေ မပါဘူး လို့ စတင် ငြင်းဆန်နေကြတာပဲဖြစ်ပါတယ်။ ဒီတော့ တစ်ဖက်မှာလည်း ခေတ်အဆက်ဆက်က ဗမာစစ်အစိုးရ လက်အောက်မှာ အဖိနှိပ်ခံ၊ အညင်းဆဲခံ၊ စစ်ဘေးစစ်ဒဏ်တွေကြောင့် မကျေနပ်ချက်တွေဟာ ဗမာစစ်အစိုးရ ကို ဆန့်ကျင်အာခံရင်း ဗမာလူမျိုးစုအပေါ်မှာပါ ဝါးလုံးသိမ်း ဆန့်ကျင်ခံရသလိုဖြစ်နေပါတယ်။ ဒါကလည်း သဘာဝကျပါတယ်။ ကိုလိုနီခေတ်တစ်လျှောက်လုံးမှာ၊ လူမျိုးစုရေးကိစ္စဟာ ရှေ့တန်းတင်ခွင့် မရသလို၊ ပါလီမန်ခေတ်ရောက်လာတဲ့အခါမှာလည်း လူမျိုးစုအခွင့်အရေးဟာ ဆက်လက်ချို့တဲ့နေခဲ့ပါတယ်။ စစ်အစိုးရ လက်အောက်ကို နှစ်ပေါင်း (၅၀) နီးပါး ဖိနှိပ်ချုပ်ချယ်ခံရတဲ့ လူမျိုးစုတွေဟာ ဗမာထဲမှာ အကြုံးမဝင်ချင်တဲ့ စိတ် ဟာ သိပ်ကို နာကြည်းထက်သန်နေပါတယ်။ ဒါဟာ မှားခြင်း၊ မှန်ခြင်းကို ထောက်ပြနေတာ မဟုတ်။ ဖြစ်စဉ် တချို့ကို နားလည်စေဖို့သာ ရည်ရွယ်ပါတယ်။ ဒီအချက်အလက်တချို့ဟာ အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို နားလည်စေဖို့ ကောက်နှုတ်ပြတာဖြစ်ပါတယ်။ ငြင်းဆိုစရာ အချက်အလက်တွေ ရှိနိုင်ပါသေးတယ်။ ယခုတင်ပြချက်မှာတော့၊ လေ့လာစရာ ဖြစ်စဉ် တစ်ရပ်ကို အစဆွဲထုတ်နိုင်ဖို့ လေ့လာဆန်းစစ်ချက်အနေနဲ့ တင်ပြခြင်းသာဖြစ်ပါတယ်။

ကိုလိုနီခေတ် ဗမာ

ပထမ အင်္ဂလိပ် – ဗမာ စစ်ပွဲဟာ ၁၈၂၄ – ၁၈၂၆ မှာဖြစ်တာပါ။ ဒုတိယ အင်္ဂလိပ် – ဗမာ စစ်ကို ၁၈၅၂ မှာဖြစ် တာပါ။ ဒီစစ်ပွဲတွေ အတွင်းမှာ သိမ်းယူခဲ့တဲ့ နယ်မြေတွေကတော့ ပထမအစမှာ၊ ရခိုင်နဲ့ တနင်္သာရီကမ်းမြှောင် ဒေသတွေဖြစ်ပါတယ်။ ဒုတိယမှာတော့၊ ရန်ကုန်နဲ့ ပဲခူးပါဝင်တဲ့ အောက်ဗမာပြည်တစ်ခုလုံးဖြစ်ပါတယ်။ ၁၈၈၅ နိုဝင်ဘာကျမှ၊ တတိယ အင်္ဂလိပ် – ဗမာစစ်ဖြစ်ပြီး အထက်ဗမာပြည်တစ်ခုလုံးကို အကြွင်းမဲ့ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ကိုလိုနီခေတ် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို ကြည့်ရင်၊ အနုနည်း၊ အကြမ်းနည်းနဲ့ နည်းပေါင်းစုံ တော်လှန် ဖို့ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက်လုံးကို ကြည့်လိုက်ရင်၊ အထွေထွေသော တော်လှန်ရေးနည်းနာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ကနဦးကာလတွေမှာ လက်နက်ကိုင် ပုန်ကန်မှုနဲ့ စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အင်္ဂလိပ်အစိုးရက ဖိနှိပ်ခဲ့လို့ အားမတန် မာန်လျော့ခဲ့ရပြီး ကာလ အပိုင်းအခြားတစ်ခုအထိ တည်ငြိမ်ခဲ့တယ်လို့ ယူဆလို့ ရနိုင်ပါတယ်။ ဒါပေမယ့် လူမျိုးရေးအရ “သခင်နဲ့ ကျွန်” ခွဲခြားဆက်ဆံခံရမှုနောက်ပိုင်းမှာ၊ အထွေထွေ မကျေနပ်မှုတွေ စပြီးဖြစ်ပေါ်လာခဲ့ပါတယ်။
ဒေသတွင်းတိုင်းရင်းသားတွေကို အင်္ဂလိပ်စာသင်ပေးပြီး အင်္ဂလိပ်စိတ်ပေါက်အောင်လုပ်ပေးပြီး အုပ်ချုပ်မှ ကိုလိုနီနယ်မြေအဖြစ် အချိန်ကြာကြာ သိမ်းပိုက်နိုင်လိမ့်မယ်လို့ အင်္ဂလိပ်က ယူဆပါတယ်။ (ဒီနေရာမှာ၊ ဒေသတွင်းတိုင်းရင်းသားဆိုတာဟာ ဗမာအပါအဝင်၊ တခြားသောလူမျိုးတွေလည်း ပါဝင်ကြောင်းဆိုလိုရင်း ဖြစ်ပါတယ်။ ဤကား – စကားချပ်) ဒါ့ကြောင့် ဒုတိယ အင်္ဂလိပ် – ဗမာ စစ်ပွဲအပြီးမှာပဲ ကိုလိုနီ ပညာရေးဇာတ်သွင်းဖို့ စပြီး ကြိုးစားပါတော့တယ်။

အင်္ဂလိပ်စိတ်ပေါက်နေသော လူတန်းစား မွေးမြူ၍

၁၈၆၇ ခုနှစ် မတိုင်မီက သိမ်းယူထားတဲ့ ဗမာပြည်အောက်ပိုင်းနယ်တွေမှာ သာသနာပြုကျောင်းတွေကလွဲလို့ ပညာရေးဌာန တစ်ခုအဖြစ် သီးသန့်ထားရှိတာ မတွေ့ရပါဘူး။ ၁၈၆၇ ရောက်မှ၊ အင်္ဂလိပ်က ပညာရေးဌာနကို ဖွဲ့စည်းတယ်လို့ လေ့လာရပါတယ်။ အိန္ဒိယရဲ့ သီးခြားဌာနခွဲအဖြစ် သတ်မှတ်ပြီးတော့ ကိုလိုနီပညာရေး ဇာတ်သွင်းတာကို လုပ်လာပါတယ်။ ကိုလိုနီပညာရေးရဲ့ မူကတော့ ၁၈၃၅ ခုနှစ်၊ အိန္ဒိယမှာ မက္ကောလေး တင်သွင်းတဲ့ မူကို ယူပြီး ဆက်လက်သုံးစွဲပါတယ်။ မက္ကောလေးမူမှာ၊ အင်္ဂလိပ်စာကို ဦးစားပေး သင်ကြားပေးဖို့ ပါဝင်ပြီး “အသားအရောင်အားဖြင့် ညိုသော်လည်း အင်္ဂလိပ်ဘာသာ တတ်ကျွမ်း၍ အင်္ဂလိပ်လို တွေးခေါ်ကာ အင်္ဂလိပ်စိတ်ပေါက်နေသော လူတန်းစားတစ်ရပ်ကို မွေးထုတ်ပြီး ၎င်းတို့ကို တိုင်းရင်းသားလူမျိုးများနှင့် အုပ်ချုပ်သူကြားတွင် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်စေရန်” လို့ ဖော်ပြပါရှိပါတယ်။

အင်္ဂလိပ်ရေး ကိုလိုနီပညာရေးမူဟာ ကိုလိုနီသက်ရှည်ဖို့အတွက် အကျိုးပြုခဲ့တယ်လို့ ယူဆလို့ ရနိုင်ပါတယ်။ ဗမာပြည်ထဲက တိုင်းရင်းသားလူမျိုးစုတွေ အင်္ဂလိပ်စိတ်ပေါက်အောက် မွေးမြူပြီး လူတန်းစားတစ်ရပ်အနေနဲ့ မွေးထုတ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကိုလိုနီစနစ်ဟာ မြန်မာပြည်မှာ နှစ်ပေါင်း (၁၀၀) ကျော် စိုးစံနိုင်ခဲ့တယ် လို့ ယူဆလို့ ရနိုင်ပါတယ်။ အင်္ဂလိပ်ဟာ သူ့အကျိုးစီးပွားအတွက် အင်မတန် အမြော်အမြင်ရှိတဲ့လူမျိုးဖြစ်ပါ တယ်။ တိုင်းပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ချင်ရင် အမြဲတမ်းလိုလို ဖိနှိပ်ရက်စက်တဲ့နည်းနဲ့ အုပ်ချုပ်လို့မရဘူး ဆိုတာ နားလည်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားလူမျိုးစုတွေကို အင်္ဂလိပ်စာ သင်ပေးပြီး၊ အင်္ဂလိပ်စိတ်ပေါက် အောင် လုပ်ခဲ့တယ်။ အင်္ဂလိပ်စိတ်ပေါက်နေတဲ့ ဒေသခံကို လူတန်းစားတစ်ခုလို မွေးမြူပြီး သခင်နဲ့ ကျွန်အကြား မှာ ကြားခံသဘောထားပြီးတော့ အုပ်ချုပ်တဲ့အခါမှာ အုပ်ချုပ်ရ ပိုလွယ်လာပါတယ်။ ဒါကို အင်္ဂလိပ်က သိပါ တယ်။ အကင်းပါးပါတယ်။ ဒါ့ကြောင့်လည်း ဗမာမျိုးချစ်တွေအကြားမှာ၊ အင်္ဂလိပ်စော်နံတဲ့ ရေပေါ်ဆီ၊ လူ့မလှိုင် တွေကို “အလိုတော်ရိ” လို့ ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။

ဒေသတွင်းဗမာတိုင်းရင်းသားတွေထဲမှာ၊ အင်္ဂလိပ်စိတ်ပေါက်အောင် မွေးမြူခံရတဲ့ မြို့ဝန်၊ မြို့အုပ်၊ ဝန်ထောက် တွေဟာ အလျှိုလျှို မွေးထုတ်ခံရပြီး ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားထဲက ခွေးသွားစိတ်တွေ ဖြစ်ခဲ့ကြတယ်။ အင်္ဂလိပ်ခေတ်မှာ၊ မြို့ဝန်၊ မြို့အုပ်၊ ဝန်ထောက်၊ အိုင်စီအက်စ်၊ ဘီစီအက်စ်လုပ်ရတာကို နှစ်မြို့နေတဲ့ ဗမာတွေ ကလည်း တစ်ပုံကြီး။ ခေတ်အခြေအနေအရ၊ အင်္ဂလိပ်ဝန်ထမ်းပြီး အင်္ဂလိပ်ယန္တရားထဲက အဆင့်ထူးခံ လူတန်း စားအဖြစ် လူ့အဖွဲ့အစည်းမှာ၊ ခေါင်းတစ်လုံးသာချင်ခဲ့ကြတာပါပဲ။ ဒီလိုလူတွေထဲမှာ ရှားရှားပါးပါး သိပ္ပံမောင်ဝ တို့လို ဗမာမျိုးချစ်ဗျူရိုကရက်တွေလည်း ပါဝင်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ဝံသာနုလှုပ်ရှားမှုပေါ်အပြီး ကာလ နှောင်းပိုင်းကျမှဖြစ်တယ်လို့ ယူဆလို့ ရတယ်။ ရှေ့ပိုင်းကိုလိုနီခေတ်ဦးကာလတွေမှာတော့၊ ကျွန်စော်နံနဲ့ အင်္ဂလိပ်နံ့ထွက်တဲ့ဗမာတိုင်းရင်းသားကို အင်္ဂလိပ်က မွေးမြူတာ အတော်အတန်အောင်မြင်ခဲ့တယ်လို့ ယူဆလို့ ရနိုင်ပါတယ်။

မပြတ်သားသော ဗမာမျိုးချစ်

ထူးထူးခြားခြား ပြောလို့ရတာက၊ ဂျီစီဘီအေ အသင်းပေါ်လာပြီး နောက်ပိုင်းကာလတွေကျမှ အင်္ဂလိပ်ရဲ့ ကိုလိုနီပညာရေးသင်ကြားခံရတဲ့ လူတွေထဲက ဗမာမျိုးချစ်ပညာတတ်လူငယ်တွေ ပြတ်ပြတ်သားသား ပေါ်လာ ခဲ့တယ်လို့ ပြောလို့ ရနိုင်ပါတယ်။ ဝိုင်အမ်ဘီအေ ဖွဲ့စည်းပြီးကာလတွေမှာ ဗမာမျိုးချစ်တွေ ရှိပေမယ့်၊ အင်္ဂလိပ်အလိုယိမ်း ဗမာမျိုးချစ်တွေ ပေါ်ခဲ့ပါတယ်။ သူတို့ဟာ ပညာတတ်နည်းနဲ့ အနုနည်းအားဖြင့် ပေးထားချက် ဘောင်ထဲကနေ ကိုလိုနီစနစ်ကို ပြုပြင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေးအတွက် မျိုးစေ့ ဖြစ်ခဲ့ပေမယ့် အလုံးစုံပြတ်သားခဲ့တဲ့ တော်လှန်ရေးလမ်းစဉ်မှာ ဦးမဆောင်နိုင်ခဲ့ပါဘူး။ ဘာသာရေးအားဖြင့်၊ လူမှုရေးနည်းအားဖြင့်၊ စီးပွားရေးနည်းအားဖြင့် ဝံသာနုလှုပ်ရှားမှုတွေကို ပြုခဲ့တယ်လို့ပဲ ယူဆလို့ ရပါတယ်။ ဒီလို ပေးထားချက်ထဲက ဝံသာနုလှုပ်ရှားမှုတွေကို အားမရလို့၊ ဆရာစံရဲ့ လယ်သမားလက်နက်ကိုင်တော်လှန် ရေးစခဲ့တယ်လို့ ယူဆလို့ ရပါတယ်။ ဆရာစံဟာ ကိုလိုနီအစိုးရရဲ့ ပေးထားချက်ထဲက ဝံသာနုလှုပ်ရှားမှုတွေကို အားမရခဲ့ဘူး။ သဘောမကျခဲ့ဘူး။ ဒါ့ကြောင့် သူကိုယ်တိုင် လူသူလက်နက် စည်းရုံးစုစည်းပြီးတော့ ကိုလိုနီ အစိုးရကို လက်နက်ကိုင်လမ်းစဉ်နဲ့ အာခံတော်လှန်ခဲ့ပါတယ်။

သမိုင်းစဉ်

• ဝိုင်အမ်ဘီအေက ၁၉၀၆ မှာ ပေါ်တယ်။

• ဂျီစီဘီအေက ၁၉၂၀ မှာ ပေါ်တယ်။

• ပထမကျောင်းသားသပိတ်က ၁၉၂၀ နှောင်းပိုင်းမှာ ပေါ်တယ်။

• ဆရာစံတော်လှန်ရေးက ၁၉၃၀ မှာ ပေါ်တယ်။

• တို့ဗမာအစည်းအရုံးကို ၁၉၃၀ မှာပဲ စတင်ဖွဲ့စည်းတယ်။

• ဒုတိယကျောင်းသားသပိတ်က ၁၉၃၆ မှာ ပေါ်တယ်။

• ၁၃၀၀ ပြည့်အရေးတော်ပုံက ၁၉၃၈ နှောင်းပိုင်းမှာ ပေါ်တယ်။

• ရဲဘော်သုံးကျိပ်ဟာ ၁၉၄၁ မှာ ပေါ်တယ်။

ပထမ အင်္ဂလိပ် – ဗမာ စစ်ပွဲအပြီး ၁၈၂၆ ကနေ ၁၉၂၀ လောက်အထိ၊ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုဟာ နှစ် (၁၀၀) သက်တမ်းပြည့်တော့မယ်။ အင်္ဂလိပ်ဟာ ဗမာတွေအပေါ် လက်နက်နည်းနဲ့ ဖိနှိပ်ခြင်းအားဖြင့်သော်လည်း ကောင်း၊ ကိုလိုနီပညာရေးဇာတ်သွင်းပြီး မွေးမြူထားတဲ့ အင်္ဂလိပ်စိတ်ပေါက်တဲ့ တိုင်းရင်းသားလူတန်းစားကို ကြားခံထားပြီးတော့သော်လည်းကောင်း ကိုလိုနီသက်ရှည်အောင် လုပ်နေတယ်ဆိုတာ ဗမာတွေ သတိမထားမိ ခဲ့ဘူး။ ဝိုင်အမ်ဘီအေ စပေါ်လာတုန်းက၊ ဘာသာရေးအားဖြင့် အတုခိုးပြီးတော့ ဝိုင်အမ်စီအေ ရှိရင်၊ ဝိုင်အမ်ဘီအေ လည်း ရှိရမယ်ဆိုပြီး အံတုလို့သာ ဝံသာနုလှုပ်ရှားမှုပေါ်တယ်လို့ ယူဆလို့ ရတယ်။ ဒါပေမယ့် ဒါဟာလည်း ဘောင်ထဲက ပေးထားချက်အတိုင်း လှုပ်ရှားခြင်းသာဖြစ်တယ်။ အလုံးစုံတော်လှန်ရေးအတွက် စိတ် မပြတ်သေးဘူး။ စိတ်မှာ ပြတ်ပြတ်သားသားဖြစ်မနေသေးဘူး။ ဒါတောင် ၁၉၂၀ မှာ ဟုမ္မရူးနဲ့ ဒိုင်အာခီနဲ့ ခွဲရေး တွဲရေးနဲ့ အင်္ဂလိပ်လှည့်သမျှ ခံနေရသေးတာ။
ဒီတော့ ပါတော်မူပြီးစ အချိန်ကနေ ၁၉၂၀ ပထမကျောင်းသား သပိတ်မပေါ်ခင် အချိန်အထိ၊ ကြားကာလ တွေမှာ ပါတော်မူပြီးစ ဒေသခံ နယ်မြေခေါင်းဆောင်၊ လူမျိုးစုခေါင်းဆောင်တွေရဲ့ လက်နက်ကိုင် ပုန်ကန်မှုရယ်၊ ဝိုင်အမ်ဘီအေက စတင်လိုက်တဲ့ ဘာသာရေး၊ လူမှုရေး၊ ဝံသာမှုလှုပ်ရှားမှုရယ်ပဲ ရှိခဲ့တယ်လို့ ဆိုလို့ရမယ်။ စနစ်ကျတဲ့ တော်လှန်ပုန်ကန်မှုကို နိုင်ငံရေးနည်းအားဖြင့်၊ လက်နက်နည်းအားဖြင့် မလုပ်နိုင်ခဲ့သေးဘူး။ ၁၉၂၀ ပထမကျောင်းသားသပိတ်ပေါ်ပြီးတော့မှ၊ စနစ်ကျတဲ့ တော်လှန်ရေးတစ်ရပ် စတင်တယ်လို့ ပြောလို့ရမယ်။ အဲဒါ ကတော့ အမျိုးသားကျောင်းတွေ ပေါ်ထွန်းလာတဲ့ ကိစ္စဖြစ်တယ်။

အမျိုးသားပညာရေးဖြင့်

ကိုလိုနီစနစ်ကို တော်လှန်ဖို့ စနစ်ကျတဲ့ တန်ပြန်မှုဟာ ၁၉၂၀ စလုပ်လာပါတယ်။ ယခင်ကလို လူမှုရေးဆန်ဆန်၊ ဘာသာရေးဆန်ဆန် တောင်းဆိုမှုတွေ ပြုနေတာထက် ပိုသင့်တယ်လို့ စပြီးယူဆလာခဲ့ပါတယ်။ ပထမ ကျောင်းသားသပိတ်ဟာ အမျိုးသားရေးအမြင်တစ်ရပ်ကို စနစ်တကျ ဖွင့်ပေးလိုက်တဲ့ လှုပ်ရှားမှု အဖြစ်ပေါ်လာ ပါတယ်။ အဲဒါကတော့ အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းတွေ တည်ထောင်ဖွဲ့စည်းရေးပဲ ဖြစ်ပါတယ်။ အမျိုးသားပညာရေးနဲ့ ကိုလိုနီစနစ်ကို စနစ်တကျ တန်ပြန်ဖို့ လုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်လို့ နားလည် လို့ ရပါတယ်။ အမျိုးသားပညာရေးရဲ့ အမြင့်မားဆုံး ရည်မှန်းချက်ကတော့ အမျိုးသားလွတ်မြောက်ရေးဖြစ်ပါတယ်။ အမျိုးသား ပညာရေးစနစ်ကို ထူထောင်ပြီးတော့၊ ကိုလိုနီအနှောင်အဖွဲ့ကနေ ရုန်းထွက်လွတ်မြောက်ဖို့ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ကျွန်ပညာရေးကို တော်လှန်တဲ့ ဗမာမျိုးချစ်သခင်တော်လှန်ရေး အစပြုခဲ့တယ်လို့ ဆိုလို့ ရနိုင်ပါတယ်။

အမျိုးသားပညာရေးလှုပ်ရှားမှုစတင်ခဲ့တဲ့ ၁၉၂၀ – ၂၁ ခုနှစ်ကာလကနေ ၁၃၀၀ ပြည့်အရေးတော်ပုံ (၁၉၃၈) အထိ အရှိ မြင့်တက်သွားဖို့၊ နှစ်ပေါင်း ၂၀ နီးပါးကြာခဲ့တယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံဟာ၊ လူမှု လူတန်းစား ပေါင်းစုံပါဝင်တဲ့ နိုင်ငံလုံးချီပါဝင်မှုလို့ ပြောလို့ရတယ်။ ခေတ်ရဲ့အဓိက လူတန်းစားတွေဖြစ်တဲ့ အလုပ်သမား၊ လယ်သမားနဲ့ ကျောင်းသားတွေ အားလုံးစုစည်းလိုက်ကြတဲ့အပြင်၊ ဝံသာနုအသင်းအဖွဲ့တွေနဲ့ ပရော်ဖက်ရှင် နယ် လူတန်းစားတွေပါ ပါဝင်လာခဲ့လို့ဖြစ်တယ်။ စာပေ ၊ အနုပညာ ၊ ရှေ့နေ့တွေ၊ ဆေးဆရာတွေ၊ ကျောင်းဆရာတွေ၊ ကုန်သည်ပွဲစားတွေ၊ အလုပ်သမား ၊ အလုပ်ရှင်တွေအပြင် နယ်ပယ် လုပ်ငန်းအသီးသီးက လူမှုအလွှာပေါင်းစုံပါဝင်လာနိုင်ခဲ့တယ်။ လူတန်းစားတွေထဲမှာ လူမျိုးပေါင်းစုံပါဝင်တဲ့ ပုံစံကိုတွေ့ရတဲ့ အပြင် သာသနာရေးနယ်က ဘုန်းကြီး၊ သံဃာတွေလည်း ပါဝင်လာတာကို တွေ့ရတယ်။ ဒါ့ကြောင့်လည်း ၁၃၀၀ ပြည့် အရေးတော်ပုံဟာ အင်္ဂလိပ်အစိုးရကို အတော်တုန်လှုပ်အောင် လှုပ်ရမ်းနိုင်ခဲ့တဲ့ ထင်ရှားတဲ့ အရေးတော်ပုံ သမိုင်းဖြစ်ရပ် တစ်ခုဖြစ်ခဲ့တယ်။

ဒါဟာ ဘာ့ကြောင့်ပါလဲ။

ဗမာမျိုးချစ်သခင်နိုင်ငံရေးခေါင်းဆောင်တွေဟာ နိုင်ငံရေး အရ လည်း စနစ်တကျ စုဖွဲ့လှုပ်ရှားနိုင်ခဲ့ကြတာ ပါတယ်။ နိုင်ငံရေးအရ အမြင်ကျယ်လာတာလည်း ပါတယ်။ နိုင်ငံတကာအမြင်ရှိလာတာလည်း ပါဝင်တယ်။

တင်ကူးအခြေအနေများ

၁၃၀၀ ပြည်အရေးတော်ပုံ (၁၉၃၈) မရောက်ခင်

• ဝံသာနု ဘာသာရေး၊ လူမှုရေးလှုပ်ရှားမှုပေါ်ခဲ့တာ။

• အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်တွေ ပေါ်ခဲ့တာ။

• အမျိုးသားကျောင်းတွေပေါ်ခဲ့တာ။

• သတင်းစာဂျာနယ်တွေရဲ့ အခန်းကဏ္ဍနဲ့ ဝါဒဖြန့်နိုင်ခဲ့တာ။

• ဆရာစံ လယ်သမားလက်နက်ကိုင်တော်လှန်ရေးပေါ်ခဲ့တာ။

• တို့ဗမာအစည်းအရုံးမှာ ပညာတတ်မျိုးချစ်လူငယ်တွေ ဦးဆောင်ခွင့်ရတာ။

• ကနဦးအစကတည်းက သပိတ်အတွေ့အကြုံတွေ ရှိခဲ့တာ။

• နိုင်ငံရေးအရ ဘုံတူညီချက် ရှာနိုင်တာ။

• မျိုးချစ်ခေါင်းဆောင်တွေအကြား နိုင်ငံရေးအစေးကပ်တာ။

• ယခင်က သပိတ် တော်လှန်ရေးလှုပ်ရှားမှုတွေရဲ့ အားနည်းချက်ကို သိမြင်ပြီး ပြန်လည်ပြင်ဆင်ပြီး စုဖွဲ့လှုပ်ရှားနိုင်စွမ်းရှိတာ။

စတဲ့အချက်တွေကြောင့်လို့ ယူဆလို့ ရတယ်။

၁၃၀၀ ပြည့်အရေးတော်ပုံ ရလဒ်

၁၃၀၀ ပြည့်အရေးတော်ပုံ (၁၉၃၈)ရဲ့အောင်မြင်မှုကို တို့ဗမာအစည်းအရုံးက အခုလို မှတ်တမ်းတင်ခဲ့တယ်။

၁) အမျိုးသားလွတ်လပ်ရေးတိုက်ပွဲကြီးကို အဓိက အင်အားဖြစ်သော အလုပ်သမား၊ တောင်သူ လယ်သမားများနှင့်ကျောင်းသားထု၏ အဆင့်မြင့်သည့် နိုင်ငံရေးတိုက်ပွဲဖြင့် ဖော်ထုတ်နိုင်ခြင်း၊
၂) မြောက်မြားစွာသော သပိတ်တပ်သားအပေါင်းတို့သည် လက်တွေ့တိုက်ပွဲ နိုင်ငံရေးတက္ကသိုလ်ကြီး မှ အောင်မြင်ပြီး ကျောင်းဆင်းတပ်သားများ ဖြစ်လာခြင်း၊
၃) သပိတ်တပ်သားများသည် မိမိတို့၏ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်တစ်ခုခုကို ဝင်ရောက် လုပ်ကိုင်ကြရာ၌ သပိတ်တိုက်ပွဲများ၏အတွေ့အကြုံများကို ရရှိဦးဆောင်နိုင်သူများ ဖြစ်လာခြင်း၊
၄) နယ်ချဲ့ပဒေသရာဇ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးနှင့် ကိုယ့်မင်းကိုယ်ချင်းနိုင်ငံ ထူထောင်ရေးများအတွက် အမြုတေတပ်သားများ မွေးထုတ်နိုင်ခြင်း၊
၅) ကျယ်ပြန့်များပြားသော အလုပ်သမား၊ တောင်သူလယ်သမား၊ ကျောင်းသားနှင့် ပြည်သူတို့၏ စည်းရုံးရေးတပ်ပေါင်းစု ပုံစံသစ်ကို အကြမ်းစတင်ဖော်နိုင်ခြင်းဖြင့် အနာဂတ် လူမှုတော်လှန်ရေးအ တွက် အင်အားအနေအထားကို ခန့်မှန်းတွက်ချက်နိုင်စေခဲ့ခြင်းများသည် ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ၏ ကြီးမားသော အမြတ်များ ဖြစ်ပေသည်…..

၁၃၀၀ ပြည့်အရေးတော်ပုံနဲ့ပတ်သက်ပြီးတော့၊ စာရေးဆရာ နိုင်ငံရေးသုတေသီ ကျော်ဝင်းရဲ့ NLD ခေတ် – ပထမနှစ် စာအုပ် (အမှာစာပါ) ယူဆချက်ကို တင်ပြချင်ပါတယ်။

• ထောင့်သုံးရာပြည့်အရေးတော်ပုံ (၁၉၃၈ – ၃၉ အမျိုးသားလွတ်လပ်ရေးအုံကြွမှု) ကြီးက ပထမ လွတ်လပ်ရေးလှုပ်ရှားမှုကြီးကို မွေးထုတ်ပေးလိုက်သည်။ အဆိုပါ အရေးတော်ပုံကြီး၏ နောက်ကွယ်မှ ဒဿနတွန်းအားမှာ “မာက်္ခ(ခ) ဝါဒ” (ထိုစဉ်က အသုံးအနှုန်းအတိုင်းဆိုလျှင်) ဘုံဝါဒ ဖြစ်သည်။ အရေးတော်ပုံကြီးမှ မွေးထုတ်ပေးလိုက်သော တပ်ဦးပါတီမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ဖြစ် သည်။ အရေးတော်ပုံကြီးက ရွေးချယ်ပေးလိုက်သောတိုက်ပွဲပုံသဏ္ဍာန်မှာ လက်နက်ကိုင်တော်လှန်ရေး ဖြစ်သည်။

ကောက်နုတ်ချက်။ ။
ကျော်ဝင်း၊ NLD ခေတ် – ပထမနှစ် စာအုပ် (အမှာ) မှ/
၂၀၁၇။

ဒီတင်ပြချက်တွေဟာ ဗမာမျိုးချစ်တော်လှန်ရေးလှုပ်ရှားမှုကို ခေတ်ရဲ့ဖြစ်စဉ်တွေနဲ့ ယှဉ်တွဲတင်ပြထားတာ ဖြစ်ပါ တယ်။ သမိုင်းယူဆချက်အမြင်တချို့ကို အစဆွဲထုတ်မိနိုင်မယ်လို့ ယုံကြည်ပါတယ်။

မင်းသေ့
အောက်တိုဘာ ၊ ၂၀၂၀

Previous post ကိုလိုနီခေတ် ဗမာ
Next post ဗမာ့နိုင်ငံရေးဓလေ့စစ်တမ်း (၁)