• ၁၉၂၇ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၄ ရက်နေ့တွင် မွေးဖွား။
• ပျဉ်းမနားမြို့ ဇာတိ။
• မွေးချင်း (၇) ယောက်အနက် အကြီးဆုံးသား။
• အမည်ရင်း ဦးချမ်းအေး။
• ရဲဘော်ချမ်းအေး။
• ဗမာပြည်ကွန်မြူနစ်ပါတီဝင်။
• တောတွင်းလက်နက်ကိုင် ကွန်မြူနစ်။
• တော်လှန်ရေးကောင်စီ၏ စီးပွားရေး အကြံပေး။
• အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဦးဆုံး ဗဟိုကော်မတီဝင်။
• စာရေးဆရာ။
• နိုင်ငံရေးသမား။
• တော်လှန်ရေးသမား။
• စာရေးဆရာ။
• သတင်းစာဆရာ။
• ချမ်းအေး စစ်တမ်း ရေးသူ။
• ဘောဂဗေဒသမား။
• ၁၉၅၅ ၊ ရန်ကုန်တက္ကသိုလ် စီးပွားရေးဌာန လက်ထောက် ကထိက။
• ကျောင်းသုံး ဘောဂဗေဒပြဌာန်းစာ ပြုစုရေးသားသူ။
• မြန်မာလူထုအား လစ်ဘရယ်အိုင်ဒီယာများဖြင့် ထိတွေ့စေခဲ့သူ။
• မြန်မာ့နိုင်ငံရေးပရောဟိတ်။
• ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ ရန်ကုန်မြို့၌ ကွယ်လွန်။

မောင်စူးစမ်းဟာ မက်္ခ(စ်) ဘောဂဗေဒကို ရေးသားပြုစုခဲ့သူဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝကတည်း က နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ဝင်ရောက်ပါဝင်ခဲ့သူဖြစ်ပါတယ်။ တက္ကသိုလ်ထက် လက်နက်ကိုင်ဖို့ တောထဲကို ရွေးချယ်ခဲ့သူဖြစ်ပါတယ်။ အယူအဆစွဲများကို အမြဲတမ်းလိုလို ဝေဖန်ဆန်းစစ်နေတတ်သူဖြစ်ပါတယ်။ ကိုယ်ယုံ ကြည်လက်ခံထားတဲ့ အိုင်ဒီယော်လိုဂျီကို အမြဲတမ်း မှတ်ကျောက်တင်စမ်းသပ်နေတတ်သူဖြစ်ပါတယ်။ မြန်မာ ပြည်ရဲ့ ရှားရှားပါးပါး ဘောဂဗေဒသမားလို့ ပြောလို့ ရနိုင်ပါတယ်။ ကျောင်းသုံးဘောဂဗေဒပြဌာန်းစာအုပ်ကို တောင် ပြုစုရေးသားနိုင်ခဲ့သူဖြစ်ပါတယ်။ လက်နက်ကိုင်တောခိုခဲ့ဖူးသူဖြစ်သလို၊ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ လမ်းစဉ်ပါတီအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှာပါ ပါဝင်ခဲ့သူဖြစ်ပါ တယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့နိုင်ငံရေးကို အဓိကပုံသွင်းခဲ့တဲ့ ပါတီတွေမှာ ပါဝင်ပတ်သက်ခဲ့သူ ဖြစ်တယ်လို့ ဆိုနိုင်တယ်။ နိုင်ငံရေးမဟာဗျူဟာကိစ္စရပ်များကို မဟာဗျူဟာထောင့်များကကြည့်ပြီး ဝေဖန်ဆန်းစစ်ခဲ့သူဖြစ်ပါတယ်။ မဟာဗျူဟာ ကွဲလွဲချက်တွေကို ရဲရဲဝံ့ဝံ့ထောက်ပြဝေဖန်ခဲ့သူဖြစ်ပါတယ်။ ပြည်တော်သာ စီမံကိန်းကို ဝေဖန် သုံးသပ်တဲ့အနေနဲ့ ဗမာ့စီးပွားရေးစစ်တမ်း ထွက်လာခဲ့တယ်။ ချမ်းအေးစစ်တမ်းကို ရေးသားခဲ့သူလည်း ဖြစ်တယ်။ ကွန်မြူနစ်အသိုင်းအဝိုင်းမှာ သစ္စာဖောက်အဖြစ် ဝေဖန်ပညတ်ခံရပြီး၊ ဒီမိုကရေစီအတိုက် အခံ အင်အားစုကလည်း စစ်တပ်ကို လမ်းကြောင်းပေးသူအဖြစ် ယူဆပြီး သိုးမည်းအဖြစ် ဖယ်ကြဉ်ထားခံရသူ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့၊ မြန်မာ့နိုင်ငံရေးမဟာဗျူဟာတွေနဲ့ပတ်သက်ပြီးတော့ မထောက်မညှာတမ်း ဝေဖန်စော ကြောခဲ့သူဟာ မောင်စူးစမ်းတစ်ယောက်သာ ရှိခဲ့တယ်လို့ ယူဆလို့ရနိုင်ပါတယ်။ ပါတီအပြောင်းအလဲများပြား တာကြောင့်၊ နိုင်ငံရေးဖြတ်သန်းမှုအရ ဝေဖန်ခဲ့ရပေမယ့် တစ်သက်လုံး လက်သီးဆုပ်မဖြည်ဘဲ အမှားမှန်းသိ လျက်နဲ့ ယုံကြည်ချက်တစ်ခုကို သေသည်အထိ ဆုပ်ကိုင်သွားတဲ့အထဲမှာ မောင်စူးစမ်းဟာ မပါဝင်ခဲ့ဘူး။ ဒါ့ ကြောင့်လည်း မောင်စူးစမ်းဟာ က,လန်တတ်သူ အဖြစ် ထင်ရှားတာဖြစ်ပါလိမ့်မယ်။

မောင်စူးစမ်းဟာ ခေတ်တိုင်း၊ စနစ်တိုင်းမှာ အစိုးရအဆက်ဆက်နဲ့ အဓိကနိုင်ငံရေးပါတီကြီးတွေရဲ့ မဟာဗျူဟာ ထောက်ကွက်တွေကို နိုင်ငံရေးအမြင်စူးရှစွာ ဝေဖန်ဆန်းစစ်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော နိုင်ငံရေးသမားဖြစ်ပါ တယ်။

မောင်စူးစမ်းကွယ်လွန်ပြီးနောက်ပိုင်း စာရေးဆရာ ကျော်ဝင်းရေးသားတဲ့ “ဘဝမာတိကာ၊ မဟာဗျူဟာမာတိကာ များ” ဆိုတဲ့ ဆောင်းပါးမှာ၊ မောင်စူးစမ်း ထောက်ပြဝေဖန်ခဲ့တဲ့ မဟာဗျူဟာအယူအဆတွေကို တို့ထိတင်ပြထား တာတွေ့ရပါတယ်။ ဆက်လက်ဖတ်ရှုပါ….

ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပတ်သက်၍

၁။ ဒုတိယကမ္ဘာစစ်အပြီး၊ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်မှု အယူအဆ။ (ဘရောက်ဒါ ဝါဒဟုလည်းခေါ်)
၂။ တိုင်းရင်းသားအရင်းရှင်သည်၊ နယ်ချဲ့သမားနှင့် ပြန်မလာစတမ်း ပူးပေါင်းသွားပြီဆိုသော အယူ အဆ။ (ချမ်းအေးစစ်တမ်း နှင့် ဝေဖန်)
၃။ လွတ်လပ်ရေး စစ်/မစစ် ဆိုသောအယူအဆ
၄။ လက်နက်ကိုင် တိုက်ပွဲ လိုအပ်/မလိုအပ် – ဆိုသော အယူအဆ
၅။ တိုက်ပွဲပုံသဏ္ဍာန်၊ သပိတ်လား/လယ်သမားစစ်ပွဲလား
၆။ လက်ဝဲတပ်ပေါင်းစု ပြဿနာ
၇။ မြို့သိမ်းနှင့် တောရွာ
၈။ တိုက်ပွဲ ပုံသဏ္ဍာန် ပြောင်းသင့်/မပြောင်းသင့် ကိစ္စ။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့်ပတ်သက်၍

၁။ ဆိုရှယ်လစ်စနစ်သည်၊ သမိုင်း လိုအပ်ချက် ဟုတ်/မဟုတ်။
၂။ ကတ္တားပိုင်း (Subjective Factor) ပြည့်စုံလျှင်၊ ကမ္မပိုင်း (Objective Condition) ကို ပြောင်းလဲ ပစ်နိုင်သည် ဆိုသော အယူအဆ။
၃။ ဆိုရှယ်လစ်စနစ်ကို၊ ဈေးကွက် ယန ္တရားနှင့် ထိမ်းမြားပေးရန် အယူအဆ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပတ်သက်၍

၁။ ဦးနေဝင်းကို ဂုဏ်သရေရှိစွာ ထွက်ပေါက်ပေးရေး။
၂။ ရွေးကောက်ပွဲနိုင်သော ပါတီသည် အစိုးရပါတီ မဖြစ်နိုင်သေး။ (Winning party cannot be ruling party) – (‘ဂွေ့ကြီးခြောက်ဂွေ့’ – အယူအဆ)
၃။ ဈေးကွက် စီးပွားရေး နှင့် ဒီမိုကရေစီ၊ တစ်ပြိုင်နက်တည်း ချက်ခြင်း ပူးတွဲမလာနိုင်။ ဈေးကွက် စီးပွားရေး နှင့် ဒီမိုကရေစီ၊ သူ့လမ်းနှင့်သူ သီးခြားရွေ့မည် – ဆိုသော မှန်းဆချက်။
၄။ တပ်မတော် အခန်းကဏ္ဍကို၊ အသိအမှတ်ပြုရမည်- ဆိုသော အမြင်။

၂၀၀၈ အခြေခံဥအဒေ နှင့် ပတ်သတ်၍

၁။ တပ်မတော် က စပွန်ဆာပြုရေးဆွဲပြဌာန်းသော ဖွဲ့စည်းပုံအခြေခံဥအဒေကိုရှောင်ဖယ်လို့ရမလား…။ (Can we avoid the military sponsored constitution)
၂။ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥအဒေအောက်တွင်၊ နိုင်ငံရေးပါတီတို့ ဆောင်ရွက်ရန် အဆင်သင့် ဖြစ်/မဖြစ်။
၃။ ရွေးချယ်စရာ၊ အစီအစဉ်တို့သည် ဖြစ်နိုင်ခြေ ရှိပါသလား…။ (Politics is the art of possible ဆိုသည်ကို နှလုံးမူရန်ဖြစ်)

မောင်စူးစမ်းကို မြန်မာ့နိုင်ငံရေးပရောဟိတ်လို့ ပညတ်လိုက်ခြင်းကို လွန်တယ်လို့ မထင်ပါ။ အကြောင်းကတော့ မောင်စူးစမ်းတင်ပြထားခဲ့တဲ့ အယူအဆတွေကို လေ့လာဆန်းစစ်ကြည့်ရင် လက်ခံနိုင်ဖွယ်ရာဖြစ်ပါလိမ့်မယ်။ မောင်စူးစမ်းဟာ ၁၉၉၁ နဲ့ နအဖခေတ် နှောင်းပိုင်းကြားကာလတွေမှာ၊ မြန်မာလူထုအတွက် လစ်ဘရယ် သဘောတရားနဲ့ ဈေးကွက်စီးပွားရေးဆိုင်ရာ၊ ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်းရပ်တွေနဲ့ ကမ္ဘာ့ရေစီးကြောင်း ကို နားလည်သိမြင်နိုင်ဖို့ ဆောင်းပါးအများအပြား ရေးသားခဲ့ပါတယ်။ မောင်စူးစမ်းရဲ့ကျေးဇူးနဲ့ စစ်အစိုးရခေတ် ကာလမှာ မျက်စိပိတ်နားပိတ်ဖြစ်ခဲ့တဲ့ မြန်မာပြည်သူတွေဟာ နိုင်ငံတကာရေစီးကြောင်းအပြောင်းအလဲနဲ့ နည်းပညာအပြောင်းအလဲ၊ ဂလိုဘယ်အိုင်ဒီယာအခင်းအကျင်းတွေကို နားလည်ခွင့်ရခဲ့ကြပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမဖြစ်ထွန်းခင် ကနဦး ကြိုတင်ဖြစ်ထွန်းရမယ့် ပညာနဲ့ အိုင်ဒီယာဖြစ်ထွန်းရေးကို မောင်စူးစမ်းက ကျေးဇူးပြုခဲ့ပါတယ်။ ဒါတင်မကသေးဘူး။ မောင်စူးစမ်း ဆန်းစစ်ခဲ့တဲ့ မဟာဗျူဟာရှုမြင်ကွင်း တွေဟာ လက်တွေ့နိုင်ငံရေးအခင်းအကျင်းမှာ၊ ငြင်းပယ်ချင်ပေမယ့် မငြင်းပယ်နိုင်ခဲ့တဲ့ ယူဆချက်တွေအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ နိုင်ငံရေးယုံကြည်ချက်အခံကြောင့် မောင်စူးစမ်းကို လက်ခံနားလည်ဖို့ ခက်ခဲ ကောင်း ခက်ခဲနေကြပါလိမ့်မယ်။ ဒါပေမယ့် မောင်စူးစမ်း ကျေးဇူးပြုခဲ့တဲ့ ကိစ္စရပ်တွေကိုလည်း မေ့ပစ်လို့ မရပါဘူး။ ဒါ့ကြောင့် မောင်စူးစမ်းဟာ မြန်မာ့ဒီမိုကရေစီအကူးအပြောင်းအတွက် ကြိုတင်ရှိထားရမယ့် အိုင်ဒီယာ တွေကို ဖြန့်ချိရေးသားပေးခဲ့သူအဖြစ် ကျေးဇူးပြုခဲ့တယ်။ ဒါကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ မောင်စူးစမ်းကို မြန်မာ့လစ်ဘရယ်ရေစီးကို စာပေအားဖြင့် တွန်းအားပေးခဲ့သူ စာရင်းမှာ ထည့်သွင်းတာ လွန်မယ်လို့ မထင်ပါ။

လစ်ဘရယ်ရေစီးကို တွန်းခဲ့သူများ အပိုင်း။
ရေးသားနေဆဲ “မြန်မာ့နွေဦးစစ်တမ်း” စာအုပ်မှ /

မင်းသေ့

Previous post ▄ ဒီမိုကရေစီ ကကြီး ခခွေး
Next post ကျော်ဝင်း (၁၉၅၂ – )